← Chapters

သုံးလောက သန့်ရှင်းခြင်း ကောင်းကင်ကိုးလွှာ

Vol. 14 Ch. 186

သုံးလောက သန့်ရှင်းခြင်း ကောင်းကင်ကိုးလွှာ

Vol. 14 Ch. 186

အခန်း (၁၈၆) သုံးလောက သန့်ရှင်းခြင်း ကောင်းကင်ကိုးလွှာ

‘ငါက ကောင်းကင်ဧကရာဇ်ရဲ့ သားတော်ပဲ၊ နဂါးစစ်သွေးစည်းရှိသူလည်း ဟုတ်တယ်၊ မဟာဧကရာဇ်ရဲ့ အမွေကိုလည်း ဆက်ခံခဲ့တယ်’

‘ဘာဖြစ်လို့ ငါရှုံးရမှာလဲ’

‘ဘာအကြောင်းကြောင့် ရှုံးရမှာလဲ’

လုံရှန်ဟာ ရင်ထဲမှာ ကြုံးဝါးလိုက်ပါတယ်။ သူ့သွေးစည်းရဲ့ နက်ရှိုင်းတဲ့တစ်နေရာမှာရှိနေတဲ့ ဆန်းကြယ်စွမ်းအားဟာ အသက်ဝင်လာပါတယ်။

“ဝုန်း..”

လုံရှန်ရဲ့ ခန္ဓာကိုယ်ကနေ မီးတောက်ပေါက်ကွဲသလို ကြောက်မက်ဖွယ်ကောင်းတဲ့ ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး ဓားအရိပ်တွေ ဓားချီတွေကို ထိုးဖောက်ထွက်သွားပါတယ်။ ဘေးနားဝန်းကျင်က မြေပြင်ဟာလည် ပြာအတိ ကျသွားပါတယ်။

ကောင်းကင်မှာ ရပ်တည်နေတဲ့ ဟန်ကျွယ်ဟာ ငွေရောင်အလင်းတိုင်တစ်တိုင် ကောင်းကင်ပေါ် ထိုးတက်လာပြီး သုံးလောက သန့်ရှင်းခြင်း ဆန်းကြယ်စွမ်းအားရဲ့ ဓားချီပင်လယ်ကို တိုက်ရိုက်ချေဖျက်တာ တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီကောင်က စွမ်းအားတိုးသွားပြန်ပြီလား၊ ဝတ္ထုထဲမှာဆို တကယ်ကို ဇာတ်လိုက်ဖြစ်မှာ ကျိန်းသေတယ်’

ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ ဇာတ်လိုက်လိုမျိုးလူတွေကို ဖိနှိပ်ရတာ နှစ်ခြိုက်ပါတယ်။ ဟန်ကျွယ်ဟာ လမ်းခြောက်သွယ် ဝိညာဉ်စွမ်းအားကို စုစည်းလိုက်ပြီး နောက်ထပ်ဓားချီပင်လယ်တွေကို အလွှာလိုက် ထပ်ဖန်တီးလိုက်တဲ့အတွက် ဓားချီပင်လယ်ကိုးလွှာ ဖြစ်တည်သွားပါတယ်။

ဒီဟာကို ဟန်ကျွယ်က အရင်တုန်းက သိမြင်နားလည်ခဲ့တာ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ သုံးလောက သန့်ရှင်းခြင်းရဲ့ စွမ်းအားကို ထပ်တိုးလို့မရတာကြောင့် အရေအတွက်ကို တိုးလိုက်တာပါ။ ဓားချီပင်လယ်ကိုးလွှာက သုံးလောကသန့်ရှင်းခြင်းကို လူကိုးယောက် သုံးတာနဲ့ အတူတူပါပဲ။

ဒီအကွက်က ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားကို တော်တော်လေး ကုန်ဆုံးစေပါတယ်။ အမတဧကရာဇ်ရဲ့ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်ကြောင့်သာ မဟုတ်ရင် ဟန်ကျွယ်ဟာ အခုလိုမျိုး ဝိညာဉ်စွမ်းအားကို စိတ်ကြိုက် ထုတ်သုံးနိုင်မှာ မဟုတ်ပါဘူး။

သုံးလောက သန့်ရှင်းခြင်း ကောင်းကင်ကိုးလွှာ။

ဓားချီပင်လယ်ကိုးလွှာမှာ ဓားအရိပ်တွေဟာ လျင်မြန်စွာ ဖြစ်ပေါ်လာပါတယ်။ ဒီဓားအရိပ်တွေဟာ များပြားလွန်းပြီး ကြီးကျယ်ခမ်းနားလွန်းတာကြောင့် သေမျိုးကမ္ဘာကို သေမျိုးတွေ အားလုံးကို မှင်သက်သွားစေပါတယ်။

သေမျိုးအများစုဟာ ဟန်ကျွယ်က ဆန်းကြယ်စွမ်းအား ထုတ်သုံးနေမှန်း မသိကြပါဘူး။ သူတို့တွေဟာ အမတနတ်ဘုရားတွေက ကောင်းကင်ပြစ်ဒဏ်ကိုသုံးပြီး ကမ္ဘာကို ဖျက်ဆီးဖို့ ပြင်ဆင်နေတယ်လို့ တွေးလိုက်ကြပါတယ်။

“အို ဘုရား..ဘုရား... ငါတို့ကို ဘယ်သူကယ်နိုင်မှာလဲ”

“ဘာဖြစ်လို့လဲ၊ အမတနတ်ဘုရားတွေက ဘာဖြစ်လို့ ငါတို့ကို သတ်ချင်ရတာလဲ”

“ငါတို့ ဘာအမှားတွေ ကျူးလွန်ခဲ့မိလို့လဲ”

“ကောင်းကင်တာအိုက တရားမျှတမှု မရှိဘူး”

“အမတနတ်ဘုရားတွေက နှလုံးသား မရှိဘူး၊ အမတနတ်ဘုရားတွေက နှလုံးသား မရှိဘူး”

ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအားလုံးဟာ ငိုကြွေးမြည်တမ်းနေကြပါတယ်။ ဟန်ကျွယ်နဲ့ လုံရှန်တို့ ဆက်တိုက်ခိုက်ကြတဲ့အခါ သေမျိုးကမ္ဘာက ကောင်းကင်အမတနှစ်ဦးရဲ့ တိုက်ပွဲကို တောင့်မခံနိုင်တာကြောင့် သဘာဝကပ်ဘေးမျိုးစုံ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပါတယ်။

နတ်ဘုရားခန်းမထဲမှာရှိတဲ့ အမတတွေဟာ ဟန်ကျွယ်ရဲ့ အကွက်ကြောင့် မှင်သက်အံဩသွားကြပါတယ်။

“ဒီကောင်လေးမှာ မဆုံးနိုင်တဲ့ ဝိညာဉ်စွမ်းအား ရှိနေတာလား”

“သူ့ရဲ့ ဓားတာအိုနားလည်မှုက အရမ်းနက်နဲတယ်”

“ဒါက မဟုတ်သေးဘူး၊ အရှင့်သားက မဟာဧကရာဇ်အမွေကို ရရှိထားတာ၊ ဒီကောင်လေးကလည်း အတူတူပဲလား”

“သူ့ကျင့်စဉ်က မရိုးရှင်းဘူး၊ ကြည့်ရတာ သူလည်း အမတဧကရာဇ်ရဲ့ အမွေကို ရထားတယ်နဲ့ တူတယ်”

“မဟုတ်လောက်ပါဘူး၊ အရှင့်သားက စွမ်းအားကုန် ထုတ်သုံးတော့မယ်”

ကောင်းကင်ပေါ် ပြန်တက်လာတဲ့ လုံရှန်ဟာ ဓားချီပင်လယ်ကိုးလွှာကို မြင်လိုက်ရတာကြောင့် မျက်လုံးပြူးသွားပြီး ပထမဆုံးအကြိမ် ကူကယ်ရာမဲ့သွားပါတယ်။

‘ဒီလူက ဘယ်သူလဲ၊ သူက တကယ်ကြီး ကောင်းကင်အမတလား’

‘မဖြစ်သေးဘူး၊ ငါ ကျင့်ကြံမှုအဆင့်တူတဲ့လူကို ရှုံးလို့မဖြစ်ဘူး’

လုံရှန်ဟာ ရင်ထဲက မသက်မသာဖြစ်မှုကို ဒေါသနဲ့ နှိပ်ကွပ်လိုက်ပြီး ညာလက်ကို မြှောက်လိုက်တဲ့အခါ မှိန်းပြန်ရောက်လာပါတယ်။ လုံရှန်ဟာ ခန္ဓာကိုယ်ကို လှုပ်ခါ်လိုက်ပြီး ပေတစ်သောင်းရှည်လျားတဲ့ နဂါးဖြူအသွင် ပြောင်းလဲလိုက်ပါတယ်။ နဂါးဖြူရဲ့ မျက်နှာဟာ အလွန်တရာ ကြမ်းတမ်းရက်စက်ပြီး အစွယ်တွေက ဓားလိုထက်လှပါတယ်။ မျက်လုံးတွေကတော့ သွေးရောင်လို နီရဲနေပါတယ်။ လုံရှန်ဟာ ဟိန်းဟောက်လိုက်ပြီး ဟန်ကျွယ်ဆီ တဟုန်ထိုး ပျံသန်းသွားပါတယ်။

ခေါင်းသုံးလုံး လက်ခြောက်ဖက် ဟန်ကျွယ်ဟာ မျက်နှာသေနဲ့ ရပ်နေပြီး ဟွမ်သွမ့်ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်တဲ့အခါ ဓားချီပင်လယ်ကိုးလွှာကနေ ဓားအရိပ်ဘီလီယံချီ ဖြစ်ပေါ်လာပါတယ်။ ဒီအချိန်မှာ ဟန်ကျွယ်က ကောင်းကင်တာရာကို ပိုင်စိုးပြီး ကောင်းကင်ပြစ်ဒဏ်ကို ထိန်းချုပ်နိုင်သူ တစ်ယောက်လိုပါပဲ။

တကယ်တော့ သုံးလောက သန့်ရှင်းခြင်း ဆန်းကြယ်စွမ်းအားဟာ ကောင်းကင်ပြစ်ဒဏ်ကို အခြေတည်ထားတာပါ။

နဂါးအသွင် ပြောင်းထားတဲ့ လုံရှန်ဟာ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ဟန်ကျွယ်ဆီ တဟုန်ထိုး ပျံသန်းသွားပါတယ်။ ဓားအရိပ်သန်းချီ ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပုံက သက်ရှိအားလုံးရဲ့ မျက်လုံးထဲမှာ ကောင်းကင်ပြိုကျသလိုပါပဲ။

“ဝုန်း..ဝုန်း..ဝုန်း...”

မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေဟာ ရှေ့ကိုတရစပ်တိုးလာတဲ့ နဂါးဖြူရဲ့ ခန္ဓာကိုယ်ကို ဝင်တိုက်ပါတယ်။ နဂါးဖြူရဲ့ မျက်လုံးထဲမှာ ဟန်ကျွယ်ပဲ ရှိပါတယ်။ ဒါပေမဲ့လည်း လုံရှန်ဟာ ဟန်ကျွယ်နဲ့ ပေတစ်‌‌ထောင်ကျော် အကွာကို အရောက်မှာတော့ များပြားလွန်းတဲ့ ဓားအရိပ်တွေကြောင့် မြေကြီးပေါ် ပြန်ပြုတ်ကျသွားပါတယ်။

မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေဟာ ခုနစ်ရက်ခုနစ်လီ ရွာသွန်းတဲ့မိုကြီးလို တရစပ် ကျဆင်းပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ပေါ်ကန နဂါးဖြူကို အေးစက်စွာ ကြည့်လိုက်ပါတယ်။

နဂါးဖြူဟာ အော်ဟစ်မြည်တမ်းရင်း မြေကြီးပေါ်မှာ ထပ်ဖိနှိပ်ခံရကာ သုံးလောက သန့်ရှင်းခြင်းရဲ့ အဖျက်စွမ်းအားကို နာကျင်စွာ ခံစားလိုက်ရပါတယ်။

သေမျိုးကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားပါတယ်။

မကြာခင်မှာပဲ နဂါးဖြူဟာ သွေးချင်းနီရဲသွားပြီး အရိုးဖြူတွေကို မြင်နိုင်တဲ့အထိ ဖြစ်လာပါတယ်။

ဟန်ကျွယ်က မျက်နှာသေနဲ့ ရပ်နေပေမဲ့ ရင်ထဲမှာတော့ ဗလောင်ဆူနေပါပြီ။

‘ကောင်းကင်ဧကရာဇ်က ဘာလို့ ဘာမှမပြောသေးတာလဲ... ဒီအတိုင်း ဆက်သွားရင် ငါ ဒီကောင်ကို တကယ် သတ်မိတော့မယ်’

ဟန်ကျွယ်သာ လုံရှန်ကို သတ်လိုက်ရင် ကောင်းကင်ရုံးတော်နဲ့ ကမ္ဘာမကျေတဲ့ ရန်ငြိုးဖွဲ့မိသွားမှာပါ။ ဟန်ကျွယ်ဟာ ဒီလိုဖြစ်မှာကို မကြောက်ပါဘူး။ နောက်ဆုံး ထွက်ပြေးရုံပေါ့။ ဒါပေမဲ့ ဒီသေမျိုးကမ္ဘာကတော့ လုံးဝဖျက်ဆီးခံရမှာပါ။

ဟန်ကျွယ် ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ကောင်းကင်ရုံးတော် တစ်ခုလုံးနဲ့တော့ မယှဉ်နိုင်သေးပါဘူး။

တစ်ချိန်တည်းမှာပဲ...။

နတ်ဘုရားခန်းမထဲက အမတတွေဟာ စိုးရိမ်တကြီး ဖြစ်လာကြပါတယ်။

“အရှင်မင်းကြီး... တိုက်ပွဲက ပြီးသွားပြီ မဟုတ်ဘူးလား”

“အရှင့်သားက အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး”

“ဒီကောင်လေးက ကောင်းကင်ရုံးတော် လှုပ်ရှားတာကို စောင့်နေတာ၊ မဟုတ်ရင် အရှင့်သားး ဒီကောင်လေးလက်ချက်နဲ့ တကယ်သေသွားပါလိမ့်မယ်”

“ဟုတ်ပါတယ် အရှင်မင်းကြီး၊ သူက စိတ်ဝိညာဉ် သိုင်းနတ်ဘုရားကိုလည်း မသတ်ခဲ့ပါဘူး”

“ကျွန်တော်လည်း သူ့ကို လက်ခံသင့်တယ်လို့ ထင်ပါတယ်”

ပညာရှင်အမတွေတောင် စပြီးတော့ ဘက်ပြောင်းကုန်ပါတယ်။ ဒါကလည်း သူတို့ကို အပြစ်မဆိုသာပါဘူး။ ဟန်ကျွယ်ရဲ့ အရည်အချင်းကိုက တောက်ပလွန်းတာကိုး။ ဒီလိုပါရမီရှင်မျိုးကို သတ်ပစ်ဖို့က နှမြောဖို့ကောင်းလှသလို လွှတ်ပေးလိုက်ဖို့က ပိုပြီးတော့ ဆိုးပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ဘာမှ ပြန်မပြောပါဘူး။

ရှန်စစ်သူကြီးကတော့ ကောင်းကင်ဧကရာဇ်ကို မဖျောင်းဖျဘဲ တည်တည်ငြိမ်ငြိမ် ရပ်နေပါတယ်။

ဟန်ကျွယ်ဟာ လုံရှန်ရဲ့ ခန္ဓာကိုယ် ပျက်စီးသွားပြီး ပဓာနဝိညာဉ်ပဲ ကျန်ရှိတော့တာကို ကြည့်နေပါတယ်။ ဒီလောက်ဖြစ်တာတောင် ဟန်ကျွယ်အပေါ်မှာ ထားရှိတဲ့ လုံရှန်ရဲ့ မုန်းတီးမှုက ကြယ်တစ်ပွင့်ကနေ တက်မလာပါဘူး။ ဒီအချက်ကို ကြည့်ရုံနဲ့ လုံရှန်က ကိုယ်ကျင့်တရားကောင်းတယ်ဆိုတာကို သိနိုင်ပါတယ်။

“ကောင်းကင်ရုံးတော်ထဲကိုဝင်”

ကျယ်လောင်ပြီး အထက်ဆီးဆန်တဲ့အသံတစ်သံဟာ ဟန်ကျွယ့်နားထဲ ပဲ့တင်ထပ်သွားပါတယ်။

‘အသံလွှင်စကားပြောတာလား’

ဟန်ကျွယ်ဟာ ချက်ချင်းပဲ နားလည်လိုက်ပါတယ်။

[ကောင်းကင်ဧကရာဇ်သည် သင့်အား ကောင်းကင်ရုံးတော်သို့ဝင်ရန် ဖိတ်ခေါ်သည်ကို တွေ့ရှိထား၏။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ သဘောတူလက်ခံပါ။ ကောင်းကင်ဧကရာဇ်၏ မျက်နှာသာပေးမှုကို ရရှိပြီး ဆုလာဘ်အဖြစ် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ရရှိမည်။]

[၂။ ငြင်းဆန်ပါ။ ကောင်းကင်ဧကရာဇ်၏ မုန်းတီးမှုနှင့် ကောင်းကင်ရုံးတော်၏ စကြဝဠာဆုံးထိ လိုက်လံတိုက်ခိုက်ခြင်းကို ခံရမည်။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအားတစ်ပါးနှင့် အကောင်းစား ရတနာတစ်ပါးကို ရရှိမည်။]

ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ နံပါတ်နှစ် ရွေးချယ်မှုကို မြင်လိုက်ရတဲ့အခါမှာ ဆွံအသွားပါတယ်။ ဟန်ကျွယ်ဟာ ပြန်မေးလိုက်ပါတယ် “သေမျိုးကမ္ဘာကရော”

“ထပ်ပြီး မရှင်းလင်းတော့ဘူး၊ ကောင်းကင်တပ်သားတွေ ချက်ချင်း ဆုတ်ခွာလိမ့်မယ်”

“ကျွန်တော် ဝင်မယ်၊ ဒါပေမဲ့ ကျွန်တော့်ကို အချိန်နည်းနည်းလောက် ပေးလို့ရမလား၊ ကျွန်တော် ဘုံပျံမတက်ချင်သေးဘူး”

“အင်း... ရတယ်”

“ဒါဆို ကျွန်တော် ကောင်းကင်ရုံတော်ထဲ ဝင်ဖို့ သဘောတူတယ်”

ဟန်ကျွယ်ဟာ တိုက်ခိုက်နေတာကို ချက်ချင်းရပ်လိုက်ပါတယ်။ သုံးလောက သန့်ရှင်းခြင်း ကောင်းကင်ကိုးလွှာဟာ ပျောက်ကွယ်သွားပါတယ်။

လုံရှန် ဝိညာဉ်ကတော့ တွင်းကြီးထဲမှာ မျော့မျော့ပဲ ကျန်ပါတော့တယ်။ ကောင်းကင်တပ်သားတွေလည်း ဒီတော့မှ သက်ပြင်းချနိုင်ပါတော့တယ်။ လုံရှန်သာ သူတို့ရှေ့မှာ သေသွားရင် သူတို့လည်း လုံရှန်နဲ့တူ လိုက်သေရမှာပါ။

ဒီအချိန်မှာပဲ ကောင်းကင်ဧကရာဇ်ရဲ့အသံဟာ သေမျိုးကမ္ဘာတစ်ခုလုံးကို ပဲ့တင်ထပ်သွားပါတယ်။

“ဒီသေမျိုးကမ္ဘာက မိစ္ဆာတွေရဲ့ ညစ်‌ထေးမှုကြောင့် ဖျက်ဆီးခံရသင့်တယ်၊ ဒါပေမဲ့ တစ်စုံတစ်ယောက်က သူ့အရည်အချင်းကို သက်သေပြပြီး ငြိမ်းချမ်းရေးနဲ့ လဲလှယ်ခဲ့တယ်၊ သက်ရှိအားလုံး သူ့ရဲ့ အကျိုးဆောင်မှုကို မမေ့ပစ်ဖို့ မျှော်လင့်တယ်”

“ကောင်းကင်တပ် တပ်ဆုတ်မယ်၊ ကောင်းကင်နိယာမ ပြန်စမယ်”

သေမျိုးကမ္ဘာတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။

လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားတစ်ခုက သေမျိုးကမ္ဘာကို ဝင်ထိန်းလိုက်သလိုမျိုး သဘာဝကပ်ဘေးတွေ အကုန်လုံးလည်း ရပ်တန့်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီတော့မှပဲ သက်ပြင်းချလိုက်ပါတယ် ‘ကောင်းကင်ဧကရာဇ်က ကတိတော့တည်သား’

[ကောင်းကင်ဧကရာဇ်သည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာပါသည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

[သင်သည် ကောင်းကင်ရုံးတော်သို့ ဝင်ရောက်ခဲ့သည့်အတွက် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ရရှိပါသည်။]

ကောင်းကင်တပ်ဟာ စိတ်ဝိညာဉ်သိုင်းနတ်ဘုရားနဲ့ လုံရှန်ရဲ့ ဝိညာဉ်ကို ဆောင်ယူပြီး ဆုတ်ခွာသွားပါတယ်။

ဟန်ကျွယ်လည်း လူမှုဆက်ဆံရေးကနေ ကောင်းကင်ဧကရာဇ်ကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်ရဲ့ ပုံရိပ်ဟာ တော်တော်လေးကို အထက်စီးဆန်လွန်ပြီး ဟန်ကျွယ် စိတ်ထဲက ကောင်းကင်ဧကရာဇ်နဲ့ တော်တော်လေး ဆင်တူပါတယ်။

ဟန်ကျွယ်စိတ်ထဲမှာ ကောင်းကင်ဧကရာဇ်က ဘုန်းတန်ခိုးကြီးမားပြီး အထက်စီးဆန်ရပါမယ်။ အနောက်အရပ်သို့ ခရီးနှင်ခြင်းထဲကလို ပျော့ညံလွန်းတဲ့ ကျောက်စိမ်းဧကရာဇ် မဖြစ်ရပါဘူး။

[ကောင်းကင်ဧကရာဇ်: ကျင့်ကြံမှုမသိ။ ကောင်းကင်ရုံးတော်၏ အရှင်သခင်ဖြစ်ပြီး အနန္တဧကရာဇ်ဖြစ်သည်။ ကောင်းကင်ဧကရာဇ်သည် အမတနှင့် နတ်ဘုရားအားလုံးအား ထိန်းချုပ်သူဖြစ်ပြီး စိတ်နေစိတ်ထားမှာ နက်နဲလှ၏။ သင့်အရည်အချင်းကြောင့် ကောင်းကင်ဧကရာဇ်သည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိနေသည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

‘အနန္တဧကရာဇ်က ဘာကြီးလဲ’ ဟန်ကျွယ်ဟာ သိချင်သွားပါတယ်။

ဝီရိယတောင်ဆီ ဟန်ကျွယ် ပြန်လာတာကို တွေ့လိုက်ရတဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးက ကျင့်ကြံသူတွေဟာ ဩဘာပေးကြပါတယ်။

‘သေမျိုးကမ္ဘာကို ကယ်တင်ပြီး ကောင်းကင်ရုံးတော်ရဲ့ အသိအမှတ်ပြုမှုကို ရသွားတာက ငါတို့ရဲ့ နတ်သတ်အကြီးအကဲပဲ’

ဟန်ကျွယ် ဖူစန်းသစ်ပင်အောက်ကို ပြန်ရောက်တဲ့အခါ တပည့်တွေအားလုံး ကျေနပ်အံအားသင့်သွားကြပါတယ်။ ငရဲကြက်နက်က စိတ်လှုပ်ရှားစွာ မေးလိုက်ပါတယ် “သခင် ကျွန်တော်တို့တွေ ထွက်ပြေးစရာ မလိုတော့ဘူးမလား”

ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ် “အင်း”

တစ်ခြားသူတွေကလည်း ဟန်ကျွယ်ကို ဝန်းရံလိုက်ပြီး အရင်တစ်ခေါက်ကထက် ပိုပြီးတော့ စိတ်လှုပ်ရှားသွားကြပါတယ်။

ဖန်းလျန်က စိတ်လှုပ်တရှား မေးလိုက်ပါတယ် “ဆရာဘိုးဘိုး.. ကောင်းကင်ရုံးတော်ကို သွားတော့မှာလား”

ဟန်ကျွယ်က အပြုံးနဲ့ ပြန်ဖြေပါတယ် “သွားဖို့ အချိန်မကျသေးဘူး”

ဟန်ကျွယ်ဟာ ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပေမဲ့ ကောင်းကင်ရုံးတော်ကို မသွားချင်ပါဘူး။ ကောင်းကင်ရုံးတော်က ပြဿနာနယ်မြေပါ။ နောက်ပြီး ဒီတိုက်ပွဲမှာလည်း ဟန်ကျွယ်က အမတအများကြီးကို အပြစ်ပြုမိခဲ့ပါတယ်။

စကြဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters