ရှုံးလို့ မဖြစ်ဘူး
Vol. 14 Ch. 185
အခန်း (၁၈၅) ရှုံးလို့ မဖြစ်ဘူး
ဟန်ကျွယ်ဟာ နတ်ဘုရားခန်းမမှာ ဘာဖြစ်နေတယ်ဆိုတာကို မသိပါဘူး။ အခုအချိန် ဟန်ကျွယ်စိတ်ထဲမှာ ရည်မှန်းချက်တစ်ခုပဲ ရှိပါတယ်။
အဲဒါကတော့ လုံရှန်ကို အနိုင်တိုက်ဖို့ပါ။
လုံရှန်က စိတ်ဝိညာဉ် သိုင်းနတ်ဘုရားထက် စွမ်းအားပိုကြီးတယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ လုံရှန်ဆီကနေ အန္တရာယ်အငွေ့အသက်ကို မခံစားရပါဘူး။ လုံရှန်က ဘယ်လောက်ပဲ စွမ်းအားကြီးကြီး မဟာညီညွှတ်မှု ကောင်းကင်အမတအဆင့်မှာပဲ ရှိနေပါသေးတယ်။ အဆင့်တူရင် ဟန်ကျွယ်က ဘယ်သူကိုမှ မကြောက်ပါဘူး။
ဟန်ကျွယ်နဲ့ လုံရှန်ဟာ တဖြည်းဖြည်းနီးကပ်လာလေလေ သူတို့ရောင်ဝါတွေကို ပိုပြင်းထန်လာလေလေပါပဲ။ သူတို့နှစ်ပတ်လည်က ကောင်းကင်ပြင်ဟာ အက်ရာထင်လာပါတယ်။
“အသေသတ်မဲ့စိတ်နဲ့ တိုက်ပါ၊ ဘာဖြစ်လို့လဲဆိုတော့ ငါက နည်းနည်းလေးမှ အလျှော့ပေးမှာ မဟုတ်လို့ပါ” လုံရှန်က ဟန်ကျွယ်ကို စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘မင်းနောက်မှာ ကောင်းကင်ရုံးတော်နဲ့ ကောင်းကင်ဧကရာဇ် ရှိနေတော့ ပြောရဲတာပေါ့၊ ငါ့နောက်မှာ ဘယ်သူရှိလို့လဲ’ ဟန်ကျွယ်ဟာ လုံရှန်ကို ကြယ်သုံးပွင့်လောက် မုန်းတီးသွားပါတယ်။
တစ်ချိန်တည်းမှာပဲ...။
လုံရှန်နဲ့ ဟန်ကျွယ်ဟာ တစ်ယောက်ဆီ တစ်ယောက် တဟုန်ထိုး ပြေးသွားကြပါတယ်။
“ဝုန်း”
စူးရှတောက်ပတဲ့ အလင်းရောင်ဟာ ကောင်းကင်မှာ ထွန်းတောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို အမြန်ဝှေ့ယမ်းပြီး လုံရှန်နဲ့ တိုက်ခိုက်ပါတယ်။ လုံရှန်ကလည်း မှိန်းကို ဝှေ့ယမ်းပြီး ဟန်ကျွယ်ရဲ့ ဓားချက်တိုင်းကို အလွယ်တကူ ခုခံပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် စမ်းသပ်နေကြတာပါ။
ဒါပေမဲ့ ဒီလိုစမ်းသပ်တာက အသက်ရှူကြိမ် လေးငါးကြိမ်ပဲ ကြာပါတယ်။ အဲဒီနောက် လုံရှန်ဟာ တိုက်ခိုက်စွမ်းအားကို ရုတ်တရက် တိုးလိုက်ပြီး ဟန်ကျွယ်ကို နောက်ဘက် လွင့်စဉ်အောင် လုပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ လုံရှန်ဟာ နဂါးတစ်ကောင်လို ရှေ့ထိုးတက်သွားပြီး သူ့ဝိညာဉ်စွမ်းအားကို လက်သည်းငါးခု ရွှေနဂါးအသွင်ပြောင်းလဲကာ ဟန်ကျွယ်ကို မှိန်းနဲ့ ထိုးချလိုက်ပါတယ်။ လက်သည်းငါးခု ရွှေနဂါးဟာ အော်ဟစ်ဟိန်းဟောက်ပြီး တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ ဟန်ကျွယ်ဆီ ပျံသန်းသွားပါတယ်။
မိုးကြိုးတိမ်တိုက်တွေ ရုတ်တရက်ပေါ်လာပြီး အဆက်မပြတ် ပစ်ခွင်းလိုက်သလို ကောင်းကင်ပြင်တစ်ခုလုံး ပြောင်းလဲသွားပါတယ်။
ဟန်ကျွယ်ဟာ လုံရှန်ရဲ့ ဝိညာဉ်စွမ်းအားကို သိသွားတာမို့ ချက်ချင်းပဲ သုံးလောက သန့်ရှင်းခြင်းကို ထုတ်သုံးလိုက်ပါတယ်။ သုံးလောက သန့်ရှင်းခြင်း ဆန်းကြယ်စွမ်အား ပစ်ကွင်းကျယ်ပြီး ဖျက်ဆီးနိုင်စွမ်း မြင့်မားတာကြောင့် ဟန်ကျွယ်ရဲ့ အန္တိမပညာရပ်လို့တောင် ပြောလို့ရပါတယ်။
ဓားချီပင်လယ် ပေါ်လာတာနဲ့ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေဟာ ချက်ချင်း ဖြစ်ပေါ်လာပြီး လုံရှန်ကို တိုက်ခိုက်ပါတော့တယ်။ လုံရှန်ဟာ ဟန်ကျွယ်နဲ့ စိတ်ဝိညာဉ် သိုင်းနတ်ဘုရား တိုက်ခိုက်တာကို ကြည့်ပြီးပြီမို့ အလန့်တကြး မဖြစ်ပါဘူး။
လုံရှန်ဟာ မှိန်းကို ဝှေ့ယမ်းလိုက်တဲ့အခါ လက်သည်းငါးခု ရွှေနဂါးက ရွှေနဂါးကိုးကောင်အသွင် ပြောင်းလဲသွားပြီး လုံရှန်ရဲ့ ခန္ဓာကိုယ်ကို လှည့်ပတ်ကာ အရပ်ဆယ်မျက်နှာက တိုက်ခိုက်လာတဲ့ ဓားအရိပ်တွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။
လုံရှန်ဟာ ဓားအရိပ်တွေကို ခုခံရင်း တစ်ချက်ပြုံးလိုက်ပြီး ဟန်ကျွယ်ဆီ တဟုန်ထိုး ဆက်သွားပါတယ်။ ဟန်ကျွယ်ဟာ တကယ်ပဲ စွမ်းအားကြီးမားပါတယ်။ ဒါပေမဲ့ လုံရှန်ကို လုံးဝမကြောက်ပါဘူး။ ဟန်ကျွယ်ဟာ မိုးမြေကမ္ဘာဖောက်ဓားလက်ချောင်းကို အသုံးပြုပေမဲ့ လုံရှန်က ရှောင်တိမ်းလိုက်ပါတယ်။
ဟန်ကျွယ်ဟာ လုံရှန်က သူ့ဘေးနား ရောက်လာတော့မှာကို တွေ့လိုက်ရတာကြောင့် ဟွမ်သွမ့်ဓားကို စက်ဝိုင်းဟန် ဝှေ့ယမ်းလိုက်တဲ့အခါ အလွန်အားပြင်းတဲ့ ဓားချီထွက်ပေါ်လာပြီး ဘီးအသွင် ပြောင်းလဲကာ အလွန်လျင်မြန်တဲ့ အရှိန်နဲ့ လည်ပတ်သွားပါတယ်။ ဒီဘီးထဲမှာ လည်ပတ်နေတဲ့ ဓားချီက အလွန်လျင်မြန်လွန်းတဲ့အတွက် ဟာရီကိန်းမုန်တိုင်းတောင် ဖြစ်ပေါ်လာပါတယ်။
ကြမ္မာဓားချီ မဟာဘီး။
ကံတရားနဲ့ ဓားတာအို ပေါင်းစပ်ထားတဲ့ ဆန်းကြယ်စွမ်းအားပဲ ဖြစ်ပါတယ်။
လုံရှန်ဟာ ဟန်ကျွယ်ရှေ့မှာ ဖြစ်ပေါ်လာတဲ့ ဘီးကနေ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရတာကြောင့် မျက်နှာချက်ချင်း ပျက်သွားပြီး ဟန်ကျွယ်ဘေးကို ချက်ချင်း ရွှေ့လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဘေးလှည့်ပြီး ဓားကိုဝှေ့ယမ်းလိုက်ပါတယ်။ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေဟာ ကြီးမားပြင်းထန်တဲ့အရှိန်အဟုန်နဲ့ လုံရှန်ကို ဝင်တိုက်ပါတယ်။
လုံရှန်ဟာ သူ့ပတ်လည်က ရွှေနဂါးကိုကောင်ကို အမှီပြုပြီး ဓားအရိပ်တွေရဲ့ ဒလဟော တိုက်ခိုက်မှုကို ဟန့်တားနိုင်လိုက်ပေမဲ့ နောက်ကို တွန်းထုတ်ခံလိုက်ရပါတယ် ‘ဘယ်လောက်တောင် စွမ်းအားကြီးတဲ့ ဓားချီလဲ၊ သူ့စွမ်းအားက မကုန်နိုင်တော့ဘူးလား’
လုံရှန်ဟာ မျက်မှောင်ကြုတ်သွားပြီး ဟန်ကျွယ်ကို ရင်ဆိုင်ဖို့ မလွယ်ဘူးလို့ ပထမဆုံးအကြိမ် ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ရှေ့က ကြမ္မာဓားချီ မဟာဘီးကနေ လုံရှန်ဟာ သေခြင်းတရားရဲ့ အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။ ဒါကြောင့် လုံရှန်ဟာ ကြမ္မာဓားချီ မဟာဘီးနားကို လုံးဝ မကပ်ရဲပါဘူး။ ဒါပေမဲ့ လုံရှန်ဟာ ဟန်ကျွယ်နဲ့ အဝေးမှာပဲ နေမယ်ဆိုရင် သုံးလောက သန့်ရှင်းခြင်း ဆန်းကြယ်စွမ်းအားရဲ့ တိုက်ခိုက်မှုကို တစ်ချိန်လုံး ခုခံနေရမှာပါ။
ဟန်ကျွယ်ဟာ မျက်စိကျဉ်းလိုက်ပြီး ဒီထက် အချိန်မဆွဲသင့်တော့ဘူးလို့ ခံစားလိုက်ရပါတယ်။ လုံရှန်ကို အမြန်ဆုံး အနိုင်ယူနိုင်လေလေ သူ့အရည်အချင်းကို သက်သေပြနိုင်လေလေပါပဲ။ အဲဒီနောက် ဟန်ကျွယ်ရဲ့ ပခုံးတွေဟာ လှုပ်ခါသွားပြီး နောက်ထပ်ခေါင်းနှစ်လုံး လက်လေးဖက် ထွက်ပေါ်လာပါတယ်။
ခေါင်းသုံးလုံး လက်ခြောက်ဖက်။
ဟန်ကျွယ်ဟာ ချီလင်ဓားကို ထုတ်ယူလိုက်ပြီး ဘယ်လက်နဲ့ ဆုပ်ကိုင်ကာ လုံရှန်ကို တိုက်ခိုက်လိုက်ပါတယ်။ ဓားချီနဲ့ ဓားအရိပ်တွေကလည်း လုံရှန်ကို ဆက်လက် တိုက်ခိုက်ပါတယ်။ ကျန်တဲ့လက်လေးဖက်ကတော့ လုံရှန်ကို လက်ညိုးထိုးလိုက်ပါတယ်။
မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း။
ဟန်ကျွယ်ရဲ့ တိုက်ခိုက်မှုက တဟုန်ထိုး ထိုးတက်သွားပါတယ်။ ဓားအရိပ်တွေက ပိုမိုများပြားလာပြီး ဓားချီတွေက ပိုမိုပြင်းထန်လာပါတယ်။ အလွန်ပြင်းထန်လှတဲ့ ဟန်ကျွယ်ရဲ့ တိုက်ခိုက်မှုကြောင့် လုံရှန်ရဲ့ ရွှေနဂါးကိုးကောင်ဟာ တစ်ကောင်ပြီးတစ်ကောင် ဖျက်ဆီးခံလိုက်ရပါတယ်။
‘အို မကောင်းတော့ဘူး’
လုံရှန်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး အလျင်အမြန် ရှောင်တိမ်းလိုက်ပါတယ်။
နတ်ဘုရားခန်းမတစ်ခုလုံး ပွက်လောရိုက်သွားပါတယ်။ ဟန်ကျွယ်က လုံရှန်ကို အားသုံးပြီး ဖိနှိပ်လိုက်တဲ့အတွက် နတ်ဘုရားခန်းမထဲက အမတတွေဟာ ကောင်းကင်ရုံးတော်ထဲမှာ သရဲမြင်လိုက်ရသလို ဖြစ်ကုန်ကြပါတယ်။
“ခေါင်းသုံးလုံး လက်ခြောက်ဖက်၊ ဒါက တာအိုဂိုဏ်းရဲ့ ဆန်းကြယ်စွမ်းအားပဲ”
“သူက တာအိုဂိုဏ်းကလား”
“မဟုတ်ဘူး၊ သူ့ဆီမှာ တာအိုဂိုဏ်းနဲ့ ရေစက်မရှိဘူး၊ ကံအားလျော်စွာ အခွင့်အရေး ရထားတာ ဖြစ်လိမ့်မယ်”
“မယုံနိုင်စရာပဲ၊ သူ့ရုပ်ခန္ဓာက မရိုးရှင်းဘူး၊ နောက်ပြီး ဝိညာဉ်စွမ်းအားကိုလည်း ဒီလောက်ကြီး ဖြုန်းတီးနိုင်တယ်”
“အရှင့်သား ရှုံးတော့မှာလား”
အမတတွေအကုန်လုံး လန့်သွားကြပါတယ်။ ကောင်းကင်ဧကရာဇ်ကတော့ တည်ကြည်တဲ့မျက်နှာနဲ့ တိတ်တဆိတ် ကြည့်နေတုန်းပါပဲ။
သေမျိုးကမ္ဘာ။
ကောင်းကင်စစ်သားတွေနဲ့ ကောင်းကင်စစ်သူကြီးတွေဟာ အဝေးကနေကြည့်ပြီး ကြက်သေသေကုန်ကြပါတယ်။
စိတ်ဝိညာဉ်သိုင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ဟာ ဖျက်ဆီးခံလိုက်ရပြီး ကောင်းကင်ဧကရာဇ်ရဲ့ သားတော်တောင် ဟန်ကျွယ်ကို အနိုင်မယူနိုင်ပါဘူး။
‘ဒီနေ့ခေတ် သေမျိုးတွေက ဒီလောက်တောင် ကြမ်းသွားပြီလား’
ဒီအချိန်မှာ ဟန်ကျွယ်ဟာ ခေါင်းသုံးလုံး လက်ခြောက်ဖက်၊ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း၊ သုံးလောက သန့်ရှင်းခြင်း၊ မိုးကောင်းကင်ဓားချီတို့ကို အသုံးပြုပြီး လုံရှန်ကို သုံးယောက်တစ်ယောက် ဝိုင်းတိုက်သလို အားသုံးပြီး ဖိနှိပ်လိုက်ပါတယ်။
လုံရှန်ဟာ ကြမ္မာဓားချီ မဟာဘီးကို ကြောက်တာကြောင့် ဟန်ကျွယ် အနားကို မကပ်ရဲပါဘူး။ ဒီအတွက် ဆက်တိုက်ပဲ ရှောင်တိမ်းနေရပါတယ်။ ဒါပေမဲ့ အမတတွေက အထက်ဘုံကနေ ကြည့်နေမှန်း သိတာကြောင့် လုံရှန်ဟာ ဘယ်လိုပဲ ရှောင်တိမ်းနေရပါစေ ထွက်မပြေးရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီတိုက်ပွဲက သူ့ဂုဏ်သတင်းကို သက်ရောက်နေလို့ပါပဲ။
လုံရှန်ဟာ လေလုံးထွားခဲ့ပြီးပြီမို့ နောက်မဆုတ်ရဲပါဘူး။ လုံရှန်ဟာ အံကြိတ်လိုက်ပြီး မျက်လုံးထဲမှာ ရက်စက်တော့မဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာပါတယ်။
လုံရှန်ရဲ့ ငွေရောင်ချပ်ဝတ်ဟာ နတ်အလင်းရောင် ထွက်ပေါ်လာပြီးနောက် လုံရှန်ဟာ ငွေရောင်သက်တန့်အသွင် ပြောင်းလဲကာ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေနဲ့ စွမ်းအားကြီးမားလှတဲ့ ဓားချီတွေကို ထိုးဖောက်ပြီး တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ ဟန်ကျွယ်ဆီ ပျံသန်းသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်ပေါက်ကျဉ်းလိုက်ပြီး လက်ဝါးမြှောက်လိုက်ပါတယ်။
လမ်းခြောက်သွယ် အန္တိမတံဆိပ်တော်။
လမ်းခြောက်သွယ် ဝိညာဉ်စွမ်းအားဟာ အလွန်ကြီးမားတဲ့ အနက်ရောင်တံဆိပ်အသွင် ပြောင်းလဲသွားပြီး ဟန်ကျွယ်ဆီ ပျံသန်းလာတဲ့ လုံရှန်နဲ့ ဝင်တိုက်ကာ လုံရှန်ကို ရှေ့ဆက်မတိုးနိုင်အောင် တားဆီးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ လုံရှန်ရှေ့ကို ချက်ချင်းရောက်သွားပြီး ကြမ္မာဓားချီ မဟာဘီးနဲ့ လုံရှန်ကို စုပ်ယူလိုက်ပါတယ်။ ကြမ္မာဓားချီ မဟာဘီးရဲ့ စုပ်ယူအားက တွင်းနက်ပမာ အားကောင်းတာကြောင့် လုံရှန်တစ်ယောက် ဘယ်လိုမှ မခုခံနိုင်ပါဘူး။
‘အို မကောင်းတော့ဘူး’
လုံရှန်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး လွတ်မြောက်ဖို့ အကောင်းဆုံး ကြိုးစားပေမဲ့လည်း စုပ်ယူအားက အလွန်ပြင်းထန်လွန်းပါတယ်။ ဘေးနားဝန်းကျင်က နေရာလပ်တောင် ကြမ္မာဓားချီ မဟာဘီးရဲ့ စုပ်အားကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားပါတယ်။
လုံရှန်ပတ်လည်က ရွှေနဂါးတွေဟာ ချောင်ပိတ်ခံလိုက်ရသလိုမျိုး ဟိန်းဟောက်လိုက်ပါတယ်။ လုံရှန်ဟာ အလန့်တကြား မဖြစ်ဘဲ လက်နှစ်ဖက်အသုံးပြုပြီး လက်သင်္ကေတအမျိုးမျိုး ပြုလုပ်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို လုံရှန်ရဲ့ ဝိညာဉ်စွမ်းအားတွေဟာ လုံရှန်ခေါင်းပေါ်မှာ စုစည်းသွားပြီး ငွေရောင်အရိပ်တစ်ခု ပေါ်လာပါတယ်။
ဒီငွေရောင်ရုပ်သွင်ဟာ အထက်စီးဆန်လွန်းပြီး မျက်နှာကို သေချာမမြင်နိုင်ပေမဲ့ ပြိုင်ဘက်ကင်းတဲ့ရောင်ဝါက အလွန်ကို အားကောင်းလွန်းပါတယ်။
“မဟာဧကရာဇ်... ရန်သူကို သတ်” လုံရှန်ဟာ ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ လုံရှန်ခေါင်းပေါ်က ငွေရောင်ရုပ်သွင်ဟာ ညလက်မြှောက်ပြီး ကြမ္မာဓားချီ မဟာဘီးကို ပုတ်ထုတ်လိုက်ပါတယ်။
“ဝုန်း...”
ကြမ္မာဓားချီ မဟာဘီးဟာ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပေမဲ့ သူ့လက်တွေကတော့ မရပ်တန့်ပါဘူး။ မန္တန်တွေ ထပ်ထုတ်ပြီး လုံရှန်ကို တိုက်ခိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပါးစပ်ဟပြီးတော့တောင် ဓားချီကို ပစ်လွှတ်လိုက်ပါတယ်။
အငိုက်မိသွားတဲ့ လုံရှန်ဟာ မရေမတွက်နိုင်တဲ့ ဓားချီတွေရဲ့ ဖိနှိပ်မှုကြောင့် အောက်ထိုးကျသွားပါတယ်။ ဓားအရိပ်ထောင်သောင်းချီဟာ ကောင်းကင်ပြိုကျသလို လုံရှန်ပေါ်ကို ဆင်းသက်ပါတယ်။ လုံရှန်လည်း စိတ်ဝိညာဉ် သိုင်းနတ်ဘုရားလို အခြေအနေမျိုး ဆိုက်သွားပါတယ်။
နောက်ဆုံးမှာတော့ လုံရှန်ဟာ အလန့်တကြား ဖြစ်လာပါပြီ။ ဟန်ကျွယ်ဟာ ဆန်းကြယ်စွမ်းအားတွေကို အလွန်လျင်မြန်စွာ ထုတ်လွှတ်တာကြောင့် လုံရှန် လိုက်မမီပါဘူး။ လုံရှန်ခေါင်းထက်က ငွေရောင်ရုပ်သွင်ဟာလည်း ဓားအရိပ်ဆယ်သန်းကျော်နဲ့ ဓားချီတွေရဲ့ တိုက်ခိုက်မှုဒဏ်ကြောင့် နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားပါတယ်။ ဒီတစ်ကြိမ်မှာတော့ လုံရှန်ဟာ သူ့ခန္ဓာကိုယ်ကိုပဲ အသုံးပြုပြီး ဟန်ကျွယ်ရဲ့ တိုက်ခိုက်မှုကို တောင့်ခံရပါတယ်။
“ဝုန်း...”
လုံရှန်ဟာ မြေကြီးပေါ် ပြုတ်ကျသွားပါတယ်။ မြေကြီးဟာ နှစ်ခြမ်းကွဲထွက်သွားပြီး မရေမတွက်နိုင်တဲ့ ဓားအရိပ်နဲ့ ဓားချီတွေက ကောင်းကင်ပေါ်ကနေ ထိုးဆင်းပါတယ်။ တစ်ချက်ပဲ ကြည့်မယ်ဆိုရင် ဓားအရိပ်တွေက ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ထားတဲ့ အနက်ရောင်တိုင်ကြီးတွေလိုပါပဲ။
ဟန်ကျွယ်မျက်နှာက ခံစားချက်ကင်းမဲ့နေပြီး ဆန်းကြယ်စွမ်းအားတွေကို ဆက်တိုက် ထုတ်ဖော်ပါတယ်။ ဟန်ကျွယ်ရဲ့ လက်ခြောက်ဖက်ဟာ အတူတကွ လှုပ်ရှားလိုက်ပြီး ခေါင်းသုံးလုံးကတော့ ရေခဲလို အေးစက်နေပါတယ်။ ဟန်ကျွယ်ဟာ အာဒိကပ္ပစစ်နတ်ဘုရားလို ကြမ်းတမ်းပြီး အထက်စီးဆန်လွန်းပါတယ်။
အောက်မှာတော့ လုံရှန်ဟာ ဟန်ကျွယ်ရဲ့ ဓားချီနဲ့ ဓားအရိပ်တွေ တိုက်ခိုက်မှုကို တောင့်ခံနေရပါတယ်။ လုံရှန်ဟာ ဟန်ကျွယ်ရဲ့ တိုက်ခိုက်မှုတွေကို မရှောင်တိမ်းနိုင်ရှာတဲ့ သဲအိတ်တစ်အိတ်လိုပါပဲ။
‘ဒီလိုသာ ဆက်သွားနေရင်... ငါ ကျိန်းသေပေါက် ရှုံးလိမ့်မယ်...’ လုံရှန်ဟာ ဒေါသတကြီး တွေးလိုက်ပါတယ်။ လုံရှန်ဟာ ဂူအောင်းကျင့်ကြံရာက ထွက်ထွက်ချင်း ပထမဆုံးတိုက်ပွဲမှာပဲ ရှုံးနိမ့်မှုရလဒ်ကို ခံစားရတော့မှာပါ။
‘ငါ ဘာလို့ သူ့ကို ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်တာလဲ’
‘အမတတွေနဲ့ အဖေက ငါ့ကို ဘယ်လိုတွေးမလဲ’
ဒီအချက်တွေကို တွေးမိသွားတဲ့ လုံရှန်ရဲ့ မျက်နှာဟာ ရဲရဲနီသွားပါတယ်။
‘ငါ ရှုံးလို့ မဖြစ်ဘူး’
‘ငါ ရှုံးဖို့ မတက်နိုင်ဘူး’
စကြဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။