အခန်း ၃၄၆
Vol. 35 Ch. 346
အခန်း(346)
အစ်မလျို့က အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။
ပြဿနာမှာ အစ်မလျို့က လက်ရှိတွင် ကျန်းရိကော်နှင့် သူ၏မြေးဖြစ်သူကို ပေကျင်းသို့ ဆေးကုသရန်အတွက် လိုက်ပါစောင့်ရှောက်ပေးနေသူ ဖြစ်သည်။
ထို့ကြောင့် သူမအနေဖြင့် တခြားသောအခြေအနေများတွင် ပေါ်ထွက်လာရန်က လုံးဝ မသင့်တော်ပေ။
ရန်ကျိမင်ဆိုလျှင် ပို၍ပင် မသင့်တော်ပေ။
သူက အိုမင်းရင့်ရော်နေရုံမျှမက၊ ကွယ်လွန်သူက သူ၏ကွယ်လွန်သူဇနီး၏ ဝမ်းကွဲတူ၏ နောက်အိမ်ထောင်ပြုခဲ့သော ဇနီးသည် မိသားစုမှ ဖြစ်သည်။
ဤမျှအထိ ရှုပ်ထွေးလွန်းသော ပတ်သက်မှုများကြောင့် ရန်ရှောင် ပေါ်ထွက်လာရန်အတွက် အကြောင်းပြချက် ရှိနိုင်သော်လည်း၊ အဘိုးဖြစ်သူအနေဖြင့် သွားရောက်ရန် အဆင်မပြေပေ။
အသင့်တော်ဆုံးဖြစ်သော လူနှစ်ဦးလုံးက အရှေ့သို့ မလှမ်းနိုင်ကြသောကြောင့်၊ အခြေအနေများက ထိုနေရာတွင်ပင် ပိတ်ဆို့သွားခဲ့ရလေတော့၏။
“ကျွန်မ သွားရင်ဘယ်လိုလဲ”
လီရှန်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး စိတ်ပိုင်းဖြတ်လိုက်လျက် ပြောလိုက်လေသည်။
“ကျွန်မက ဆရာ့ရဲ့ တပည့်အရင်းပဲလေ၊ ဆရာ ကိုယ်တိုင် ရှေ့ထွက်ဖို့ အဆင်မပြေဘူးဆိုရင်၊
ကျွန်မက အငယ်အနေနဲ့ သွားရောက်တာက တစ်ဖက်လူကိုလည်း မျက်နှာပွင့်စေသလို၊
အရမ်းတရားဝင်ဆန်နေတာမျိုးလည်း မဖြစ်စေဘူး”
သို့သော် ပြဿနာက...
“ဟဲထန်ကလည်း သေချာပေါက် အဲဒီကို ရောက်လာလိမ့်မယ်”
မူလက လီရှန်းက ဟဲထန်ကို ရှောင်ရှားနေခြင်းဖြစ်ပေ၏။ ယခုအချိန်တွင် သူမကိုယ်တိုင် ထိုနေရာသို့ အရောက်သွားမည်ဆိုပါက ပြဿနာကို သူမဘာသာ သွားရှာသကဲ့သို့ ဖြစ်နေလိမ့်မည်။
“သူ လာချင်ရင်လည်း လာပါစေ၊ ကျွန်မတို့တွေ သက်သေကို အမြန်ဆုံး ရှာဖွေတွေ့ရှိပြီး သူ့ကို ဖမ်းဆီးနိုင်လေ ကျွန်မအတွက် ပိုပြီး ဘေးကင်းလေပါပဲ၊
မဟုတ်ရင် အမှောင်ရိပ်ထဲကနေ တစ်စုံတစ်ဦးက အမြဲစောင့်ကြည့်နေသလို ခံစားနေရရင် ကျွန်မ စာသင်ကြားတဲ့နေရာမှာ စိတ်အာရုံ စူးစိုက်နိုင်မှာ မဟုတ်ပါဘူး”
“ကျွန်မ ငါးစာအဖြစ် ဟန်ဆောင်ပြီး သူ့ရဲ့ မူလလက်ရာ အစစ်အမှန်ကို ထွက်ပေါ်လာအောင် လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ တန်ဖိုးရှိပါတယ်”
သူမက ဤစကားများကို အံကြိတ်လျက် ပြောခဲ့ခြင်းဖြစ်သည်။
အတိတ်ဘဝက သေဆုံးခြင်း၏ အရိပ်မည်းကြီးက အလွန်ပင် ပြင်းထန်လွန်း၏။
ထို့ကြောင့် ယခုတိုင်အောင် လီရှန်း အနေဖြင့် တွေးတောမိသည့် အချိန်တိုင်းတွင် ထိုစိတ်ပျက်ကြောက်ရွံ့သော ခံစားချက်ကို ပြင်းထန်စွာ ခံစားနေရဆဲပင်။
အကယ်၍ အစ်မလျို့နှင့် ရန်ရှောင်တို့၏ ပြောစကားသာ မှန်ကန်ပါက ဟဲထန်က မိန်းကလေး သုံးဦးအထိ သတ်ဖြတ်ခဲ့ပြီးပြီဖြစ်၍ လွယ်လွယ်နှင့် ရပ်တန့်မည့်ပုံ မပေါ်ပေ။
လီရှန်းက ယခုအချိန်တွင် သူမအနေဖြင့် ခေတ္တမျှ တွန့်ဆုတ်နေမိပါက စတုတ္ထမြောက် သားကောင်က ထပ်မံ၍ ပေါ်ထွက်လာမည်ကို စိုးရိမ်ပူပန်နေမိ၏။
လီရှန်းက သွားရောက်ချင်သော်လည်း စုဝေ့ချင်းက သဘောမတူခဲ့ပေ။
သို့သော် သူ သဘောမတူလျှင်ပင် မည်သည့်အရာမှမလုပ်နိုင်ပါချေ။
သူက လီရှန်းကို ဖျောင်းဖျ၍ မရနိုင်သောကြောင့် နောက်ဆုံးတွင် အလျှော့ပေးလိုက်ရလေတော့၏။
“..မင်း သွားချင်တယ်ဆိုရင် ကိုယ်လည်း မင်းနဲ့အတူ လိုက်ခဲ့မယ်”
လီရှန်း မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်လေသည်။
“ရှင် မလိုက်သင့်ဘူး၊ ရှင်က အိမ်မှာပဲ နေပြီး ရှောင်လော်ကို သေသေချာချာ စောင့်ရှောက်ပေးပါ”
အကယ်၍ ဤခရီးတွင် တစ်စုံတစ်ရာ အန္တရာယ်ရှိခဲ့ပါက အနည်းဆုံးတော့ ဤနေရာ၌ ကလေးကို ပြုစုစောင့်ရှောက်မည့်သူတစ်ဦး ကျန်ရှိနေမည် မဟုတ်ပါလား။
“မင်း ကိုယ်ကို မလိုက်ခိုင်းဘူးဆိုရင် ကိုယ်တို့နှစ်ယောက်လုံး မသွားရဘူး”
စုဝေ့ချင်းက အံကို တင်းတင်း ကြိတ်လိုက်မိသည်။
သူ့အနေဖြင့် လီရှန်းတစ်ဦးတည်းကို အန္တရာယ်ရှိသောနေရာသို့ မည်ကဲ့သို့ စွန့်စားသွားခိုင်းပါမည်နည်း။
ထို့အပြင် သူ့၌ စနစ် တစ်ခု ရှိနေသည်မဟုတ်ပါလား ထိုစနစ်က စာပေသင်ကြားရေး စနစ်မျှသာ ဖြစ်နေလျှင်ပင် နောက်ဆုံးအခြေအနေသို့ ရောက်ရှိလာပါက စနစ်အကြောင်းကို ဖွင့်ချလိုက်ပြီး နိုင်ငံတော်အား သူ့ကို ကာကွယ်ပေးရန် တောင်းဆိုလိုက်နိုင်သည်။
အဆိုးဆုံးဖြစ်လာလျှင် နောက်ဘဝမှသာ သုတေသနပြုခံရရန် အကျဉ်းချခံလိုက်တော့မည်။
သူ့အနေဖြင့် နိုင်ငံတော်က လိုလားတောင့်တသောအရာကို ပေးစွမ်းနိုင်သရွေ့၊ နိုင်ငံတော်က သူ့ကို သေချာပေါက် ကာကွယ်ပေးလိမ့်မည်ဟု ယုံကြည်၏။
စုဝေ့ချင်းက ဤအချက်အပေါ် ယုံကြည်ချက် အပြည့်ရှိနေသည်။
စုဝေ့ချင်း၏ အနည်းငယ် နီရဲနေသော မျက်ဝန်းများနှင့် ခေါင်းမာလွန်းသော စိတ်ခံစားချက်များကိုမြင်လျှင် လီရှန်းအနေဖြင့် ထိုအမျိုးသားမ သူမအတွက် အမှန်တကယ်ပင် စိုးရိမ်ပူပန်နေကြောင်းကို သိရှိလိုက်လေ၏။
သူမက ဘေးတွင်ရှိနေကြသော ရန်ရှောင်နှင့် အစ်မလျို့တို့ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူ့ကို ပွေ့ဖက်လိုက်လေသည်။
ထို့နောက် သူ၏နောက်ကျောကို အသာပုတ်ပေးလိုက်လေတော့၏။
“မကြောက်ပါနဲ့၊ ဟဲထန်က ကျွန်မကို ဘာမှလုပ်ရဲမှာ မဟုတ်ပါဘူး၊ ကျွန်မဘက်က သူ့ရဲ့ လှည့်ဖြားဖြားယောင်းတာကို မခံရသရွေ့ ဘာမှမဖြစာနိုင်ဘူး”
လီရှန်း သူမ၏ အတိတ်ဘဝကို ပြန်လည်၍ တွေးတောလိုက်မိသည်။ သူမက ဟဲထန်၏ ဖြားယောင်းမှုကို ခံခဲ့ရခြင်းမျိုး မဟုတ်ခဲ့ပေ။
သို့သော် သူမ၏ ကျန်းမာရေးက အဘယ်ကြောင့် တဖြည်းဖြည်းနှင့် ဆိုးရွားပျက်စီးသွားခဲ့ရသည်။
ယခုအချိန်တွင် သေသေချာချာ ပြန်လည်၍ စဉ်းစားကြည့်မှသာ ဟဲထန်က သူမထံသို့ လာရောက်တွေ့ဆုံသည့် အကြိမ်တိုင်းတွင် သူမ၏ ကျန်းမာရေးက အနည်းငယ်မျှစီ ပိုမို ဆိုးရွားလာခဲ့ခြင်း ဖြစ်ကြောင်းကို သဘောပေါက်မိလေ၏။
အစ်မလျို့နှင့် ရန်ရှောင်တို့၏ ပြောစကားများက အလုံးစုံမပြည့်စုံခဲ့သော်လည်း လီရှန်းအနေဖြင့် ဟဲထန်က တစ်စုံတစ်ရာသော ဆေးဝါးများနှင့် ပတ်သက်ဆက်နွှယ်နေကြောင်းကို သဘောပေါက်လိုက်လေသည်။
အတိတ်ဘဝတွင်လည်း ဟဲထန်က သူမကို ဆေးခတ်၍ လုပ်ကြံခဲ့ခြင်းမျိုး ဖြစ်နိုင်မည်လား။
လီရှန်းတစ်ယောက် သူမ၏ အတိတ်ဘဝတွင် သတိမပြုမိဘဲ လျှစ်လျူရှုခဲ့မိသော အချက်တစ်စုံတစ်ရာ ရှိနေခဲ့ရမည်ဟု ခံစားလိုက်ရလေ၏။
အကယ်၍ ဟဲထန်က သူမကို ဆေးခတ်ရန်အတွက်သာ တကောက်ကောက် လိုက်လံရှာဖွေခဲ့ခြင်းဆိုပါက၊ သူမက အမှန်တကယ်ပင် သနားစရာ ကောင်းလွန်းသည်။
သူမ၏ အသက်နှင့် ကျန်းမာရေးကို ဆုံးရှုံးခဲ့ရသည့်အပြင် သေဆုံးသည်အထိ သူတစ်ပါး၏ အိမ်ထောင်ရေးကို နှောင့်ယှက်သူဟူသော နာမည်ဆိုးကြီးကိုပါ သယ်ဆောင်သွားခဲ့ရသည် မဟုတ်ပါလား။
ထို့ကြောင့်ပင် လီရှန်းက ယခုတစ်ကြိမ်တွင် ဟဲထန်၏ ဟာကွက်ကို သေချာပေါက် ရှာဖွေဖော်ထုတ်ရလိမ့်မည်။
သူမက စုဝေ့ချင်းကို ဖျောင်းဖျ၍ မရနိုင်တော့သောကြောင့် နောက်ဆုံးတွင် စုဝေ့ချင်းလည်း အတူလိုက်ပါလာမည့် အကြံကို သဘောတူလိုက်ရလေတော့၏။
သို့သော် ဟဲထန်ကို မြင်တွေ့ရသည့်အချိန်တွင် မည်သည့်အမူအရာမျှ ထွက်ပေါ်မလာစေရန်နှင့် သူ့ကို ရိပ်မိမသွားစေရန်အတွက် အထပ်ထပ်အခါခါ ညွှန်ကြားလိုက်သည်။
ယခုအချိန်တွင် လီရှန်းအတွက် ဟဲထန်က တူညီသောဇာတိမှလူတစ်ဦးမျှသာ ဖြစ်သင့်ပြီး၊ ရင်းနှီးသော အတန်းဖော်တစ်ဦး ဖြစ်မနေသင့်ပေ။
စုဝေ့ချင်းဆိုလျှင် ဟဲထန်ကို လုံးဝမသိနေခဲ့ပေ။
စုဝေ့ချင်းက ခေါင်းညိတ်ပြလျက် ပြောလိုက်လေသည်။
“ သေချာတာပေါ့၊ မင်း ကိုယ်ရဲ့ သရုပ်ဆောင်ပညာကို ယုံကြည်ရမယ်”
လီရှန်းကတော့ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သော်လည်း ခေါင်းညိတ်၍ သဘောတူလိုက်ရလေတော့၏။
လီဟုန်မေ့၏ မိဘများက အလွန်ပင် လျင်မြန်စွာ ရောက်ရှိလာခဲ့ကြလေသည်။
သူတို့နှင့်အတူ လူငယ်စစ်သားတစ်ဦးလည်း လိုက်ပါလာခဲ့သည်။ ထိုသူက လီဟုန်မေ့၏ ခင်ပွန်းဖြစ်ပေ၏။
လီဟုန်မေ့က ကျောင်းဝန်းထဲတွင် သေဆုံးခဲ့ခြင်းဖြစ်သောကြောင့် ကျောင်းဘက်က တွေ့ရှိချိန်တွင် ချက်ချင်းပင် အမှုဖွင့်တိုင်တန်းခဲ့သည်။
ယခုအချိန်တွင် သူမ၏ ရုပ်အလောင်းက ရဲစခန်း၏ ရင်ခွဲရုံထဲ၌ ရှိနေခြင်း ဖြစ်လေ၏။
လီဟုန်မေ့၏ သေဆုံးမှုက အလွန်ပင် စိတ်မကောင်းစရာ ကောင်းလွန်းသည်။
သူမက မကွယ်လွန်မီက မည်မျှအထိ ဒုက္ခဝေဒနာများကို ခံစားခဲ့ရသည်ကို မသိရှိနိုင်ပါသော်လည်း၊ သူမ၏ ခန္ဓာကိုယ်က အလွန်ပင် ပိန်ချုံးခြောက်သွေ့နေခဲ့လေ၏။
မျက်နှာပြင်က အပြာရောင်သန်းပြီး ညိုမွဲနေကာ ဆံပင်များကလည်း ဖြူဆွတ်နေခဲ့ရ၏။
လီဟုန်မေ့၏ ဖခင်က သူမကို တစ်ချက်မျှ လှမ်းကြည့်လိုက်ရုံဖြင့်ပင် လဲကျသွားခဲ့ရရှာသည်။
သူတို့၏ ဘေးရှိ အမျိုးသမီးက ခင်ပွန်းဖြစ်သူကို လျင်မြန်စွာပင်ထိန်းပေးလိုက်ရင်းလှမ်းခေါ်လိုက်လေ၏။
“ရှောင်လျို့၊ မင်းအဖေကို အမြန် ကူတွဲပေးလိုက်ဦး”
“အဲ့ဒါ ရှင့်ရဲ့ ဒုတိယအဒေါ်လား”
လီရှန်းက မေးမြန်းလိုက်လေသည်။
ရန်ရှောင်က ခေါင်းညိတ်ပြလိုက်လေသည်။
“ဟုတ်တယ်”
သူ၏ အကြည့်က ရှုပ်ထွေးနေခဲ့သည်။ နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီဖြစ်သော်လည်း၊ သူ၏ ဒုတိယအဒေါ်က ပြောင်းလဲခြင်းမရှိဘဲ ပို၍ပင် ငယ်ရွယ်နုပျိုနေပုံရ၏။
ဤသည်က သူမအနေဖြင့် လွန်ခဲ့သော နှစ်များအတွင်း မည်မျှအထိ သက်တောင့်သက်သာ နေထိုင်ခဲ့ရကြောင်းကိုပြသနေသည်။
သူမက လီဟုန်မေ့ကို ကြည့်ရှုသည့်အချိန်တွင်လည်း အံ့အားသင့်ရုံမျှသာ ရှိပြီး ဝမ်းနည်းပူဆွေးခြင်း မရှိပေ။
သူမက သူမ၏ လင်ပါသမီးကြားမှ ဆက်ဆံရေးက သာမန်သာ ရှိခဲ့ပြီး၊ သေဆုံးမှုကပင် သူမ၏ ဂရုဏာစိတ်ကို မနှိုးဆွနိုင်ခဲ့ပုံရသည်။
လီဟုန်မေ့၏ ဖခင်ဖြစ်သူမှာ မကြာမီမှာပင် သတိပြန်လည်လာခဲ့ပြီး ရင်ခွဲရုံခုတင်ကို ဆုတ်ကိုင်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့၏။
မည်သို့ပင်ဖြစ်စေ သူမက သူ၏ သမီးအရင်းဖြစ်နေသည်မဟုတ်ပါလား။
လွန်ခဲ့သော နှစ်ကာလများအတွင်း သူတို့က စကားများရန်ဖြစ်နေခဲ့သော်လည်း သူမက အမှန်တကယ်ပင် သေဆုံးသွားခဲ့ရသည့် အချိန်တွင် အဖေတစ်ယောက်အနေဖြင့် အဘယ်ကြောင့် ဝမ်းမနည်းဘဲနေနိုင်ပါမည်နည်း။
အထူးသဖြင့် သူမက၊ ဤမျှအထိ ဆိုးရွားလွန်းသော ပုံစံဖြင့် သေဆုံးသွားခဲ့ရသည်။
ခင်ပွန်းသည် သတိရလာသည်ကို မြင်သည့်အချိန်တွင် ဇနီးသည်ကလည်း ချက်ချင်းပင် သူမ၏ လက်ကိုင်ပုဝါကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိပြီး မျက်ဝန်းများထဲတွင် မျက်ရည်များ ပြည့်လျှံလာခဲ့လေ၏။
သူမက သူမ၏ ဘေးရှိ ရဲအရာရှိကို ဖက်တွက်လျက် ဝမ်းပန်းတနည်း ငိုကြွေးရင်း ပြောလိုက်လေသည်။
“ကျွန်မသမီးက ဘာလို့ ဒီလိုပုံစံဖြစ်သွားရတာလဲ၊ သူမ တက္ကသိုလ်တက်ခါစတုန်းက ဒီလိုပုံစံမျိုး လုံးဝ မဟုတ်ပါဘူး”
ထိုအချိန်က လီဟုန်မေ့၏အသွင်အပြင်က အနည်းငယ် ကြမ်းတမ်းခက်ထန်သည်ဟု ထင်ရသော်လည်း ကျန်းမာသန်စွမ်းနေခဲ့သည်။
လီဟုန်မေ့၏ ခင်ပွန်းဖြစ်သူကလည်း အလွန်ပင် ဝမ်းနည်းပူဆွေးနေခဲ့ရလေ၏။
သူက လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်မိပြီး နှုတ်ခမ်းကို ကိုက်လျက်မေးမြန်းလိုက်လေ၏။
“ရဲဘော်၊ ကျွန်တော်.. ကျွန်တော့်ဇနီး သေဆုံးရတဲ့ အကြောင်းရင်းကို သိချင်ပါတယ်”
မည်ကဲ့သို့သော ရောဂါဝေဒနာက လူတစ်ယောက်ကို ဤမျှအထိ ဒုက္ခခံစားရအောင် ပြုလုပ်နိုင်ပါသနည်း။
ထိုစစ်သည်၏ စကားကို ကြားရသည့်အချိန်တွင်၊ ရဲအရာရှိ၏ မျက်ဝန်းများထဲတွင် ဂရုဏာသက်သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ရလေသည်။
သို့သော် သူ၏ တာဝန်ဝတ္တရားအရ သူက သူ၏ မှတ်စုစာအုပ်ကို ဖွင့်လှစ်လိုက်ပြီး လီဟုန်မေ့၏ ခင်ပွန်းဖြစ်သူကိုပြောလိုက်လေ၏။
“ရင်ခွဲစစ်ဆေးချက် ရလဒ်အရဆိုရင်တော့၊ သူမရဲ့ ခန္ဓာကိုယ်အတွင်း ကလီစာတွေ ပျက်စီးမှုကြောင့် ကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ်၊
ဒါပေမဲ့ သူမရဲ့ သားအိမ်ထဲမှာ ဆွေးမြည့်နေတဲ့ အချင်းတစ်ခုကိုလည်း တွေ့ရှိရပါတယ်”
*