← Chapters

အခန်း ၃၄၅

Vol. 35 Ch. 345

အခန်း ၃၄၅

Vol. 35 Ch. 345

အခန်း(345)

ဤရက်ပိုင်းအတွင်း သူမက ဟင်းသီးဟင်းရွက်ဈေးဝန်းကျင်တွင် အမြဲတစေ သွားလာလှုပ်ရှားနေခဲ့သည်။

အသားနှင့် ငါးများက ပေါ်လာသည်နှင့် ဤတပည့်အဖြစ်လက်ခံသည့် ဧည့်ခံပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အပြေးအလွှား သွားရောက်ဝယ်ယူလေ့ရှိ၏။

ဤအခိုက်အတန့်တွင်ပင် ခါးကုန်းသည့်အမျိုးသားက ဈေးထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး အဝေးမှနေ၍ အစ်မလျို့နှင့် အကြည့်ချင်း ဆုံတွေ့လိုက်ကြ၏။

အကယ်၍ အရေးပေါ် အခြေအနေတစ်ခု မဟုတ်ခဲ့ပါက သူက ဤကဲ့သို့သော ခြေလှမ်းမျိုးကို သေချာပေါက် လှမ်းလိမ့်မည် မဟုတ်ပေ။

အစ်မလျို့က အခြေအနေများက ဆိုးရွားသွားခဲ့ပြီဖြစ်ကြောင်းကို သိရှိလိုက်လေ၏။

ထို့ကြောင့် သူမ၏ ဟင်းခြင်းတောင်းကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး သူ၏ နောက်သို့ လိုက်သွားခဲ့လေတော့၏။

အဆောင်မှူးက တည်ကြည်လေးနက်သော လေသံခပ်တိုးတိုးဖြင့်ပြောလိုက်လေသည်။

“ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့ပြီ၊ လီဟုန်မေ့ သေဆုံးသွားပြီ”

လီဟုန်မေ့လား။

သေဆုံးသွားပြီဟုတ်လား။

“ဒီရက်ပိုင်းအတွင်း ဟဲထန်နဲ့ အမြဲတမ်း ပတ်သက်နေတဲ့ အဲဒီကျောင်းသူလေးပဲ”

အစ်မလျို့၏ ချက်ချင်းပင် ခြေလှမ်းများက တန့်သွားခဲ့ရသည်။

သူမ၏ အကြည့်က မှုန်မှိုင်းသွားလျက်၊ အဆောင်မှူးတစ်ယောက် ဈေးထဲမှ ခြေတစ်လှမ်းချင်း ထော့နဲ့ထော့နဲ့ဖြင့် ထွက်ခွာသွားသည်ကို စိုက်ကြည့်နေမိလေတော့၏။

ထိုနှစ်ဦးက လမ်းခုလတ်တွင် တိုက်ဆိုင်စွာ ဖြတ်သန်းသွားကြသည့် ပုံစံမျိုးသာ ဖြစ်ခဲ့သည်။

အစ်မလျို့၏ စိတ်ခံစားချက်က အောက်ခြေသို့ လုံးဝ ကျဆင်းသွားခဲ့ရ၏။

ချီမိသားစုမှ မိန်းကလေး၊ ကျန်းယွဲ့၊ လီဟုန်မေ့..

သေဆုံးသွားသောမိန်းကလေးများက သုံးယောက်တိတိရှိသွားခဲ့ပြီ။

သူမက တိုက်ဆိုင်မှုဆိုသည်ကို လုံးဝ မယုံကြည်ပေ။ ဟဲထန်၏ ခန္ဓာကိုယ်ပေါ်တွင် သေချာပေါက် ကြီးမားလွန်းသော ပြဿနာတစ်ခု ရှိနေခဲ့၏။

အစ်မလျို့က ဟင်းသီးဟင်းရွက် ဝယ်ယူရမည့် ကိစ္စကို ချက်ချင်းပင် မေ့လျော့သွားခဲ့ရသည်။

သူမက ခြင်းတောင်းကို ကိုင်ဆောင်ပြီး အိမ်သို့ ပြန်လာခဲ့လေ၏။

သူမက အိမ်သို့ ပြန်ရောက်သည့်အချိန်တွင် ကျန်းရိကော်က ကျန်းကျိကို စာသင်ကြားပေးနေဆဲပင်။

သူက သူမက အစောကြီး ပြန်လာသည်ကို မြင်တွေ့ရသောကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။

“မင်း ဘာလို့ ဒီလောက်တောင် စောစောပြန်လာရတာလဲ”

“ ဈေးထဲမှာ ဟင်းသီးဟင်းရွက်တွေ အရမ်း မရှိတော့လို့လေ

ဟူး၊ ဒီရက်ပိုင်း အသားနဲ့ ဟင်းသီးဟင်းရွက်တွေ ဝယ်ရတာ ပိုပြီး ခက်ခဲလာသလိုပဲ၊ ကျွန်မက ငန်းတစ်ကောင်လောက် ဝယ်ဖို့ စဉ်းစားနေတာ”

အစ်မလျို့က ပြောရင်း အခန်းထဲသို့ ဝင်ကာ ဈေးသွားသည့်အချိန်တွင် ဝတ်ဆင်လေ့ရှိသော သာမန်ဝတ်စုံကို လဲလှယ်လိုက်လေတော့၏။

ကျန်းကျိတစ်ယောက် ငန်းဟူသော စကားလုံးကို ကြားရသည်နှင့် မျက်ဝန်းများက ချက်ချင်းပင် တောက်ပလာခဲ့သည်။

“အဒေါ်လီ ချက်တဲ့ ငန်းဟင်းက တကယ်ကို အရသာရှိလွန်းတာ”

“မင်း သဘောကျလို့လား”

အစ်မလျို့က ပြုံးလိုက်ပြီး ကျန်းကျိ၏ နှာခေါင်းလေးကို အသာအယာ တို့ထိလိုက်လေသည်။

ကျန်းကျိက အလေးအနက် ခေါင်းကို ညိတ်ပြလျက် ပြောလိုက်လေ၏။

“ဟုတ်”

“သဘောကျတယ်ဆိုရင် စားရမှာပေါ့၊ ခဏနေကျရင် ငါ ဘေးနားက ရွာတွေဆီ သွားပြီး လယ်သမားတွေထဲမှာ ငန်းရောင်းတဲ့သူ ရှိမလားလို့ လိုက်ကြည့်လိုက်ဦးမယ်၊

ဈေးဘယ်လောက်ပဲပေးရပေးရ၊ ကျိကျိအတွက် ချက်ပေးရမှာပေါ့”

အစ်မလျို့က ပြောရင်းနှင့်ပင် သူမ၏ လက်ကိုမြှောက်၍ လက်ပတ်နာရီကို ကြည့်လိုက်သည်။

“အချိန်က စောပါသေးတယ်၊ ငါ အခုပဲ သွားလိုက်တော့မယ်”

ကျန်းရိကော်က ပျာပျာသလဲဖြင့် ပြောလိုက်လေ၏။

“မလိုပါဘူး၊ မလိုပါဘူး၊ ကလေးရဲ့ စကားတစ်ခွန်းအတွက်နဲ့ ဘာလို့ ဒီလောက်တောင် ဒုက္ခခံနေရဦးမှာလဲ၊ ဒီနေ့ မရှိရင်လည်း မစားကြရုံပေါ့”

သူမက ကလေးကို ဤမျှအထိ အလိုလိုက်လိမ့်မည်ဟု ကျန်းရိကော်တစ်ယောက် လုံးဝ မမျှော်လင့်ထားခဲ့ပေ။

“ဒါက ဘာမှမဟုတ်ပါဘူး၊ ကျိကျိ ပျော်ရွှင်နေဖို့ကသာ အဓိကပဲလေ၊

ရှောင်လီကလည်း ကလေးကို စိတ်ခံစားချက် ကောင်းအောင် ထားရမယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား”

အစ်မလျို့က စက်ဘီးကို တွန်းလိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်လျက် ပြောလိုက်လေသည်။

“ကောင်းပြီ၊ ငါ ချက်ချင်း ပြန်လာခဲ့ပါ့မယ်၊ ကံကောင်းရင်တော့ ဒီနေ့ညနေ ငန်းသားဟင်း စားရမှာပေါ့”

သူမက ပြောပြီးသည်နှင့် လေပြင်းတစ်ချက်ဝေ့သကဲ့သို့ပင် ထွက်ခွာသွားခဲ့လေတော့၏။

ကျန်းရိကော်က သူ၏ မြေးဖြစ်သူ၏ ဦးခေါင်းကို အသာပွတ်သပ်ပေးလိုက်ရင်း ပြောလိုက်လေသည်။

“စာကို ကြိုးကြိုးစားစား ကျက်နော်”

ကျန်းကျိက စိတ်ရှုပ်ထွေးသွားခဲ့ရသော်လည်း အလေးအနက် ခေါင်းကို ညိတ်ပြလိုက်ပြီးနောက် စာကိုသာ ဆက်လက်ကြိုးစားကျက်မှတ်နေခဲ့လေသည်။

ကျောင်းမတက်နိုင်ခဲ့သောကြောင့်၊ သူက ပညာရပ်များကို ပိုမိုသင်ယူချင်စိတ် ပြင်းပြနေခဲ့၏။

အစ်မလျို့က ရန်ရှောင်ကို ရှာဖွေရန်အတွက် စက်ဘီးကို စီး၍ အိမ်ပြင်သို့ ထွက်ခွာခဲ့၏။

သေချာပေ၏။ သူမတွင် ခိုင်လုံလွန်းသော အကြောင်းပြချက် ရှိနေခဲ့သည်။

“လောင်ရန်၊ မင်းရဲ့ အစ်မက မင်းဆီ လာလည်တယ်”

ရန်ရှောင်က ခန္ဓာကိုယ်ကိုစောင်းလျက် သတင်းစာကို ဖတ်ရှုနေချိန်တွင်၊ တံခါးဝမှ တစ်စုံတစ်ဦး၏ လှမ်းခေါ်လိုက်သံကို ကြားလိုက်ရလေ၏။

အစ်မ ဟုတ်လား။

လောင်ရန်က တစ်ဦးတည်းသော သားဖြစ်ပေသည်။

သူ ခေါင်းကို မော့ကြည့်လိုက်သည့်အချိန်တွင် တံခါးဝတွင် နှုတ်ခမ်းကို စေ့လျက် သူ့ကို စိုက်ကြည့်နေသည့် အစ်မလျို့ကို မြင်တွေ့လိုက်ရလေသည်။

သူက ချက်ချင်းပင် ခန္ဓာကိုယ်ကိုမတ်မတ်ထိုင်လိုက်ပြီး ခေါ်လိုက်လေ၏။

“အစ်မ”

သူ့ပုံစံက အမှန်တကယ်ပင် ထိတ်လန့်နေပုံရလေ၏။

“မင်း ဒီရက်ပိုင်း ရှောင်လော်ကို နေ့တိုင်း အလုပ်ခွင်ထဲကို ခေါ်လာနေတယ်လို့ ငါ ကြားတယ်နော်”

အစ်မလျို့က အထဲသို့ တိုက်ရိုက် လမ်းလျှောက်ဝင်လာခဲ့ပြီး ချက်ချင်းပင် စစ်မေးလိုက်လေတော့၏။

ယန်ရှောင် : “...”

“ဟုတ်ပါတယ်”

သူက အစ်မလျို့၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း အလိုက်သင့်ပင် ခေါင်းညိတ်ပြ၍ ဝန်ခံလိုက်ရလေသည်။

“ငါတို့ အပြင်ထွက်ပြီး သေသေချာချာ စကားပြောကြရအောင်”

အစ်မလျို့က အပြင်ဘက်သို့ ညွှန်ပြလိုက်လေ၏။

ရန်ရှောင်ကလည်း သိုးသူငယ်လေးကဲ့သို့ပင် နာခံစွာဖြင့် ထိုင်ရာမှထကာ စိတ်ပျက်သည့်အမူအရာဖြင့် ထွက်ခွာသွားခဲ့သည်။

အစ်မလျို့က ရုံးခန်းတစ်ခုလုံးကို လှည့်ပတ်၍ ကြည့်ရှုလိုက်ပြီးနောက် အလွန် ထက်မြက်လွန်းသော အရှိန်အဝါကြီးဖြင့် သူ၏နောက်မှ လိုက်ပါသွားလေတော့၏။

ထိုပုံစံမှာ မိသားစုထဲရှိ အစ်မတစ်ဦးက အိမ်သို့ပြန်လာခဲ့ပြီး အကျင့်မကောင်းသော မောင်ငယ်လေးကို ဆူပူကြိမ်းမောင်းရန်အတွက် ခေါ်ထုတ်သည့် ပြကွက်နှင့်ပင် တူနေခဲ့သည်။

ရုံးခန်းထဲရှိ လူအားလုံး၏ အာရုံစိုက်မှုက ချက်ချင်းပင် ပြောင်းလဲသွားခဲ့ရလေ၏။

“ဒီကောင်လေး အမြဲတမ်းလျှောက်ကြွားနေတာ၊ အခုတော့ လူကြီးတွေကိုယ်တိုင် လိုက်လာပြီ”

တစ်စုံတစ်ဦးက မှတ်ချက်ချလိုက်လေ၏။

မူလက တိတ်ဆိတ်နေခဲ့သော အခြေအနေက မျက်စိတစ်မှိတ်အတွင်း သက်ဝင်လှုပ်ရှားသွားခဲ့ရသည်။

မည်သူက ရန်ရှောင်ကို ဤမျှအထိ ထောင်လွှားခိုင်းပါသနည်း။

တစ်ဖက်တွင် ရန်ရှောင်က အစ်မလျို့နှင့်အတူ တံခါးအပြင်သို့ ထွက်ခွာသွားခဲ့ပြီးသည်နှင့် သူ၏ အကြောက်တရားများက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေ၏။

အစ်မလျို့ကလည်း သူနှင့် စကားအပိုများကို ပြောမနေဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်ပေသည်။

“လီဟုန်မေ့ သေဆုံးသွားပြီ၊ သူမက မင်းနဲ့ ပတ်သက်ဆက်နွှယ်မှု ရှိတယ်လို့ ငါ မှတ်မိနေတယ်၊

မင်းအနေနဲ့ အဲဒီပတ်သက်မှုကို အသုံးပြုပြီး လီဟုန်မေ့ရဲ့ ရုပ်အလောင်းကို သွားကြည့်ပေးဖို့ နည်းလမ်းရှိလား”

ရန်ရှောင်က နှုတ်ခမ်းကို စေ့လိုက်မိပြီး ခေါင်းကို ခါပြကာ ပြောလိုက်လေသည်။

“ဒါက နည်းနည်းတော့ ခဲယဉ်းလိမ့်မယ်”

သူ့ ဝမ်းကွဲဦးလေး၏ ဇနီး နောက်အိမ်ထောင်ပြုသွားခဲ့ချိန်က အလွန်ပင် သိက္ခာမဲ့လွန်းသောကိစ္စတစ်ခု ဖြစ်ခဲ့သည်။

သူမက သူမ၏ သားနှစ်ဦးလုံးကိုပင် ခေါ်ဆောင်သွားခြင်း မရှိခဲ့ပေ။

ထိုကလေးနှစ်ဦးက မိခင်ဖြစ်သူဘက်မှ အဘွားထံသို့ လိုက်လံရှာဖွေခဲ့သည့် အချိန်ကျမှသာ သူတို့၏ အမေအရင်းက နောက်အိမ်ထောင်ပြုကာ စစ်တပ်ထဲသို့လိုက်ပါသွားခဲ့ပြီဖြစ်ကြောင်းကို သိရှိခဲ့ကြရရှာ၏။

အသက်ရှင်သန်နိုင်ရန်အတွက် ထိုကလေးနှစ်ဦးမှာ ရွာထဲတွင်သာ နေထိုင်ခဲ့ကြရပြီး တခြားသူများ၏ ဂရုဏာဖြင့်သာ ကြိုးစားကြီးပြင်းခဲ့ကြရခြင်း ဖြစ်သည်။

ထိုအချိန်တုန်းက သူကိုယ်တိုင်လည်း သူ၏ ဘဝအတွက်သာ လှုပ်ရှားနေခဲ့ရသောကြောင့် ထိုကလေးနှစ်ဦးအကြောင်းကို သိရှိခဲ့သော်လည်း ကူညီစောင့်ရှောက်ပေးနိုင်ခြင်း မရှိခဲ့ပေ။

ဆိုရလျှင် ထိုကလေးနှစ်ဦးမှလွဲ၍ သူ၏ ဒုတိယအဒေါ်နှင့် သူတို့အကြားတွင် မည်သည့် ဆက်ဆံရေးမျှ ထပ်မံ၍ ရှိမနေခဲ့တော့ပေ။

“ခင်ဗျား ဘာကို သံသယဝင်နေလို့လဲ”

ရန်ရှောင်က မေးမြန်းလိုက်လေ၏။

အစ်မလျို့က ခေါင်းကိုခါပြလာသည်။

“ငါက တစ်စုံတစ်ခုလွဲချော်နေတယ်လို့ ခံစားနေရရုံပဲ၊ လီဟုန်မေ့နဲ့ ဟဲထန်က အရမ်း ရင်းနှီးခဲ့ကြတာ၊ ငါ သူမ သေဆုံးရတဲ့ အကြောင်းရင်းကို သိချင်တယ်”

လီဟုန်မေ့၏ ခန္ဓာကိုယ်ပေါ်တွင် ထိုဆေးဝါးမျိုး ရှိနေသေးလားဆိုသည်ကိုပါ ထပ်မံရှာဖွေကြည့်နိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ရန်ရှောင်က စိတ်ပျက်စွာဖြင့် စီးကရက်တစ်လိပ်ကို ညှိလိုက်လေသည်။

ဤကိစ္စက အလွန်ခဲယဉ်းသည်လည်း မဟုတ်သကဲ့သို့၊ လွယ်ကူသည်လည်း မဟုတ်ပေ။

အဓိကပြဿနာက သူ့အနေဖြင့် ဝင်ရောက်စွက်ဖက်ရန်အတွက် ခိုင်လုံသော အကြောင်းပြချက် မရှိခြင်းပင် ဖြစ်၏။

သူက စိတ်ရှုပ်ထွေးနေချိန်မှာပင် မလှမ်းမကမ်းရှိ အဆောင်တံခါးဝမှ လူတစ်ဦးက ဦးခေါင်းပြူထွက်လာလေသည်။

ထိုလူက လက်ထဲတွင် ဖုန်းကို ကိုင်ဆောင်လျက် ရန်ရှောင်ကိုလှမ်းအော်လိုက်လေ၏။

“လောင်ရန်၊ မင်းအဘိုးဆီက ဖုန်းလာနေတယ်”

ရန်ရှောင်က ချက်ချင်းပင် ထရပ်လိုက်ပြီး စီးကရက်ကို လွှင့်ပစ်ကာ ခြေဖြင့်နင်းခြေလိုက်လေ၏

ထို့နောက် ထိုနေရာဆီသို့ ချက်ချင်းပင် သွားခဲ့လေသည်။

လေ့ကျင့်ရေးစခန်းရှိ ဆရာများထံထံတွင် တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပွားခဲ့သည်လား။

သူ ဖုန်းကို လက်ခံဖြေလိုက်သည့်အချိန်တွင် တစ်ဖက်မှ အဘိုးဖြစ်သူ၏ အလွန်ပင် လေးနက်မှုန်မှိုင်းလွန်းသော အသံကို ကြားလိုက်ရလေသည်။

“မင်း မင်းရဲ့ ဒုတိယအဒေါ်ကို မှတ်မိသေးလား”

ယန်ရှောင် : “..မှတ်မိပါတယ်”

ဒါက ဘာလဲ။

သူ တွေးတောနေတဲ့အရာက တကယ်ပဲ ဖြစ်လာခဲ့တာလား။

*

ရန်ရှောင်က ဖုန်းချလိုက်ပြီးနောက်၊ အစ်မလျို့ဘက်သို့ လှည့်ပြီး ပြောလိုက်လေသည်။

“ကျွန်တော့်မှာ လီဟုန်မေ့ရဲ့ ရုပ်အလောင်းကို သွားရောက်စစ်ဆေးဖို့ နည်းလမ်း ရသွားပြီ၊ ဒါပေမဲ့ ပြဿနာတစ်ခု ရှိနေတယ်၊

ကျွန်တော်က ဆေးဝါးတွေအကြောင်းကို နားမလည်ဘူး၊ တကယ်လို့ လီဟုန်မေ့က ဆေးဝါးကြောင့် သေဆုံးခဲ့ရတယ်ဆိုရင်တောင်မှ ကျွန်တော် ခွဲခြားနိုင်မှာ မဟုတ်ဘူး၊

အခု ကျွန်တော်နဲ့အတူ လိုက်ပေးမယ့် လူတစ်ယောက် လိုအပ်နေတယ်”

*

All Chapters