အခန်း ၃၄၇
Vol. 35 Ch. 347
အခန်း(347)
ဆွေးမြည့်နေတဲ့ အချင်း ဟုတ်လား။
လီရှန်းက စုဝေ့ချင်း၏ လက်ချောင်းများကို တင်းကြပ်စွာဆုပ်ကိုင်လိုက်မိ၏။
“အဲဒါ ဘာကို ဆိုလိုတာလဲ”
ရန်ရှောင်က အနည်းငယ် စိတ်ရှုပ်ထွေးလျက် မေးမြန်းလိုက်လေ၏။
“ရဲအရာရှိပြောချင်တဲ့ အဓိပ္ပာယ်က လီဟုန်မေ့ မကွယ်လွန်ခင်တုန်းက သူမရဲ့ ဝမ်းဗိုက်ထဲမှာ သေဆုံးနေတဲ့ သန္ဓေသား ရှိနေခဲ့တာပါ”
လက်ရှိတွင်တော့ ထိုသန္ဓေသား သေဆုံးခဲ့သည်က မည်မျှအထိ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းကို သေသေချာချာ မသိရှိရသေးပေ။
သို့သော် ခင်ပွန်းသည်၏ အံ့အားသင့် ဆွံ့အသွားသော မျက်နှာအမူအရာကို ကြည့်ရှုခြင်းအားဖြင့်၊ သူသည်လည်း ဤကလေးငယ် တည်ရှိနေခြင်းကို မသိသေးပုံရသည်။
အကယ်၍ ဤကလေးက လီဟုန်မေ့၏ ခင်ပွန်းသည်နှင့်ရထားသော ကလေး ဖြစ်ခဲ့ပါက ကျောင်းဖွင့်ချိန်မှ ယခုအချိန်ထိဆိုလျှင် မိခင်၏ ဝမ်းဗိုက်ထဲတွင် သေဆုံးနေခဲ့ရသည်မှာ တစ်လနီးပါးခန့် ရှိနေခဲ့လေပြီ။
လွန်ခဲ့သော တစ်လခန့်က ဟဲထန်နှင့် လီဟုန်မေ့တို့သိကျွမ်းခဲ့ကြပြီလား ဆိုသည်ကိုတော့ မသိရှိရသေးပေ။
အကယ်၍ ဟဲထန်က သူမနှင့် သိကျွမ်းခဲ့ပြီးမှ ဤသို့ဖြစ်ပွားခဲ့ခြင်း ဆိုပါက၊ သူက ကြီးမားလွန်းသော ရာဇဝတ်မှုဆိုးကြီးကို ကျူးလွန်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အရေးအခင်းက ဆယ်စုနှစ်တစ်ခုခန့် ဖွစ်ပွားခဲ့သည့်အတိက် ရဲတပ်ဖွဲ့ဗျူရိုထဲ၌ပင် ပစ္စည်းကိရိယာများပြည့်စုံစွာ တပ်ဆင်ထားနိုင်ခြင်း မရှိသေးပေ။
သို့သော် ဤနေရာက မြို့တော်ဖြစ်သောကြောင့် မှုခင်းဆရာဝန်များကတော့ ရှိနေဆဲ ဖြစ်ပေသည်။
လီမိသားစုရောက်ရှိလာကြောင်းကို ကြားသိရသည်နှင့် မှုခင်းဆရာဝန်က ချက်ချင်းပင် အပြေးအလွှား ရောက်ရှိလာခဲ့လေ၏။
သူက အစီရင်ခံစာတွင် ရရေးသားထားသည့် အချက်အလက်များထက် ပို၍ သိရှိထားသူ ဖြစ်သည်။
ထိုအချက်အလက်များထဲတွင် သန္ဓေသား၏ ကိုယ်ဝန်ပတ်သက်မှု သက်တမ်းနှင့် ကိုယ်ဝန်ပျက်ကျခဲ့သည့် အချိန်ကာလတို့ ပါဝင်၏။
“..ရင်ခွဲစစ်ဆေးချက်အရ၊ ကလေးရဲ့ အသက်က နှစ်လဝန်းကျင်ခန့် ရှိနေခဲ့ပြီး၊ ပုပ်သိုးဆွေးမြည့်မှု အခြေအနေကို ကြည့်ခြင်းအားဖြင့် သန္ဓေသားက လွန်ခဲ့တဲ့ တစ်လခန့်ကတည်းက ဖွံ့ဖြိုးမှု ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်”
ထိုမှုခင်းဆရာဝန်က ရှင်းပြလေသည်။
တစ်နည်းအားဖြင့်ပြောရသော် အချင်း၏အရွယ်အစားနှင့် ကိုယ်ဝန်ပျက်ကျခဲ့သည့် အချိန်ကာလကို ခြုံငုံတွက်ချက်ကြည့်လျှင်၊ ထိုကလေးငယ်က အသက်သုံးလဝန်းကျင်ခန့်ရှိနေခဲ့လေ၏။
လီဟုန်မေ့၏ခင်ပွန်းသည်မှာ ချက်ချင်းပင် ပြင်းထန်လွန်းသော ဝမ်းနည်းပူဆွေးမှုဒဏ်ကို ခံစားလိုက်ရလပြန်၏။
ဤကလေးက သူ၏ရင်သွေး ဖြစ်သည်။ လွန်ခဲ့သော သုံးလခန့်က လီဟုန်မေ့က စစ်တပ်ထဲတွင် ရှိနေဆဲပင်။
ထိုအချိန်က သူတို့နှစ်ဦးက ကလေးငယ်ကို ချန်ထားခဲ့ကာ တက္ကသိုလ်တက်မည့်ကိစ္စနှင့် ပတ်သက်ပြီး အပြင်းအထန် စကားများခဲ့ကြသေးသည်။
သူ့အနေဖြင့် သူတို့က အိမ်ထောင်ကျပြီးသားဖြစ်ကြသောကြောင့် ရည်မှန်းချက်အလှမ်းဝေးလွန်းသော အရာများကို လိုက်လံရှာဖွေမနေတော့ဘဲ ရိုးသားစွာ နေထိုင်သွားသင့်သည်ဟု ခံစားခဲ့ရလေ၏။
သို့သော် လီဟုန်မေ့က သဘောမတူခဲ့ပေ။
သူမက သူမ၏အိပ်မက်မှာ တက္ကသိုလ်တက်ရန် ဖြစ်ကြောင်းပြောခဲ့သည်။ သူမ၏ ဖခင်ကိုလည်း သူမ၏ ထူးချွန်ထက်မြက်မှုကို မြင်တွေ့စေချင်ခဲ့သည်။
မိထွေးတွင်ပါလာခဲ့သော မွေးချင်းများ၏ အရှေ့တွင်လည်း သိက္ခာရှိရှိ ရပ်တည်နိုင်ရန်နှင့် သူတို့ထက်မြင့်မားသော အဆင့်အတန်းမျိုးသို့ ရောက်ရှိသွားရန်ကြိုးစားမည်ဟု ပြောခဲ့၏။
ထို့ကြောင့်ပင် ဇနီးမောင်နှံနှစ်ယောက်က စိတ်ဝမ်းကွဲပြားပြီး လမ်းခွဲခဲ့ကြရခြင်း ဖြစ်သည်။
သို့သော် သူမ၏ တက္ကသိုလ်တက်သည့် ခရီးစဉ်က သူမကို သေဆုံးခြင်းဆီသို့ ဦးတည်သွားစေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
မှုခင်းဆရာဝန်က လီဟုန်မေ့၏ အခြေအနေနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးခဲ့လေသည်။
“..ကျွန်တော့်ရဲ့ ကောက်ချက်အရဆိုရင်တော့ သူမ ကွယ်လွန်ရတာကလည်း ဒီအကြောင်းရင်းကြောင့် ဖြစ်နိုင်ပါတယ်၊
သန္ဓေသားက ခန္ဓာကိုယ်ထဲမှာ ပုပ်သိုးဆွေးမြည့်သွားတဲ့အချိန်မှာ သွေးဆိပ်တက်တာနဲ့ ခန္ဓာကိုယ်အတွင်း ကလီစာတွေပျက်စီးခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်၊
သူမ သေဆုံးရတဲ့ အကြောင်းရင်းက တစ်စုံတစ်ရာ တူညီနေတယ်ဆိုပေမဲ့၊ အဲဒါက..”
သူက ဤနေရာတွင် စကားကို ခေတ္တမျှ ရပ်နားလိုက်လေသည်။
“သူမလိုမျိုး ဆံပင်တွေ ဖြူဆွတ်ပြီး ကျွတ်ထွက်ကုန်တဲ့အပြင် အရိုးတွေအထိပါ အားအင်ကုန်ခမ်းပျက်စီးသွားတဲ့ လက္ခဏာမျိုးကို မြင်တွေ့ရတာ ကျွန်တော့်ဘဝမှာ ဒါပထမဆုံးအကြိမ်ပါပဲ”
မှုခင်းဆရာဝန်က ဟဲထန်တွင် ခန္ဓာကိုယ်ကို အိုမင်းရင့်ရော်စေသော ဆန်းကြယ်သည့် ဆေးဝါးရှိနေကြောင်းကို လုံးဝ မသိရှိပေ။
ထို့ကြောင့် လီဟုန်မေ့၏ သေဆုံးမှုပုံစံကို အလွန်ပင်ထူးဆန်းအံ့သြဖွယ် ကောင်းလွန်းသည်ဟုသာ ထင်မှတ်နေခဲ့သည်။
ယခုအချိန်တွင် သေဆုံးရသည့် အကြောင်းရင်းက လူသတ်မှုမဟုတ်ဘဲ ရောဂါဝေဒနာကြောင့်သာ ဖြစ်ကြောင်းကို ဆုံးဖြတ်ထားလေ၏။
ထို့ကြောင့် လီမိသားစုအနေဖြင့် ဈာပနကိစ္စများကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်ရန်သာ လိုအပ်တော့သည်။
သို့သော် လီရှန်းကတော့ စိတ်ထဲတွင် သံသယတချို့ ရှိနေခဲ့လေသည်။
ထို့ကြောင့် လီမိသားစု ထွက်ခွာသွားပြီးနောက်တွင် ရန်ရှောင်အား နိုင်ငံတော်လုံခြုံရေးဗျူရို အဖွဲ့ဝင်တစ်ဦး၏ ရာထူးကိုအသုံးပြုပြီး ရုပ်အလောင်းကို ဒုတိယအကြိမ် ထပ်မံစစ်ဆေးရန် တောင်းဆိုခိုင်းလိုက်သည်။
မှုခင်းဆရာဝန်ကက အံ့အားသင့်သွားရကာ မေးမြန်းလိုက်လေသည်။
“မင်းပြောတဲ့ အဓိပ္ပာယ်က ဘာလဲ”
ကွယ်လွန်သွားခဲ့သည့် ဤရဲဘော်အမျိုးသမီးငယ်က အမှန်တကယ်တော့ သူလျှိုတစ်ယောက် ဖြစ်နေခဲ့သည်လား။
“သူမရဲ့ ခန္ဓာကိုယ်မှာ သံသယဖြစ်စရာ တစ်စုံတစ်ခု ရှိနေလို့ပါ”
ထိုသံသယဖြစ်စရာအကြောင်းက မှုခင်းဆရာဝန်တစ်ဦး သိရှိသင့်သောအရာ မဟုတ်ပေ။
မှုခင်းဆရာဝန်က အခြေအနေကို ရိပ်မိလိုက်သောကြောင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကူညီပေးခဲ့သည်။
လီရှန်း စတင်စမ်းသပ်စစ်ဆေးသည်နှင့်၊ မှုခင်းဆရာဝန်၏ မျက်ဝန်းများက ချက်ချင်း တောက်ပလာခဲ့ရသည်။
အို...
သူမက တကယ့်ကို ကျွမ်းကျင်နှံ့စပ်သူပဲ။
သူမ၏ တည်ငြိမ်တဲ့လှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့် လုံးဝ ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိကြောင်းကို သိနိုင်သည်။
လီရှန်းမှာ ယခင်က ငတ်မွတ်ခေါင်းပါးလွန်းသော ဒုက္ခသည်များကမ္ဘာသို့ ရောက်ရှိခဲ့ဖူးသည်။
ထိုကမ္ဘာတွင် လူသားအချင်းချင်း သတ်ဖြတ်စားသောက်ကြသည့် ကိစ္စက ထူးဆန်းလွန်းသည့်အရာမဟုတ်ပေ။
ထို့ကြောင့် သာမန် ရုပ်အလောင်းများကို သူမက အဘယ်ကြောင့် ကြောက်ရွံ့နေပါမည်နည်း။
သူမက လီဟုန်မေ့၏ အတွင်းကလီစာများကို သေသေချာချာ စမ်းသပ်စစ်ဆေးလိုက်လေသည်။
ထို့နောက် သူမ၏ ဆံပင်များနှင့် မျက်ခွံများကို ကြည့်ရှုပြီး၊ သွားများကိုပါ သေသေချာချာ စစ်ဆေးလိုက်လေ၏။
သူမက လီဟုန်မေ့တွင် အတွင်းကလီစာများက ပျက်စီးနေရုံသာမက၊ သွားများကလည်း လှုပ်ခါနေကြောင်းကို သိရှိလိုက်ရလေ၏။
ထိုသွားများက အသက်ရှစ်ဆယ်အရွယ် အဘွားအိုတစ်ဦး၏ သွားများကဲ့သို့ ဖြစ်နေသည်။
သူမက အလွန်လျင်မြန်စွာ အိုမင်းရင့်ရော်သွားခဲ့ရခြင်းကြောင့်သာ သွားများ ကျွတ်ထွက်ချိန် မရရှိဘဲ ကျန်ရှိနေခဲ့ခြင်း ဖြစ်လေ၏။
သူမက ရန်ရှောင်ကို တစ်ချက် လှမ်းကြည့်လိုက်လေ၏။
ရန်ရှောင်ကလည်း လီရှန်း၏ အကြည့်ကို သဘောပေါက်လိုက်သောကြောင့်၊ မှုခင်းဆရာဝန်ဘက်သို့ လှည့်ပြီး ခေါင်းကို ညိတ်ပြလျက် ပြောလိုက်လေသည်။
“ခင်ဗျား လုပ်စရာရှိတာကို သွားလုပ်လိုက်ဦးလေ”
မှုခင်းဆရာဝန်က ချက်ချင်း ပြန်ဖြေလိုက်လေတော့၏။
“ကောင်းပါပြီ”
လီရှန်းက သူမ၏ လက်အိတ်ကို ချွတ်ပယ်လိုက်ပြီးနောက် လက်တွင် ဆေးဝါးနံ့များက စင်ကြယ်သွားသည်ဟု ခံစားရသည့်အထိ ဆပ်ပြာဖြင့် အကြိမ်များစွာ သေသေချာချာ ဆေးကြောသန့်စင်လိုက်လေသည်။
ရန်ရှောင်က လီမိသားစုနှင့် အရင်ဦးစွာ သွားရောက်တွေ့ဆုံခဲ့လေ၏။
လီမိသားစုမှာ ယခင်က စိတ်လှုပ်ရှား ငိုကြွေးနေခဲ့ကြသောကြောင့် သူ သွားတွေ့ရန် အဆင်မပြေခဲ့ပေ။
ယခုအချိန်တွင်တော့ သူတို့က စိတ်အနည်းငယ် တည်ငြိမ်သွားကြလေပြီ။
လီရှန်းက သူမ၏ လက်ချောင်းများကို သုတ်ရန်အတွက် လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူလိုက်ပြီး အိမ်ဝန်းထဲတွင် ခေတ္တမျှစောင့်ဆိုင်းနေခဲ့လေ၏။
သူမက ရန်ရှောင်တစ်ယောက် ပြတင်းပေါက်၏ ဘေးတွင် ရပ်လျက် သူမကို လက်လှမ်းပြနေသည်ကို မြင်တွေ့ရသည့်အချိန်မှသာ အိမ်ထဲသို့ လှမ်းဝင်ခဲ့သည်။
“...ကျွန်တော့်ရဲ့အဘိုးက အိုမင်းနေပြီဖြစ်လို့ သွားလာလှုပ်ရှားရတာ မကောင်းတော့ဘူး၊
ဒါကြောင့်မို့လို့ သူက သူ့ရဲ့ တပည့်အရင်းကိုပဲ လာရောက်ကြည့်ရှုဖို့ စေလွှတ်လိုက်တာပါ”
ထို့ကြောင့် သူတို့အနေဖြင့် သူ၏အဘိုးက မျက်နှာသာမပေးဟု ထင်မှတ်ကြမည်မဟုတ်ပေ။
လီရှန်းက အထဲသို့ ဝင်သွားသော်လည်း မည်သူ့ကိုမျှ နှုတ်မဆက်ခဲ့ပေ။ ထိုလူစုကို ခေါင်းညိတ်ပြ၍သာ ပြုံးပြလိုက်လေသည်။
သူမ၏ ပုံစံက အလွန်ပင် မော်ကြွားအေးစက်နေပုံရသည်။
ဤကဲ့သို့သော အမူအရာကြောင့် ရန်ကျိမင်၏ သတင်းကို လာရောက်စုံစမ်းချင်နေသော ရန်ရှောင်၏ ဒုတိယအဒေါ်မှာ လုံးဝ စကားကင်းမဲ့သွားခဲ့ရ၏။
သူမ၏ စိတ်ထဲရှိ မေးခွန်းပေါင်းစုံကလည်း လည်ချောင်းဝတွင်ပင် တစ်ဆို့သွားခဲ့ရရှာလေတော့၏။
ရန်ရှောင်က လီဟုန်မေ့၏ ဖခင်ဖြစ်သူနှင့် ဆက်လက် စကားပြောဆိုနေခဲ့သည်။
“ ကျောင်းကို ပြန်သွားဖို့ကတော့ လုံးဝ မဖြစ်နိုင်တော့ပါဘူး၊ ဒါပေမဲ့ ဈာပနကိစ္စကိုတော့ ချန်လှစ်ထားလို့မရဘူးလေ၊ ဒီလိုလုပ်ရင် ဘယ်လိုလဲ၊
ကျွန်တော်တို့ သူမကို ဈာပနအိမ်ရာဆီကို တိုက်ရိုက် ခေါ်ဆောင်သွားကြရအောင်၊အဲဒီမှာ ဈာပနကျင်းပဖို့အတွက် အခန်းတွေကို ငှားရမ်းလို့ ရပါတယ်၊
သူမရဲ့ အတန်းဖော်တွေကိုလည်း အရိုအသေပြုဖို့ ဖိတ်ခေါ်လို့ရတယ်၊ ပြီးရင် သူမကို မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို နေရပ်ကိုပြန်ယူပြီး မြှပ်နှံကြတာပေါ့၊ ဦးလေး ဘယ်လိုထင်ပါသလဲ”
အဖေလီက ထိုင်ခုံတွင် ထိုင်နေခဲ့ပြီး၊ သူ၏ ခန္ဓာကိုယ်က ကိုင်းညွတ်နေခဲ့ကာ အသက်အတော်လေး ရင့်ရော်သွားခဲ့သည့်ပုံစံမျိုး ဖြစ်နေလေ၏။
ဤကဲ့သို့သော စီစဉ်မှုက ကောင်းမွန်သောကြောင့် သူက ခေါင်းကိုသာ ညိတ်ပြလိုက်လေသည်။
လီဟုန်မေ့၏ ခင်ပွန်းဖြစ်သူကတော့ မျက်ဝန်းများ နီရဲနေခဲ့လေ၏။
သူက လီဟုန်မေ့အတွက် ဝမ်းနည်းနေခြင်းလား၊ သို့မဟုတ် သူမ၏ ဝမ်းဗိုက်ထဲရှိ ကလေးငယ်အတွက် ဝမ်းနည်းနေခြင်းလား ဆိုသည်ကိုတောသ သေသေချာချာ မခွဲခြားနိုင်ပေ။
ဈာပနကျင်းပမည့် နေရာကို ဆွေးနွေးပြီးနောက်မှ သူက ရန်ရှောင်ကို မေးလာသည်။
“ကျွန်တော် ဟုန်မေ့ရဲ့ ကျောင်းဆောင်အခန်းကို သွားပြီး သူမရဲ့ ပစ္စည်းတွေကို သိမ်းဆည်းဖို့ စဉ်းစားထားပါတယ်၊
ဘယ်အချိန်လောက် သွားရင် အဆင်ပြေမလဲ”
သူကိုယ်တိုင်က တက္ကသိုလ် မတက်ဖူးပေ။
သို့သော် တက္ကသိုလ်ကျောင်းဝန်းဆိုသည်က သူ ထင်သကဲ့သို့ အချိန်မရွေးဝင်ထွက်သွားလာ၍ ရသောအနေရာ မဟုတ်ကြောင်းကို ကောင်းစွာ သိရှိထားသည်။
“တက္ကသိုလ်ကိစ္စအတွက်တော့ မစိုးရိမ်ပါနဲ့၊ ကျွန်တော် သူတို့နဲ့ သေသေချာချာ စကားပြောပေးပါ့မယ်”
ရန်ရှောင်၏ စကားကို ကြားရသည့်အချိန်မှသာ လီဟုန်မေ့၏ ခင်ပွန်းက ခေါင်းကို ညိတ်ပြလိုက်ပြီး ကူညီစောင့်ရှောက်ပေးမှုအတွက် ကျေးဇူးတင်စကား ပြောခဲ့သည်။
*