← Chapters

အခန်း ၃၄၄

Vol. 35 Ch. 344

အခန်း ၃၄၄

Vol. 35 Ch. 344

အခန်း(344)

“ကျွန်တော့်ရဲ့သမီး ရောဂါမဖြစ်ပွားခင်တုန်းက ဟဲမိသားစုက အဲဒီကောင်လေးရဲ့အနောက်ကိုပဲ တကောက်ကောက် လိုက်နေခဲ့တာ၊

သူမ ပြန်လာပြီး မကြာခင်မှာပဲ ရောဂါဖြစ်ပွားခဲ့တာပါ၊ အဲဒါက နှစ်သစ်ကူး ကာလဝန်းကျင်လောက်ပဲ၊ ကျွန်တော်တို့ မိသားစုမှာ ပိုင်မားခရိုင်ထဲမှာ ဆွေမျိုးအများကြီး မရှိပါဘူး၊

ကျွန်တော့်သမီးကလည်း အရူး မဟုတ်ပါဘူး၊

ဘယ်သူမှမသိတဲ့သူတွေပေးတဲ့ ဆေးတွေကို လျှောက်သောက်မှာမဟုတ်ဘူး၊ သူမနဲ့ သေသေချာချာ မရင်းနှီးတဲ့သူဆီက ဆေးကိုတော့ သူမ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး”

ဤစကားကို ကြားရသည့်အချိန်တွင် အစောပိုင်းကတည်းက နှုတ်ဆိတ်နေခဲ့သော ဒုတိယညွှန်ကြားရေးမှူးဟဲက ချက်ချင်းပင် ကန့်ကွက်လိုက်ပြီး ပြောလိုက်လေသည်။၊

“မင်းက ဘယ်လိုလုပ်ပြီး မင်းသမီး သေဆုံးရတဲ့ ကိစ္စကို ငါ့သားအပေါ် လာပြီး အပြစ်ပုံချနိုင်ရတာလဲ၊ သူမက ရောဂါဝေဒနာကြောင့် ကွယ်လွန်ခဲ့တာလေ”

“ကျွန်တော့်သမီးက အသက်ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်အထိ သာမန် အအေးမိတာမျိုးတောင် မဖြစ်ခဲ့ဘူး

ဒါပေမဲ့ ဟဲထန်ရဲ့နောက်ကို လိုက်ကတည်းက၊ သူမက ရက်ခြားဆိုသလို ဖျားနာလာခဲ့တယ်

အဲဒီလို အခြေအနေမျိုးကို ဖြစ်ပေါ်အောင် လုပ်ခဲ့တာ မင်းရဲ့သားကလွဲလို့ တခြားဘယ်သူဖြစ်နိုင်ပါဦးမလဲ”

ဒုတိယညွှန်ကြားရေးမှူးဟဲကတော့ အလွန်အမင်း မတရားခံရသည်ဟု ခံစားလိုက်ရသည်။

“ငါက ဘယ်လိုလုပ် သိမှာလဲ”

“ဒီဆေးနဲ့ ပတ်သက်ပြီး ဆက်လက်ပြီး သုတေသနပြု စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါသေးတယ်၊ ဒါပေမဲ့..”

ခရိုင်အုပ်ချုပ်ရေးမှူးလော်က ဒုတိယညွှန်ကြားရေးမှူးဟဲကို လက်ညှိုးညွှန်ပြလျက် ပြောလိုက်လေသည်။

“ရန်သူ ရိပ်မိမသွားစေဖို့အတွက်.. လောင်ဟဲ မင်းအနေနဲ့ ရုံးခန်းမှာပဲ ရက်နည်းနည်းလောက် တည်းခိုနေထိုင်ပေးပါဦး”

အတိုချုပ်၍ပြောရလျှင် ဒုညွှန်ကြားရေးမှူးဟဲ၏ သွားလာလှုပ်ရှားမှု လွတ်လပ်ခွင့်က လုံးဝ ထိန်းချုပ်ခြင်း ခံလိုက်ရလေ၏။

ထိုနေ့ နေ့လယ်ပိုင်းတွင် မူလက ပိုင်မားခရိုင်၏ ထောက်ပံ့ရေးဌာနညွှန်ကြားရေးမှူးဖြစ်ခဲ့ပြီး ယခုအချိန်တွင် နင်ပြည်နယ် ပိုင်မားခရိုင်၏ ထောက်ပံ့ရေးဌာန ဒုညွှန်ကြားရေးမှူး ဖြစ်နေသော ဟဲထန်၏ ဖခင်မှာ တိတ်တဆိတ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရလေတော့၏။

တစ်ချိန်တည်းမှာပင် အလုပ်ခွင်တွင် ရှိနေသော ဟဲထန်၏ မိခင်ကလည်း အထက်လူကြီး၏ ဖုန်းခေါ်ဆိုမှုကြောင့် ရုံးခန်းထဲသို့ ဆင့်ခေါ်ခြင်းကို ခံခဲ့ရသည်။

သူမအနေဖြင့် စကားတစ်ခွန်းမှပင် ထုတ်ဖော်ပြောဆိုချိန်မရမီမှာပင် ပါးစပ်ကို ပိတ်ဆို့ခြင်းကို ခံလိုက်ရပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရလေတော့၏။

ဒုတိယညွှန်ကြားရေးမှူးချီ ယူဆောင်လာခဲ့သော ဆေးပုလင်းကိုတော့ နင်ပြည်နယ် ဆေးဝါးစက်ရုံ၏ သုတေသနဓာတ်ခွဲခန်းဆီသို့ ညတွင်းချင်းပင် ပို့ဆောင်ခဲ့ကြသည်။

စုဝေ့ဟိုင်က ထိုတာဝန်ကို လွှဲပြောင်းရယူခဲ့ပြီး ထိုဆေး၏ ပါဝင်ပစ္စည်းများနှင့် အာနိသင်များကို ပြောင်းပြန်ရှာဖွေရေးနည်းပညာဖြင့် စတင်စုံစမ်းစစ်ဆေးလေတော့၏။

သို့သော် သူ မည်သို့ပင် သုတေသနပြုသည်ဖြစ်စေ ထိုဆေးက သာမန် အကိုက်အခဲပျောက်ဆေး သက်သက်သာ ဖြစ်နေခဲ့သည်။

သို့သော် စုဝေ့ဟိုင်က ထိုဆေးကို ကြွက်ဖြူလေးများကို ကျွေးကြည့်သည့်အချိန်တွင်တော့ ကြွက်ဖြူလေးများ၏ အသက်အားအင်များက လျင်မြန်စွာ ဆုတ်ယုတ်ပျက်စီးသွားသည်ကို တွေ့ရှိလိုက်ရသည်။

ဆယ်မိနစ်မျှသော အချိန်တိုအတွင်းမှာပင် ထိုကြွက်ဖြူလေးများက အိုမင်းရင့်ရော်၍ သေဆုံးသွားခဲ့ကြရလေ၏။

ထိုနေရာတွင် ရှိနေကြသော သုတေသနပညာရှင်တိုင်း : “...”

ဒီဆေးဝါးရဲ့ လျှို့ဝှက်ချက်က ဘာများလဲ။

ခရိုင်အုပ်ချုပ်ရေးမှူးက အမှန်တရားကို ဖုံးကွယ်ထားရန် မဝံ့ရဲသောကြောင့် ထိုစမ်းသပ်မှုရလဒ်ကို အမြန်ဆုံး တင်ပြခဲ့လေသည်။

နင်ပြည်နယ်ဘက်ကလည်း ဤဆန်းကြယ်လွန်းသော စမ်းသပ်မှုရလဒ်ကို နိုင်ငံတော်လုံခြုံရေးဗျူရိုသို့ လျင်မြန်စွာ ထပ်ဆင့်အကြောင်းကြားခဲ့၏။

ထိုသတင်းကို ရရှိပြီးနောက် နိုင်ငံတော်လုံခြုံရေးဗျူရိုက အစ်မလျို့ထံသို့ ချက်ချင်းပင် ဆက်သွယ်လိုက်လေတော့သည်။

အစ်မလျို့အနေဖြင့် ထိုရလဒ်ကို သိရှိရသည့်အချိန်တွင်တော့ နှစ်ရက်ခန့် ကြာမြင့်ခဲ့လေပြီ။

ဆေးဝါးတွေလား။

အစ်မလျို့လည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့ရလေ၏။

သူမအနေဖြငာ့ သူလျှိုတစ်ယောက်ကို ဖမ်းဆီးသည့်ကိစ္စက ဆေးဝါးများနှင့် ပတ်သက်ဆက်နွှယ်သွားလိမ့်မည်ဟုမထင်မိခဲ့ပေ။

ကောင်းပြီလေ။

ဒါက လုံးဝ မသက်ဆိုင်လို့တော့ ပြောမရဘူး။

ရှုရှင်းလန်မှာ ထိုအချိန်က အသည်းရောင်အသားဝါ ကာကွယ်ဆေးဖော်မြူလာကို ခိုးယူရန်အတွက် ဆေးဝါးစက်ရုံထဲသို့ ထိုးဖောက်ဝင်ရောက်ချင်ခဲ့သည်။

ရန်ရှောင်လည်း ဆွံ့အသွားခဲ့ရသည်။ ဤစုံစမ်းစစ်ဆေးမှုတစ်ခုလုံးက မည်သည့်အရာကို ဦးတည်နေကြောင်းကိုမတွေးနိုင်တော့ပေ။

သို့သော် ဤဆေးဝါးက အလွန်ပင် ထူးဆန်းလွန်း၏။

“ဒါက အတွင်းကလီစာတွေကို ပျက်စီးစေတဲ့ ဆေးမျိုးလား”

သူက အစ်မလျို့ကို မေးမြန်းလိုက်လေ၏။

မည်သို့ပင်ဖြစ်စေ အစ်မလျို့က ယခင်က ဆရာဝန်တစ်ဦး ဖြစ်ခဲ့ဖူးသောကြောင့် ဆေးဝါးများကို နားလည်သူ ဖြစ်သည်။

သို့သော် အစ်မလျို့က ခေါင်းကို ခါပြလျက် ပြောလိုက်လေ၏။

“အဲဒီလိုပုံစံမျိုးတော့ မဟုတ်ဘူး”

ဤဆေးဝါးက အတွင်းကလီစာများကို ပျက်စီးစေရုံသာမက ခန္ဓာကိုယ်တွင်မှ အရာအားလုံးပို အိုမင်းရင့်ရော်သွားစေနိုင်သည်။

အကယ်၍ သူတို့သါ ရှေးရိုးစွဲ အယူသီးမှုများဖြင့် မပတ်သက်သင့်ပါဟု ပြောကြသော သိပ္ပံခေတ်ကာလတွင် နေထိုင်နေကြခြင်း မဟုတ်ပါက သူမအနေဖြင့် သဘာဝလွန် ဖြစ်ရပ်တစ်ခုခုကို သေချာပေါက် တွေးမိသွားပေလိမ့်မည်။

“အနည်းဆုံးတော့ အဆောင်မှူးကို အခြေအနေတွေကို ဆက်ပြီး စောင့်ကြည့်ခိုင်းထားရမယ်”

အစ်မလျို့၏ မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်သည့် အရိပ်အယောင်တချို့ ဖြတ်ပြေးသွားခဲ့လေသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် အနီးကပ် စောင့်ကြည့်ရန်မှလွဲ၍ တခြားလုပ်ဆောင်နိုင်စရာ မရှိပေ။

ရန်ရှောင်က လက်ကိုမြှောက်ကာ သူ၏လက်ပတ်နာရီကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

“ကောင်းပြီ၊ ကျွန်တော် လော်ကော်ဆီကို ဆက်သွယ်လိုက်ပါ့မယ်၊ အခုတော့ ကလေးကို သွားကြိုလိုက်ဦးမယ်”

အစ်မလျို့ : “...”

“ငါပဲ သွားလိုက်ပါ့မယ်၊ ကလေးကို အိမ်ကို ခေါ်သွားလိုက်မယ်”

သူမက ဤရက်ပိုင်း စုမိသားစု၏ အိမ်တွင်ပင် တည်းခိုနေထိုင်ပြီး ကလေးကို ကျောင်းကြိုပို့လုပ်နခဲ့သည်။

ဤသည်က ယဉ်ကျေးမှုအနုပညာဌာနသို့ သွားရခြင်းထက် ပို၍မကောင်းသည်မဟုတ်ပါလား။

သို့သော် ရန်ရှောင်က ငြင်းပယ်လိုက်လျက် ပြောလိုက်လေသည်။

“မဖြစ်ပါဘူး၊ ကျွန်တော် ရှောင်လော်ကို အိမ်စာလုပ်ဖို့အတွက် ခေါ်သွားပေးမယ်လို့ သူတို့ကို ပြောထားပြီးပြီ”

သူက ပြောပြီးနောက် အစ်မလျို့၏ တုံ့ပြန်မှုကိုပင် မစောင့်ဆိုင်းတော့ဘဲ တံခါးအပြင်သို့ အပြေးအလွှား ထွက်ခွာသွားကာ သူ၏စက်ဘီးကို တွန်း၍ အရှိန်ဖြင့် ပြေးထွက်သွားလေတော့၏။

သူ၏အမူအရာမှာ အစ်မလျို့က သူ့ထက် အရင်ဦးအောင် သွားရောက်လုယူမည်ကို စိုးရိမ်နေသည့် ပုံစံမျိုးပင်။

အစ်မလျို့ကတော့ ကလေးကို သွားရောက်ကြိုဆိုရန် မလိုအပ်တော့သောကြောင့် မုန့်ပဲသရေစာတချို့ကိုသာ ဝယ်ယူပြီး အိမ်သို့ ပြန်လာခဲ့လေ၏။

အိမ်တွင်တော့ ကျန်းရိကော်က ကျန်းကျိ၊ ဝမ်တုန်တို့နှင့်အတူ ပန်းခြံလေးကို ပြင်ဆင်နေခဲ့ကြလေ၏။

နိုင်ငံသို့ ပြန်မလာမီက ကျန်းရိကော်မှာ နိုင်ငံရပ်ခြားတွင် သူဌေးသားတစ်ဦးကဲ့သို့ ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။

ထို့ကြောင့် သူ့၏ စိတ်နေသဘောထားကို ထိန်းသိမ်းပျိုးထောင်သည့် ပညာရပ်မြောက်အမြောက်အမြားကို သင်ယူခဲ့ဖူး၏။

သူ့အနေဖြင့် မြက်ခင်းပြင် ထိန်းသိမ်းခြင်းနှင့် ပန်းမန်စိုက်ပျိုးခြင်းတို့တွင်လည်း အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်သည်။

ထို့ကြောင့် ဝမ်တုန်ကို နည်းစနစ်အပြည့်အစုံကို သင်ပြသပေးနေခဲ့၏။

ဝမ်တုန်မှာလည်း ကျန်းကျိအပေါ်တွင် အလွန်ပင်သနားဂရုဏာ သက်မိသည်။

သူက ဤကဲ့သို့သော ခေတ်ကာလတွင် ဤရောဂါဆိုးကို ခံစားနေရခြင်းက အလွန်ပင် နာကျင်ဖွယ်ကောင်းလွန်းသည်ဟု တွေးမိသည်။

ထို့ကြောင့် ဤရက်ပိုင်းအတွင်း သူ အလုပ်မအားသည့် အချိန်မှလွဲ၍ အလုပ်ဆင်းသည်နှင့် ကျန်းကျိနှင့်အတူ ဆော့ကစားရန်အတွက် အိမ်သို့ အပြေးအလွှား ပြန်လာလေ့ရှိ၏။

ကျန်းကျိကလည်း သူ့ထက် အသက်ကြီးသော အစ်ကိုဝမ်တုန်ကို အလွန်ပင် နှစ်သက်ရှာသည်။

သူတို့နှစ်ဦးက မျှော်လင့်မထားဘဲ အလွန်ပင် ရင်းနှီးအဆင်ပြေသွားခဲ့ကြလေ၏။

လီရှန်းက ဆရာကြီးရန်နှင့် ကြိုတင်စီစဉ်ထားခဲ့လေပြီ။

လီရှန်းအနေဖြင့် ကျန်းရိကော်ထံမှ အိမ်ဝန်း အမြောက်အမြားကို လွှဲပြောင်းရယူခဲ့ကြောင်းကို သိရှိရပြီးနောက်တွင် ဆရာကြီးရန်ကလည်း သူ၏တပည့်ဖြစ်သူက အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း သိရှိလိုက်လေသည်။

ထို့ကြောင့် သူက ကူညီဆောင်ရွက်ပေးသည့်အနေဖြင့် ဤပိတ်ရက်တွင် စုမိသားစု၏ အိမ်သို့ လာရောက်ကာ ကျန်းကျိအတွက် ရောဂါရှာဖွေ စမ်းသပ်မှုကို ပြုလုပ်ပေးရန်အတွက် သူ၏ မိတ်ဆွေဟောင်း အနည်းငယ်ကိုပါ ရှာဖွေဖိတ်ခေါ်ပေးခဲ့၏။

သေချာပေ၏။ ဤအချက်မှာ ရန်ကျိမင်၏ ကြွားဝါတတ်သော စရိုက်ကြောင့်လည်း ပါဝင်သည်။

တပည့်ရွေးချယ်သည့် ရေနွေးကြမ်းကို သောက်သုံးပြီးနောက်တွင် ရန်ကျိမင်က သူ၏ မိတ်ဆွေဟောင်းများကိုကြွားဝါလေတော့၏။

သူက နောက်ပိုင်းတွင် သူ၏ ဘိုးဘွားများကို ကျော်လွန်သည့် ထက်မြက်လွန်းသော တပည့်ကောင်းတစ်ဦးကို ရရှိခဲ့သည်ဟူ၍ နေရာတိုင်းတွင်ပြောဆိုခဲ့သည်။

စုရှောင်လော်ကဲ့သို့သော ပါရမီရှင် ကလေးငယ်တစ်ဦးကို ပြုစုပျိုးထောင်ပေးနိုင်သည့် မိခင်တစ်ဦးက မည်မျှအထိ ထက်မြတ်လိမ့်မည်နည်း။

အနည်းဆုံးတော့ ရန်ကျိမင်၏ အမြင်အရ လီရှန်းက နားလည်သဘောပေါက်နိုင်စွမ်းနှင့် ကြိုးစားအားထုတ်မှုတွင် ထူးခြားပြောင်မြောက်သူ ဖြစ်သည်။

အထူးသဖြင့် ထိုမိန်းကလေးတွင် ထူးခြားဆန်းသစ်လွန်းသော စိတ်ကူးစိတ်သန်းများ ရှိနေခဲ့သည်။

ဤကဲ့သို့ ကြွားဝါမှုများကြောင့်ပင် ရန်ကျိမင်တစ်ယောက် ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရလေတော့သည်။ သူတို့သည်လည်း ရန်ကျိမင်၏ တပည့်လက်ခံသည့်အခန်းအနားအတွက် စားသောက်ချင်ခဲ့ကြသည်။

ထို့ကြောင့် သူတို့က ရောဂါကို လာရောက် စမ်းသပ်ပေးခြင်းကို အလွယ်တကူလက်ခံကြလေ၏။

ထိုသို့ဖြစ်လာမှသာ သူတို့သည်လည်း သူမ၏ကောင်းမွန်သော လက်ရာကို မြည်းစမ်းခွင့်ရရှိကြလိမ့်မည်။

လက်တွေ့တွင်တော့ သူတို့က ရန်ကျိမင်အတွက် ဝမ်းမြောက်မိကြခြင်း ဖြစ်လေ၏။

ကျန်းရိကော် ဤကဲ့သို့သော ရောဂါစမ်းသပ်မှုအဖွဲ့ လာရောက်မည့်အကြောင်းကို သိရှိရသည့်အချိန်တွင် မည်သူ့ထက်မဆို ပိုမိုပျော်ရွှင်သွားခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ ကျော်ကြားလွန်းသော သမားတော်ကြီးတစ်ဦးနှင့် တွေ့ဆုံရန်ကပင် ခဲယဉ်းလွန်းရုံသည်မဟုတ်ပါလား။

ယခုအချိန်တွင် ဤမျှအထိ ကျော်ကြားလွန်းသော သမားတော် အမြောက်အမြားက ရောဂါစမ်းသပ်ပေးရန်ရောက်လာကြလိမ့်မည်။

လီရှန်းအနေဖြင့် ကြီးမားလွန်းသော ကြိုးစားအားထုတ်မှုများကို ပြုလုပ်ခဲ့ရလိမ့်မည်။

ကျန်းရိကော်ထင်မြင်ချက်အရ သူက အကန့်အသတ်ရှိသော ငွေကြေးပမာဏကိုသာ ပေးချေခဲ့ရသော်လည်း၊ လီရှန်းက သူ့အတွက် အကန့်အသတ်မရှိသော မျှော်လင့်ချက် အလင်းရောင်များကို ယူဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

အစ်မလျို့အနေဖြင့် ကျန်းရိကော်တစ်ယောက် မည်သည့်အတွက်ကြောင့် စိတ်လှုပ်ရှားနေသည်ကို နားလည်သောကြောင့် သူမသည်လည်း ကူညီရန်အတွက် အစွမ်းကုန် ကြိုးစားပေးခဲ့၏။

*

All Chapters