အခန်း ၇၀၄
Vol. 47 Ch. 704
အပိုင်း ၇၀၄ : ကျွန်တော် ငြင်းပါတယ်
ဝူဟောင်က ကြွားလုံးထုတ်ရန် ပြင်နေစဉ် မျှော်လင့်မထားပါဘဲ အံ့အားသင့်ဖွယ်သတင်းကို ကြားလိုက်ရသည်။
"ဘုရားရေ... ယဲ့ချန်း မင်းက တကယ်မိုက်တာပဲ။ အဲဒီတုန်းက ငါကြည့်လိုက်တော့ မင်းနဲ့တူတယ်လို့ ထင်နေတာ။ တကယ်ကြီး မင်းဖြစ်နေတာကိုး"
"ယဲ့ချန်း... မင်းက ပါဆယ်ပို့ပြီး ဘဝအတွေ့အကြုံယူနေတာ ဖြစ်မယ်။ ဟုတ်တယ်မလား"
"ဒါပေါ့... ကူလီနန်ကားကြီး မောင်းပြီး ပါဆယ်ပို့နေတာတော့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ယဲ့ချန်း၏ အတန်းဖော်များမှာ ချက်ချင်းပင် ဖော်လံဖားများ ဖြစ်သွားကြလေသည်။
ဝူဟောင်၏ မျက်နှာမှာ ဖြူရော်သွားသည်။ တကယ်ဆိုလျှင် သူကသာ လူတိုင်း၏ အာရုံစိုက်မှုကို ရသင့်သည်မဟုတ်ပါလော။
ယဲ့ချန်းလည်း နေရခက်စွာ ပြုံးလိုက်၏။
"တကယ်တော့ မင်းတို့ထင်နေသလိုမျိုး မဟုတ်ပါဘူးကွာ"
ထိုအချိန်တွင် သီးသန့်အခန်း၏ တံခါးက ရုတ်တရက် ပွင့်သွားပြီးနောက် ဆရာဟယ်နှင့် လူတချို့ ဝင်လာသည်။
ယဲ့ချန်းကို မြင်လိုက်ရသောအခါ ဆရာဟယ်၏ မျက်နှာထက်တွင် ဝမ်းသာပျော်ရွှင်လေဟန် အရိပ်အယောင်များ ထင်ဟပ်လာသည်။
"နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ"
တကယ်တော့ ယဲ့ချန်းက ရှောင်တိကို သူ့အလုပ်သုံးဖုန်းနံပါတ်ကို ပေးခဲ့ခြင်းပင်။ ထိုဖုန်းကို ပုံမှန်ဆိုလျှင် ပိတ်ထားလေ့ရှိသောကြောင့် ဆရာဟယ့်ဘက်က အချိန်အတန်ကြာအောင် ဖုန်းခေါ်မရဖြစ်နေခဲ့ခြင်းပင်။
သူသည် ယဲ့ချန်းကိုဆက်သွယ်ရန် အလွန်စိတ်အားထက်သန်နေပေသည်။
အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့ ညစာစားနေစဉ် ဓာတ်ပုံဆရာတစ်ယောက်က ယဲ့ချန်းကို တွေ့လိုက်ရကြောင်း ရုတ်တရက် လာပြောခဲ့သည်။
ထို့ကြောင့် ဆရာဟယ်လည်း လူတချို့ကိုခေါ်ကာ ကမန်းကတန်း လိုက်လာခဲ့သည်။
ယဲ့ချန်းကို တွေ့လိုက်ရမှသာ ဆရာဟယ်လည်း သက်ပြင်းချနိုင်သွားသည်။
"ကောင်လေး... နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ"
သူ့ရှေ့မရှိ လူများကို ကြည့်ကာ ယဲ့ချန်းလည်း အံ့အားသင့်သွားသည်။
ဤလူများကို မနေ့ကမှ မြင်ဖူးထားသလို အလွန် ရင်းနှီးနေသည်ဟု သူ ခံစားလိုက်ရသည်။
သို့သော် သူတို့အားလုံးက သူ့ကို ထွက်ပြေးသွားမည်ကို စိုးရိမ်နေသည့်အလား စိုက်ကြည့်နေကြသည်။
ဆရာဟယ်ကို မြင်သောအခါ ဝူဟောင် မှင်တက်သွားချေသည်။
သူက နာမည်ကြီးအစီအစဉ်တင်ဆက်သူ ဆရာဟယ် မဟုတ်ဘူးလား။
သူက ဒီကို ဘာလို့ရောက်လာရတာလဲ။
အခြားအတန်းဖော်များလည်း အံ့ဩနေကြသည်။
တီဗီထဲရှိ ဆရာဟယ်က ရုတ်တရက် သူတို့ရှေ့သို့ ရောက်လာခြင်းမှာ အလွန်အံ့အားသင့်စရာ ကောင်းနေပေသည်။
ထိုအချိန်မှသာ ယဲ့ချန်းလည်း ဤလူများမှာ ရှောင်တိ၏ ရိုက်ကူးရေးအဖွဲ့ထဲကဖြစ်ကြောင်း သတိရသွားသည်။
"ဆရာဟယ်... မင်္ဂလာပါ။ ဘာကိစ္စများရှိလို့လဲ"
ဆရာဟယ်က ပြုံးလျက် ပြောလိုက်၏။
"ကောင်လေး... မင်းနဲ့ ဆွေးနွေးစရာလေး တစ်ခုရှိလို့ပါ"
ယဲ့ချန်းက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"ဘာကိစ္စများလဲ"
ထိုအခိုက်တွင် အခြားအတန်းဖော်များမှာ ကြောင်အနေကြလေသည်။
ဘုရားရေ... ဆရာဟယ်က ယဲ့ချန်းနဲ့ ဆွေးနွေးဖို့ ကိုယ်တိုင်လာတယ်ဆိုတော့ တကယ်အံ့ဩစရာပဲ။
ဆရာဟယ်က ရယ်မောရင်း ပြောလိုက်လေသည်။
"ပထမဆုံးအနေနဲ့ ရှောင်တိကို ရေပိုက်ပြင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ မနေ့ကဖြစ်ရပ်က အွန်လိုင်းမှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားတာမို့ ငါတို့ မင်းကို 'ပျော်ရွှင်သောဘဝ' အစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ချင်လို့ လာရှာတာပါ"
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဝူဟောင်မှာ အံ့ဩလွန်း၍ ဆွံ့အသွားလေသည်။
အခြားအတန်းဖော်များလည်း ထိတ်လန့်သွားကြသည်။
'ပျော်ရွှင်သောဘဝ'ဆိုတာ ဘယ်လိုအစီအစဉ်မျိုးလဲ။
ယခုလက်ရှိမှာ ရေပန်းအစားဆုံး ရသစုံရှိုးတစ်ခု ဖြစ်သည်။
နာမည်ကြီးစူပါစတားများသာ ထိုအစီအစဉ်တွင် ပါဝင်ခွင့်ရကြသည်။
ယခုမူ ဆရာဟယ်က ယဲ့ချန်းကို ဤအစီအစဉ်တွင် ပါဝင်ဖို့ ဖိတ်ခေါ်နေသည်တဲ့လား။
ယဲ့ချန်းလည်း ထိုစကားကို ကြားပြီးနောက် အံ့အားသင့်သွားလေသည်။
ယဲ့ချန်းလည်း ယခင်က 'ပျော်ရွှင်သောဘဝ' အစီအစဉ်ကို ကြည့်ဖူးသည်။
အစီအစဉ်တွင် ပါဝင်သူများအားလုံးက ဖျော်ဖြေရေးလောကရှိ နာမည်ကြီးအနုပညာရှင်များ ဖြစ်ကြောင်း သူ သိသည်။
ဒါပေမဲ့ သူ ဘာလုပ်နေတာလဲ။
ပါဆယ်ပို့နေတာလေ။
ပစ္စည်းပို့သမားတစ်ယောက်ကို ရသစုံရှိုးတစ်ခုတွင် ပါဝင်ဖို့ ဖိတ်ခေါ်ခြင်းမှာ အလွန်ကန့်လန့်ဖြစ်နေသည်မဟုတ်လော။
တကယ်တမ်းတော့ ယဲ့ချန်းအနေနှင့် အစီအစဉ်တွင် ပါဝင်ရမည့်ကိစ္စကို စိတ်မပူပေ။ အဓိကအချက်မှာ သူ့တွင် အချိန်မရှိခြင်းသာ။
သူ ပါဆယ်ဆက်ပို့ရန် လိုအပ်သည်။
ပါဆယ်ပို့ခြင်းထက် ပိုအရေးကြီးသည့်အရာဟူ၍ ဘာရှိဦးမည်နည်း။
လူတိုင်းက ယဲ့ချန်း သဘောတူလိမ့်မည်ဟု ထင်ထားကြသည်။
သာမန်လူတစ်ယောက်ကို နာမည်ကြီးအစီအစဉ်တစ်ခုက ဖိတ်ခေါ်လာပါက သေချာပေါက် ငြင်းဆန်မည်မဟုတ်ပေ။
'ပျော်ရွှင်သောဘဝ' အစီအစဉ်တွင် ပါဝင်ခွင့်ရခြင်းအားဖြင့် နာမည်ကြီးလာနိုင်ပြီး ဘဝ၏ အထွတ်အထိပ်ကိုပင် ရောက်ရှိနိုင်သည့်အပြင် အရေးအကြီးဆုံးအချက်မှာ နာမည်ကြီးအနုပညာရှင်များစွာနှင့် တွေ့ဆုံကာ အဆက်အသွယ်ကွန်ရက်ကို ချဲ့ထွင်နိုင်မည်ဖြစ်လေရာ မည်သူက ငြင်းဆန်နိုင်မည်နည်း။
ထို့ကြောင့် ယဲ့ချန်း အလွယ်တကူ သဘောတူလိုက်မည်ဟု ထင်ထားကြသည်။
သို့သော် ယဲ့ချန်းကတော့ ခဏမျှ စဉ်းစားပြီး ပြောလိုက်၏။
"တောင်းပန်ပါတယ်။ ကျွန်တော် တကယ်အလုပ်များနေလို့ပါ။ ပြီးတော့ ပါဆယ်တွေလည်း ပို့စရာရှိသေးလို့ ကျွန်တော့်မှာ အချိန်မရှိပါဘူး"
"ဘာ..."
အခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားပြန်သည်။
ပါဆယ်ပို့ရမှာမို့လို့ အချိန်မရှိဘူးတဲ့လား။
လူတိုင်း အံ့ဩမှင်တက်သွားကြသည်။
ပါဆယ်ပို့တာက ဘာအနာဂတ်ရှိမှာမို့လို့လဲ။
ဤသည်မှာ နာမည်ကြီးစူပါစတားများနှင့်အတူ ရိုက်ကူးရေးလုပ်ရမည့် အခွင့်အရေးကြီးပင်။
ယခုလိုအခွင့်အရေးမျိုးကို အလွယ်တကူ ရနိုင်သည်မဟုတ်။
သို့သော် ယဲ့ချန်းကတော့ တုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းဆန်လိုက်သည်။
ဆရာဟယ်ပင်လျှင် အနည်းငယ် မယုံနိုင်အောင် ဖြစ်သွားသည်။
ဤလူငယ်က အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ တကယ်ငြင်းပယ်လိုက်ပေသည်။
"မစ္စတာယဲ့... မင်း ငါတို့အစီအစဉ်မှာ ပါဝင်မယ်ဆိုရင် မင်းရဲ့သာမန်အဆင့်အတန်းနဲ့ အလုပ်အကိုင်ကြောင့် ခွဲခြားဆက်ဆံမှာ မဟုတ်ပါဘူး။ ငါတို့က မင်းကို အနုပညာရှင်တစ်ယောက်လိုပဲ ဆက်ဆံပြီး ကမ်းလှမ်းမှုတွေ ပေးသွားမှာပါ။ ပြီးတော့ ဒီအစီအစဉ်မှာ ပါဝင်ပြီးရင် မင်းရဲ့အရည်အချင်းတွေအရ နာမည်ကြီးလာမယ်လို့ ငါယုံကြည်တယ်။ ဒါက မင်းအတွက် အခွင့်အရေးတစ်ခုပဲနော်"
ပစ္စည်းပို့သမားတစ်ယောက်က ဟွားနိုင်ငံရှိ ရေပန်းအစားဆုံးအစီအစဉ်၏ ဖိတ်ခေါ်မှုကို ဘာကြောင့် ငြင်းဆန်ပြီး အနုပညာရှင်တစ်ယောက် ဖြစ်လာမည့် အခွင့်အရေးကို ဘာကြောင့်ငြင်းပယ်လိုက်သလဲဆိုသည်ကို ဆရာဟယ် နားမလည်နိုင်အောင် ဖြစ်နေမိသည်။
ယဲ့ချန်းကတော့ ဂရုမစိုက်ဟန်ပင်။
နာမည်ကြီးဖို့ဆိုတော့ ကျွန်တော်က နာမည်ကြီးနေတာ ကြာလှပြီလေ။ ခင်ဗျားတောင် အရင်က ကျွန်တော့်ကို ဆုပေးခဲ့ဖူးသေးတာပဲ။
ဒါပေမဲ့ သူ့ဘက်က ဆွဲဆောင်မှုစနစ်ကိုသုံးပြီး ဆွဲဆောင်မှုရမှတ်ကို ပြောင်းလဲထားသဖြင့် မမြင်နိုင်ပေ။
ပိုက်ဆံနှင့်ပတ်သက်ပြီး ပြောရလျှင်လည်း ယဲ့ချန်းတွင် ပိုက်ဆံပြတ်လပ်မနေချေ။
ယဲ့ချန်း ပိုအာရုံစိုက်နေသည်မှာ သူ့ပါဆယ်ပို့ဆောင်မှုအတွက် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ရရှိရန်ပင်။
ထို့ပြင် ပိုက်ဆံပိုရလာမည်ဆိုလျှင်ပင် စနစ်ကပေးသော ဆုလာဘ်များထက် သာနိုင်မည်လော။
ယဲ့ချန်းကတော့ အနည်းငယ်မျှပင် တွေဝေမနေဘဲ ငြင်းလိုက်သည်။
"တောင်းပန်ပါတယ်။ ကျွန်တော် လက်မခံနိုင်ပါဘူး။ ပါဆယ်ပို့တာက ကျွန်တော့်အတွက် အရေးအကြီးဆုံးမို့လို့ပါ"
အခြားအတန်းဖော်များမှာ အလွန်အံ့ဩသွားကြသည်။
ဝိုး... ပါဆယ်ပို့တာက တကယ်အရေးကြီးတာပဲ။
မည်သူမဆို ပါဆယ်ပို့နိုင်သော်လည်း ဤအစီအစဉ်တွင် ပါဝင်ခွင့်ရမည့်လူက ဘယ်နှယောက်များ ရှိနိုင်မည်နည်း။
ဤတစ်ကြိမ်တွင်မူ ဆရာဟယ်ကိုယ်တိုင်ပင် ရှက်သွားလေသည်။
အနုပညာရှင်ဖြစ်လာခြင်းနှင့် ပါဆယ်ပို့ခြင်း နှစ်ခုအကြား ရွေးချယ်ရမည်ဆိုလျှင် တစ်စုံတစ်ယောက်က ဒုတိယတစ်ခုကို ရွေးချယ်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မတွေးမိခဲ့ကြပေ။
ထို့ပြင် ဤသည်မှာ လူတစ်ယောက်၏ ဘဝကို ပြောင်းလဲပေးနိုင်သည့် တစ်သက်မှာ တစ်ခါသာရနိုင်သော အခွင့်အရေးမျိုး ဖြစ်သော်လည်း ယဲ့ချန်းက အလွယ်တကူငြင်းပယ်လိုက်သည်။
ဒီလူငယ်လေးက ဘယ်သူများလဲ။
ပါဆယ်ပို့ရန် ဇိမ်ခံကားကြီးကို မောင်းနှင်ပြီး နာမည်ကြီးမည့် အခွင့်အရေးကို လွယ်လင့်တကူ လက်လွှတ်လိုက်သတဲ့လား။
ယဲ့ချန်း ပြုံးလိုက်လေသည်။
"ဆရာဟယ်... သောက်သွားပါဦးလား"
ဆရာဟယ်မှာမူ သက်ပြင်းချလိုက်လေသည်။
"ငြင်းလိုက်မှတော့ ဆက်နေလည်း အလကားပါပဲကွာ"
"ဒါဆိုလည်း အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
ထို့နောက် ဆရာဟယ်က ဝန်ထမ်းအချို့နှင့်အတူ ထွက်ခွာသွားလေသည်။
"ဆရာဟယ်... ဒီကောင်က ကမ်းလှမ်းချက်ကို တကယ်တန်ဖိုးမထားတာပဲ။ ကျွန်တော်ကတော့ မေ့ပစ်လိုက်ဖို့ပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့အစီအစဉ်က နာမည်ကြီးတွေကိုပဲ ဖိတ်တာ။ ပစ္စည်းပို့သမားတစ်ယောက်က အရည်အချင်းမှ မမီတာ။ ဟုတ်တယ်မလား"
"ဟုတ်တယ် ဆရာဟယ်... သူ့အတွက် အချိန်ဖြုန်းမနေပါနဲ့။ ပြီးတော့ အွန်လိုင်းမှာ အုတ်အော်သောင်းတင်းဖြစ်နေတာလည်း ငြိမ်နေပြီဆိုတော့ သူ မပါလည်း ကျွန်တော်တို့အပေါ် အများကြီး သက်ရောက်မှု ရှိမှာမဟုတ်ပါဘူး"
အနားတွင် ဝန်းရံနေသော ဝန်ထမ်းများက တစ်ယောက်တစ်ပေါက် မှတ်ချက်ပေးနေသော်လည်း ဆရာဟယ်ကတော့ တိတ်ဆိတ်နေချေသည်။
တကယ်တမ်းတွင် ပရိသတ်များက 'ပျော်ရွှင်သောဘဝ'အစီအစဉ်အပေါ် အနည်းငယ် ရိုးအီလာပြီး အဆင့်သတ်မှတ်ချက်များလည်း ကျဆင်းစပြုလာလေပြီ။
ဆရာဟယ်က အခွင့်အရေးတစ်ခုကို အမှန်တကယ် စောင့်မျှော်နေခဲ့သည်။ ယခုတော့ ထိုအခွင့်အရေး ရောက်ရှိလာလေပြီ။
မကြာသေးမီက ဟိုးလေးတကျော်ကျော်ဖြစ်သွားသည့် ဖြစ်ရပ်ကြောင့် အစီအစဉ်၏ ပရိသတ်အရေအတွက်မှာ ရုတ်တရက် ထိုးတက်လာပြီး ပရိသတ်များက ဤပစ္စည်းပို့သမားလေးကို အစီအစဉ်တွင် ပါဝင်လာစေရန် စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည်။
ယဲ့ချန်းသာ ပါဝင်နိုင်ခြင်းမရှိပါက ဤအစီအစဉ်အတွက် နှမြောစရာကောင်းပေလိမ့်မည်။
သို့သော် ယဲ့ချန်းက ငြင်းဆန်လိုက်သောကြောင့် ဆရာဟယ်လည်း သက်ပြင်းချ၍ ထွက်သွားရုံမှလွဲ၍ ရွေးချယ်စရာ မရှိပေ။
ဆရာဟယ် ထွက်သွားပြီးနောက် အတန်းဖော်များအားလုံး အံ့ဩမှင်တက်နေကြဆဲပင်။
"ယဲ့ချန်း... မင်းက ဆရာဟယ်ရဲ့ ဖိတ်ခေါ်မှုကို တကယ်ငြင်းလိုက်တာပဲ"
"မင်း အနုပညာရှင်တစ်ယောက် ဖြစ်လာမယ့် အခွင့်အရေးကို လွဲသွားပြီ"
ယဲ့ချန်းကတော့ ညင်သာစွာ ပြုံးလိုက်လေသည်။
"ငါက ထင်ပေါ်ကျော်ကြားတာထက် သိုသိုသိပ်သိပ် နေရတာကို ပိုသဘောကျလို့ပါ"
ဤတွေ့ဆုံပွဲတွင် ဝူဟောင်မှာ လုံးဝကြွားလုံးမထုတ်နိုင်ခဲ့ဘဲ ယဲ့ချန်းကသာ လူအများ၏ အာရုံစိုက်မှုကို အပြည့်အဝ သိမ်းပိုက်သွားခဲ့လေသည်။
ညစာစားပြီးနောက် အတန်းဖော်များ ဟိုတယ်ထဲက အထွက်တွင် လူတိုင်း၏အကြည့်များက တောက်ပလွန်းလှသော ပြိုင်ကားတစ်စီးထံသို့ ကျရောက်သွားသည်။
ထိုအချိန်တွင် ဝူဟောင်လည်း စိတ်လှုပ်ရှားနေသည်။
"ဘုရားရေ... အပြင်မှာ လိုင်ကန်ကားကို ငါ မြင်ဖူးသွားပြီ။ မင်းတို့သိကြလား... ဒီကားက Fast and Furious ဇာတ်ကားထဲက ကားနဲ့ အတူတူပဲ။ တစ်ဘီလျံတန်တယ်"
"ပြီးတော့ ဒီကားက အကန့်အသတ်နဲ့ ထုတ်တဲ့ကားလေ"
ဒီကားက ဘယ်သူဌေးကြီးရဲ့ကားပါလိမ့်....
•••••••••••••••••••••••••••••