← Chapters

အခန်း ၇၀၅

Vol. 47 Ch. 705

အခန်း ၇၀၅

Vol. 47 Ch. 705

အပိုင်း ၇၀၅ : အကူအညီတစ်ခု တောင်းချင်လို့ပါ

ယဲ့ချန်းက ကားနားသို့ လျှောက်သွားပြီး ကားကိုယ်ထည်ကို ပုတ်လိုက်၏။

"ဒီကားက တကယ်မဆိုးဘူးပဲ"

ယဲ့ချန်း၏ လုပ်ရပ်ကို မြင်သောအခါ ဝူဟောင် လန့်ဖျပ်သွားသည်။

"ယဲ့ချန်း.. မင်း ဘာလုပ်နေတာလဲဆိုတာကိုရော သိရဲ့လား။ ဒီကားက တစ်ဘီလျံတန်တယ်ကွ။ မင်းလို ပစ္စည်းပို့သမားက ကားတစ်ခုခုဖြစ်သွားရင် လျော်နိုင်လို့လား"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်လေသည်။

"လျော်ရမယ်... ငါက လျော်ဖို့လိုလို့လား။ ဒီကားက ငါ့ကားလေ"

ထို့နောက် အတန်းဖော်များအားလုံး အံ့ဩနေကြစဉ် ယဲ့ချန်းက ကားသော့ကို နှိပ်လိုက်သည်။

ကားတံခါး ပွင့်သွားပြီးနောက် ယဲ့ချန်းက ကားထဲသို့ ဝင်ထိုင်၍ အတန်းဖော်များကို လက်လှမ်းပြရင်း ပြောလိုက်၏။

"နောက်မှ ပြန်တွေ့ကြတာပေါ့"

ဝူဟောင်ခမျာ လုံးဝမှင်တက်သွားလေသည်။

တကယ်တော့ သူ အားကျလွန်း၍ သေမတတ်ဖြစ်နေရသည့် သူဌေးကြီးဆိုသည်မှာ ယဲ့ချန်း ဖြစ်နေခဲ့သည်။

ထိုအချိန်မှသာ ဆရာဟယ်၏ ဖိတ်ခေါ်မှုကို ယဲ့ချန်း ဘာကြောင့်ငြင်းပယ်ခဲ့သလဲဆိုသည်ကို သူတို့ သဘောပေါက်သွားကြသည်။

သန်းပေါင်းများစွာတန်သည့်ကားကို မောင်းနေသူက တီဗီအစီအစဉ်ထုတ်လုပ်ရေးအဖွဲ့ဆီက ပိုက်ဆံနည်းနည်းလေးကို ဂရုစိုက်နေမည်လော။

…

နောက်တစ်နေ့တွင် ယဲ့ချန်း ပါဆယ်များကို ဆက်လက်ပို့ဆောင်ခဲ့သည်။

"တီ.. တီ.. တီ"

ဖုန်းမြည်လာသဖြင့် ယဲ့ချန်း ကြည့်လိုက်လေရာ မရင်းနှီးသော နံပါတ်တစ်ခုဖြစ်နေသဖြင့် လျစ်လျူရှုထားလိုက်သည်။

ဖုန်းက ထပ်မြည်လာသဖြင့် ယဲ့ချန်း မျက်မှောင်ကြုတ်၍ ဖုန်းကိုင်လိုက်သည်။ တစ်ဖက်လူ စကားမပြောနိုင်ခင်မှာပင် ယဲ့ချန်းက ပြောလိုက်၏။

"မင်းတို့ ပြောလို့ပြီးပြီလား... ငါ့ကိုတောင် လိမ်ရဲတယ်ပေါ့လေ"

တစ်ဖက်မှ ချိုသာသော မိန်းကလေးအသံဖြင့် ဆိုလာလေသည်။

"ကျွန်မ မလိမ်ရဲပါဘူး"

ယခုတလော အနှောင့်အယှက်ပေးသော ဖုန်းခေါ်ဆိုမှုများစွာကို လက်ခံရရှိခဲ့သဖြင့် ယဲ့ချန်း အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်နေရသည်။

"ကျွန်တော် အာမခံမဝယ်ဘူး။ ကျူရှင်ထားစရာ ကလေးလည်းမရှိဘူး။ နောက်တစ်ခါ ထပ်မဆက်ပါနဲ့"

ယဲ့ချန်း ဖုန်းချရန် ပြင်လိုက်သည်။

ရှောင်ယာ : "..."

ဤလူချောလေးက သူ(မ)၏ ဖုန်းနံပါတ်ကို မှတ်မထားဘဲ လိမ်လည်သူ သို့မဟုတ် အရောင်းကိုယ်စားလှယ်တစ်ယောက်ဟု ထင်နေပုံရသည်။

ဖုန်းကိုကိုင်ထားရင်း ရှောင်ယာခမျာ အလွန်ဒေါသထွက်သွားသဖြင့် မျက်နှာလှလှလေးမှာ နီရဲသွားတော့သည်။

သူ(မ)က နှုတ်ခမ်းစူကာ ချွဲနွဲ့သောအသံဖြင့် ပြောလိုက်၏။

"အစ်ကိုယဲ့ချန်း.. ရှင်က ကျွန်မအသံကိုတောင် မမှတ်မိဘူးလား။ ကျွန်မကတော့ ရှင့်ကို အရမ်းသတိရနေတာ"

တစ်ဖက်လူ၏ စကားကို ကြားသောအခါ ယဲ့ချန်း ခေါင်းတကုတ်ကုတ်ဖြင့် မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

ထိုအသံကို ယဲ့ချန်း ရင်းနှီးနေသော်လည်း လောလောဆယ် မမှတ်မိပေ။

ရှောင်ယာက စိတ်ဆိုးချင်ယောင်ဆောင်၍ ပြောလိုက်၏။

"အစ်ကိုယဲ့ချန်း.. ကျွန်မ ရှောင်ယာလေ။ ရှင်က ကျွန်မဖုန်းနံပါတ်ကိုတောင် မှတ်မထားဘူးပဲ။ ကျွန်မရဲ့ ဝေ့ရွှင့်သူငယ်ချင်းတောင်းဆိုမှုကို လက်မခံတာလည်း မအံ့ဩတော့ပါဘူးလေ"

ယဲ့ချန်း၏ ဝေ့ရွှင်းတွင် "မိစ္ဆာမလေး"ဟူသော နာမည်ဖြင့် သူငယ်ချင်းတောင်းဆိုမှုတစ်ခု ရောက်နေသည်မှာ အမှန်ပင်။ သို့သော် ယခင်က သူသည် ထိုအကောင့်ကို လူကောင်းတစ်ယောက်မဟုတ်ဟု ထင်သဖြင့် လက်မခံချင်ခဲ့ပေ။

ထိုအကောင့်မှာ အထက်တန်းကျောင်းသူ ရှောင်ယာ၏ ဝေ့ရွှင်းအကောင့်ဖြစ်လိမ့်မည်ဟု သူ မထင်ထားပေ။

ဒီကောင်မလေးက အချိန်ပြည့် ဘာတွေများတွေးနေတာပါလိမ့်။

မိန်းကလေးဘက်က ထိုသို့ပြောလာသဖြင့် ယဲ့ချန်းလည်း သူငယ်ချင်းတောင်းဆိုမှုကို လက်ခံလိုက်ပြီးနောက် မေးခွန်းထုတ်လိုက်၏။

"ရှောင်ယာ... ငါ့ကို ဘာလို့ဖုန်းဆက်တာလဲ။ ပါဆယ်ပို့တာ တစ်ခုခုအဆင်မပြေလို့လား။ ဒါမှမဟုတ် ပါဆယ်ပို့စရာရှိလို့လား"

ယဲ့ချန်း၏အမေးကို ကြားသောအခါ ရှောင်ယာခမျာ ဆွံ့အသွားလေသည်။

"အစ်ကိုယဲ့ချန်း.. ကျွန်မတို့ကြားမှာ ပါဆယ်ပို့တဲ့ ကိစ္စပဲ ရှိတာလား"

ဤမေးခွန်းကို ရင်ဆိုင်ရချိန်တွင် ယဲ့ချန်း ဘာပြောရမှန်း မသိတော့ပေ။ သူသည် ပစ္စည်းပို့သမားတစ်ယောက်ဖြစ်လေရာ အထက်တန်းကျောင်းသူတစ်ယောက်က သူ့ကိုလာရှာရမည့် အခြားအကြောင်းပြချက်ကို မစဉ်းစားတတ်ပေ။

ယဲ့ချန်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ ရှောင်ယာ၏ မျက်နှာလှလှလေးလည်း အနည်းငယ်နီမြန်းလာပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။

"ကျွန်မ ရှင့်ကို လွမ်းလို့"

ထိုမိန်းကလေး၏ စကားကို ကြားလိုက်ရသောအခါ ယဲ့ချန်း လဲကျလုမတတ် ဖြစ်သွားလေသည်။ သူသည် ချောမောပြီး ဆွဲဆောင်မှုရှိကြောင်း ဝန်ခံသော်လည်း အထက်တန်းကျောင်းသူလေးတစ်ယောက်၏ လွမ်းဆွတ်ခြင်းကို ခံရသည်မှာ ကောင်းသောအရာတစ်ခုတော့ မဟုတ်ပေ။

ရှောင်ယာ၏ မိဘများသာ သိသွားပါက သူ့နောက်သို့ လိုက်လာနိုင်ခြေရှိသည်။

ဤအကြောင်းကို တွေးမိပြီး ယဲ့ချန်း တစ်ကိုယ်လုံး တုန်တက်သွားသည်။

"မင်းလို အထက်တန်းကျောင်းသူက စာကိုပဲ အာရုံစိုက်သင့်တယ်။ ရည်းစားထားဖို့ မတွေးသင့်ဘူး"

ယဲ့ချန်းက ဆရာတစ်ယောက်လို လေသံဖြင့် ပြောလိုက်သည်။

"ကျွန်မက ရှင့်ကို နောက်နေတာပါ။ တကယ်တော့ စာနဲ့ပတ်သက်ပြီး ရှင့်ဆီက အကူအညီတောင်းချင်လို့ပါ"

ယဲ့ချန်း၏ တုံ့ပြန်မှုကြောင့် ရှောင်ယာလည်း အလျင်အမြန် စကားလမ်းကြောင်းလွှဲလိုက်သည်။

သူ(မ)သည် ယဲ့ချန်းကို မြင်မြင်ချင်းချစ်မိသွားသဖြင့် သူက ပစ္စည်းပို့သမားတစ်ယောက် ဖြစ်နေသည်ကိုပင် ဂရုမစိုက်ခဲ့ပေ။

ယခင်က ရှောင်ယာသည် သူ့ကို အဆင့်သတ်မှတ်ချက်ကောင်းတစ်ခု ပေးခဲ့သဖြင့် ထိုသုံးသပ်ချက်ကတစ်ဆင့် စနစ်ဆုလာဘ်တစ်ခု ရရှိခဲ့သဖြင့် ယဲ့ချန်းလည်း ဖုန်းမချဘဲ မေးလိုက်လေသည်။

"ဘာကိစ္စလဲ... ငါ တတ်နိုင်သလောက် ကူညီပေးမယ်"

"အခုတလော ကောင်လေးတစ်ယောက်က ကျွန်မကို လာလာနှောင့်ယှက်နေလို့ စာကို အာရုံစိုက်လို့ မရဘူး။ အဲဒါ အစ်ကိုက ကျွန်မရဲ့ရည်းစားအဖြစ် ဟန်ဆောင်ပြီး ဒီည ပါတီပွဲကို လိုက်ခဲ့ပေးလို့ရမလားဟင်"

ရှောင်ယာခမျာ မရဲတရဲပြောလိုက်သည်။

တစ်ဖက်လူက သူ(မ)အား ငြင်းပယ်သွားမည်ကို သူ(မ) အလွန်စိုးရိမ်နေမိသည်။ ယဲ့ချန်းဘက်က ဘာမှပြန်မပြောသဖြင့် သူ(မ)၏ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။

"ကောင်းပြီလေ။ အချိန်နဲ့ လိပ်စာကို ငါ့ဖုန်းထဲ ပို့ထားလိုက်။ ဒီည တွေ့ကြတာပေါ့"

ယဲ့ချန်းက ထိုသို့ပြောပြီးနောက် ဖုန်းချလိုက်သည်။

အစကတော့ သူ ငြင်းချင်ခဲ့သော်လည်း ရှောင်ယာက အနှောင့်အယှက်ပေးနေသူကို ရှင်းထုတ်ပေးရန် အကူအညီတောင်းလာသည်ကို ကြားသောအခါ အထူးသဖြင့် စာကို အာရုံစိုက်နိုင်ရန်ဟူသော အကြောင်းပြချက်ကို အသုံးချလာသောအခါ သူ မငြင်းရက်တော့ပေ။

ယဲ့ချန်း သဘောတူလိုက်သည်ကို ကြားသောအခါ ရှောင်ယာ အပျော်လွန်ပြီး ခုတင်ပေါ်က ခုန်ဆင်းလိုက်မိသဖြင့် ခြေထောက်ပင် ဒဏ်ရာရတော့မတတ် ဖြစ်သွားသည်။

ယဲ့ချန်းက သူ့လိုင်ကန်ကားကို ဆက်လက်မောင်းနှင်ကာ ပါဆယ်များပို့ဆောင်ရင်း အဆင့်မြင့်ဗီလာအိမ်ရာတစ်ခုသို့ ရောက်လာခဲ့သည်။

လုံခြုံရေးအစောင့်က လိုင်ကန်ကားကို မသိသော်လည်း ထိုကားက ဈေးကြီးမည်ဖြစ်ကြောင်း သိသဖြင့် မတ်တတ်ရပ်ကာ ကားကို သေချာအလေးပြုလိုက်ပြီး ဂိတ်တံခါးကို ဖြည်းညင်းစွာ ဖွင့်ပေးလိုက်သည်။

လိုင်ကန်ကားကြီး အမြန်မောင်းထွက်သွားချိန်တွင် လုံခြုံရေးအစောင့်မှာ မှင်တက်သွားသည်။

သူ့အနေနှင့် ဇိမ်ခံကားများကို မြင်ဖူးသော်လည်း ဤမျှအဆင့်မြင့်သော ကားမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ ပိုဆိုးသည်မှာ ထိုကားကို ပစ္စည်းပို့သမားတစ်ယောက်က မောင်းနှင်နေခြင်းပင်။

ယဲ့ချန်းလည်း ကားရပ်လိုက်ပြီးနောက် ပါဆယ်ထုပ်ကိုယူကာ ဗီလာတစ်ခုဆီသို့ လျှောက်သွားပြီး လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။ မမျှော်လင့်ထားပါဘဲ ထွက်လာသူမှာ ရှောင်ယာဖြစ်နေပြန်သည်။

"အစ်ကိုယဲ့ချန်း... ကျွန်မတို့က ရေစက်ရှိတယ်လို့ မထင်ဘူးလား"

ရှောင်ယာက တံခါးဖွင့်ပြီး တက်ကြွရွှင်လန်းစွာ ပြုံးရင်း ပြောလိုက်သည်။

"အင်း... တကယ်ပါပဲ"

ယဲ့ချန်းလည်း ကူကယ်ရာမဲ့လေဟန် အမူအရာတစ်ခု ပြသလိုက်သည်။

ရှောင်ယာနှင့် ဆုံတွေ့ရသည့် အကြိမ်တိုင်းက ကြိုတင်စီစဉ်ထားသလို ဖြစ်နေပြီး ဤကောင်မလေးက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟုပင် သူ ခံစားမိသည်။

"အစ်ကိုယဲ့ချန်း... ဒီညခြောက်နာရီ မယ်ရီယော့ဟိုတယ်မှာ တွေ့မယ်နော်"

ယဲ့ချန်း စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ရှောင်ယာက အချိန်နှင့် နေရာကို အမြန်ပြောလိုက်သည်။

"ကောင်းပြီလေ။ ဒီည တွေ့ကြတာပေါ့"

မိန်းကလေးက ပါဆယ်လက်ခံရရှိကြောင်း လက်မှတ်ထိုးပြီးနောက် ယဲ့ချန်းလည်း အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

ထိုမိန်းကလေးကို နှုတ်ဆက်ပြီးနောက် ယဲ့ချန်း လမ်းလျှောက်၍ သူ့လိုင်ကန်ကားဆီသို့ ပြန်သွားခဲ့သည်။

ယဲ့ချန်း ဗီလာအိမ်ရာထဲသို့ မောင်းဝင်လာစဉ်က အိမ်ရာဝင်ပေါက်၌ ရပ်နေသော စုံတွဲတစ်တွဲ ရှိနေချေသည်။

ထိုမိန်းကလေးသည် ပုံမှန်ဆယ်လီတစ်ယောက်၏ မျက်နှာသွင်ပြင်မျိုး ပိုင်ဆိုင်ထားသည်။ ကောင်လေးကမူ မျက်မှန်တပ်ထားပြီး အလွန်နူးညံ့သိမ်မွေ့ပုံရသည်။

"အချစ်ရေ... ဒါက ကျွန်မလိုချင်တဲ့ အကန့်အသတ်နဲ့ထုတ်တဲ့ လက်ကိုင်အိတ်မျိုး မဟုတ်ဘူး။ ရှင်တော့ အလိမ်ခံရပြီထင်တယ်"

ဆယ်လီမလေးက နှုတ်ခမ်းစူလျက် မပျော်မရွှင်ဖြစ်နေသည့် ပုံစံဖြင့် ပြောလိုက်သည်။

"ယွီယွီ... ဒါပေမဲ့ အရောင်းဝန်ထမ်းကတော့ ဒါက အကန့်အသတ်နဲ့ထုတ်တဲ့ဟာလို့ ပြောလိုက်တာပဲလေ"

မျက်မှန်တပ်ထားသည့် ကောင်လေးက အလျင်အမြန် ရှင်းပြလိုက်သည်။

"အချစ်... ရှင့်ဟာက ယွမ်တစ်သောင်းကျော်ပဲ ရှိတာ။ ကျွန်မလိုချင်တာက ယွမ်နှစ်သောင်းခွဲတန်လေ"

ဆယ်လီမလေးကလည်း ဆက်ပြောသည်။

"ကောင်းပြီလေ... ကိုယ် သွားလဲပေးပါ့မယ်"

ကောင်လေးက မိန်းကလေး စိတ်ဆိုးသွားမည်ကို စိုးရိမ်သဖြင့် အမြန်ပြောလိုက်သည်။

"ဒီဟာကို ကျွန်မယူထားလိုက်မယ်။ ကျွန်မသူငယ်ချင်းကို မွေးနေ့လက်ဆောင်အဖြစ် ပေးလို့ အဆင်ပြေတာပေါ့။ ကျွန်မကိုတော့ နောက်တစ်လုံးထပ်ဝယ်ပေးလေ"

ဆယ်လီမလေးက မျက်လုံးထဲတွင် ပြုံးယောင်သမ်းလျက် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကောင်လေး၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ သူသည် ဝင်ငွေအသင့်အတင့် ကောင်းသော်လည်း ဤအိတ်နှစ်လုံးအတွက် ယွမ်ငါးသောင်းနီးပါး သုံးစွဲရခြင်းမှာ သူ့ရင်ကို နာကျင်စေသည်။

ဆယ်လီမလေးက ချွဲနွဲ့လျက် ပြောလိုက်လေသည်။

"အချစ်... ရှင် ကျွန်မအပေါ် ဘယ်လောက်ကောင်းတယ်ဆိုတာ ကျွန်မရဲ့သူငယ်ချင်းတွေအားလုံး သိကြတယ်လေ။ အခုကျတော့ အိတ်တစ်လုံးတောင် မဝယ်ပေးနိုင်ဘူးဆိုတာသာ သူတို့ သိရင် ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်မလဲ"

ကောင်လေးကလည်း မိန်းကလေးက ယခုလိုချွဲနွဲ့လာသည့် အချိန်မျိုးကို အကြောက်ဆုံးဖြစ်သဖြင့် ပြန်ပြောလိုက်လေသည်။

"ကောင်းပါပြီ.. ကောင်းပါပြီ... သွားဝယ်ကြတာပေါ့"

ဆယ်လီမလေးက သဘောတူရန် ပြင်လိုက်ချိန်ဝယ် ယဲ့ချန်းက အထဲမှ လိုင်ကန်ကားကို မောင်းထွက်လာကြောင်း မြင်လိုက်ရသည်။

••••••••••••••••••••••

All Chapters