← Chapters

အခန်း ၃၄၉

Vol. 35 Ch. 349

အခန်း ၃၄၉

Vol. 35 Ch. 349

အခန်း(349)

ဟဲထန်အနေဖြင့် လွန်ခဲ့သော နှစ်ရက်အတွင်း တစ်စုံတစ်ဦးက သူ့ကို စောင့်ကြည့်နေသကဲ့သို့ ခံစားနေခဲ့ရသည်။

သို့သော် သူ သေသေချာချာ ကြည့်ရှုလိုက်သည့် အချိန်တိုင်းတွင်၊ ထိုအကြည့်များက အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာနေသကဲ့သို့ဖြစ်နေပြီး သူ့ လုံးဝ လွှမ်းမိုးပိတ်ဆို့ထားသကဲ့သို့ ခံစားရ၏။

အထူးသဖြင့် ထိုအကြည့်များထဲတွင် ပါဝင်နေသော နာကျည်းမုန်းတီးမှုနှင့် အထင်သေးကဲ့ရဲ့မှုများပင်။

သူက သူ၏ အတိတ်ဘဝဆီသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

သူ အတန်းတစ်တန်းကို ဖျက်လိုက်ပြီး သူ၏ ကျောင်းဆောင်မှအခန်းဆီသို့ အပြေးအလွှား ပြန်လာခဲ့လေ၏။

ထို့နောက် ဗီရို၏ အတွင်းအကျဆုံးနေရာမှ ဆေးပုလင်းကို ထုတ်ယူလိုက်ကာ အထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူ မျိုချလိုက်လေတော့၏။

သူ၏ မူလက ထိတ်လန့်တုန်လှုပ်နေခဲ့သော နှလုံးသားကလည်း မျက်စိတစ်မှိတ်အတွင်း ပြန်လည်ငြိမ်သက်သွားခဲ့ရသည်။

သူ၏ စိတ်ထဲ၌ နက်ရှိုင်းလွန်းသော စိတ်ကျေနပ်သည့် ခံစားချက်တစ်ခုက ထွက်ပေါ်လာခဲ့သောကြောင့် သက်တောင့်သက်သာဖြစ်စွာဖြင့် မျက်ဝန်းများကိုမှိတ်လိုက်သည်။

သို့သော် ဤကျေနပ်မှုက လျင်မြန်စွာ ထွက်ပေါ်လာခဲ့သကဲ့သို့ လျင်မြန်စွာပင် ပြန်လည် ကွယ်ပျောက်သွားခဲ့လေ၏။

မိနစ်အနည်းငယ်မျှသော အချိန်တိုအတွင်းမှာပင် မည်သည့် အရိပ်အယောင်မျှ မရှိဘဲ ပျောက်ကွယ်သွားခဲ့ရသည်။

သူ၏ စိတ်ထဲ၌ အဆုံးမရှိသော ဟာတာတာ ခံစားချက်သာ ကျန်ရှိလေတော့၏။

သူ၏ အသက်ဓာတ်များက ပြန်လည်ပြည့်ဖြိုးလာခဲ့ပြီဖြစ်သော်လည်း သူ၏ နှလုံးသားထဲတွင်တောသည အစိတ်အပိုင်းတစ်ခုက လုံးဝ ဟာလာဟင်းလင်း ဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။

ဟဲထန်က ဗီရိုတံခါးကို မှီလျက် ကြမ်းပြင်ပေါ်သို့ ဖြည်းညှင်းစွာ ထိုင်ချလိုက်မိ၏။

သူက ပြင်က သန့်ရှင်းသည်လားကိုပင် ဂရုမစိုက်နိုင်တော့ပေ။

ထိုနေရာတွင် အတော်ကြာမြင့်စွာ ငေးမောထိုင်နေခဲ့ပြီးမှသာ လှုပ်ရှားမှုလာခဲ့သည်။

သူက သူ၏ လက်ဖဝါးထက်မှ ဆေးပုလင်းကို စိုက်ကြည့်လိုက်လေသည်။

အထဲတွင် ဆေးဝါး သုံးလုံးမျှသာ ကျန်ရှိတော့၏။

ထိုဆေးတို့အနက် တစ်လုံးက ထူးခြားလွန်းသော ဝါကျင့်ကျင့်နှင့် အဖြူရောင်သန်းနေသော ဆေးတောင့်တစ်လုံး ဖြစ်လေသည်။

ကျန်နှစ်လုံးက အဖြူရောင် ဆေးပြားများ ဖြစ်ကြ၏။

သူက ထိုဆေးသုံးလုံးကို စူးစိုက်စွာဖြင့် စိုက်ကြည့်နေမိလေတော့သည်။

သေးငယ်လွန်းသော ဆေးလုံးအနည်းငယ်က လူတစ်ဦး၏ တစ်သက်တာ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

အထူးသဖြင့်…

သူက ထိုဆေးတောင့်ကို ကြည့်ရှုလိုက်သည်။ ဆိုဆေးတောင့်တွင် လူတစ်ဦးတည်း၏ အသက်ထက်ပို၍ ပါဝင်နေခဲ့လေ၏။

ဆိုရလျှင် သူက လီဟုန်မေ့ကို ပထမဆုံးအကြိမ် ဆေးပေးခဲ့ချိန်တုန်းက သူမတွင် ကိုယ်ဝန်ရှိနေခဲ့ကြောင်း မသိခဲ့ပေ။

ထိုအချိန်တုန်းက လီဟုန်မေ့၏ မျက်နှာအမူအရာမှာ အလွန်ပင် ဆိုးရွားနေခဲ့ပြီး ဗိုက်ကိုနှိပ်ကာ ပြင်းထန်စွာ နာကျင်ခံစားနေခဲ့ရသည်။

သူ့အနေဖြင့် မူလက သူမ၏ ခန္ဓာကိုယ်ပေါ်မှ အသက်စွမ်းအင် အနည်းငယ်မျှကိုသာ တိတ်တဆိတ် စုပ်ယူပြီး ချက်ချင်း ရပ်တန့်ရန်အတွက် စဉ်းစားထားခဲ့သည်။

ထိုသို့ဆိုလျှင် လီဟုန်မေ့၏ နာကျင်မှုကို လျှော့ချပေးနိုင်သကဲ့သို့ဖန်တီးနိုင်ကာ သူအလိုရှိသောအရာကိုလည်း ရရှိနိုင်မည် မဟုတ်ပါလား။

သို့သော် ထိုဆေးတစ်လုံးတည်းဖြင့်ပင် သူမ၏ သန္ဓေသား၏ အသက်ကိုပါ ဆုံးရှုံးသွားစေလိမ့်မည်ဟု မည်သူက မျှော်လင့်ထားပါမည်နည်း။

မမွေးဖွားရသေးသော သန္ဓေသား၏ အသက်စွမ်းအင်များက ထူးခြားလွန်းသော ဆေးတောင့်တစ်လုံးအဖြစ် စုစည်းသွားခဲ့လေ၏။

သူ့အနေဖြင့် ယခင်က ထိုကဲ့သို့ဆေးမျိုးကို တစ်ခါမှ မစားသုံးဖူးသောကြောင့် မစားရဲခဲ့ပေ။

သူက ထိုဆေးတောင့်ကို ကြည့်ရှုရန်အတွက် ဖန်ပုလင်းထဲတွင်သာ သေသေချာချာ ထည့်သွင်းသိမ်းဆည်းထားခဲ့သည်။

သို့သော် လီဟုန်မေ့က နောက်ပိုင်းတွင် အကိုက်အခဲပျောက်ဆေး ဝယ်ယူရန်အတွက် သူ့ထံသို့ ထပ်မံ ရောက်ရှိလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင် သူမသည်လည်း သူမတွင် ကိုယ်ဝန်ရှိနေသည်ကို လုံးဝ မသိရှိသေးသည့် ပုံစံမျိုးဖြင့် ပြုမူနေဆဲပင်။

ထိုကလေးလေး ပျောက်ကွယ်သွားခဲ့ရခြင်းအပေါ် သူမ၏ စိတ်ထဲ၌ လုံးဝ ခံစားရခြင်း မရှိကြောင်းကို ထင်ရှားနေခဲ့သည်။

ထို့ကြောင့် သူ့အနေဖြင့် ဤသို့တွေးခဲ့သည်။

လီဟုန်မေ့အနေဖြင့် ကျား၊မကိုပင် မသိရသေးသော သူမ၏ ဝမ်းဗိုက်ထဲမှ သေဆုံးနေသည့် သန္ဓေသားကြောင့် ဒုက္ခရောက်၍ သေဆုံးသွားရမည့်အစား၊ သူမ၏ အသက်ဓာတ်များကို သူ့ထံသို့ ပေးအပ်လိုက်ခြင်းက ပိုမို၍ ကောင်းမွန်လိမ့်မည်။

သူက လီဟုန်မေ့၏ အစိတ်အပိုင်းများကိုပါ သယ်ဆောင်ပြီး သူမ၏ကိုယ်စား ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် ကြိုးစားပေးသွားလိမ့်မည်။

သို့သော် လီဟုန်မေ့၏ သက်စောင့်အားအင်မှာ ကျန်းယွဲ့၊ ချီလော့လော့တို့နှင့် တူညီနေခဲ့သည်။

ဆေးတစ်လုံးက သုံးလခန့်သာ ခံနိုင်ရည်ရှိလေသည်။

သူ့ကို အချိန်အကန့်အသတ်မရှိဘဲ ထာဝရအသက်ရှင်သန်နေစေရန် ပြုလုပ်ပေးနိုင်မည့် တစ်ဦးတည်းသောသူက တစ်ဦးတည်းသာရှိသည်။

လီရှန်းပင်။

ထို့ကြောင့် သူက လီရှန်းကို သေချာပေါက် ပိုင်ဆိုင်ရန်ကြိုးစားရလိမ့်မည်

မဟုတ်လျှင် ထိုသနားစရာကောင်းပြီး အပြစ်မဲ့လွန်းသော မိန်းကလေးငယ်များက သူမကိုယ်စား ထပ်မံ သေဆုံးသွားခဲ့ရလိမ့်မည်မဟုတ်ပါလား။

--

နောက်ဆုံးတွင် လီဟုန်မေ့၏ ဈာပနကို ဈာပနအိမ်ရာ၌သာ ကျင်းပခဲ့ကြပြီး ထိုနေရာတွင်ပင် မီးသင်္ဂြိုဟ်ခြင်းကို ပြုလုပ်ခဲ့ကြလေသည်။

သူမ၏ ဖခင်ဖြစ်သူကတော့ မီးသဂြိုလ်ပြီးနောက် သူမ၏ အရိုးပြာကို နေရပ်ဇာတိသို့ ပြန်လည် သယ်ဆောင်ကာ သင်္ဂြိုဟ်ရန်စီစဥ်ထားခဲ့သည်။

သူမက အိမ်ထောင်ကျပြီးသား အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် သူမကို မည်သည့်နေရာတွင် သင်္ဂြိုဟ်ရမည်ဟူသော အချက်နှင့် ပတ်သက်ပြီး အငြင်းပွားမှုတချို့ ရှိနေခဲ့ကြသည်။

ဖခင်ဖြစ်သူမှာတော့ နောက်ကျပြီးမှ ထွက်ပေါ်လာခဲ့သော ဖခင်မေတ္တာစိတ်ကြောင့် အသက်ငယ်ငယ်ဖြင့် သေဆုံးသွားခဲ့ရရှာသော သူ၏ သမီးအပေါ် သနားဂရုဏာသက်နေခဲ့မိလေသည်။

သူက လီဟုန်မေ့ကို သူ၏ဇာတိရှိ သင်္ချိုင်းတွင် မြှပ်နှံချင်ခဲ့သည်။

ဤသို့ဆိုပါက သူကွယ်လွန်သွားသည့် အချိန်၌လည်း သူမ၏ ဘေးတွင် မြှုပ်နှံနိုင်မည်ဖြစ်ပြီး နောက်ဘဝတွင်ပါ သူမကို ဆက်လက် စောင့်ရှောက်ပေးနိုင်မည် မဟုတ်ပါလား။

သို့သော် ရန်ရှောင်၏ ဒုတိယအဒေါ်ကတော့ စိတ်ထဲတွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့ရလေ၏။

သူမက သူမကွယ်လွန်ပြီးနောက်တွင် အဖေလီနှင့်အတူ မြှုပ်နှံခြင်းခံရရန်အတွက် မျှော်လင့်ထားခြင်း ဖြစ်သည်။

သူမအနေဖြင့် သူတို့၏ လင်မယား ဆက်ဆံရေးကို ညစ်ပတ်သွားစေခြင်းမျိုးကို လုံးဝမဖြစ်စေချင်ပေ။

လီဟုန်မေ့၏ မိခင်အရင်းက စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်လေ၏။

အဖေလီမှာ ထိုအချိန်က တာဝန်တစ်ခုကို ထမ်းဆောင်နေရသောကြောင့် သူမ၏ အရိုးပြာကို နေရပ်ဇာတိသို့ ပြန်လည်သယ်ဆောင်ပြီး မြှပ်နှံရန် အချိန်မရခဲ့ရှာပေ။

ထို့ကြောင့်ပင် သူမကို စစ်တပ်စခန်းနှင့် မလှမ်းမကမ်းရှိ ပြည်သူ့အဖွဲ့အစည်းပိုင် စုပေါင်းသင်္ချိုင်းတွင်သာ မြှုပ်နှံခဲ့ကြသည်။

နောက်ပိုင်းတွင် အဖေလီက တခြားဌာနသို့ပြောင်းရွှေ့သွားခဲ့ရပြီး ထိုအချိန်တွင်ပင် သူ၏ ဒုတိယဇနီးနှင့် အိမ်ထောင်ပြုပြီး သားနှစ်ဦးကို ရရှိခဲ့သည်။

ထိုပြည်သူ့အဖွဲ့အစည်းပိုင် သင်္ချိုင်းကလည်း အလွန်ကျယ်ပြန့်သွားခဲ့ပြီဖြစ်၍ သူမကို မြှုပ်နှံထားခဲ့သော သေးငယ်လွန်းသည့် မြေပုံလေးကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည်မဟုတ်တော့ပေ။

ရန်ရှောင်၏ဒုတိယအဒေါ်က အဖေလီနှင့် ဒုတိယအိမ်ထောင်ပြုခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမက သူမသေဆုံးချိန်တွင် အဖေလီ၏ ဘိုးဘွားပိုင် သင်္ချိုင်းမြေတွင်သာ မြှုပ်နှံခြင်းခံရပြီး၊ ဖခင်လီ၏ တစ်ဦးတည်းသော တရားဝင်ဇနီးအဖြစ် အသိအမှတ်ပြုခံရရန် တိတ်တဆိတ် မျှော်လင့်နေခဲ့သည်။

ထို့ကြောင့်ပင် သူမက လီဟုန်မေ့မှာ အိမ်ထောင်ကျပြီးသား ဖြစ်သောကြောင့်၊ သားမက်ဖြစ်သူ၏ ဇာတိသင်္ချိုင်းတွင်သာ မြှုပ်နှံသင့်ကြောင်းကို ပြောလာခဲ့လေသည်။

သူမတွင်လည်း ခိုင်လုံလွန်းသော အကြောင်းပြချက် ရှိနေခဲ့၏။

“သူတို့က ဈာပနကိုတောင် လာပြီးအရိုအသေပြုခဲ့ကြပြီးပြီလေ၊ ရှင်က သူမကို ကျွန်မတို့မိသားစုဘက်မှာပဲ မြှုပ်နှံထားရင် သူတို့ဘက်က ဘာတွေးကြမလဲ၊ နောက်ပိုင်းကျရင်လည်း သားမက်က နောက်အိမ်ထောင်ပြုဦးမှာ၊

ရှင်သာ ဒီလိုမျိုး လုပ်လိုက်ရင် လူတွေက ကျွန်မတို့ရဲ့ သားမက်ဘက်က အမှားတစ်ခုခု လုပ်မိလို့ ဟုန်မေ့ ကွယ်လွန်သွားရတတာလို့ တွေးကြလိမ့်မယ်၊ ဒါကြောင့် သမီးကို ကျွန်မတို့မိသားစုဘက်ကိုပြန်ခေါ်ပြီး မြှပ်နှံရတာလို့ ထင်ကြလိမ့်မယ်”

အဖေလီက အကျပ်ရိုက်နေသော မျက်နှာအမူအရာဖြင့် သူ၏ သားမက်ကို လှမ်းကြည့်လိုက်လေသည်။

မျှော်လင့်ထားသည့်အတိုင်းပင်။ ထိုသားမက်ဖြစ်သူက ခေါင်းကိုငုံ့ထားဆဲဖြစ်လေ၏။

စကားတစ်ခွန်းမျှ မပြောပါသော်လည်း သူ၏ ခန္ဓာကိုယ်အမူအရာတွင် ငြင်းပယ်လိုသော အရိပ်အယောင်တချို့ ရှိနေကြောင်းကို တွေ့ရှိလိုက်ရလေ၏။

“အဖေ၊ သူမကို ကျွန်တော့်ရဲ့ ဇာတိကိုပဲ မြှပ်နှံပြီး သင်္ဂြိုဟ်ပါရစေ”

သူတို့ဇနီးမောင်နှံနှစ်ဦးက သူမ မသေဆုံးမီက စကားများခဲ့ကြသော်လည်း ယခုအချိန်တွင်တော့ သူမ ဆုံးပါးသွားခဲ့ရလေပြီ။

ထို့ကြောင့် သူ့၏စိတ်ခဲတွင် ပြန်လည်တွေးတောမိသမျှ အရာအားလုံးက ကောင်းမွန်ခဲ့သော အတိတ်များသာဖြစ်နေခဲ့သည်။

အထူးသဖြင့် ဇနီးဖြစ်သူ သေဆုံးသွားချိန်တွင် သူတို့၏ ရင်သွေးလေးကိုပါ ဝမ်းဗိုက်ထဲ၌ လွယ်ပိုးထားခဲ့ရသည် မဟုတ်ပါလား။

“ကျွန်တော်လည်း နောက်ပိုင်းကျရင် ဟုန်မေ့နဲ့အတူ မြှုပ်နှံခြင်းခံရဖို့ စဉ်းစားထားပါတယ်”

ဤစကားကို ကြားရသည့်အချိန်တွင်တော့ အဖေလီ၏ စိတ်ထဲတွင် အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ရလေ၏။

မှန်ပေသည်။

တာဝန်မကျေလွန်းသော ဖခင်တစ်ဦးနှင့်အတူ မြှုပ်နှံခြင်းခံရသည်ထက်စာလျှင် သူမ၏ ခင်ပွန်းနှင့်အတူ နေထိုင်ရခြင်းက ပိုမိုနွေးထွေးနိုင်မည် မဟုတ်ပါလား။

သို့သော် ဤစကားကို ကြားလိုက်ရသည်နှင့် ဇနီးသည်၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားခဲ့ရလေ၏။

သူမက အဖေလီတစ်ယောက် လီဟုန်မေ့၏ မိခင်အရင်းကို ပြန်လည် သတိရသွားမိပြီး၊ ထိုပြည်သူ့အဖွဲ့အစည်းပိုင် သင်္ချိုင်းဆီသို့ အပြေးအလွှား သွားနေမည်ကို စိတ်ပူမိသည်။

ထိုသူသာ ဇနီးဟောင်း၏ အရိုးပြာကို ပြန်လည်တူးဆွကာ လီမိသားစု သင်္ချိုင်းမြေသို့ သယ်ဆောင်လာပါက သူမ၏ အတွေးတို့ဖြစ်လာတော့မည်မဟုတ်ပေ။

ကံကောင်းစွာဖြင့် အဖေလီက သမီးဖြစ်သူ၏ ကိစ္စဖြင့်သာ အလွန် အတွေးများနေခဲ့လေ၏။

ထို့ကြောင့် လွန်ခဲ့သောအချိန်များကတည်းက သေဆုံးသွားသော ဇနီးဟောင်းအကြောင်းကို လုံးဝ မေ့လျော့နေခဲ့သည်။

“မင်းဆီက ဒီစကားကို ကြားရရင် ဟုန်မေ့လည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မျက်စိမှိတ်နိုင်မှာပါ”

အဖေလီက သားမက်ဖြစ်သူ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိလေ၏။

သူ၏ဇနီးကတော့ သူ၏ အနောက်မှ မျက်လုံးလှန်နေခဲ့သည်။

သူမအနေဖြင့် ဤသားမက်ဖြစ်သူက မကြာမီတွင် သေချာပေါက် နောင်တရလိမ့်မည်ဟု စိတ်ထဲမှ တွေးလိုက်လေသည်။

ဈာပနကျင်းပမည့် နေ့ရက်နှင့် နေရာတို့ကို သေသေချာချာ သတ်မှတ်ပြီးနောက်တွင်၊ လီဟုန်မေ့၏ ခင်ပွန်းဖြစ်သူက လီဟုန်မေ့၏ ပစ္စည်းများကို သွားရောက်သိမ်းဆည်းရန်အတွက် ကျောင်းသို့ သွားခဲ့သည်။

ထို့နောက် အတန်းပိုင်ဆရာမအား ဈာပနကိစ္စကိုပါ အကြောင်းကြားခဲ့လေသည်။

အတန်းပိုင်ဆရာမသည်လည်း အလွန်ပင်သနားမိသောကြောင့် အတန်းဖော်များအနေဖြင့် လီဟုန်မေ့ကို ပို့ဆောင်လိုပါက ခွင့်တိုင်၍ သွားနိုင်ကြောင်းကို ပြောပြခဲ့သည်။

*

All Chapters