ဆရာနတ်မင်းနဲ့ ကျွန်တော်
Vol. 6-10 Ch. 134
အခန်း (၁၃၄) : ဆရာနတ်မင်းနဲ့ ကျွန်တော်
သူဌေးစုန့်နှင့် လျှိုထိုက်ယီက သူ့ကို ထပ်မံမျက်နှာချိုသွေးနေသည်ကို ကြည့်ရင်း ရှန်ထျန်း မျက်နှာဖြူဖတ်ဖြူလျော် ဖြစ်လာမိသည်။
သူတို့က သူတို့နည်းလမ်းနှင့် သူတို့ ထက်မြက်ကြပြီး သူ့ကို စိတ်ချမ်းသာအောင် လုပ်ပေးနိုင်ကြသော်လည်း သူတို့က သူ့ကို တွယ်ကပ်လွန်းသည်။
ငါ့ဆိုင် ဘယ်နေရာမှာပဲရှိရှိ သူတို့လည်း အဲဒီနေရာမှာ ရှိတယ် ...
ပိုပြီး အရေးကြီးတာတစ်ခုက သူတို့ရဲ့ရောင်ဝါစက်ဝန်းထဲမှာလည်း ကံအပြောင်းအလဲ အခွင့်အရေးတွေကို မြင်နေရတယ်။ မြင်ကွင်းကလည်း အရမ်းကို ရှင်းလင်းပြတ်သားနေသေးတယ်
သူတို့က ကောင်းကင်ဝိညာဉ်ပြခန်းမှာ မူလနတ်မိုးကြိုး၏ တစ်စိတ်တစ်ပိုင်းကို ရလောက်သည်အထိ ကံကောင်းခဲ့သည့်အတွက် သူတို့၏ ကံကြမ္မာကလည်း တဟုန်ထိုး မြင့်တက်သွားခြင်း ဖြစ်သည်။ သူတို့ထဲက အားအနည်းဆုံးသူပင် အစိမ်းပုတ်ရောင် ရောင်ဝါစက်ဝန်းကို ပိုင်ဆိုင်ထားသည်။ သူတို့ထဲက ကံအကောင်းဆုံးဖြစ်သော သူဌေးစုန့်၏ ရောင်ဝါစက်ဝန်းထဲတွင် အနီရောင် အစက်အပြောက်များပါ ရောထွေးနေလေပြီ။
သူဌေးစုန့်တို့က မြူခိုးမြို့ငယ်လေးထဲရှိသူများနှင့် နှိုင်းယှဉ်လိုက်ပါက အကောင်းဆုံးသော ကံကြမ္မာကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သည်။
သူတို့၏ ကံကြမ္မာကြောင့် စွန့်စားခရီးတွင် ရတနာများကို အားအင်စိုက်ထုတ်စရာမလိုဘဲ ရှာတွေ့နိုင်သည်။
ကံအပြောင်းအလဲ အခွင့်အရေးတွေက ရှန်ထျန်းဆီကို ရောက်လာမှတော့ လက်လွတ်ခံစရာ အကြောင်းမရှိဘူးလေ
သူက သူဌေးစုန့်တို့ကို ကြည့်ကာ ပြုံးပြရင်း ပြောလိုက်သည်
“ ဘာလို့များ ဒီလောက်ထိ ကြိုးစားနေရတာလဲ…ထားလိုက်ပါ။ ကျွန်တော်တို့ ဒီနေ့ ဒီမှာလာတွေ့တယ်ဆိုတော့ ကံစပ်တယ်လို့ ပြောလို့ရတယ် မဟုတ်ဘူးလား”
ထို့နောက် သူက သူဌေးစုန့်ကို ပြောလိုက်သည်
“စုန့်ဖူကွေ့ … ရှေ့တက်လာခဲ့ပါ”
ဆရာနတ်မင်းက ငါ့ကို ရှေ့တက်လာခိုင်းတယ် ဟုတ်လား။ သူက ငါ့ကို ကံအပြောင်းအလဲ အခွင့်အရေး ရှာပေးတော့မှာများလား
သူဌေးစုန့်က စိတ်လှုပ်ရှားစွာဖြင့် ရှေ့တိုးလာကာ ပြောလိုက်သည်
“ ဟုတ်ကဲ့ ဆရာနတ်မင်း”
ရှန်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်
“ ကျွန်တော်တို့ ဒီနေ့ ကံစပ်တယ်ဆိုတော့ ခင်ဗျားရဲ့ ကံအပြောင်းအလဲ အခွင့်အရေးရှိတဲ့ လမ်းကြောင်းကို ပြသပေးမယ်နော်။ အဲဒီအတိုင်းသာ သွားလိုက်ရင် ခင်ဗျား လိုအပ်တာကို ရှာတွေ့လိမ့်မယ်”
ထို့နောက် သူဌေးစုန့်၏ နားထင်ကို လက်ညှိုးဖြင့်ထိုးလိုက်သည့်အခါ သတင်းစကားပါသော အလင်းတန်းလေးတစ်ခုက နတ်ဘုရားအသိစိတ်မှတဆင့် ဖြတ်သန်းကာ ကူးပြောင်းသွားသည်။
အခြေတည်အဆင့် ကျင့်ကြံသူသာလျှင် ထိုကဲ့သို့သော စွမ်းအင်မျိုးကို အသုံးပြုနိုင်သည်။ ထိုစွမ်းအင်ဖြင့် အမွေအနှစ် ကျင့်ကြံနည်းအချို့ ပို့ချသင်ကြားပေးနိုင်သည်။
ဥပမာအားဖြင့် အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားနှင့် ဟရူးဂါနတ်ဆိုးကျမ်းတို့ထဲတွင် နတ်ဘုရားအသိစိတ် ပါဝင်သည်။ အနာဂတ်တွင် ကျင့်ကြံသူများက ထိုကျမ်းများကို သင်ယူချင်ပါက သူတို့၏ စိတ်စွမ်းအားကို အသုံးပြုကာ နတ်ဘုရားအသိစိတ်ကို အသက်သွင်းပေးဖို့ လိုအပ်သည်။
ယခု ရှန်ထျန်းက အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည့်အတွက် သူ၏ စိတ်စွမ်းအားက အားနည်းနေဆဲ ဖြစ်သည်။ ထို့ကြောင့် တိုတောင်းသော အကွာအဝေးတွင်သာရှိသောသူကို မြေပုံငယ်တစ်ခုပါသော သတင်းစကားကိုသာ လွှဲပြောင်းပေးနိုင်သေးသည်။
သူဌေးစုန့်သာ ထိုမြေပုံငယ်အတိုင်း လိုက်သွားပါက ကံအပြောင်းအလဲ အခွင့်အရေးကို ရှာတွေ့နိုင်လိမ့်မည်။
ရှန်ထျန်း၏ သတင်းစကားကို ရပြီးနောက် သူဌေးစုန့် အရမ်းပျော်ရွှင်သွားသည်။
“ ကျေးဇူးတင်ပါတယ်နော် ဆရာနတ်မင်း။ ဆရာနတ်မင်းရဲ့ ကြင်နာမှုအတွက် ကျွန်တော် ဒီကံအပြောင်းအလဲ အခွင့်အရေးကို သွားရှာပြီးတာနဲ့ ပြန်ဆပ်ပါ့မယ်”
ရှန်ထျန်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ကျွန်တော် ပြောခဲ့ပါတယ် ‘ကံပါလျှင် ဟောမည် အလကား…ကံမပါလျှင် ရွှေပုံပေးလည်းထွက်သွား’ဆိုတာလေ။ ခင်ဗျားရဲ့ ကံအပြောင်းအလဲ အခွင့်အရေးက ရောက်လာပြီဆိုတော့ မြန်မြန်သွားယူတော့လေ။ ဒီနားမှာ ယောင်ပေပေလုပ်ပြီး အချိန်ဖြုန်းမနေနဲ့။
ကောင်းကင်က ကြယ်တာရာတွေကို ဖတ်ကြည့်လိုက်တော့ မကြာခင် အခြေအနေဆိုးရွားလာနိုင်တာကို မြင်နေရတယ်။ မှတ်ထားနော် ... …လောဘမကြီးနဲ့ ရတာကိုပဲယူ။ ဒါကို စိတ်ထဲမှာ စွဲနေအောင် မှတ်ထားနော်”
သူဌေးစုန့်က အသဲအသန်ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ စိတ်ချနော် ဆရာနတ်မင်း။ ကျွန်တော် ဒီ ကံအပြောင်းအလဲ အခွင့်အရေးကို ရပြီးတာနဲ့ ဆရာနတ်မင်းရဲ့ဘေးမှာ ခစားပြီးတော့ အမိန့်တွေကို နာခံပါ့မယ်”
ဆရာနတ်မင်းရဲ့ အကူအညီကြောင့် ရတနာတွေကို လိုက်လံရှာဖွေနေဖို့ မလိုအပ်တော့ဘူး
ရှန်ထျန်း ယခု သူ့ကို ပြသခဲ့သည်က နုနယ်သေးသော အံ့ဖွယ်ရစ်ပတ်နွယ်ပင် ဖြစ်သည်။ သူသာ ကံကောင်းပါက အိမ်မွေးတိရစ္ဆာန်လိုမျိုး သဘောထားကာ ဖမ်းဆီးလို့ ရနိုင်သည်။ ထိုကဲ့သို့သော အံ့ဖွယ်ရစ်ပတ်နွယ်ပင်က ကြီးထွားနှုန်းမြန်ဆန်သလို အလျင်အမြန် သန်မာလာသည့်အတွက် ကျင့်ကြံသူတစ်ယောက်အနေနှင့် ပိုင်ဆိုင်ထားပါက အလွန်အသုံးဝင်နိုင်သည်။
သူဌေးစုန့်က အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကို ရှန်ထျန်းဆီ ပေးဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်သည်။
ဆရာနတ်မင်းသာ ပျော်ရွှင်သွားရင် ငါလည်း ရှေ့လျှောက် ကံအပြောင်းအလဲ အခွင့်အရေးတွေ အများကြီးရလာနိုင်တာပဲ
ထို့နောက် သူဌေးစုန့်က ဟင်းလင်းပြင်သို့ ဦးတည်ကာ ပြေးသွားသည်။
ရှန်ထျန်းက ခေါင်းညိတ်ပြကာ အုပ်စုထဲမှ ကျန်တဲ့သူတွေကို ကြည့်ကာ ပြောလိုက်သည်
“ ရှုန်းမုန့် … ရှေ့တိုးလာခဲ့”
ရှုန်းမုန့်က စိတ်လှုပ်ရှားစွာဖြင့် ထခုန်ကာ အော်ပြောလိုက်သည်
“ ကျွန်တော် ရောက်လာပါပြီ”
လူကောင်ကြီးသောသူက ထိုကဲ့သို့ ပြုမူနေတာကို ကြည့်ပြီး ရှန်ထျန်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်
“ ကျွန်တော်မှာ ခင်ဗျားအတွက်လည်း ပေးစရာတစ်ခုရှိတယ်”
ထို့နောက် ရှန်ထျန်းက ရှုန်းမုန့် သွားရမည့်လမ်းကြောင်းကို နတ်ဘုရားအသိစိတ်မှ တစ်ဆင့် ထည့်ပေးလိုက်သည်။
ရှုန်းမုန့်၏ ကံအပြောင်းအလဲ အခွင့်အရေးမှာ သံမဏိဓာတ် မြက်ပင်ကို ရယူခြင်း ဖြစ်သည်။ ထိုအရာက ခန္ဓာကိုယ်ကို အားကောင်းစေသည့် ကိုယ်ထည်မာ ဆေးလုံး ပြုလုပ်သည့်နေရာတွင် အဓိကပါဝင်ပစ္စည်း ဖြစ်၏။
ရှုန်းမုန့်မှာ ကြံ့ခိုင်သော ခန္ဓာကိုယ် ပိုင်ဆိုင်ထားပြီးပြီဖြစ်သည့်အတွက် နတ်ဘုရားကိုယ်ထည်မာ ကျင့်စဉ်ကျင့်ဖို့အတွက် အရမ်းကို သင့်တော်လှသည်။ သူ မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ် ကျင့်ကြံသည့်အခါ သံမဏိဓာတ်မြက်ပင်ကို ပိုင်ဆိုင်ထားပါက ပိုပြီး အထောက်အကူ ဖြစ်နိုင်သည်။
ရှန်ထျန်း၏ ကောင်းချီးပေးမှုကို လက်ခံရရှိပြီးနောက် ရှုန်းမုန့် မထိန်းနိုင်မသိမ်းနိုင် စတင်ရယ်မောတော့သည်။
“ ကျေးဇူးတင်ပါတယ် ဆရာနတ်မင်း။ ကျေးဇူးတင်ပါတယ်နော်။ ကျွန်တော် ကံအပြောင်းအလဲ အခွင့်အရေးကို ရှာတွေ့ပြီးတာနဲ့ ဆရာနတ်မင်း ပြောတာကိုပဲ နားထောင်ပါ့မယ်”
ထို့နောက် ရှုန်းမုန့်လည်း သူဌေးစုန့် သွားရာလမ်းကြောင်းအတိုင်း လိုက်သွားသည်။
တခြားသူများ၏ အနာဂတ်ကို အလွယ်တကူ ပြောပြပေးနေသော ရှန်ထျန်းကို ကြည့်ပြီး ကျန်းယွင်ရှီး အရမ်းစိတ်ပူလာသည့်အတွက် စိတ်ဖြင့် ဆက်သွယ်လိုက်သည်
“ ဂိုဏ်းတူမောင်လေး ဒါမျိုးကို မကြာမကြာ လုပ်နေလို့ရော ဖြစ်ရဲ့လား။ ကောင်းကင်ဘုံက မောင်လေးကို အပြစ်ပေးရင် ဘယ်လိုလုပ်မလဲ”
ကျန်းယွင်ရှီး စိတ်ပူတာကလည်း အကျိုးအကြောင်းဆီလျော်သည်။ ဗေဒင်ဟောပြီး အနာဂတ်ခန့်မှန်းခြင်းကို အထူးကျွမ်းကျင်သော ကျင့်ကြံသူများလည်း ရှိသည်။ သို့သော် သူတို့ မပြောသင့်သော အရာများလည်း ရှိသေးသည်။ အနာဂတ်ကို မကြာမကြာ ထုတ်ဖော်ပြောကြားပါက ကောင်းကင်ကပ်ဘေး ကျရောက်လာနိုင်သည်။
ယခု ရှန်ထျန်းက ဆိုင်ဖွင့်ကာ ဗေဒင်ဟောခြင်းကို လူမြင်ကွင်းမှာ လုပ်နေသည်။ ရှန်ထျန်းသာ သူတို့၏ ကံအပြောင်းအလဲ အခွင့်အရေးနှင့် ပတ်သက်ပြီး အမှန်အတိုင်း မပြောပါက ပြဿနာ မရှိနိုင်ပေ။ သို့သော် ရှန်ထျန်း ပြောသမျှက အမှန်တရားတွေသာ ဖြစ်သည့်အတွက် တခြားသူတွေဆီ အနာဂတ်အကြောင်းကို မကြာခဏ ထုတ်ပြောနေသည်ဟု ဆိုနိုင်သည်။
သူသာ တကယ် ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်းကို ခံရမယ်ဆိုရင် ကျန်းယွင်ရှီးလည်း အရမ်းဒုက္ခရောက်သွားနိုင်သည်။
ရှန်ထျန်းက ပြုံးပြကာ ပြောလိုက်သည်
“ ရပါတယ်။ ကျွန်တော်က အနာဂတ်ကို ကြိုမြင်နိုင်တဲ့ ထူးခြားတဲ့ မျက်လုံးတွေနဲ့ မွေးဖွားလာခဲ့တာလေ။ ဘေးထွက်ဆိုးကျိုး ရှိမှာ မဟုတ်လောက်ပါဘူး။ ကျွန်တော်ကိုယ်တိုင်က မဖြစ်နိုင်တဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ခန့်မှန်းပြီးတော့ ကံကြမ္မာကောင်းတဲ့သူရဲ့ အခွင့်အရေးပေါ်မှာ အခွင့်ကောင်းယူဖို့ မကြိုးစားသ၍ စိတ်ပူစရာ ဘာမှမရှိပါဘူး”
ကျန်းယွင်ရှီးလည်း ရှန်ထျန်း ပြောသည့်စကားကို ကြားမှ စိတ်အေးသွားပြီးနောက် အဆုံးမဲ့ဝိညာဉ်ဥယျာဉ်မှာ ဖြစ်ပျက်ခဲ့သည်ကို ပြန်လည်စဉ်းစားနေသည်။
ဒါကြောင့်မလို့ အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားကို သွားရှာတုန်းကလည်း ဂရုတစိုက် စစ်ဆေးတာမျိုး မလုပ်ဘဲနဲ့ အဲဒီသတ္တုရိုင်းတုံးထဲမှာ ရှိနေမယ်ဆိုတာ အရမ်းသေချာနေခဲ့တာပဲ
သူက သတ္တုရိုင်းတုံးကို အကဲဖြတ်တာ မဟုတ်ဘဲ အနာဂတ်ကို ကြည့်လိုက်တာပဲ
ရှန်ထျန်းက သူ လုပ်နေတာကို သူ ကောင်းကောင်းသိနေသည့်ပုံ ပေါ်သည့်အတွက် သူ့ကို ယုံကြည်ဖို့အတွက် ကျန်းယွင်ရှီး ဆုံးဖြတ်လိုက်သည်။
ရှန်ထျန်းက ကံစပ်သော ကျင့်ကြံသူများကို အချက်အလက်များ မျှဝေပေးကာ ကံအပြောင်းအလဲ အခွင့်အရေးတွေကို ကိုယ်တိုင်ရှာဖွေခိုင်းနေသည်။
ဘေးကင်းဖို့အတွက် ရှန်ထျန်းက မြူခိုးဟင်းလင်းပြင်ထဲသို့ ပြန်သွားဖို့ စိတ်ကူးမရှိတော့ပေ။ ထိုနေရာရှိ မြူခိုးများမှာ ကြက်သီးထစရာကောင်းသည်။
ရှန်ထျန်းဆီမှ တည်နေရာကို ရပြီးသွားသော လျှိုထိုက်ယီက ရတနာရှိရာ နေရာသို့ မသွားဘဲ သူဌေးစုန့် မရှိခင် ရှန်ထျန်းကို မျက်နှာချိုသွေးဖို့ အကောင်းဆုံးအချိန် ဖြစ်ကြောင်း ဆုံးဖြတ်လိုက်ပြီးနောက် ရှန်ထျန်းနှင့်အတူနေကာ ကံစပ်သူ အသစ်များကို စည်းရုံးသိမ်းသွင်းဖို့ ဆုံးဖြတ်လိုက်သည်။
နတ်မင်း၏ နောက်လိုက်များက သူတို့၏ နာမည်ကို ကောင်းချီးပေးခံရသူများအဖွဲ့ဟု ပြောင်းလဲလိုက်သော်လည်း ရှန်ထျန်းနှင့် ဝေစုတစ်ဝက် ခွဲယူသော အစဉ်အလာက ကျန်ရှိနေသင့်သည်။
လျှိုထိုက်ယီက ထိုစည်းမျဉ်းကို မည်သူကိုမှ ချိုးဖောက်ခွင့်ပြုမည် မဟုတ်ပေ။ အနာဂတ်မှာလည်း ကံအပြောင်းအလဲ အခွင့်အရေးရနိုင်သည့်အတွက် ယခု ရှန်ထျန်း၏ သဘောကျမှုကို ရရှိဖို့က ပိုပြီးအရေးကြီးနေသည်။
လျှိုထိုက်ယီက ထိုင်ခုံတစ်ခုယူကာ လမ်းဘေးတွင် ထိုင်နေပြီး ကံစပ်သူအသစ်၏ အပြန်လမ်းကို စောင့်မျှော်နေသည်။
နောက်ဆုံးတော့ တစ်နာရီကြာပြီးနောက်မှာ ပထမဆုံးကံစပ်သူအသစ် ရောက်ရှိလာခဲ့သည်။
သူက အစောပိုင်း အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ရှန်ထျန်းကြောင့် ကာမဝိညာဉ် ဂန္ဓာပန်းပွင့် တစ်ရာနီးပါးလောက် ရှာတွေ့ခဲ့သည်။
ထိုဂန္ဓမာပန်းကား အဆင့် ၂ ဝိညာဉ်ဆေးပင်ဖြစ်ပြီး တာအိုကျင့်ကြံဖော်များကြားထဲတွင် အလွန်နာမည်ကြီးသော အချိန်ကြာ ကာမဆေးရည်ကို ဖော်စပ်သည့်နေရာတွင် အသုံးပြုသည်။အဆင့် ၂ ဂန္ဓမာပန်းပွင့်၏ ဈေးကွက်ပေါက်ဈေးက ဝိညာဉ်ကျောက်တုံး ၁၀၀ခန့် တန်ဖိုးရှိသည်။ ထို့ကြောင့် အခုရေ ၁၀၀ ရှိပါက ဝိညာဉ်ကျောက်တုံး ၁သောင်း တန်ဖိုး ရှိသည်။
အစောပိုင်း အခြေတည်အဆင့်ကျင့်ကြံသူ တစ်ယောက်အတွက်တော့ ထီပေါက်သလို ဖြစ်၏။
ထိုကံစပ်သူ ပြန်လာသည်ကို မြင်သည့်အခါ လျှိုထိုက်ယီက သူ့အနားသို့ အလျင်အမြန် ချဉ်းကပ်သွားလိုက်သည်။
“ ဒီမှာ မိတ်ဆွေ။ အိမ်ကို ဒီအတိုင်း ပြန်တော့မလို့လား။ ဒီပစ္စည်းတွေ အကုန်လုံးနဲ့လေ။ ဘာလို့ အရမ်းအမြင်ကျဉ်းရတာလဲ … ဆရာနတ်မင်း ပြောထားတာကို မေ့သွားပြီလား။ လောဘမကြီးနဲ့ ရနိုင်တာပဲယူ ဆိုတာကိုလေ … သူက ဘာလို့ အဲလိုပြောတယ်ထင်လဲ။
သူက ခင်ဗျားကို သဲလွန်စပေးနေတာ။ သူက အလကားဟောပေးတယ်လို့ ပြောပေမဲ့ သူ့ကို တစ်ခုခုပြန်မပေးရဘူးလို့ ဆိုလိုတာတော့ မဟုတ်ဘူး။
သူ့ရဲ့ လူသားဆန်တဲ့စိတ်ကြောင့် အလကား လုပ်ပေးနေပေမဲ့ ကျွန်တော်တို့သာ တစ်ခုခုပြန်မပေးရင် ကျေးဇူးကန်းရာကျမှာပေါ့ … မိတ်ဆွေကို တစ်ခုလောက် မေးပါရစေ။ ခင်ဗျား ဆရာနတ်မင်းရဲ့ သဘောကျမှုကို ခံယူချင်လား … ဆရာနတ်မင်းနဲ့ ကံစပ်တာကို ထိန်းထားချင်လား ဒါမှမဟုတ် ဒီတစ်ခေါက် ကံအပြောင်းအလဲ အခွင့်အရေးလေးနဲ့တင် ကျေနပ်ပြီလား။
ကျွန်တော်က လျိုမျိုးရိုး။ ကျွန်တော်လည်း ခင်ဗျားလိုပဲ။ လာလာ… ဆရာနတ်မင်းနဲ့ ပတ်သက်တဲ့ အကြောင်းလေးကို နားထောင်သွားပါဦး”