← Chapters

ကောင်းကင်ဧကရာဇ် သက်ပြင်းချခြင်း၊ အနန္တကမ္ဘာအဆင့်

Vol. 14 Ch. 189

ကောင်းကင်ဧကရာဇ် သက်ပြင်းချခြင်း၊ အနန္တကမ္ဘာအဆင့်

Vol. 14 Ch. 189

အခန်း (၁၈၉) ကောင်းကင်ဧကရာဇ် သက်ပြင်းချခြင်း၊ အနန္တကမ္ဘာအဆင့်

‘ကံတရားမြစ်ကို ဖြတ်တောက်လိုက်တယ်... ဒီလောက်တောင် စွမ်းအားကြီးတာလား’

ဟန်ကျွယ်ဟာ ကောင်းကင်ဓားတာအိုကို တတ်မြောက်သွားပြီဆိုပေမဲ့ ဒီလောက်ထိတော့ အစွမ်းမရှိသေးပါဘူး။ ဒါကလည်း သာမန်ပါပဲ။ ဆန်းကြယ်စွမ်းအားက ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ ကျင့်ကြံသူရဲ့ ကျင့်ကြံမှုအဆင့်ပေါ် မူတည်နေတာပဲ မဟုတ်ပါလား။

ဟန်ကျွယ်က စပ်စုလိုက်ပါတယ် “ကံတရားမြစ်က ဘာကြီးလဲ၊ ဓားတာအိုမြစ်လိုပဲလား၊ အပေါ်ယံမှာ မတည်ရှိဘဲ နက်ရှိုင်းတဲ့အာကာသမှာ တည်ရှိတာလား”

“ဟုတ်တယ်၊ ကံတရားမြစ်က လူတိုင်းရဲ့ ကံတရားကို သယ်ဆောင်ထားတယ်၊ ကံတရားမြစ်သာ ကျိုးပျက်ရင် လူတိုင်းသေကုန်လိမ့်မယ်၊ ဒါကြောင့် ကံတရားမြစ် တစ်ခုခုဖြစ်ရင် အင်အားစုတိုင်းက အတက်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ကြတာ”

ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။ ကြည့်ရတာ ကျင့်ကြံခြင်းလမ်းစဉ်က ဟန်ကျွယ် ထင်ထားတာထက် ပိုပြီးနက်ရှိုင်းပုံပါပဲ။

“ကောင်းကင်ဓားတာအိုကို မင်းတက်မြောက်သွားရင် ငါ့ကို ပြောအုန်း၊ ငါ အရှင်မင်းကြီး ဝမ်းသာအောင် ဒီသတင်းကို ပြန်ပြောရလိမ့်ယ်” တိထိုက်ပိုင်ဟာ မုတ်ဆိတ်မွေးကို လက်နဲ့သပ်ပြီး ပြုံးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။

‘ငါ ပြောလိုက်သင့်လား... ငါ့အရည်အချင်းက အရမ်းထူးချွန်နေရင် ကောင်းကင်ဧကရာဇ်ကို ကြောက်လန့်သွားစေမလား’

‘မဟုတ်သေးပါဘူး... ကောင်းကင်ဧကရာဇ်က ဘယ်လိုတည်ရှိမှုမျိုးလဲ၊ သူ့လိုလူမျိုးက ဂျူနီယာတစ်ယောက်ကို ကြောက်ဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ဒီလိုသာကြောက်နေရင် ရှန်စစ်သူကြီးဆိုတာ ရှိလာမှာ မဟုတ်ဘူး’

ဟန်ကျွယ်ဟာ ဆုံးဖြတ်ချက်ချပြီး ဖွင့်ပြောလိုက်ပါတယ် “ရိုးရိုးသားသား ပြောရရင် ကျွန်တော် ကောင်းကင်ဓားတာအိုကို တက်မြောက်သွားပြီ”

တိထိုက်ပိုင်ဟာ ပြုံးပြီး ပြောလိုက်ပါတယ် “မဆိုးဘူး... မဆိုးဘူး၊ မင်း.... ဘာပြောလိုက်တာ၊ တက်မြောက်သွားပြီ ဟုတ်လား၊ လေလုံး မထွားစမ်းပါနဲ့”

ပညာရှင်အမတတွေရဲ့ ခေါင်းဆောင်ဟာ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပါဘူး။

‘မဖြစ်နိုင်ဘူး... ဒါက ကောင်းကင်ဓားတာအို၊ သာမန်ဓားတာအိုမှ မဟုတ်တာ’

ဟန်ကျွယ်က မတက်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ကျွန်တော်က သက်သေပြဖို့အတွက် ခင်ဗျားကိုတော့ တိုက်ခိုက်လို့မဖြစ်ဘူး ဟုတ်တယ်မလား၊ နောက်ပြီး ဒီသေမျိုးကမ္ဘာကလည်း ဒီလောက်ကြီးတဲ့စွမ်းအားကို ခံနိုင်မှာ မဟုတ်ဘူး၊ ခင်ဗျား မယုံဘူးဆိုရင် ဟင်းလင်ပြင်ကိုသွားပြီး သက်သေပြကြတာပေါ့”

သေမျိုးကမ္ဘာရဲ့ အထက်မှာ ကြယ်တာရာ ကောင်းကင်ရှိပါတယ်။ ကြယ်တာရာရဲ့ ကောင်းကင်အထက်မှာတော့ အမတကမ္ဘာမဟုတ်ဘဲ ဘာမှမရှိတဲ့ ဟင်းလင်းပြင်ပါ။

တိထိုက်ပိုင်က ချက်ချင်းပဲ ပြောလိုက်ပါတယ် “သွားမယ်”

တိထိုက်ပိုင်ဟာ ညာလက်ကို ဝှေ့ယမ်းလိုက်ပါတယ်။ လျှပ်တပြက်ဆိုသလို ဟန်ကျွယ်ဟာ မည်းမှောင်နေတဲ့ နေရာတစ်ခုကို ရောက်သွားပါတယ်။ ဒီနေရာမှာ အလင်းရောင် မရှိပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်နဲ့ တိထိုက်ပိုင်က အမတတွေ ဖြစ်တာကြောင့် သူတို့ခန္ဓာကိုယ်ကနေ ဖျော့တော့တဲ့ နတ်အလင်းရောင်တွေ ထွက်ပေါ်နေပါတယ်။

“မင်းတက်မြောက်ထားတဲ့ ကောင်းကင်တာအိုကို အစွမ်းကုန်သုံးပြီး ငါ့ကို တိုက်စမ်း” တိထိုက်ပိုင်က ပြောလိုက်ပါတယ်။ ဟန်ကျွယ်ကလည်း နည်းနည်းတောင် မချန်ဘဲ တိုက်ခိုက်လိုက်ပါတယ်။

ငါးမိနစ်ကြာပြီးနောက်။

ဟင်းလင်ပြင်ဟာ ပြန်ငြိမ်သက်သွားပါတယ်။

တိထိုက်ပိုင်ဟာ ဟန်ကျွယ်ကို ရှုပ်ထွေးတဲ့မျက်နှာနဲ့ ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ကလည်း တိထိုက်ပိုင်ကို ထို့အတူ ကြည့်လိုက်ပါတယ်။

‘ဒီလူက ဓားကျင့်ကြံသူပဲ’

‘နေပါအုန်း... ခုနက သူပြောတဲ့ ဓားကျင့်ကြံသူက သူကိုယ်တိုင်များလား’

‘အဲဒါဆိုရင် ငါက သူ့ပါးကို ဖြတ်ရိုက်လိုက်တာပဲ’

‘သေစမ်း... ဒါက ငါ တမင်လုပ်တာ မဟုတ်ဘူးနော်’

ဟန်ကျွယ်ဟာ အကျိုးအမြတ် များများရပြီး ပိုပြီးတော့ စွမ်းအားကြီးချင်ရုံပါ။ ရန်သူ မတိုးချင်ပါဘူး။ ကံကောင်းထောက်မစွာပဲ တိထိုက်ပိုင်က အမြင်ကျဉ်းမြောင်းသူ မဟုတ်ပါဘူ။ မဟုတ်ရင် မုန်းတီးမှု ကြယ်တစ်ပွင့်ကနေ မျက်နှာသာ ကြယ်သုံးပွင့်ကို ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

တိထိုက်ပိုင်ဟာ သက်ပြင်းချလိုက်ပါတယ် “ငါ မင်းကို လျော့တွက်မိတာပဲ၊ အရှင်မင်းကြီးကလည်း မင်းကို လျော့တွက်မိတယ်”

[တိထိုက်ပိုင်သည် သင့်အပေါ် အကောင်းမြင်စိတ် တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု:ကြယ်လေးပွင့်။]

“ဒီကိစ္စက...”

တိထိုက်ပိုင်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ဒီလောကမှာ မင်းရယ် ငါရယ် အရှင်မင်းကြီးရယ်ကလွဲရင် စတုတ္ထမြောက်လူ မသိစေရဘူး”

တိထိုက်ပိုင်ရဲ့စကားကြောင့် ဟန်ကျွယ်ဟာ လုံးဝ သက်သာရာရသွားပြီး ပြုံးလိုက်ပါတယ်။

“ငါ ဒီအကြောင်းကို အရှင်မင်းကြီးဆီ ချက်ချင်း အစီရင်ခံရမယ်၊ ဒီဟာက ကောင်းကင်ရုံးတော်ရဲ့ ကံကောင်းမှုကြီးပဲ” တိထိုက်ပိုင်ဟာ ပြုံးလိုက်ပြီး ဟန်ကျွယ်ကို ကျင့်ကြံခြင်းလိုဏ်ဂူဆီ ပြန်ပို့ပါတယ်။ ပြီးတဲ့အခါမှာတော့ တိထိုက်ပိုင်ဟာ ကောင်းကင်ရုံးတော်ကို ပြန်သွားပါတယ်။

ဟန်ကျွယ်ဟာ အများကြီးမတွေးဘဲ ဆက်လက်ကျင့်ကြံအားထုတ်ပါတယ်။

ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်လာပြီး နှုတ်ခမ်းစူကာ မေးလိုက်ပါတယ် “အဲဒီအဘိုးကြီးက ဘယ်သူလဲ”

“အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ”

“ကျွန်မ...”

“မင်း ကောင်းကင်ဓားတာအိုကို တက်မြောက်သွားပြီလား”

“အဲဒါ အရမ်းခက်တယ်... ကျွန်မအခုထိ မသိမြင်နိုင်သေးဘူး”

“အဲဒါဆို ဘာလို့မကြိုးစားတာလဲ၊ တစ်နေ့ကုန် ရောက်တက်ရာရာ လျှောက်တွေးမနေနဲ့၊ ငါတုန်းကဆိုရင် ကောင်းကင်ဓားတာအို ပထမအဆင့်ကို နှစ်ဝက်တည်းနဲ့ ပြီးသွားတာ၊ မင်းကျတော့ ကြည့်စမ်း၊ နှစ် ၂၀ တောင် ရှိသွားပြီ၊ အခုထိ မတတ်သေးဘူး”

“ကျွန်မ မှားသွားပါတယ်...”

ဝူတောက်ကျန့်ဟာ ရှက်သွားပြီး သူ့အရည်အချင်းက ညံဖျင်းလွန်းတဲ့အတွက် သူ့သခင်ကို စိတ်ပျက်စေတယ်လို့ ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “မင်း ဒါကို နှစ်တစ်ရာအတွင်း တက်မြောက်ရမယ်၊ မဟုတ်ရင် နောက်အဆင့်တွေကို ငါ မသင်ပေးတော့ဘူး”

“ဟုတ်ကဲ့ပါ”

ဝူတောက်ကျန့်ရဲ့ ရင်ထဲမှာ တိုက်ခိုက်လိုစိတ် တောက်လောင်သွားပြီး မျက်လုံးတွေလည်း တောက်ပသွားပါတယ်။ ကောင်းကင်ဓားတာအိုက နက်နက်ခက်ခဲတယ်ဆိုပေမဲ့ ဝူတောက်ကျန့်ကို ဒါကို စလေ့လာကတည်းက သူ့ကျင့်ကြံမှုအလျင်က ပုံမှန် တိုးတက်လာပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက သူ့သခင်ဟာ ဒီဓားတာအိုက သူကလွဲပြီး တစ်ခြားဘယ်သူကိုမှ မသင်ပေးတာပါ။

ဝူတောက်ကျန့်ဟာ အထူးအရေးပေးခံရတယ်လို့ ခံစားရတာကြောင့် စိတ်ကောင်းဝင်နေပါတယ်။

ဟန်ကျွယ်နဲ့ ဝူတောက်ကျန့် ဒီလိုပြောဆိုနေတာကို တိထိုက်ပိုင်သာ ကြားသိမယ်ဆိုရင် ကျိန်းသေပေါက် သွေးအန်ထွက်မှာပါ။

နတ်ဘုရားခန်းမ။

ကောင်းကင်ဧကရာဇ်ဟာ နှလုံးလှုပ်သွားပါတယ် “၂၅ နှစ်ပဲ ရှိသေးတယ်၊ သူက ကောင်းကင်ဓားတာအိုကို တတ်မြောက်သွားပြီလား”

တိထိုက်ပိုင်ဟာ စိတ်လှုပ်ရှားမှုကို နှိပ်ကွပ်ပြီး ပြောလိုက်ပါတယ် “ဟုတ်တယ်၊ ကျွန်တော် သူ့ကို စမ်းသပ်ပြီးပြီ၊ သူက ကောင်းကင်ဓားတာအိုကို တကယ် တက်မြောက်သွားတာ၊ အမတသတ် ဓားအစီအရင်ကိုတောင် ထုတ်သုံးနိုင်နေပြီ”

ကောင်းကင်ဧကရာဇ်ဟာ ငေးမောသွားတာကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။ တိထိုက်ပိုင်ဟာ ကောင်းကင်ဧကရာဇ်ကို မနှောင့်ယှက်ရဲတာကြောင့် ဆိတ်ဆိတ်နေလိုက်ပါတယ်။

ခန်းမထဲမှာလည်း သူတို့နှစ်ယောက်ပဲ ရှိပါတယ်။

အတန်ကြာတဲ့အခါမှာတော့...။

ကောင်းကင်ဧကရာဇ်ဟာ သက်ပြင်းချလိုက်ပါတယ် “ငါ သူ့ကို လျော့တွက်မိတာပဲ”

တိထိုက်ပိုင်လည်း ပြုံးပြီး ပြောလိုက်ပါတယ် “အရှင်မင်းကြီးက တကယ်ကို အမြော်အမြင် ကြီးမားပါပေတယ်၊ အရှင်မင်းကြီးသာ သူ့အသက်ကို ချမ်းသာမပေးခဲ့ရင် သူသေတာ ကြာလှပြီပေါ့”

ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ်။

“ဝီရိယတောင်မှာ ဖူစန်းသစ်ပင်ရှိတယ်၊ သူ့ကို အမတရေစင်တစ်ချို့ပေးပြီး ဖူစန်းသစ်ပင် ကြီးထွားလာအောင် ကူညီပေးလိုက်၊ တာအိုပညာရပ်ကတော့... လောလောဆယ် မပေးနဲ့အုန်း၊ ဒီကောင်လေးရဲ့ ကျင့်စဉ်က မရိုးရှင်းဘူး၊ အမတဧကရာဇ်တစ်ပါးပါးရဲ့ အမွေကို ရထားတာဖြစ်မယ်” ကောင်းကင်ဧကရာဇ်က ပြုံးလိုက်ပါတယ်။

တိထိုက်ပိုင်က တအံတဩ ပြောလိုက်ပါတယ် “အမတဧကရာဇ်ရဲ့ အမွေလား၊ ဒါဆို ကျွန်တော်တို့က...”

ကောင်းကင်ဧကရာဇ်က အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပါတယ် “ဟမ်... ဘယ် အမတဧကရာဇ်က ငါ့ကို ယှဉ်နိုင်လို့လဲ၊ နောက်ပြီး ဟန်ကျွယ်မှာက ရေစက်နည်းနည်းပဲရှိတာ၊ အဲဒီအမတဧကရာဇ်ကလည်း ဟန်ကျွယ်ကို သိပ်ဂရုမစိုက်ဘူး၊ နှစ်တစ်သောင်းကြာလို့ အဲဒီအမတဧကရာဇ်က ဟန်ကျွယ်ကို ပြန်လိုချင်ရင်တောင် ဟန်ကျွယ်က သူ့စကားနဲ့ ငါ့စကား ဘယ်သူစကားကို နားထောင်မယ်လို့ မင်းထင်လဲ”

“အန္တရာယ်ကိုချည်း တွေးမနေနဲ့၊ ငါတို့တွေ အရင်ဆုံး ရင်းနှီးမြှုပ်နှံဖို့လိုတယ်၊ ဟန်ကျွယ်နဲ့ ရှန်စစ်သူကြီးလိုမျိုး ပါရမီရှင်တွေက တစ်ခြားသူလက်အောက်ကို ဝင်ချင်ကြတာ မဟုတ်ဘူး၊ ဟန်ကျွယ်သာ အမတဧကရာဇ် ဖြစ်လာရင် တစ်ခြားအမတဧကရာဇ်ကို မျက်စိထဲ ထည့်ပါ့မလား”

တိထိုက်ပိုင်ဟာ ကောင်းကင်ဧကရာဇ်ကို လေးစားသွားပြီး ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။

အဲဒီနောက် တစ်စုံတစ်ခုကို တွေးမိသွားတာကြောင့် ပြောလိုက်ပါတယ် “ဂျိရှင်းရှန်လိုခေါ်တဲ့ သေမျိုးတစ်ယောက် ဘုံပျံတက်လာပြီ၊ သူက ဟန်ကျွယ်နဲ့ ရေစက်နည်းနည်း ရှိတယ်၊ သူတို့နှစ်ယောက်က ကောင်းကင်တပ်ကို ပြန်တိုက်ဖို့ သဘောတူခဲ့ကြဖူးတယ်”

“သူ့ကို ကောင်းကင်စစ်သူကြီးရာထူးပေးလိုက်၊ ကျင့်ကြံမှု ရင်းမြစ်အတွက်ကတော့ သတ္တမအဆင့်ကို ပေးသလိုမျိုး ပေးလိုက်၊ ဟန်ကျွယ် အကြောင်းကို တစ်စွန်းတစ်စ မဟဖို့လည်း သူ့ကိုပြောလိုက်”

“ကျွန်တော် နားလည်ပါပြီ”

မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် ၇ နှစ် ကုန်ဆုံးသွားပါတယ်။

ဒီအတောအတွင်း တိထိုက်ပိုင်က ဖူစန်းသစ်ပင်အတွက် အမတရေစင်တစ်ချို့ လာပို့ပါတယ်။ အကုန်လုံးပေါင်းလိုက်ရင် ပုလင်းခုနစ်လုံးပါ။ တစ်ပုလင်းကို ဆယ်နှစ်တစ်ကြိမ် အသုံးပြုရမှာ ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ အလွန်ပျော်ရွှင်သွားပြီး ကောင်းကင်ဧကရာဇ်ကို ပိုပြီးတော့ သဘောကျသွားပါတယ်။ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို အမတရေစင်နဲ့ ကိုယ်တိုင် သွန်းလောင်းပါတယ်။

ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို သတိရသွားပါတယ်။ ဟန်ကျွယ်ဟာ အခုဆိုရင် အမတနတ်ဘုရားလို့ ပြောလို့ရနေပါပြီ။ ဒါပေမဲ့ ကောင်းကင်တာအို တိုကင်ကို အခုအချိန်ထိ ကိုယ်ပိုင်ပစ္စည်း မလုပ်ရသေးပါဘူး။ ဒါက တော်တော်လေး ဝာာဝန်မဲ့ရာကျပါတယ်။

ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်တာအို တိုကင်ကို ထုတ်ယူလိုက်ပြီး ကိုယ်ပိုင်ပစ္စည်း လုပ်ပါတယ်။ နှစ်နာရီအတွင်းမှာပဲ ကောင်းကင်တာအို တိုကင်က ဟန်ကျွယ်ကို သခင်အဖြစ် အသိအမှတ် ပြုလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ သေမျိုးကမ္ဘာမှာရှိတဲ့ ကောင်းကင်တာအိုကို ခံစားနိုင်သွားပါတယ်။

ကောင်းကင်တာအိုဟာ ကောင်းကင်ပြင်အထက်က စကြာဝဠာ ကြယ်တာရာကောင်းကင်ပါ။ ကောင်းကင်တာအိုဟာ သေမျိုးကမ္ဘာတစ်ခုလုံးကို ပန်းချီကားတစ်ချပ်လို လွှမ်းမိုးထားပါတယ်။

ကောင်းကင်တာအို တိုကင်ကနေ ဟန်ကျွယ်ဟာ သေမျိုးကမ္ဘာတစ်ခုလုံးကို ငုံ့ကြည့်နိုင်ပြီး သေမျိုးတိုင်းကို တွေ့မြင်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ ကျိုးဖန်ကို ရှာဖွေဖို့ ကြိုးစားလိုက်တဲ့အခါ မြင်ကွင်းတစ်ခု သူ့ရှေ့ ရောက်လာပါတယ်။

ကျိုးဖန်ဟာ မြင့်မြတ်နယ်မြေတစ်ခုမှာ ကျင့်ကြံအားထုတ်နေပါတယ်။

ဟန်ကျွယ်ဟာ တစ်ခြားမိတ်ဆွေတွေကို ရှာဖွေတဲ့အခါမှာလည်း လွယ်လွယ်ကူကူပဲ မြင်တွေ့ရပါတယ်။

‘ဒါက အမတနတ်ဘုရားရဲ့ ခံစားချက်လား၊ ဘယ်လောက်တောင် ခံစားလို့ကောင်းလိုက်လဲ’

ဟန်ကျွယ်ရဲ့ နတ်အာရုံဟာ ကောင်းကင်တာအို တိုကင်ထဲက အမှောင်ထုထဲမှာ တည်ရှိနေတဲ့ ကျောက်ပြားတစ်ခုကို တွေ့သွားပါတယ်။ ကျောက်ပြားထဲကို ဟန်ကျွယ်ရဲ့ နတ်အာရုံ ဝင်သွားတဲ့အခါမှာတော့ အလွန်များပြားတဲ့ သတင်းအချက်အလက်တွေဟာ ဟန်ကျွယ် သိစိတ်ထဲကို ဝင်ရောက်လာပါတယ်။

ဒီဟာက အနန္တကမ္ဘာအဆင့်ပဲ ဖြစ်ပါတယ်။

ဟန်ကျွယ်နေတဲ့ သေမျိုးကမ္ဘာက ကြက်သွေးရောင်တိမ်ကမ္ဘာလို့ ခေါ်ပါတယ်။ ဒီနာမည်ကို ချီယွင်ရှန်း ပေးခဲ့တာ ဖြစ်နိုင်ပါတယ်။ ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့ အဆင့်ကတော့ ၄,၉၃၂ ဖြစ်ပြီး မြင့်လည်း မမြင့်သလို နိမ့်လည်း မနိမ့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဆင့်ထဲမှာ သေမျိုးကမ္ဘာ ၉,၀၀၀ ကျော် ရှိနေလို့ပါပဲ။

‘သေမျိုးကမ္ဘာတွေမှာလည်း အဆင့်ရှိသေးတာပဲလား’

‘စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ’

ဟန်ကျွယ်ဟာ အများကြီး မတွေးပါဘူး။ နောက်ပြီး ကြက်သွေးရောင်တိမ်ကမ္ဘာ အဆင့်တက်အောင်လည်း ကူညီမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလယ်မှာရှိနေတော့ အကောင်းဆုံးမို့လို့ပါ။ အလယ်မှာဆိုတော့ ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါဘူး။

အဆင့်တွေကို ဘယ်လိုတွက်ချက်လဲဆိုတာတော့ ဟန်ကျွယ် မသိပါဘူး။ နောက်မှ တိထိုက်ပိုင်ကို မေးမယ်လို့ ဟန်ကျွယ် တွေးလိုက်ပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters