အခန်း ၃၅၀
Vol. 35 Ch. 350
အခန်း(350)
အတန်းပိုင်ဆရာမ ထွက်ခွာသွားသည်နှင့် တစ်စုံတစ်ဦးက ဟဲထန်၏ ပုခုံးကို အသာပုတ်ပြီး မေးမြန်းလိုက်လေ၏။
“လီဟုန်မေ့ ဆုံးသွားပြီတဲ့ အစ်ကိုဟဲ၊ မင်းရော သွားပြီးအရိုအသေပြုဦးမှာလား”
ဟဲထန်အနေဖြင့် စကားတစ်ခွန်းမျှပင် ထုတ်ဖော်မပြောရသေးမီ တခြားလူတစ်ဦး ဝင်ရောက်ပြောလိုက်လေသည်။
“ဟဲထန်ကတော့ သေချာပေါက် သွားမှာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေခဲ့တာပဲလေ”
သူ၏စကားများမှာ ဟဲထန်နှင့် လီဟုန်မေ့တို့၏ကြားတွင် တစ်စုံတစ်ရာသော မရိုးသားသည့် ပတ်သက်မှုမျိုး ရှိနေခဲ့သကဲ့သို့ ထင်မှတ်စေနိုင်သည်။
ဟဲထန်က ချက်ချင်းပင် တစ်ဖက်လူကိုလှည့်ပြန်ကြည့်လိုက်လေ၏။
သူက မျက်ခုံးများကို တွန့်ချိုးထားကာ မျက်နှာထက်တွင်လည်း မကျေမနပ်ဖြစ်နေသော အရိပ်အယောင်များက ပြည့်နှက်နေခဲ့သည်။
“ကျောက်ချင်း၊ မင်း အဓိပ္ပာယ်မရှိတဲ့စကားတွေကို မပြောဘဲမနေနိုင်ဘူးလား၊ လီဟုန်မေ့က သေဆုံးသွားခဲ့ပြီ၊
သူမရဲ့ ဂုဏ်သိက္ခာကို ဒီလိုမျိုး လာဖျက်ဆီး စော်ကားနေတာက မင်းအတွက် ဘာအကျိုးကျေးဇူးတွေ ရှိမှာမလို့လဲ”
ကျောက်ချင်းက အပြင်းအထန် ဆူပူပြစ်တင်ခြင်းကို ခံလိုက်ရသောကြောင့် ချက်ချင်းပင် ဒေါသထွက်သွားခဲ့ရပြီး နှာခေါင်းရှုံ့လျက် ပြောလိုက်လေသည်။
“ဟဲထန်၊ မင်းက တကယ်ကို ယောက်ျားမဟုတ်ဘူးပဲ၊ မင်း လုပ်ရဲရင် ခံရဲရမှာပေါ့၊ အခုတော့ ဝန်မခံရဲဘူးလား၊ လီဟုန်မေ့က မင်းအပေါ်မှာ အမြဲတမ်း ကောင်းခဲ့တာကို”
“လီဟုန်မေ့က ငါ့ဆီကို မကြာခဏ လာရောက်တွေ့ဆုံတတ်တယ်ဆိုတဲ့အချက်ကို ကျွန်တော် မငြင်းပါဘူး၊
ဒါပေမဲ့ သူမက ငါ့ဆီကနေ ဆေးဝါးဝယ်ဖို့အတွက်ပဲ လာတောင်းဆိုတာ၊
သူမနဲ့ ရင်းနှီးတဲ့ အမျိုးသမီး အတန်းဖော်တွေဆိုရင်လည်း သူမနေမကောင်းတာကို သေချာပေါက် သိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်၊
ငါ့အကြောင်းကို ပြောရရင်တော့ ငါ့က နင်ပြည်နယ် ပိုင်မားခရိုင်ကနေ လာခဲ့တာ၊
နင်ပြည်နယ်ရဲ့ ဆေးဝါးစက်ရုံက ပိုင်မားခရိုင်ထဲမှာ တည်ရှိတာလေ၊ လူတိုင်း ပုတီလန်ဆေးမှုန့်အကြောင်းကို သိကြတယ်မလား၊ အဲဒါက ငါတို့ခရိုင်ရဲ့ ဆေးဝါးစက်ရုံကနေ တီထွင်ထုတ်လုပ်ထားတာပါ”
ဟဲထန်၏ စကားများကြောင့် လူများမှာလည်း အလွန်ပင် အံ့အားသင့်သွားခဲ့ကြရသည်။
ထိုအချိန်မှသာ ပြန်လည် တွေးတောကြည့်လျှင် လီဟုန်မေ့၏ ပုံစံက ကုထုံးမရှိတော့သော ရောဂါသည်ကြီးတစ်ဦးကဲ့သို့ ဖြစ်နေခဲ့ကြောင်းကို သတိပြုမိလိုက်ကြလေတော့၏။
“ဟဲထန်ပြောတာ မှန်တယ်၊ လီဟုန်မေ့က တကယ် နေမကောင်းဖြစ်နေခဲ့တာပါ၊
သူမက အရင်တုန်းက ကျွန်မဆီမှာ ဆံပင်သွားလုပ်မလို့ဆိုပြီးတောင် ပြောခဲ့သေးတယ်”
လီဟုန်မေ့နှင့်ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သည့် ရှောင်ဖန်းက ဟဲထန်အတွက် ရှင်းလင်းပေးလိုက်သည်။
“ပြီးတော့ လီဟုန်မေ့မှာ ဗိုက်အောင့်တဲ့ ရောဂါဟောင်း ရှိနေတာကိုလည်း ကျွန်မတို့ အဆောင်ထဲက လူတိုင်း သိကြတယ်၊
သူမက အိမ်ထောင်ကျပြီးသားဆိုတာကိုလည်း ကျွန်မတို့ကို ဘယ်တုန်းကမှ ဖုံးကွယ်ထားခဲ့တာ မဟုတ်ပါဘူး၊
သူမ တက္ကသိုလ်တက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး သူမရဲ့ခင်ပွန်းနဲ့ အငြင်းပွားခဲ့ရတယ်လို့တောင် ကျွန်မတို့ကို ပြောပြခဲ့သေးတယ်၊
ကျောက်ချင်း၊ ရှင် တခြားသူတွေအကြောင်း လုပ်ကြံဖန်တီးချင်တယ်ဆိုရင် တခြားအကြောင်းအရာကို ပြောင်းလဲပြီး စဉ်းစားလို့မရဘူးလား၊
သူမက တက္ကသိုလ်ကျောင်းသူတစ်ယောက်နော်၊ ရှင့်ရဲ့ စိတ်ထဲမှာ ဘာလို့ ဒီလောက်ထိ ယုတ်မာညစ်ညမ်းတဲ့ အတွေးတွေပဲ ပြည့်နှက်နေရတာလဲ”
ရှောင်ဖန်း ပြောပြီးသည်နှင့် သူမနှင့် တစ်ခန်းတည်းနေသော အဆောင်ဖော် ကျောင်းသူနှစ်ဦးကလည်း ခေါင်းညိတ်၍ ထောက်ခံကြလေ၏။
လီဟုန်မေ့၏ စရိုက်က လူချစ်လူခင်ပေါသော စရိုက်မျိုး မဟုတ်ခဲ့ပေ။
သို့သော် သူမက အိမ်ထောင်ကျပြီးသား ဖြစ်ကြောင်းကို လုံးဝ ဖုံးကွယ်ထားခြင်းမရှိခဲ့ခြင်းကတော့ အမှန်ဖြစ်လေ၏။
ကျောက်ချင်းက ဤကဲ့သို့ ပြန်လည်ချေပလာသည်ကို ကြည့်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်လေ၏။
“မင်း ဟဲထန်အပေါ်မှာ ဘယ်လိုမျိုး ခံစားချက် ရှိနေလဲဆိုတာ ဘယ်သူက မသိဘဲနေမှာလဲ”
ရှောင်ဖန်းတစ်ယောက် အလွန်ပင် ဒေါသထွက်သွားခဲ့ရသည်။
“ရှင်က ကျွန်မကို ပြသနာရှာနေတာပဲ၊ ကျွန်မ အတန်းပိုင်ဆရာမဆီကို သွားပြီး ရှင်က သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေပါတယ်ဆိုပြီး တိုင်လိုက်မယ်”
သို့သော် သူမက ဟဲထန်အပေါ်တွင် ခံစားချက် ရှိနေပါသည်ဟူသော အချက်ကိုတော့ည လုံးဝ ထုတ်ဖော်ငြင်းဆန်ခြင်း မရှိခဲ့ပေ။
ဟဲထန်မှာလည်း အလွန်အမင်းဒေါသထွက်နေသည့် အမူအရာဖြစ်နေသည်။
သူက ရှောင်ဖန်းကို သူ၏ နောက်ဘက်တွင် ကာကွယ်ထားရင်း ပြောလိုက်လေ၏။
“ကျောက်ချင်း၊ မင်းက ငါ့ကို စော်ကားနေရုံတင် မဟုတ်ဘူး၊ လီဟုန်မေ့ကိုပါ စော်ကားနေတာပဲ၊ ငါ ဒီကိစ္စကို လုံးဝ ခွင့်လွှတ်သွားမှာ မဟုတ်ဘူး”
ထို့နောက်တွင် လွယ်အိတ်ကို ဆွဲထုတ်လိုက်ပြီး တံခါးဝဆီသို့ သွားရင်း ပြောလိုက်လေ၏။
“ငါ ဌာနမှူးဆီကို သွားတိုင်မယ်”
ကျောက်ချင်းက ခေတ္တမျှ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသော်လည်း မာနကြီးစွာဖြင့် ခေါင်းမညွှတ်ခဲ့ပေ
နောက်ဆုံးတွင် တံခါးဝရှိ အမျိုးသားအတန်းဖော်နှစ်ဦးက ဟဲထန်ကို တားဆီးလိုက်ကြလေ၏။
“အားလုံးက အတန်းဖော်တွေပဲလေ၊ ဘာလို့ ဒီလောက်ထိ ငြင်းခုံနေရတာလဲ၊ မင်းရောပဲ ကျောက်ချင်း.. စကားကို ကောင်းကောင်းမပြောတတ်ရင် ပါးစပ်ပိတ်နေလိုက်တော့”
လူအများ၏ ဝိုင်းဝန်းဖျောင်းဖျမှုကြောင့်သာ ဟဲထန်က စိတ်လျှော့ပြီး ပြန်လှည့်လာခဲ့လေသည်။
သို့သော် စာသင်ခန်းထဲရှိ အခြေအနေက အလွန်ပင် မှုန်မှိုင်းဆိုးရွားနေခဲ့ဆဲပင်။
မည်သူကမျှ တိုင်ပင်ထားခြင်း မရှိကြပါသော်လည်း လူတိုင်းက လီဟုန်မေ့ကို နောက်ဆုံးအကြိမ် သွားရောက်နှုတ်ဆက်ရန်အတွက် ရောက်ရှိလာခဲ့ကြသည်။
ထို့အတူ ဈာပနကျင်းပသည့် နေ့ရက်တွင် လီရှန်းကလည်း ဆရာကြီးရန်ကျိမင်၏ ကိုယ်စားရောက်လာခဲ့လေ၏။
သူမက အနက်ရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး၊ အဖြူရောင် နှာခေါင်းစည်းကို တပ်ဆင်ထားကာ ဆံပင်များကိုလည်းသပ်ရပ်စွာ ဖီးသင်ထားသည်။
သူမက လီဟုန်မေ့၏ ရုပ်အလောင်းရှေ့တွင် အဖြူရောင်စက္ကူပန်းလေးတစ်ပွင့်ကို အလေးအနက် တင်ပေးခဲ့လေ၏။
ထို့နောက် ရန်ရှောင်၏ ဘေးတွင် တိတ်တဆိတ် မတ်တတ်ရပ်နေခဲ့သည်။
ရန်ရှောင်သည်လည်း လီရှန်းကဲ့သို့ပင် အဖြူရောင် နှာခေါင်းစည်းကို တပ်ဆင်ထားခဲ့သည်။ သူတို့အနေဖြင့် သူတို့၏ မျက်နှာအား မည်သူ့ကိုမှ မမြင်တွေ့စေချင်ပုံရသည်။
အရပ်ရှည်ပြီး ချောမောခန့်ညားလွန်းသော အမျိုးသားတစ်ဦးနှင့် သွယ်လျပြီး ကျော့ရှင်းလှပသော အမျိုးသမီးတစ်ဦးတို့က အနက်ရောင် ဝတ်စုံကိုယ်စီဖြင့် ဘေးချင်းယှဉ်လျက် မတ်တတ်ရပ်နေကြလေသည်။
တစ်ခါတရံတွင် ခေါင်းချင်းကပ်ကာ စကားပြောဆိုနေကြ၏။
ဤမြင်ကွင်းက ဝမ်းနည်းကြောင်းပြသရောက် ရောက်ရှိလာသော ဟဲထန်၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်
ဟဲထန်တစ်ယောက် လီရှန်းကို မြင်တွေ့လိုက်ရသည့် ထိုအခိုက်အတန့်တွင် သူ၏ မျက်ဝန်းများက တောက်ပသွားခဲ့ရလေ၏။
သူ့အနေဖြင့် သူမကို နေရာအနှံ့ လိုက်လံ၍ ရှာဖွေနေခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။
လီရှန်းကလည်း ဟဲထန်ကို မြင်တွေ့လိုက်ရကာ သူမ၏ မျက်ဝန်းများကို မျက်လွှာချလိုက်ပြီး တစ်ဖက်လူ၏အကြည့်ကိုရှောင်လိုက်သည်။
ထို့အစား သူမက ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်လျက် ရန်ရှောင်ကို ခပ်တိုးတိုး ပြောလိုက်လေသည်။
“ကျွန်မ ဟဲထန်ကို တွေ့တယ်”
ရန်ရှောင်က ခေါင်းကို မော့မကြည့်ဘဲ ခေါင်းညိတ်ပြလိုက်လေ၏။
သို့သော် သူ၏ မျက်လုံးထောင့်မှနေ၍ ဟဲထန်ကို တိတ်တဆိတ် အကဲခတ်လိုက်လေ၏။
သူက ဟဲထန်တစ်ယောက် သူ့ကို ယုတ်မာကောက်ကျစ်လွန်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်ကို တိုက်ဆိုင်စွာ မြင်တွေ့လိုက်ရလေသည်။
သူအနေဖြင့် ခေတ္တမျှ ဆွံ့အသွားခဲ့ရပြီးမှသာ ဟဲထန်က သူ့ကို စုဝေ့ချင်းဟု အထင်မှားနေခြင်း ဖြစ်ကြောင်းကို သဘောပေါက်လိုက်သည်။
သေသေချာချာကြည့်လျှင် သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ လီရှန်းကလည်း အနက်ရောင် ဂါဝန်ကို လဲလှယ်ဝတ်ဆင်ထားလေသည်။
ထို့အပြင် သူတို့နှစ်ဦးလုံးက နှာခေါင်းစည်းများကိုပါ တပ်ဆင်ထားကြပေ၏။
ဤသို့ဖြင့် သူတို့၏ပုံစံက အမှန်တကယ်ပင် ဇနီးမောင်နှံနှင့် တူနေခဲ့သည်။
သို့သော် ဤသို့ဖြစ်လာခြင်းကလည်းကောင်းမွန်ပေသည်။
အကယ်၍ ဟဲထန်က လီရှန်းအစား သူ့ထံသို့ ပြဿနာလာရှာခဲ့ပါက သူ၏ ရည်ရွယ်ချက် အစစ်အမှန်ကို စုံစမ်းထောက်လှမ်းနိုင်ပေလိမ့်မည်။
ထို့အပြင် ထိုဆန်းကြယ်လွန်းသော အကိုက်အခဲပျောက်ဆေးကိုလည်း ယခုအချိန်တွင် မြို့တော် ဆေးဝါးသုတေသနဌာနဆီသို့ ပို့ဆောင်ထားခဲ့လေပြီ။
ဆေးလုံးတချို့ ထပ်မံတိုးပွားလာခဲ့ပြီ ဖြစ်၍၊ သုတေသနပြု စစ်ဆေးနိုင်မည့် အတိုင်းအတာကလည်း ပိုမို ကျယ်ပြန့်သွားခဲ့လေ၏။
ဤသေးငယ်လွန်းသော ဆေးလုံးလေးက အလွန်ပင် ဆန်းကြယ်လွန်းသည်။
ထိုဆေးက အချိန်ကာလကို လှည့်စားထိန်းချုပ်နိုင်စွမ်းရှိပုံရပြီး၊ လူတစ်ဦးကို အလွန်လျင်မြန်စွာ အိုမင်းရင့်ရော်သွားစေပြီးနောက် သေဆုံးသွားစေသည်။
ထိုဆေးဝါးက ဟဲထန်ထံမှ မြစ်ဖျားခံလာခြင်းဖြစ်ကြောင်းကို အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် ရန်ရှောင်နှင့် သူ၏အဖွဲ့က တစ်ဖက်လူကို ဖမ်းဆီးခြင်း မပြုနိုင်ကြသေးပေ။
ဟဲထန်၏ နောက်ကွယ်တွင် တခြားသော အထက်လူကြီး သို့မဟုတ် လက်အောက်ငယ်သားများ ရှိနေသေးသလားဆိုသည်ကို တိတ်တဆိတ် စောင့်ကြည့်စစ်ဆေးရန်အတွက် အဖွဲ့ နှစ်ဖွဲ့ကို မြို့တော်တက္ကသိုလ်ထဲ၌ ကြိုတင်နေရာချထားခဲ့ပြီး ဖြစ်သည်။
ထို့အပြင် ဤဆေးဝါး၏ အာနိသင်က ပြင်းထန်လွန်း၏။
အကယ်၍ ထိုဆေးကို အပြင်ဘက်အင်အားစုများက တီထွင်ဖန်တီးထားခဲ့ခြင်း ဆိုပါက ထိုဆေးက နိုင်ငံတော်အတွက် သေချာပေါက် ကောင်းမွန်သောအရာ မဟုတ်ပေ။
ဤဆေးဝါးကြောင့် လူများ သေဆုံးရသည့် အကြောင်းရင်းကိုပင် သေသေချာချာ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
အထူးသဖြင့် ဤဆေးဝါးက အကိုက်အခဲပျောက်ဆေးအဖြစ် အသွင်ပြောင်းလဲထားခြင်း ဖြစ်လေ၏။
အကယ်၍ တရုတ်နိုင်ငံထဲရှိ အကိုက်အခဲပျောက်ဆေးအားလုံးကို တိတ်တဆိတ် လဲလှယ်ထားခဲ့မည်ဆိုပါက...
ရန်ရှောင်အနေဖြင့် ထိုအရာ၏ အကျိုးဆက်ကို တွေးရဲစရာပင် မရှိတော့ပေ။
ဈာပနအခမ်းအနားက အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားခဲ့လေသည်။
သူမ၏ လင်ပါသမီးအပေါ် အလွန်ပင် ချစ်မြတ်နိုးပုံရသော ဒုတိယအဒေါ်က ဝမ်းနည်းခြင်းခန်းမထဲ၌ ရှိုက်ကြီးတငင် ငိုကြွေးခဲ့သောကြောင့် မေ့လဲလုနီးပါးပင် ဖြစ်ခဲ့ရရှာ၏။
မူလက သမီးဖြစ်သူအတွက် နှလုံးသား ကွဲအက်မတတ် ခံစားနေရသော ဖခင်လီမှာတော့ ယခုအချိန်တွင်မျက်ရည်တစ်စက်ပင် ထွက်ပေါ်မလာနိုင်တော့ပေ။
သူဇနီးက ငိုကြွေးလွန်းသောကြောင့် ဘေးအန္တရာယ်ဖြစ်ပွားမည်ကို စိုးရိမ်ကာ သူမကိုသာ ဘေးမှကူညီပေးနေခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ သူသည်လည်း အသက်ငယ်ရွယ်သူ မဟုတ်တော့ပေ။
လီဟုန်မေ့၏ ခင်ပွန်းဖြစ်သူက ယနေ့တွင် သူ၏ စစ်ဝတ်စုံကို ချွတ်ပယ်ထားခဲ့ပြီး အနက်ရောင် ကျုံးရှန်ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူ၏ပုံစံကလည်း အလွန်ပင် နွမ်းနယ်ပင်ပန်းနေပုံရလေ၏။
လီဟုန်မေ့၏ အတန်းဖော်ကျောင်းသားများက သူမ၏ ရုပ်အလောင်းအရှေ့တွင် သေးငယ်သော အဖြူရောင်ပန်းလေးတစ်ပွင့်စီ ချပေးခဲ့ကြလေသည်။
စိတ်နုလွန်းသော အမျိုးသမီးကျောင်းသူတချို့က မထိန်းချုပ်နိုင်ကြတော့ဘဲ ငိုကြွေးနေကြလေ၏။
မြင်ကွင်းတစ်ခုလုံးက လေးနက်ထိုင်းမှိုင်းကာ ဝမ်းနည်းပူဆွေးမှုများဖြင့် လွှမ်းမိုးနေခဲ့သည်။
နောက်ခံအသံအဖြစ် မိထွေးဖြစ်သူ၏ ရှိုက်ကြီးတငင် ငိုကြွေးသံများသာ ရှိနေခဲ့သည်။
တစ်ခါတရံတွင် လူများကို ထိတ်လန့်သွားစေလောက်သော သူမ၏ အော်ဟစ်သံများပါ ထွက်ပေါ်လာတတ်၏။
ဝမ်းနည်းခြင်း အချိန်အခါပြီးဆုံးသွားခဲ့ပြီးနောက် ကျောင်းဝန်ထမ်းများက လီဟုန်မေ့၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်စက်ဆီသို့ သယ်ဆောင်သွားခဲ့ကြလေသည်။
*