← Chapters

အခန်း ၇၀၀

Vol. 47 Ch. 700

အခန်း ၇၀၀

Vol. 47 Ch. 700

အပိုင်း ၇၀၀ : သားရဲထိန်းကျောင်းခြင်းအတတ်

ယဲ့ချန်း ခဏမျှ အံ့အားသင့်သွားပြီး ဘာဖြစ်နေသလဲဆိုသည်ကို ကြည့်ရန် အနီးသို့ တိုးသွားလိုက်သည်။

သစ်ပင်တစ်ပင်အောက်တွင် စိုးရိမ်တကြီး ရပ်နေသော အဘွားအိုတစ်ဦးက အော်ဟစ်နေချေသည်။

"မီမီ... မြန်မြန်ဆင်းလာခဲ့လေ။ အဘွားရဲ့ ရတနာလေးရဲ့... မင်း ပြုတ်ကျသွားရင် အဘွား ဘယ်လိုလုပ်ရမလဲ"

ပတ်ဝန်းကျင်မှ တီးတိုးစကားသံများကို နားထောင်ကြည့်လိုက်လေရာ ထိုအဘွားအိုတွင် အိမ်မွေးကြောင်လေးတစ်ကောင် ရှိကြောင်း ယဲ့ချန်း သိလိုက်ရသည်။

ထိုကြောင်လေးက အပြင်ထွက်လာပြီးနောက် သစ်ပင်ပေါ်သို့ တက်သွားခြင်းပင်။

ဤကြောင်လေးက အဘွားအိုအတွက် တစ်ဦးတည်းသော အဖော်ဖြစ်သည်။

ကြောင်လေး သစ်ပင်ပေါ် ရောက်နေသည်ကို မြင်သောအခါ အဘွားအိုခမျာ အလွန်အမင်း စိုးရိမ်ပူပန်နေရှာသည်။

ထိုအချိန်မှာပင် ထိုရပ်ကွက်ထဲ၌ အင်တာဗျူးလုပ်နေသော သတင်းထောက်တစ်ယောက်လည်း ရှိသည်။

"အားလုံးပဲ.. ကျွန်မတို့က အနောက်ပိုင်းခရိုင်မှာ ရပ်ရွာအေးချမ်းသာယာရေး တည်ဆောက်မှုအကြောင်း သတင်းလာယူရင်း တိုက်တိုက်ဆိုင်ဆိုင် အဘွားချန်းရဲ့ကြောင်လေး သစ်ပင်ပေါ်တက်သွားတာနဲ့ ကြုံလိုက်ရပါတယ်။ စေတနာရှင်ပြည်သူတော်တော်များများက ကူညီပေးဖို့ ဝိုင်းနေကြပေမဲ့ ကြောင်လေးက အခုထိ ဆင်းမလာသေးပါဘူးရှင်"

ယဲ့ချန်းသည် အစက ပါဆယ်အချို့ပို့ရန် စီစဉ်ထားသော်လည်း သူ့သားရဲထိန်းကျောင်းခြင်းအတတ်ကို ရုတ်တရက်သတိရသွားသည်။

အလုပ်ဖြစ်မဖြစ်သိရအောင် သူ့သားရဲထိန်းကျောင်းခြင်းအတတ်ကို စမ်းကြည့်သင့်သည်ဟု တွေးလိုက်မိသည်။

ထိုအချိန်တွင် လူငယ်တစ်ယောက်က ကြောင်စာအထုပ်ကိုကိုင်၍ စမ်းကြည့်ချင်ဇောဖြင့် ရှေ့ထွက်လာခဲ့သည်။

အထူးသဖြင့် သတင်းထောက်တစ်ယောက် ရှိနေသောကြောင့် သူ့မျက်နှာပေါ်တွင် အလွန်ယုံကြည်မှုပြည့်ဝသော အမူအရာများ ပေါ်လွင်နေပေသည်။

"အားလုံးပဲ စိတ်မပူကြပါနဲ့။ ဒီကြောင်စာနဲ့ ကြောင်လေးကို အောက်ဆင်းလာအောင် ကျွန်တော် မြှူခေါ်လိုက်ပါ့မယ်"

"ဒီလူငယ်လေးရဲ့အကြံက အားကိုးရမယ့်ပုံပဲ"

"လူငယ်တွေက တကယ်ဉာဏ်ကောင်းကြတာပဲ"

သတင်းထောက်ကလည်း မိုက်ခရိုဖုန်းထဲသို့ ပြောလိုက်သည်။

"ဒီမှာ ကြောင်လေးကို ကြောင်စာသုံးပြီး ဆွဲဆောင်ဖို့ စဉ်းစားမိတဲ့ လူငယ်လေးတစ်ယောက် ရှိပါတယ်။ သူ့နည်းလမ်းက အလုပ်ဖြစ်မဖြစ်ကြည့်လိုက်ကြရအောင်"

ထိုလူငယ်လေးက အနည်းငယ် ပြုံးလိုက်လေသည်။

"စိတ်မပူပါနဲ့... ဒါက နိုင်ငံခြားဖြစ်ကြောင်စာပါ။ အနံ့ရတာနဲ့ ကြောင်လေး သေချာပေါက် ဆင်းလာလိမ့်မယ်"

အနီးတွင်ရပ်နေသော ယဲ့ချန်းက ပြောလိုက်၏။

"မင်းရဲ့ကြောင်စာက အလုပ်ဖြစ်မယ်မထင်ဘူး"

ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ ဂုဏ်ယူဝင့်ကြွားနေသော လူငယ်လေးခမျာ ရုတ်တရက် ဆွံ့အသွားသည်။

ထို့နောက် သူက ယဲ့ချန်းဘက်သို့ လှည့်လိုက်၏။

"မင်း ဘာပြောလိုက်တာလဲ။ မင်းရော ကြောင်မွေးဖူးလို့လား။ ငါ့ကြောင်စာ အလုပ်မဖြစ်ဘူးဆိုတာ မင်းက ဘယ်လိုသိလဲ"

ယဲ့ချန်းက သစ်ပင်ပေါ်ရှိ ကြောင်လေးကိုကြည့်လိုက်လေရာ ကြောင်လေး ဘာတွေးနေသလဲဆိုသည်ကို သူ တစ်နည်းနည်းဖြင့် နားလည်နိုင်ကြောင်း သဘောပေါက်သွားသည်။

"သေချာတာပေါ့.. မင်းရဲ့ကြောင်စာက အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီကြောင်လေးက ဗိုက်ဆာနေတာမှ မဟုတ်တာ။ သူက အဖော်ရှာနေတာ"

"ဘာ.. အဖော်ရှာနေတာ ဟုတ်လား"

လူငယ်က နှာခေါင်းရှုံ့ပြီး ကြောင်စာကို ကောက်ကိုင်လိုက်သည်။

"မီမီ.. ဒီက အရသာရှိတဲ့ကြောင်စာလေး လာစားလှည့်"

ယဲ့ချန်း ပြောသည့်အတိုင်းပင် ကြောင်လေးက ကြောင်စာကို လုံးဝစိတ်ဝင်စားမှုမပြပေ။

တစ်ချက်လေးပင် လှည့်မကြည့်ခဲ့ချေ။

ထိုလူငယ်က အတော်ကြာအောင် အော်ခေါ်နေသော်လည်း ကြောင်လေးကတော့ သူ့ကို လျစ်လျူရှုထားလေသည်။

ယဲ့ချန်း ခေါင်းယမ်းလိုက်၏။

"ကဲ.. ကျွန်တော့်ကို စမ်းခွင့်ပြုပါ"

ယဲ့ချန်း၏စကားကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

ဤကြောင်ကို လူအများကြီး ကြိုးစားကြည့်ခဲ့သော်ငြား မအောင်မြင်ပေ။ ဤလူငယ်လေးကရော ဘာများတတ်နိုင်မည်နည်း။

ထိုအချိန်တွင် သတင်းထောက်က ကင်မရာရှေ့၌ ပြောလိုက်၏။

"အခု သစ်ပင်နားကို ကပ်သွားတဲ့ လူငယ်လေးတစ်ယောက် ရှိပါတယ်။ သူလည်း စမ်းကြည့်ချင်နေပါတယ်။ သူ အောင်မြင်နိုင်ပါ့မလား"

ရိုးရှင်းလှသော ကြောင်ဖမ်းသည့် အခြေအနေလေးမှာပင် သတင်းထောက်က ဤဇာတ်လမ်းထဲ၌ နစ်မြောနေဟန်ပေါက်လေသည်။

သတင်းထောက်လီရှန်းတွင်လည်း ပိုကောင်းသော အခြားအကြံဉာဏ်များ မရှိပေ။

တီဗီချန်နယ်သို့ မကြာသေးခင်ကမှ ဝင်ရောက်လာသူဖြစ်ပြီး အတွေ့အကြုံနည်းပါးသောကြောင့် သူ(မ)မှာ အလွန်လူကြိုက်နည်းလှသော "ရှောင်တိရဲ့စကားဝိုင်း"အစီအစဉ်ကို တင်ဆက်ရန် တာဝန်ပေးခံထားရသည်။

စတင်ထုတ်လွှင့်ကတည်းက ဤအစီအစဉ်မှာ သာမန်လူများ၏ နေ့စဉ်ဘဝပြဿနာများကိုသာ ဖော်ပြနေသောကြောင့် ကြည့်ရှုသူများ၏ အာရုံစိုက်မှုနှင့် ကြည့်ရှုနှုန်းမှာ အလွန်နိမ့်သည်။

ယနေ့တွင် ဤအစီအစဉ်ကို ဖျက်သိမ်းတော့မည်ဟု ဒါရိုက်တာက ပြောထားပြီးဖြစ်၏။

စိတ်မကောင်းဖြစ်ရသော်လည်း သူ(မ)အနေနှင့် နောက်ဆုံးအပိုင်းကို အပြီးသတ်ရိုက်ကူးရန် ဆုံးဖြတ်ခဲ့သည်။

ယဲ့ချန်းက သစ်ပင်နားသို့ လျှောက်သွားပြီး သစ်ကိုင်းပေါ်ရှိ ကြောင်လေးကို မော့ကြည့်လိုက်သည်။

ယဲ့ချန်း၏ ကြောင်ဖမ်းမည့်ဗျူဟာက ဘာဖြစ်မလဲဆိုသည်ကို လူတိုင်း စိတ်ဝင်တစားဖြစ်နေကြသည်။

သူက သစ်ပင်တက်ဖို့ ပြင်နေတာလား။

ယခုလေးတင် ကျရှုံးထားသော လူငယ်က လှောင်ပြောင်လိုက်၏။

"ကိုယ့်လူ.. သစ်ပင်တက်ဖို့တော့ မစဉ်းစားနဲ့။ လူတစ်ယောက် စမ်းကြည့်ပြီးပြီ။ ကြောင်တွေရဲ့ သစ်ပင်တက်တဲ့စွမ်းရည်က လူတွေထက် အများကြီး သာတယ်"

သို့သော်ဘယဲ့ချန်းက ပြုံးရုံသာပြုံး၍ ကြောင်လေးကို မော့ကြည့်လိုက်၏။

"မီမီ.. ဆင်းခဲ့တော့။ ခဏနေရင် အဘွားချန်းကို မင်းအတွက် ကောင်မလေးရှာပေးခိုင်းမယ်လေ"

ယဲ့ချန်းက ကြောင်လေးအား စကားပြောနေသည်ကို ကြားသောအခါ လူတိုင်း ဝါးလုံးကွဲရယ်မောကြတော့သည်။

ဒီလူငယ်လေးက တော်တော်ရယ်ရတာပဲ။ ကြောင်က သူ့ကို နားလည်နေတဲ့အထာနဲ့ လုပ်နေတာ။

သို့သော် ထိုအချိန်မှာပင် သစ်ပင်ပေါ်ရှိ ကြောင်လေးက ရုတ်တရက် ခုန်ဆင်းလာပြီး ယဲ့ချန်း၏ ရင်ခွင်ထဲသို့ ရောက်လာလေသည်။

တစ်ခဏချင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူတိုင်း တောင့်ခဲသွားကြသည်။

ဘုရားရေ... ကြောင်လေးက ယဲ့ချန်းရဲ့စကားကို တကယ်ကြီး နားလည်တာလား။ အောက်ဆင်းလာရုံတင်မကဘဲ ယဲ့ချန်းရဲ့ရင်ခွင်ထဲကိုပါ တန်းတန်းမတ်မတ် ခုန်ဆင်းလာတာပဲ။

ယဲ့ချန်းက ကြောင်လေးကို ပွတ်သပ်ပေးရင်း ပြုံးလိုက်၏။

"လိမ္မာတယ် မီမီလေး"

ယဲ့ချန်းကို လှောင်ပြောင်ရန် အသင့်ပြင်ထားသော လူငယ်လေးခမျာ ဆွံ့အသွားလေသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ယဲ့ချန်းလည်း ကြောင်လေးကို အဘွားချန်းထံသို့ လွှဲပေးလိုက်သည်။

"အဘွားချန်း.. အဘွားရဲ့ကြောင်လေးက တအားအထီးကျန်နေတာ။ သူ့အတွက် အဖော်လေးဘာလေး ရှာပေးလိုက်ပါလား"

"အေးပါကွယ်.. အေးပါ.. ကျေးဇူးတင်ပါတယ် လူလေးရယ်"

ယဲ့ချန်း ကြောင်လေးကို ကယ်တင်လိုက်သည်ကို မြင်သောအခါ လူအုပ်ကြီးထံမှ မိုးခြိမ်းသံအလား လက်ခုပ်သံများ ထွက်ပေါ်လာသည်။

"ဘယ်သူထင်မှာလဲ.. ဒီလူငယ်လေးက တကယ့် ဆရာတစ်ဆူ ဖြစ်နေတာကိုး"

"အံ့သြစရာပဲ.. သိပ်တော်တယ် လူငယ်လေး"

"တကယ်ကောင်းမွန်တဲ့ လုပ်ရပ်ပါပဲ။ အဲဒီကြောင်လေးသာ တစ်ခုခုဖြစ်သွားရင် ဒီအဘွားအိုတော့ ရင်ကွဲရမှာ သေချာတယ်"

လီရှန်းက ယဲ့ချန်းကို မြင်သောအခါ မျက်နှာတစ်ပြင်လုံး လင်းလက်သွားသည်။

ပစ္စည်းပို့သမားတစ်ယောက်က အဘွားအို၏ ကြောင်လေးကို ကယ်တင်ပေးလိုက်သည့်အဖြစ်မှာ တကယ်ကောင်းမွန်လှသော သတင်းတစ်ပုဒ်ပင်။

သူ(မ)လည်း ယဲ့ချန်းကို အင်တာဗျူးရန်အတွက် မိုက်ခရိုဖုန်းကို ကပျာကယာ ကောက်ကိုင်လိုက်သည်။

ယဲ့ချန်းကလည်း ကင်မရာကို မြင်လိုက်သည်နှင့် မျက်မှောင်ကြုတ်လိုက်၏။

သူသည် ကင်မရာများကို အနည်းငယ် စက်ဆုပ်ရွံရှာသည်။

"ဆောရီးပါ.. ကျွန်တော် အင်တာဗျူးမဖြေပါဘူး။ ကျွန်တော် ပါဆယ်တွေပို့စရာ ရှိသေးလို့ပါ"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းလည်း လှည့်ထွက်၍ ကူလီနန်ကားပေါ်သို့ တက်သွားလေသည်။

ဤမြင်ကွင်းကြောင့် လီရှန်းခမျာ ခေတ္တမျှ ကြောင်အမ်းသွားသည်။

ပါဆယ်ပို့မယ် ဟုတ်လား။

ဒါပေမဲ့ ဒီလူငယ်လေးက ပါဆယ်ပို့ဖို့အတွက် ကူလီနန်ကားကို ဘာလို့သုံးနေတာလဲ။

တစ်ချိန်တည်းမှာပင် ယဲ့ချန်းကတော့ ကားစက်နှိုးပြီးနေပြီဖြစ်၏။

ထိုအချိန်တွင် လီရှန်း၏လက်ထောက်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။

"အစ်မရှန်းရှန်း.. ဒီသတင်းကို ကြည့်လိုက်ဦး"

"နာမည်ကြီးစူပါစတားရှောင်တိနဲ့ ကောလာဟလ ထွက်နေတဲ့ ရည်းစားက ကူလီနန်ကားမောင်းတဲ့ ပစ္စည်းပို့သမားဖြစ်ကြောင်း ဖွင့်ချလိုက်ပြီ"

ဤသတင်းကို မြင်လိုက်ရသောအခါ လီရှန်း အံ့အားသင့်သွားလေသည်။

အထူးသဖြင့် ပုံထဲရှိ မျက်နှာကို မြင်လိုက်ရချိန်တွင် ထိုလူမှာ ယခုလေးတင် ကြောင်ဖမ်းပေးသွားသော လူငယ်လေး မဟုတ်လားဟု သိလိုက်သည်။

လီရှန်း စိတ်လှုပ်ရှားသွားသည်။

"မြန်မြန်.. ပါဆယ်ပို့တဲ့လူနောက်ကို အမြန်လိုက်ကြစို့"

ထိုလူစုသည် သတင်းရိုက်ကူးရေးကားပေါ်သို့ ကပျာကယာ တက်လိုက်ကြပြီး ကူလီနန်ကား၏ အနောက်သို့ အရှိန်ပြင်းပြင်း လိုက်ပါသွားကြတော့သည်။

ထိုနေရာရှိ လူတိုင်း ဇဝေဇဝါဖြစ်၍ ကျန်ရစ်ခဲ့ကြသည်။

ခုနလေးတင် ဘာတွေဖြစ်သွားတာလဲ။

ဒီမှာ ဘာတွေဖြစ်နေတာလဲ။

ယဲ့ချန်း စကားပင်မပြောနိုင်တော့ပေ။

ပါဆယ်ပို့မလို့လုပ်နေတာကို အလုပ်ထဲမှာ ကင်မရာနဲ့ နှစ်ခါတောင် အလိုက်ခံရတယ်။

ငါက ပါဆယ်တွေကို အေးအေးဆေးဆေး ပို့ချင်ရုံလေးပါ... အဲဒါက ဒီလောက်တောင် ခက်ခဲနေတာလား။

ယဲ့ချန်းလည်း ကားရပ်ပြီး ကားထဲရှိ ပါဆယ်ထုပ်များကို စစ်ဆေးလိုက်သည်။

ပို့စရာတစ်ထုပ်သာ ကျန်တော့သည်။

ယဲ့ချန်းမှာ ပါဆယ်ထုပ်ကိုယူ၍ အခန်းနံပါတ်အတိုင်း တံခါးတစ်ချပ်ရှေ့သို့ ရောက်သွားလေသည်။

လူခေါ်ဘဲလ်ကို နှစ်ချက်သုံးချက်ခန့် နှိပ်လိုက်သော်လည်း ဘာတုံ့ပြန်မှုမှ မရှိချေ။

တံခါးခေါက်ကြည့်လိုက်မှသာ နောက်ဆုံးတွင် အထဲက လှုပ်ရှားသံအချို့ကို ကြားလိုက်ရသည်။

တံခါးပွင့်လာသောအခါ အထဲရှိ အမျိုးသမီးကို မြင်ပြီးနောက် ယဲ့ချန်း ခဏမျှ ကြောင်အမ်းသွားသည်။

ဝိုး.. ဒီအမျိုးသမီးက အိမ်မှာနေတာကို ဘာလို့ မိတ်ကပ်တွေထူပိန်းနေအောင် လိမ်းထားရတာလဲ။

ထို့ပြင် သူ့ဝတ်စားပုံကလည်း အလွန်ဖော်လွန်းသည်။

ထိုအမျိုးသမီးက ပါဆယ်ထုပ်ကိုယူပြီး တံခါးပြန်ပိတ်ရန် ပြင်လိုက်သော်လည်း ယဲ့ချန်းကို မြင်လိုက်ရချိန်ဝယ် ကြက်သေသေသွားသည်။

ဒီပါဆယ်ပို့သမားက အရမ်းချောတာပဲ။

ထိုအမျိုးသမီးက သူ(မ)၏ ဆံပင်ရှည်ကို သပ်တင်ပြီး ယဲ့ချန်းကို ချိုသာစွာ ပြုံးပြလိုက်သည်။

"မောင်လေး.. မမ လှလား"

လှလား ဟုတ်လား။

ယဲ့ချန်း၏အနားတွင် သဘာဝအလှပိုင်ရှင်များ ဝိုင်းနေလေသည်။ အမှန်တကယ်ပင် အလွန်များပြားလှသည်။

ဤအမျိုးသမီး၏ အလှမှာ မိတ်ကပ်ကြောင့်သာဖြစ်ကြောင်း သူ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။

သို့သော် ယဲ့ချန်းမှာ ပစ္စည်းပို့သမားတစ်ယောက်အနေနှင့် အလုပ်နှင့်သက်ဆိုင်သော သူ့ယဉ်ကျေးပျူငှာမှုကို ထိန်းသိမ်းထားဆဲပင်။

ယဲ့ချန်းက ပြုံးလိုက်၏။

"ဟုတ်ကဲ့ အစ်မ.. အစ်မ အရမ်းလှပါတယ်။ ဒါပေမဲ့ ကျွန်တော် ပါဆယ်တွေ ဆက်ပို့ဖို့ သွားရဦးမယ်ဗျ"

သူ လှည့်ထွက်ရန် ပြင်လိုက်ချိန်မှာပင် ထိုအမျိုးသမီးက ယဲ့ချန်း၏လက်ကို ဖမ်းဆွဲလိုက်၏။

"မောင်လေး.. ပါဆယ်ပို့ရတာ အရမ်းပင်ပန်းနေမှာပဲ။ အထဲဝင်ပြီး လက်ဖက်ရည်လေး တစ်ခွက်လောက် သောက်သွားပါဦးလား"

•••••••••••••••••••••

All Chapters