ငယ်ရွယ်လွန်းသော ကောင်းကင်အမတ
Vol. 14 Ch. 184
အခန်း (၁၈၄) ငယ်ရွယ်လွန်းသော ကောင်းကင်အမတ
သုံးလောက သန့်ရှင်းခြင်းကို ဟန်ကျွယ် အသုံးပြုလိုက်တဲ့အခါ စွမ်းအားကြီးမားလှပါတယ်ဆိုတဲ့ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားတစ်ယောက် အရေးနိမ့်သွားပါတယ်။ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ ဝိညာဉ်စွမ်းအားက မကုန်မခမ်းနိုင်လောက်အောင် များပြားပြီး သူ့ချပ်ဝတ်က အစွမ်းထက်လှတာတောင် မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေရဲ့ တိုက်ခိုက်မှုကို မဟန့်တားနိုင်ပါဘူး။
စိတ်ဝိညာဉ် သိုင်းနတ်ဘုရားဟာ အံကြိတ်ပြီး ဓားမကို ဆက်တိုက်ဝှေ့ယမ်းပါတယ်။
ဟန်ကျွယ်ကလည်း ကောင်းကင်ပေါ်မှာ ရပ်တည်ပြီး ဟွမ်သွမ့်ဓားကို ဆက်တိုက်ဝှေ့ယမ်းတဲ့အခါ ဓားချီပင်လယ်ထဲမှာ ဓားအရိပ်တွေ ထပ်ခါထပ်ခါ ပေါ်ပေါက်လာပြီး စိတ်ဝိညာဉ် သိုင်းနတ်ဘုရားဆီ ပျံသန်းသွားပါတယ်။
ဒီမြင်ကွင်းကြောင့် ကောင်းကင်စစ်သားတွေဟာ အလွန်တုန်လှုပ်ချောက်ချားသွားပြီး ဟန်ကျွယ်နဲ့ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားနားကို မကပ်ရဲတော့ဘဲ အဝေးကနေသာ တိုက်ပွဲကို ကြည့်ပါတယ် “ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားက သူ့ကို အနိုင်မယူနိုင်ဘူးလား”
“စိတ်ဝိညာဉ် သိုင်းနတ်ဘုရားက မဟာညီညွှတ်မှု ကောင်းကင်အတမပဲ”
“သူက သေမျိုးမဖြစ်နိုင်ဘူး၊ အမတကမ္ဘာက အမတတစ်ပါးပဲ ဖြစ်ရမယ်”
“အို မကောင်းတော့ဘူး၊ ငါတို့တွေက အစတေးခံနယ်ရုပ် ထပ်ဖြစ်ပြန်ပြီလား”
“ဒီသေမျိုးကမ္ဘာကို ရှင်းလင်းဖို့ အရှင့်သားနဲ့ စိတ်ဝိညာဉ် သိုင်းနတ်ဘုရား ပါလာတာ မထူးဆန်းတော့ပါဘူး၊ ဒီနေရာမှာ ဒီလိုထိပ်သီးတစ်ယောက် ပုန်းအောင်းနေတာကိုး”
ကောင်းကင်တပ်သားတွေဟာ တော်တော်လေး ကြောက်လန့်သွားပါတယ်။ ကောင်းကင်ရုံးတော်မှာ သူတို့တွေက အဆင့်အနိမ့်ဆုံးဖြစ်ပေမဲ့ သူတို့အသက်ကိုတော့ သူတို့ တန်ဖိုးထားပါတယ်။ ဘယ်သူမှ အလကားသက်သက် မသေချင်ပါဘူး။ ကောင်းကင်စစ်သားအများစုက အကျိုးအမြတ် လိုချင်လို့ ကောင်းကင်စစ်သား ဝင်လုပ်သူတွေပါ။
ဟန်ကျွယ်ဟာ ဘယ်လက်ကိုမြှောက်ပြီး မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းကို မကြာမကြာ ပစ်ခွင်းတာကြောင့် စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ ချပ်ဝတ်ဟာ တဖြည်းဖြည်း ရောင်ဝါ မှေးမှိန်လာပါတယ်။
စိတ်ဝိညာဉ် သိုင်းနတ်ဘုရားဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ်။ အမတနဲ့ နတ်ဘုရားတွေ အကုန်လုံးက နတ်ဘုရားခန်းမကနေ ကြည့်ရှုနေတာကြောင့် စိတ်ဝိညာဉ် သိုင်းနတ်ဘုရားဟာ ဘယ်လိုမှ အရှုံးမခံနိုင်ပါဘူး။ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားဟာ ရုတ်တရက်ဆိုသလို လျှပ်စီးအသွင် ပြောင်းလဲပြီး ပျောက်ကွယ်သွားပါတယ်။
တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ နောက်လှည့်ပြီး ဓားကို ခုတ်ချလိုက်ပါတယ်။
“ချွင်”
ဓားနဲ့ ဓားမတိုက်မိရာကနေ ထွက်ပေါ်လာတဲ့ စူးရှတဲ့အသံဟာ သေမျိုးအားလုံးကို ယာယီနားထိုင်း သွားစေပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး အထင်အမြင်သေးစွာ ပြောလိုက်ပါတယ် “ဒါပဲလား”
နဂိုကတည်းက အမျက်ထွက်နေတဲ့ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားဟာ ဟန်ကျွယ်ရဲ့စကားကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားပြီး စိတ်လွတ်သွားပါတယ်။ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားဟာ အော်ဟစ်ကြုံးဝါးလိုက်ပြီး ဟန်ကျွယ် လွင့်စဉ်သွားအောင် အားကုန်ထုတ် တိုက်ခိုက်ဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ စိတ်ဝိညာဉ် သိုင်းနတ်ဘုရား မတိုက်ခိုက်ခင်မှာပဲ ဓားအရိပ်ဆယ်သန်းက အလွန်လျင်မြန်တဲ့ အရှိန်နဲ့ ပျံသန်းလာပြန်ပါတယ်။
ဓားအရိပ်တွေဟာ အင်အားပြင်းထန်လှတဲ့ ရေစီးကြောင်းအသွင်ပြောင်းလဲပြီး စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ ရင်ဘက်ကို ဝင်တိုက်တာကြောင့် စိတ်ဝိညာဉ် သိုင်းနတ်ဘုရားဟာ အောက်ပြုတ်ကျပြီး ပါးစပ်ထဲကနေ သွေးတွေ စီးကျလာပါတယ်။
ဒီသွေးတွေက အမတရဲ့သွေးတွေ ဖြစ်တာကြောင့် တိမ်ပင်လယ်ကို အငွေ့ပျံသွားစေပါတယ်။
“သေစမ်း”
စိတ်ဝိညာဉ် သိုင်းနတ်ဘုရားဟာ အံကြိတ်လိုက်ပြီး ဓားအရိပ်တွေကို အတက်နိုင်ဆုံး တားဆီးဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ဆက်တိုက်စီးဆင်းလာတဲ့ ဓားအရိပ်တွေကြောင့် စိတ်ဝိညာဉ် သိုင်းနတ်ဘုရားဟာ အောက်ကို ပိုပိုပြီး ပြုတ်ကျသွားပါတယ်။
အလွန်ကြီးမားလှတဲ့ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ဟာ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာပါတယ်။ ဒီမြင်ကွင်းက ကြောက်မက်ဖို့ကောင်းပြီး ကြီးကျယ်လှပါတယ်။
စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ် ပြုတ်ကျလာမှုကြောင့် အောက်မှာရှိတဲ့ တောတောင်ရေမြေတွေ အကုန်လုံး ကြေမွပျက်စီးထွက်သွားပြီး ကမ္ဘာဖျက်နိုင်လောက်တဲ့ လေအရှိန်တစ်ခု ထွက်ပေါ်လာပါတယ်။
မြေကြီးဟာ အက်ကွဲထွက်သွားပြီး အက်ကြောင်းတွေကကလည်း ဆက်တိုက်ပေါ်လာပါတယ်။ ပြင်းထန်လှတဲ့ လေအရှိန်ကြောင့် မြို့ဒါဇင်ကျော်ဟာ အမှုန့်ဖြစ်သွားပါတယ်။ သေမျိုး၊ အိမ်မွေးတိရစ္ဆာန်နဲ့ သားရဲ ဘယ်လောက်များများ မိုးကုပ်စက်ဝိုင်းဆီ လွင့်စဉ်သွားမလဲဆိုတာတော့ မသိနိုင်ပါဘူး။
စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ် မြေကြီးပေါ် ပြုတ်ကျမှုကြောင့် မိုင်တစ်ထောင်ပတ်လည် ပြိုကျသွားပါတယ်။ အမတတွေရဲ့ရှေ့မှာ သေမျိုးကမ္ဘာက အရာအားလုံးဟာ အလွန်တရာကိုမှ အားနည်းပျော့ညံလွန်းပါတယ်။
မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေဟာ ကောင်းကင်ပေါ်နေ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပေါ်က ဆင်းသက်ပါတယ်။
“ဝုန်း...”
စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ ချပ်ဝတ်ဟာ အစိတ်စိတ်ကွဲထွက်သွားတာကြောင့် စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ဟာ သုံးလောက သန့်ရှင်းခြင်းရဲ့ အဖျက်စွမ်းအားကို ခံစားရပါတော့တယ်။ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားဟာ ဒီဒဏ်ကို မခံစားနိုင်တာကြောင့် အာဒိကပ္ပသားရဲတစ်ကောင်လို အော်ဟစ်လိုက်ပါတယ်။ သူ့အသံက သေမျိုးကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။
ဟန်ကျွယ်ကတေ့ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားကို ငုံ့ကြည့်ပြီး တုံ့ဆိုင်းသွားပါတယ်။
‘ငါ သူ့ကို သတ်သင့်လား၊ ဒီကောင်က ကောင်းကင်စစ်သားလောက်တော့ တန်ဖိုးမမဲ့ဘူး’
‘ဟင်း... ငါ အရင်ဆုံး သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ရမယ်’
ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာ ရက်စက်တဲ့အရိပ်အယောင် ယှက်သမ်းသွားပြီး ဓားအရိပ်တွေကို ဆက်တိုက်စေလွှတ်လိုက်ပါတယ်။ သုံးလောက သန့်ရှင်ခြင်း ဆန်းကြယ်စွမ်းအားကြောင့် စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ဟာ အော်ဟစ်နေရင်းနဲ့ပဲ လျင်မြန်စွာ ဖျက်ဆီးခံလိုက်ရပြီး ဝိညာဉ်သာ ကျန်ရှိပါတော့တယ်။ ဒါပေမဲ့ ဓားအရိပ်တွေရဲ့ဖိအားကြောင့် စိတ်ဝိညာဉ် သိုင်းနတ်ဘုရားရဲ့ ဝိညာဉ်ဟာ မရွှေ့လျားနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်ကို မော့ကြည့်ပြီး မေးလိုက်ပါတယ် “ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာကို ရှင်းလင်းချင်သေးလား”
ဟန်ကျွယ်ရဲ့ အသံဟာ လောကတစ်ခွင် ပျံ့နှံ့သွားပြီး နတ်ဘုရားခန်းမထဲမှာ ပဲ့တင်ထပ်သွားပါတယ်။
ကောင်းကင်ဧကရာဇ်က မျက်နှာသေနဲ့ ကြည့်နေတုန်းပါပဲ။ အမတတွေကတော့ သူတို့ကြားမှာ တီးတိုးပြောကြပါတယ်။
စိတ်ဝိညာဉ် သိုင်းနတ်ဘုရားဟာ ပထမတန်းစား စစ်သူကြီး မဟုတ်ပေမဲ့ ကောင်းကင်ရုံးတော်ရဲ့ အမာခံစစ်သူကြီးတစ်ဦးပါ။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲအများစုက စိတ်ဝိညာဉ် သိုင်းနတ်ဘုရားကပဲ ဦးဆောင်တိုက်ခိုက်တာပါ။
သံမျှော်စင်လို ကြံ့ခိုင်သန်မာတဲ့ ကောင်းကင်စစ်သူကြီးတစ်ဦး ရှေ့ထွက်လာပြီး ပြောလိုက်ပါတယ် “အရှင်မင်းကြီး... ဒီကောင်လေးက ဘဝမြင့်လွန်းတယ်၊ ကျွန်တော်အထင် ကောင်းကင်ပြစ်ဒဏ်ကို သုံးပြီး ဒီသေမျိုးကမ္ဘာကို တိုက်ရိုက်ဖျက်ဆီးသင့်တယ်”
တစ်ခြားပညာရှင်အမတတွေလည်း သဘောတူကြပါတယ်။ ဒါပေမဲ့ တစ်ချို့ကလည်း ကန့်ကွက်ကြပါတယ်။
ရှန်စစ်သူကြီးက သာမန်ကာလျှံကာ ဝင်ပြောလိုက်ပါတယ် “ဒီကောင်လေးက သူ့အရည်အချင်းကို ပြသနိုင်ရင် သေမျိုးကမ္ဘာကို မရှင်းလင်းတော့ဘူးလို့ အရှင်မင်းကြီးက ပြောထားပြီးပြီလေ၊ သူက နှစ်ထောင်ချီနဲ့ ကောင်းကင်အမတ ဖြစ်လာတာ၊ မင်းတို့မှာ ဒီလိုအရည်အချင်းမျိုး ရှိလို့လား”
ရှန်စစ်သူကြီးရဲ့ စကားကြောင့် အမတတွေ အကုန်လုံး တိတ်ဆိတ်သွားကြပါတယ်။ ရှန်စစ်သူကြီးက ဘယ်သူက မျက်နှာသာမပေးဘဲ နေရဲမှာလဲ။ သံမျှော်စင်လို ကြံ့ခိုင်သန်မာတဲ့ ကောင်းကင်စစ်သူကြီးဟာ နှာခေါင်းရှုံ့လိုက်ပြီး ဘာမှထပ်မပြောတော့ပါဘူး။
ကောင်းကင်စစ်သူကြီးဟာ အမတနတ်ဘုရားတွေကို လျစ်လျူရှုပြီး ကြေးမုံပြင်ကိုပဲ စိုက်ကြည့်နေပါတယ်။
ဟန်ကျွယ်က အမတနတ်ဘုရားကို အားသုံးဖိနှိပ်တာ မြင်လိုက်ရတဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးက ကျင့်ကြံသူတွေဟာ အားပေးကြွေးကြော်သံတွေ ဆူညံသွားပါတယ်။ တာအိုသခင်ကျိုးတိလည်း စိတ်သက်သာရာ ရသွားပါတယ်။ တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်က စွမ်းအားကြီးမှန်း သိပေမဲ့ အမတနတ်ဘုရားကို ဖိနှိပ်နိုင်တဲ့အထိ စွမ်းအားကြီးလိမ့်မယ်လို့ ထင်မထားပါဘူး။ တာအိုသခင်ကျိုးတိဟာ လီချင်းဇဲ့စကားနားထောင်ပြီး ဟန်ကျွယ်ကို အပြစ်မပြုမိခဲ့တဲ့အတွက် ဝမ်းသာသွားပါတယ်။
ဖူစန်းသစ်ပင်အောက်မှာရှိတဲ့ စုချီဟာ ကောင်းကင်ယံက ကြီးကျယ်ခမ်းနားလှတဲ့ တိုက်ပွဲကိုကြည့်ပြီး ဒီတိုက်ပွဲကို တရင်းတနှီးရှိနေသလို ခံစားလိုက်ရပါတယ်။ ဒီလိုတိုက်ပွဲမျိုးကို အိပ်မက်ထဲမှာ မြင်ဖူးသလိုမျိုး စုချီ ခံစားလိုက်ရပါတယ်။
မုရုံချီနဲ့ ထူလင်းအာကတော့ သွေးတွေ ဆူပွက်သွားပြီး ဒီတိုက်ပွဲမှာ ချက်ချင်းဝင်ပြီးတော့ တိုက်ခိုက်ချင်စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ တစ်ခြားသူတွေလည်း အလွန်တရာ စိတ်လှုပ်ရှားသွားတာကြောင့် သူတို့စိတ်ကို တော်တော်နဲ့ ပြန်မထိန်းနိုင်ပါဘူး။
“ဟမ်... ကောင်းကင်ရုံးတော်မှာ တစ်ယောက်မှ မရှိဘူးလို့ မင်း ထင်နေတာလား”
အေးစက်တဲ့အသံဟာ မိုးခြိမ်းသံလို ထွက်ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ အသံလာရာကို ကြည့်လိုက်တဲ့အခါမှာ တောက်ပတဲ့ ငွေရောင်အလင်းတန်းတစ်ခု ကောင်းကင်ကနေ ထိုးကျလာတာကို တွေ့လိုက်ရပါတယ်။ စူးရှတဲ့အလင်းတန်းထဲကနေ ရုပ်သွင်တစ်ခု ထွက်ပေါ်လာပြီး ဟန်ကျွယ်ဆီကို လျှောက်သွားပါတယ်။
လုံရှန်။
လုံရှန်ဟာ ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး နတ်အလင်းတန်းတွေ ဖြာထွက်နေပါတယ်။ လုံရှန်ဟာ လက်ထဲမှာတော့ မှိန်းကိုင်ထားပြီး သူ့ခန္ဓာကိုယ်ကနေ ပြိုင်ဘက်ကင်းတဲ့ရောင်ဝါ ထွက်ပေါ်နေပါတယ်။ တစ်ချက်ကြည့်ရုံနဲ့ သူက စိတ်ဝိညာဉ် သိုင်းနတ်ဘုရားထက် စွမ်းအားပိုကြီးမှန်း သိသာပါတယ်။
ဟန်ကျွယ်ဟာ လုံရှန်ကို ကြည့်လိုက်ပါတယ်။ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားကို ဖိနှိပ်ထားတဲ့ သုံးလောက သန့်ရှင်းခြင်း ဆန်းကြယ်စွမ်းအားဟာ လွှင့်ပါးပျောက်ကွယ်သွားပြီး ဟန်ကျွယ်လည်း မူလအရွယ်အစားကို ပြန်ရောက်ရှိသွားပါတယ်။ မိုးနဲ့မြေ ဆန်းကြယ်စွမ်းအားကို ထိန်းသိမ်းထားရတာက ဝိညာဉ်စွမ်းအား ကုန်ပါတယ်။
ဟန်ကျွယ်ဟာ လုံရှန်ကို အားကုန်ရင်ဆိုင်ဖို့အတွက် သူ့စွမ်းအားတွေကို ပြန်စုစည်းလိုက်ပါတယ်။ လုံရှန်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ သားတော်တစ်ယောက် ဖြစ်သလို နဂါးစစ် သွေးစည်းရှိသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကောင်းကင်နဂါး မဟာဧကရာဇ်ရဲ့ အမွေကို ဆက်ခံသူဖြစ်ပြီး ခေတ်တစ်ခေတ်ရဲ့ ပါရမီရှင်ဖြစ်တာကြောင့် ဟန်ကျွယ်ဟာ နည်းနည်းလေးတောင် မပေါ့ဆရဲပါဘူး။
လုံရှန်ဟာ ဟန်ကျွယ်ကို ဆန္ဒပြင်းထန်တဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး မေးလိုက်ပါတယ် “မင်း အသက်ဘယ်လောက် ရှိပြီလဲ”
ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်ပါတယ် “၁,၁၀၀ ပြည့်ပြီးရုံပဲ”
ဟန်ကျွယ်အဖြေကြောင့် လုံရှန်ဟာ မျက်မှောင်ကြုတ်သွားပြီး ခပ်မြန်မြန် လျှောက်လိုက်ပါတယ်။ နတ်ဘုရားခန်းမကတော့ ဟန်ကျွယ်အဖြေကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။
‘အသက် ၁,၁၀၀ ကောင်းကင်အမတလား’
‘မဖြစ်နိုင်ဘူး’
ဒီဟာက ကောင်းကင်ဧကရာဇ်သားတော် လုံရှန်ထက်တောင် ကြီးကျယ်နေပါတယ်။ ဒီအချိန် ချီယွင်ရှန်းက ရှေ့ထွက်ပြီး လက်သီးဆုပ်ကာ လျှောက်ပါတယ် “အရှင်မင်းကြီး... ကျွန်တော်တို့တွေ ဒီကောင်လေးကို သိမ်းသွင်းရပါမယ်၊ မဟုတ်ရင် ကောင်းကင်ရုံးတော်အတွက် ဆုံးရှုံးမှုကြီးတစ်ခုပါ”
ချီယွင်ရှန်းဟာ အလွန်တရာမှ စိတ်လှုပ်ရှားနေပါတယ်။ ချီယွင်ရှန်းဟာ ဟန်ကျွယ်က ကောင်းကင်တပ်သားတွေကို ဟန့်တားပြီး သူ့ထက်စွမ်းအားကြီးတဲ့ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားကို ဖိနှိပ်နိုင်လိမ့်လို့ ထင်မထားခဲ့ပါဘူး။ ချီယွင်ရှန်းဟာ ဂုဏ်ယူသွားပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီသေမျိုးကမ္ဘာက သူ့လက်အောက်ကပါ။
တစ်ခြား ကောင်းကင်စစ်သူကြီးတွေကလည်း သဘောတူကြပါတယ်။
“ဒီလိုပါရမီရှင်မျိုးက တကယ်ရှားပါးလွန်းတယ်”
“ကျွန်တော်တို့တွေ သူ့ကို ပြိုးထောင်ပေးမယ်ဆိုရင် နောက်ထပ် ရှန်စစ်သူကြီး ဖြစ်လာနိုင်တယ်”
“ဟုတ်တယ်”
“အရှင်မင်းကြီး... ကျေးဇူးပြုပြီး ပြန်စဉ်းစားတော်မူပါ”
“ကောင်းကင်ရုံးတော်မှာသာ ရှန်စစ်သူကြီးနှစ်ဦးရှိရင် ဗုဒ္ဓဂိုဏ်းက ကျွန်တော်တို့ကို အနိုင်ကျင့်ရဲမှာ မဟုတ်ပါဘူး”
အမတနတ်ဘုရားတွေရဲ့ စကားကြောင့် ကောင်းကင်ဧကရာဇ်ဟာ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း လုံးဝမရှိပါဘူး “စောင့်ကြည့်ကြတာပေါ့၊ သူနဲ့ ရှန်အာ တိုက်ရင် ဘယ်သူနိုင်မယ်လို့ မင်းတို့ထင်လဲ”
အမတတွေ အကုန်လုံး တိတ်ဆိတ်သွားပါတယ်။
ဒီတိုက်ပွဲရလဒ်က ခန့်မှန်းဖို့ ခက်ပါတယ်။ လုံရှန်ရဲ့ အရည်အချင်းက ကြောက်ဖို့ကောင်းသလို တိုက်ခိုက်မှုစွမ်းရည်ကလည်း ကျင့်ကြံမှုအဆင့်နဲ့ တိုင်းတာလို့ မရပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ကလည်း စိတ်ဝိညာဉ် သိုင်းနတ်ဘုရားကို အလွယ်တကူ အနိုင်ယူလိုက်ပါတယ်။ ဒါကြောင့် အမတတွေဟာ တိုက်ပွဲရလဒ်ကို မခန့်မှန်းရဲကြပါဘူး။
သူတို့တွေ ဘယ်သူနိုင်မယ်လို့ ခန့်မှန်းခန့်မှန်း တစ်ခြားတစ်ယောက်ကို အပြစ်ပြုမိမှာ ဗေဒင်မေးစရာ မလိုပါဘူး။ ကောင်းကင်ဧကရာဇ်ရဲ့ သဘောထားအရ ဟန်ကျွယ်က ကောင်းကင်ရုံးတော်ထဲကို ရောက်လာဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်။
တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူနေတဲ့ အမတအိုတစ်ဦးဟာ ရှေ့ထွက်ပြီး တစ်လုံးချင်း ပြောလိုက်ပါတယ် “အရှင့်သားလုံရှန်က မဟာဧကရာဇ်ရဲ့ အမွေကို ဆက်ခံထားပါတယ်၊ ဒါကြောင့် အရှင့်သားရဲ့ အားသာချက်က ကျင့်ကြံမှုအလျင် မဟုတ်ပါဘူး၊ တိုက်ခိုက်မှုစွမ်းရည်ပါ”
တစ်ယောက်က အရင်ဆုံးထပြောလိုက်တဲ့အတွက် တစ်ခြားအမတတွေလည်း လုံရှန်ကို ထောက်ခံပြီး ကောင်းကင်ဧကရာဇ်ကို မြှောက်ပင့်ပြောဆိုပါတော့တယ်။
စကြဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။