အခန်း ၃၄၁
Vol. 35 Ch. 341
အခန်း(341)
ကျန်းရိကော်က ပြည်ပမှ ပြန်လည်၍ ရောက်ရှိလာခါစဖြစ်ပြီး နိုင်ငံရပ်ခြားရှိ အစည်ကားဆုံးသော လမ်းမကြီးများ၏ မြင်ကွင်းကို မြင်တွေ့ဖူးသူ ဖြစ်သည်။
ထို့ကြောင့် သူက ဤနေရာ၏ တန်ဖိုးကို ကောင်းစွာ သိရှိထားသည်။
သို့သော် သူက ပြောခဲ့သကဲ့သို့ပင်။
သူအနေဖြင့် ကျန်းကျိတစ်ယောက် ငြိမ်းချမ်းပြီး သက်တောင့်သက်သာ ရှိသော ဘဝကို ပိုင်ဆိုင်သွားရန်သာ မျှော်လင့်သည်။
သူက စုဝေ့ချင်းတို့ ဇနီးမောင်နှံနှစ်ဦးကို ကျန်းကျိအားပြုစုစောင့်ရှောက်ပေးရန်အတွက် အတင်းအကျပ် တောင်းဆိုမည်မဟုတ်ပေ။
သို့သော် သူတို့နှစ်ဦးလုံးက စိတ်သဘောထားဖြူစင်ကောင်းမွန်သူများ ဖြစ်ကြသည်။
ယခုအချိန်တွင် သူတို့က သူ့ထံမှကြီးမားလွန်းသော အကျိုးကျေးဇူးကို ရရှိခဲ့ကြလေပြီ။
ထို့ကြောင့် နောင်အနာဂတ်တွင် ကျန်းကျိကို သေချာပေါက် ကူညီစောင့်ရှောက်ပေးကြလိမ့်မည်။
သူက အိုမင်းရင့်ရော်လာခဲ့ပြီဖြစ်၍ သူ၏မြေးဖြစ်သူအတွက် အစီအစဉ်များကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။
ကျန်းရိကော်က ဤသို့ ပြောလာခဲ့သောကြောင့် ထိုဇနီးမောင်နှံကလည်း အားနာဟန်ဆောင်မနေကြတော့ဘဲ အိမ်ဝန်းအားလုံးကိုသာ ဝယ်ယူလိုက်ကြလေတော့၏။
လက်ရှိ ဈေးကွက်ပေါက်ဈေးအရဆိုလျှင် ဤအိမ်များက ယွမ်ငွေသုံးသောင်းနီးပါးခန့် ကျသင့်လိမ့်မည်။
ထိုငွေပမာဏက ယခုခေတ်ကာလတွင် အလွန်အမင်းကြီးမားလွန်းသော ပမာဏကြီး ဖြစ်လေ၏။
သို့သော် နောက်နှစ်အနည်းငယ်ကြာသည့်အချိန်တွင် ထိုငွေကြေးပမာဏက တန်ဖိုးမရှိသလောက်နီးပါး ဖြစ်သွားပေလိမ့်မည်။
သူတို့၏လက်ထဲတွင် ငွေအလုံအလောက် မရှိကြသောကြောင့် လီရှန်းတို့ဇနီးမောင်နှံက စရန်ငွေအဖြစ် ငွေသုံးထောင်ကို ပေးချေခဲ့လေ၏။
ထို့နောက် ကြွေးမြီကတိကဝတ်စာချုပ်တစ်စောင်ကို ရေးသားပေးခဲ့ကြသည်။
ကျန်းရိကော်က အိမ်ခြံမြေစာချုပ်ကို လွှဲပြောင်းပေးအပ်ရန်အတွက် သူတို့ကို အိမ်ရာစီမံခန့်ခွဲရေးရုံးသို့ အလွယ်တကူပင် ခေါ်ဆောင်သွားခဲ့လေ၏။
ထိုဇနီးမောင်နှံက အသစ်စက်စက် စာချုပ်ကို လက်ဝယ်ရရှိပြီးနောက်မှသာ စိတ်သက်သာရာ ရရှိသွားခဲ့ကြရသည်။
လီရှန်းကတော့ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေဆဲဖြစ်သောကြောင့် နောက်တစ်ကြိမ် ထပ်မံ မေးမြန်းလိုက်ပြန်၏။
“ဦးလေးကျန်း၊ ဦးလေးက ဒီအိမ်တွေကို ကျွန်မတို့ကို တကယ်ပဲ ပေးလိုက်တာလား”
“အိမ်ခြံမြေစာချုပ်က မင်းတို့ရဲ့ နာမည်အဖြစ် ပြောင်းလဲသွားပြီပဲလေ၊ ဒါက ဘယ်လိုလုပ်ပြီး အတုအယောင် ဖြစ်နိုင်မှာလဲ”
ကျန်းရိကော်က ဤမျိုးဆက်သစ် လူငယ်နှစ်ဦးက အနည်းငယ်တုံ့ဆိုင်းနေကြောင်းကို သိနေခဲ့လေ၏။
ဤမြို့တော်ရှိ အိမ်က နောက်ပိုင်းတွင် သိန်းပေါင်းသောင်းချီ တန်ဖိုးရှိလာနိုင်သည်ကို သူ အဘယ်ကြောင့် မသိဘဲ နေပါမည်နည်း။
သို့သော် သူတို့အနေဖြင့် နောင်အနာဂတ်တွင် သူ၏မြေးဖြစ်သူကို ဂရုစိုက် စောင့်ရှောက်ပေးကြမည်ဆိုသည့် အချက်နှင့် နှိုင်းယှဉ်ပါက ဤအိမ်၏ တန်ဖိုးက အရေးမပါတော့ပေ။
ဤအခိုက်အတန့်တွင် ကျန်းရိကော်က ပေကျင်းရှိ အိမ်ခြံမြေဈေးနှုန်းများက နောင်အနာဂတ်တွင် ထိတ်လန့်ခြောက်ခြားဖွယ်ရာကောင်းသောအဆင့်အထိ ထိုးတက်သွားလိမ့်မည်ဟု လုံးဝ မတွေးတောမိခဲ့ပေ။
သေချာပေ၏။ သူ ကျန်းကျိနှင့် ပတ်သက်၍ တွေးတောစီစဥ်ခဲ့သည့်အချက်များကလည်း မှားယွင်းခြင်း မရှိခဲ့ပေ။
ကျန်းကျိက သူ၏တစ်သက်တာလုံးတွင် အိမ်ထောင်မပြုဘဲ နေထိုင်သွားခဲ့ရလျှင်ပင်၊ သူက ထူးခြားကောင်းမွန်သော ပြုစုစောင့်ရှောက်မှုများကို အမှန်တကယ်ပင် ရရှိခဲ့လေသည်။
ထို့ကြောင့် ကျန်းရိကော်၏ တစ်သက်တာလုံး အလိုလားဆုံးသော ဆန္ဒကိုလည်း ပြည့်ဝသွားစေခဲ့၏။
တစ်ဖက်တွင် အစ်မလျို့က လုပ်ထုံးလုပ်နည်းများကို အပြီးသတ်ရန်အတွက် သူတို့နှင့်အတူ လိုက်ပါသွားခြင်း မရှိခဲ့ပေ။
ထို့အစား သူမက ဟင်းသီးဟင်းရွက်ကို ဝယ်ယူရန်ဟူသော အကြောင်းပြချက်ကို အသုံးပြုကာ တခြားသော လမ်းသွယ်တစ်ခု၏ အတွင်းဘက်နေရာရှိ အိမ်ဝန်းငယ်လေးတစ်ခုဆီသို့ သွားရောက်ခဲ့သည်။
ထိုနေရာတွင် တခြားသော လူတစ်ဦးက ကြိုတင် စောင့်ဆိုင်းနေခဲ့၏။
ရန်ရှောင်က အစ်မလျို့ ရောက်လာခဲ့သည်ကို မြင်လိုက်ရသည်နှင့် ချက်ချင်း ထရပ်လိုက်ပြီး သူမကို စစ်တပ်၏ပုံစံအတိုင်း အလေးပြုခဲ့သည်။
အစ်မလျို့၏ မျက်နှာအမူအရာကလည်း တည်ကြည်လေးနက်နေခဲ့ပြီး ပြန်လည်အလေးပြုခဲ့သည်။
“ရဲဘော်ရန်ရှောင်၊ မင်းဆီက သတင်းကို ရတာနဲ့ အဖွဲ့အစည်းက ငါ့ကို ချက်ချင်း အကြောင်းကြားခဲ့တာ”
အစ်မလျို့လည်း ရန်ရှောင်နှင့် လက်ဆွဲနှုတ်ဆက်လိုက်လေ၏။
သူမက လက်ရှိတွင် နင်ပြည်နယ် ဆေးဝါးစက်ရုံ၏ လုံခြုံရေးမန်နေဂျာ ဖြစ်သည်။
သူမက ထိုအချိန်က ရှုရှင်းလန်နှင့် ပတ်သက်သော အဖြစ်အပျက်များစွာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တာဝန်ယူခဲ့ရသူ ဖြစ်လေ၏။
သို့သော် ရှုရှင်းလန်က နောက်ပိုင်းတွင် စိတ်မမှန်သကဲ့သို့ ဖြစ်သွားခဲ့ပြီး အသုံးဝင်သော လမ်းစတစ်စုံတစ်ရာ မရရှိခဲ့ပေ။
ဤကဲ့သို့သော ဖြစ်လာခြင်းက အစ်မလျို့အတွက် စိုးရိမ်ပူပန်မှုတစ်ခု ဖြစ်စေခဲ့သည်။
လွန်ခဲ့သော နှစ်ကာလများအတွင်း သူမတွင် တခြားနေရာသို့ ပြောင်းရွှေ့ရန်အတွက် အခွင့်အရေးများစွာ ရှိခဲ့၏။
သို့သော် ဤကိစ္စကြောင့်ပင် သူမက ထိုအခွင့်အရေးအားလုံးကို ငြင်းပယ်ခဲ့သည်။
နင်ပြည်နယ် ဆေးဝါးစက်ရုံထဲရှိ သူလျှိုအားလုံးကို သုတ်သင်ရှင်းလင်းပြီးမှသာ သူမက ထွက်ခွာသွားလိမ့်မည်။
ထို့ကြောင့် ပေကျင်းတွင် လမ်းစတစ်ခု ပေါ်ထွက်လာသည်နှင့် သူမက ချက်ချင်းပင် တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်း ဖြစ်လေသည်။
ကျန်းရိကော် ပေကျင်းသို့ လာရောက်ခြင်းက မျှော်လင့်မထားသော အခြေအနေ ဖြစ်လေ၏။
သို့သော် ထိုအကြောင်းအရာက သူမအတွက် အဆင်ပြေစေခဲ့ပြီး သူမ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ပေးနိုင်ခဲ့သည်။
ထို့ကြောင့် ရုတ်တရက် လှုပ်ရှားမှုကြောင့် ရန်သူကို ရိပ်မိသွားစေခြင်းမှ ကာကွယ်ပေးနိုင်ခဲ့၏။
သုတေသနဌာန၏ ဒါရိုက်တာတစ်ဦးအနေဖြင့် ကျန်းရိကော်က သူ၏မြေးဖြစ်သူကို ဆေးကုသရန်အတွက် ပေကျင်းသို့ ခေါ်ဆောင်လာခဲ့ပြီး လုံခြုံရေးအစောင့်တစ်ဦးက အတူ လိုက်ပါစောင့်ရှောက်ပေးခြင်းက ပုံမှန်ပင် ဖြစ်လေသည်။
ဤကဲ့သို့သော အခွင့်အရေးကို အသုံးချ၍သာ အစ်မလျို့က ရန်ရှောင်နှင့် တွေ့ဆုံနိုင်ခဲ့ခြင်းဖြစ်လေ၏။
“..ကြည့်ပါဦး၊ ဒီလူပါပဲ”
နှုတ်ဆက်စကားများကို ပြောပြီးနောက်၊ သူတို့က အရေးကြီးသော ကိစ္စဆီသို့ ချက်ချင်းပင် ဝင်ရောက်ခဲ့ကြလေ၏။
ရန်ရှောင်က ဟဲထန်၏ ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်လေသည်။
ဓာတ်ပုံထဲတွင် ဟဲထန်က အစိမ်းရောင် စစ်ဝတ်စုံနှင့် ကြယ်နီပါသော စစ်ဦးထုပ်ကို ဝတ်ဆင်ထားလေ၏။
သူက ထက်မြက်သော မျက်ခုံးများနှင့် တောက်ပသော မျက်ဝန်းများ ရှိပြီး၊ ရွှင်လန်းသော အပြုံးကို ဆင်မြန်းထားလေသည်။
သူ့ပုံစံက ထူးခြားစွာပင် ရုပ်ရည်ချောမောပြီး ဖြောင့်မတ်တည်ကြည်ပုံရ၏။
သို့သော် သူ့ကို ကြည့်ရှုနေကြသော ထိုလူနှစ်ဦးက အပြင်ပန်းတွင် တစ်မျိုး၊ ကွယ်ရာတွင် တစ်မျိုး လုပ်တတ်သော ကောက်ကျစ်သူ အမြောက်အမြားကို မြင်တွေ့ဖူးနေခဲ့ကြသည်။
ထို့ကြောင့် ဟဲထန်ကဲ့သို့သော လူမျိုးက သူတို့၏ နှလုံးသားထဲတွင် အနည်းငယ်မျှပင် ဂယက်ထစေရန်အတွက် မတတ်နိုင်ပေ။
ရန်ရှောင်က သူ၏ မကြာသေးမီက စောင့်ကြည့်စစ်ဆေးမှု ရလဒ်အားလုံးကို အစ်မလျို့ကို ပြောပြခဲ့လေသည်။
သို့သော် အစ်မလျို့က အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့ပြီး ပြောလိုက်လေ၏။
“ဒါတွေ အားလုံးက အမျိုးသား၊ အမျိုးသမီးကြားက ကိစ္စတွေချည်းပဲဆိုတော့ ဒီထဲမှာ သံသယဖြစ်စရာ ဘာမှ ရှိမနေဘူး”
ယခုခေတ်ကာလတွင် လူတိုင်းက ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ဖြောင့်မတ်နေကြသည် မဟုတ်ပေ။
သူမက မြို့သို့ ပြန်လာနိုင်ရန်အတွက် အမျိုးသမီး ပညာတတ်လူငယ်များက လာဘ်ထိုးအမြတ်ထုတ်ခံရသည့် ဖြစ်ရပ်ပေါင်း အမြောက်အမြားကို ကြားသိဖူးသည်။
စည်းမျဉ်းစည်းကမ်းများက မည်မျှပင် တင်းကျပ်နေပါစေ၊ တချို့သော လူများတွင် မရိုးသားသော ရည်ရွယ်ချက်များက ရှိနေခြင်းကို တားဆီး၍ မရနိုင်ကြောင်းကို ထင်ရှားလွန်း၏။
“သူက ခင်ဗျားရဲ့ လက်အောက်ငယ်သားဟောင်း ဖြစ်ခဲ့တဲ့ ရဲဘော်လီရှန်းကို နှောင့်ယှက်နေတာ”
ရန်ရှောင်က ဟဲထန်တစ်ယောက် အကြောင်းပြချက်မရှိဘဲ လီရှန်း၏ အနောက်သို့ တကောက်ကောက် လိုက်နေသည့်အကြောင်းကို အစ်မလျို့ကို ပြောပြလိုက်လေသည်။
“ပြီးတော့ ကျွန်တော့်အနေမဲ့ သူ့ရဲ့ ဇနီးဟောင်း သေဆုံးရတဲ့ အကြောင်းရင်းအပေါ်မှာလည်း သံသယတချို့ ရှိနေတယ်”
အစ်မလျို့က ဤကိစ္စက လီရှန်းနှင့် ပတ်သက်ဆက်နွှယ်နေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သူမက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး လေးနက်စွာပြောလိုက်လေသည်။
“ငါ့ကို အသေးစိတ်အချက်အလက်တွေ ပိုပြီး ပြောပြပါဦး”
သို့သော် ရန်ရှောင်အနေဖြင့် မည်မျှအထိ သိရှိနိုင်ပါမည်နည်း။
သူက သူမကို အိမ်သို့ပြန်၍ လီရှန်းကိုသာ မေးမြန်းရန် ပြောလိုက်လေသည်။
“ဘာပဲဖြစ်ဖြစ် အခု ခင်ဗျားက စုဝေ့ချင်းတို့ရဲ့ အိမ်ဝန်းထဲမှာ တည်းခိုနေတာပဲလေ၊
ညဘက် အချိန်ရတဲ့အချိန်ကျရင် သူမကို သေသေချာချာ မေးမြန်းကြည့်လိုက်ပါ၊
ရှောင်လီကတော့ အရမ်း စိတ်အနှောင့်အယှက် ဖြစ်နေရတာ၊ ဒီလူက ယင်ကောင်တစ်ကောင်လိုပဲ၊ ဘယ်လိုမှ ပစ်ထားလို့ မရနိုင်ဘူး ဖြစ်နေတယ်”
“သူက အခုထိ ရှောင်လီ့ကို နှောင့်ယှက်နေတုန်းပဲလား”
အစ်မလျို့က မျက်မှောင်ကြုတ်လိုက်မိလေ၏။
“အမှန်ပဲ၊ သူမက အိမ်ထောင်ကျပြီး ကလေးတောင် ရှိနေပြီဆိုတာ သိနေတာတောင် သူက သူမနောက်ကိုပဲ ဆက်ပြီး လိုက်နေတုန်းပဲ၊
ပြီးတော့ ဒီအမျိုးသားက ပညာတတ်တစ်ယောက် မဟုတ်ဘူးလား၊
တကယ့်ကို အရှက်မရှိတာပဲ၊ တကယ်လို့ သူသာ သူမကို တကယ် သဘောကျတာဆိုရင် ဒီလိုမျိုး လုပ်ရပ်ကို လုပ်ပါ့မလား”
ဤသို့ ပြန်လည်တွေးတောကြည့်သည့်အချိန်တွင် အစ်မလျို့ကလည်း မည်သည့်နေရာတွင် မှားယွင်းနေသည်ကို ရှာဖွေမတွေ့နိုင် ဖြစ်သွားခဲ့ရ၏။
“ရှောင်လီက မသိစိတ်ကနေ တစ်စုံတစ်ခုကို သွားပြီး တွေ့မိသွားခဲ့လို့ သူက ဒီလိုမျိုး ဇွဲကောင်းကောင်းနဲ့ လိုက်နေတာတော့ မဖြစ်နိုင်ဘူးလား”
“ကျွန်တော်လည်း အဲဒီလိုပဲ တွေးမိတာ၊ ဒါပေမဲ့ ရှောင်လီကတော့ သူမ အထက်တန်းကျောင်းတုန်းက ဘယ်နေရာကိုမှ မသွားခဲ့ဘူးလို့ အခိုင်အမာ ပြောနေတာပဲ”
ဘယ်နေရာမှ မသွားခဲ့ဘူး...
အစ်မလျို့က နှုတ်ခမ်းကို စေ့လိုက်ပြီး ပြောလိုက်လေသည်။
“သူမအနေနဲ့ ဘယ်နေရာမှ မသွားခဲ့ဘူးဆိုရင်တောင်မှ သူကပဲ ပြဿနာ လာရှာတာမျိုး မဖြစ်နိုင်ဘူးလား”
“ခင်ဗျားပြောချင်တာက..”
ရန်ရှောင်၏ နှလုံးသားက တစ်ချက် တုန်လှုပ်သွားခဲ့ရသည်။ သူက ယခင်က ဤအချက်ကို လုံးဝ မတွေးတောမိခဲ့ပေ။
ထိုကျောင်းထဲ၌ သူလျှိုများစွာ ပုန်းအောင်းနေခဲ့ကြခြင်းမျိုး ဖြစ်နိုင်မည်လား။
“ဒါနဲ့ ဟဲထန်က ဘယ်တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့တာလို့ မင်း ပြောလိုက်တာလဲ”
အစ်မလျို့က ထိုလူနှင့် ကိုယ်တိုင် သွားရောက်တွေ့ဆုံရန် အစီအစဉ်ဆွဲလိုက်လေသည်။
“မြို့တော်တက္ကသိုလ်ပါ”
အစ်မလျို့ : “..ဒါက ကျော်ကြားတဲ့ တက္ကသိုလ်ပဲ၊ တကယ်လို့ ဒီလူမှာ တကယ်ပဲ ပြဿနာရှိနေတယ်ဆိုရင်တော့ ဒါက ကြီးမားတဲ့ ပြဿနာကြီး ဖြစ်လာလိမ့်မယ်”
ပထမဆုံးအကြိမ် ပြန်လည် ရွေးချယ်ခံရသော တက္ကသိုလ်ကျောင်းသားများ အစုအဝေးက သူလျှိုအရှုပ်တော်ပုံတစ်ခုထဲသို့ သက်ဆင်းသွားခဲ့ရ၏။
အကယ်၍ ဤကိစ္စကို လူထုထံသို့ ချပြလိုက်ပါက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပရန်အတွက် ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုများက နောက်တစ်ကြိမ် ထွက်ပေါ်လာနိုင်သည်။
အခြေအနေများက မှားယွင်းသွားပါက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ခွင့်မပြုခဲ့သော ယခင် အခြေအနေဟောင်းဆီသို့ ပြန်လည်ရောက်ရှိသွားရနိုင်သည်။ ထိုသို့ဖြစ်သွား၍မရပေ။
အကယ်၍ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ထပ်မံပိတ်ပင်လိုက်ပါက၊ အခြေအနေများက အလွန်ပင် ရှုပ်ထွေးဆိုးရွားသွားပေလိမ့်မည်။
နိုင်ငံတော် လုံခြုံရေးက အရာအားလုံးထက် ပိုအရေးကြီးသည်။
ကျန်ရှိနေသော အရာအားလုံးကိုတော့ အနောက်သို့သာ ဆုတ်ထားရလိမ့်မည်။
*