အခန်း ၁၂၄
Vol. 13 Ch. 124
Chapter 124
“မင်းဘယ်လိုတောင်လုပ်လိုက်တာလဲ။ မီးဖိုတစ်ခုတည်းလုပ်ရင် အမျိုးအစားတူတူပဲထွက်တာပါ။ မင်းကျမှ အမျိုးအစားမတူတဲ့ဆေးလုံးတစ်ထောင်လောက်ထွက်နေရတာလဲ””
ရှောင်ချမ်မှာ တော်တော်လေး စိတ်လှုပ်ရှားနေရသည်ပေ။
ထိုအချိန်တွင် စုယွမ်က အလုပ်နှင့်နားနေဖလှယ်စွမ်းရည်မှအရင်ထွက်ပြီး ပြုံး၍ ရှင်းပြလိုက်၏။
“ငါ မင်းကိုပြောသားပဲ။ ငါက အရသာရာချီတဲ့ပေါ်ကူဆေးလုံးတွေကို လုပ်မှာပါလို့။ ဒီဆေးတစ်လုံးစီတိုင်းက ကိုယ်ပိုင်အရသာရှိကြပြီးသား။ ကြည့်လိုက်ရင်တူပေမဲ့ ပါဝင်ပစ္စည်းအချိုးအစားကမတူတော့ အမျိုးအစားမတူဘူးပြောလို့ရတယ်။”
“မင်းက တကယ်ပါရမီရှင်ပဲကွာ။ ဒီလိုအကြံမျိုးဘယ်လိုရလာတာလဲ။ တကယ် အံ့သြစရာပဲဟေ့။”
ရှောင်ချမ်မှာ စုယွမ်ကို တော်တော်အံ့သြနေရပေသည်။
စုယွမ်လည်း ပြန်မေးလိုက်သည်။
“မင်း ဒါတွေစုပ်ပြီးတော့ အခု ဘာစွမ်းရည်တွေရှိသွားပြီလဲ။”
ရှောင်ချမ်ကလည်း မြန်မြန် ပြန်ဖြေလာ၏။
“ငါအခု ပေါ်ကူဆေးလုံးအများကြီးရဲအစွမ်းကိုစုပ်လိုက်တော့ အရသာအမျိုးမျိုးရှိတဲ့ပေါ်ကူဆေးလုံးဓါတ်ပါတဲ့ချီစွမ်းအင်တွေထုတ်နိုင်ပြီလေ။ ငါ ထုတ်တဲ့ချီစွမ်းအင်ကိုရတာနဲ့ ရက်ပေါင်းရာချီမစားမသောက်ရင်လည်းရတယ်။”
“နောက်ပြီးတော့ရော။”
စုယွမ် စကားဆက်ကြောင်းပေးလိုက်သည်။
“ဒါပဲလေ။”
ရှောင်ချမ် ဖြေလိုက်၏။
“ဒါပဲလား။”
စုယွမ် အံ့သြသွားရသည်။
“...ငါက ပေါ်ကူဆေးလုံးလေးပဲစုပ်ရတာကို၊ ဒီလောက်ပဲစွမ်းတာပုံမှန်မဟုတ်ဘူးလား။”
ရှောင်ချမ် ပြန်ပြောလိုက်သည်။
“အဲ့ဒီတော့ အဆင့်ကရော ဘယ်ရောက်သွားပြီလဲ။”
“ပထမအဆင့်အနိမ့်တန်းပဲရှိတုန်း၊ ရလာတဲ့စွမ်းအင်အများစုကို ပန်းကန်အပဲ့ပြင်ဖို့သုံးလိုက်လို့လေ။”
“ဟုတ်ပြီလေ၊ ငါ နောက်တစ်သုတ် ဆက်လုပ်လိုက်မယ်။”
စုယွမ် ဆေးဖော်ခန်းတံခါးကိုဖွင့်လိုက်တော့ အဝင်ဝတွင် စောင့်ကြပ်နေသောတပည့်တစ်ဦးကိုတွေ့လိုက်ရာ ဝိညာဉ်ပင်များယူလာပေးရန် တောင်းဆိုလိုက်သည်။
ထို့နောက် သူ အရသာရာရှိရှိပေါ်ကူဆေးလုံးကိုသာ ဆက်လက်သန့်စင်လိုက်၏။
ဤတစ်ကြိမ်တွင်မူ စွမ်းရည်သုံးထားစဥ်ကကဲ့သို့ အဆင်ပြေချောမွေ့မနေတော့ပါပေ။
သို့သော် သူ အမျိုးအစားရှစ်ဆယ်လောက်ကိုတော့ ရအောင် သန့်စင်နိုင်ခဲ့ပေ၏။
ဆေးလုံးများရပြီးသည့်နောက်တွင် စုယွမ်ရှေ့၌ နောက်ထပ်ဆေးလုံးအပုံတစ်ပုံထပ်ပေါ်လာလေသည်။
အနှီအပုံလေးမှ နတ်ဘုရားအငွေ့အသက်တို့က ပန်းကန်လုံးဆီသို့ ရောက်ရှိသွားကြ၏။
ဝေဟင်ကမ္ဘာပန်းကန်လုံး၏ခန္ဓာကိုယ်ထက်တွင် ခုနစ်စဥ်အလင်းတို့မှာ ပေါ်ပေါက်လာပြီး အရောင်များဆက်တိုက်ပြောင်းလဲနေလေသည်။
ရှောင်ချမ်မှာ ပျော်ရွှင်စွာ အော်ဟစ်လာ၏။
“ပထမအဆင့်အလတ်တန်းအဆင့်။ မိုက်တယ်ကွာ။ အဆင့်ကိုခုန်ပြီးတက်သွားတာ။”
သို့သော်လည်း စုယွမ်ကတော့ မျက်မှောင်ကြုတ်နေလေ၏။
“အခုကတည်းက ထပ်နေတာတွေတောင်ရှိနေပြီပဲ။”
“ဆက်လုပ်ကြည့်ကြတာပေါ့။”
“ဟမ်။ ငါက ပထမအဆင့်အလတ်တန်းတောင်ရောက်နေပြီကို၊ ပထမအဆင့်အနိမ့်တန်းဆေးလုံးက ဘာမှအသုံးဝင်မှမဟုတ်တော့ဘူးလေ။”
ရှောင်ချမ် ဝင်ပြောလိုက်၏။
“မင်း စုပ်ယူလို့မရတော့တာလား။”
“မဟုတ်ဘူး၊ ရသေးတယ်။”
“အဲ့ဒါဆို တတ်နိုင်သမျှစကားဝင်မပြောနဲ့။”
ရှောင်ချမ် တိတ်ကျသွားရသည်။
စုယွမ်ကတော့ ပေါ်ကူဆေးလုံးအမျိုးမျိုးကို ဆက်လက်သန့်စင်နေလေသည်။
အချိန်အားဖြင့်ခုနစ်ရက်မှာ ကျော်လွန်သွားလေပြီ။
တစ်နေ့တွင် ထောင်ယောင်ယောင်က စုယွမ်ဆီကို ရောက်လာခဲ့၏။
သူမလည်း စုယွမ်၏ခုနစ်ရက်ဆက်တိုက် ဆေးဖော်ခန်းထဲတွင် နေမည်ဟုမထင်ထားခဲ့ပါချေ။
စုယွမ်က အဆင့်နိမ့်ဆေးလုံးများကိုသာ ဖော်စပ်နေတာသိသည်မို့ သူမလည်း နှောင့်ယှက်မိမည်ကိုမစိုးရိမ်ဘဲ တံခါးသာခေါက်၍ ဝင်လာလိုက်ပေသည်။
ထို့နောက်တွင်တော့ သူမမှာ စုယွမ်၏ဘေးပတ်လည်၌စုပုံနေသောဆေးလုံးများကို တွေ့လိုက်ပေသည်။ သူမမှာ စုယွမ်၏ခေါင်းကိုသာ မြင်နိုင်သည်အထိ ဆေးလုံးများမှာ စုပုံနေခြင်းဖြစ်ပေ၏။
ထောင်ယောင်ယောင် အရောင်စုံဆေးလုံးများပြည့်နှက်နေသော ဆေးဖော်ခန်းကိုကြည့်ရင်း ကြောင်အနေရသည်။ သူမ အံ့သြတကြီး မေးလိုက်မိရ၏။
“စုယွမ်၊မင်းဘာတွေ လုပ်နေတာလဲ။”
“ဟမ်၊ အစ်မထောင် ရောက်လာတာပဲ။ ကျွန်တော် ပေါ်ကူဆေးလုံးလုပ်နေတာလေ။ ဒါနောက်ဆုံးအသုတ်ပဲ၊ ပြီးတော့မယ်။”
ထောင်ယောင်ယောင် လေထဲပျံ၍ စုယွမ်ဘေး ဝင်ရပ်လိုက်သည်။
ထို့နောက် သူမ စုယွမ်က အမျိုးမျိုးသောပါဝင်ပစ္စည်းများကို မီးပြင်းဖိုထဲ တစ်ခါတည်းပစ်ထည့်နေတာကိုမြင်လိုက်ရ၏။ သူမ တစ်ချက်ကြည့်ရင်တောင် ပစ္စည်းအမျိုးအစားဒါဇင်ကျော်လောက်ကိုတွေ့လိုက်ရသည်။
မကြာမီတွင်ပင် ထည့်သောပစ္စည်းများက ရာချီအထိဖြစ်သွား၏။
ထို့နောက် သူမ၏ထိတ်လန့်နေသောအကြည့်အောက်မှာပင် စုယွမ် ထိုပစ္စည်းများအကုန်လုံးကို ရောစပ်တော့လေသည်။
“ဘယ်အဆင့်ကို ဖော်စပ်နေတာလဲ။ ဘာလို့ ဒီလောက် ပါဝင်ပစ္စည်းအများကြီးလိုတာလဲ။”
ထောင်ယောင်ယောင် ရပ်၍သာကြည့်မနေနိုင်တော့ဘဲ ထုတ်မေးလိုက်မိသည်။
“ပေါ်ကူဆေးလုံးပဲလေ။ ခဏလေးစောင့်၊မြန်ပါတယ်။ ကျွန်တော် အခုဆို ပေါ်ကူဆေးလုံးလုပ်တာတော်တော်အတွေ့အကြုံရှိနေပြီ။”
စုယွမ် ပြောလိုက်သည်။
စုယွမ် ကျွမ်းကျင်စွာပင် မီးတောက်ကိုညှိ၍ ထိန်းချုပ်ကာ သူ၏အနည်အနှစ်များကိုလည်း အလကားရသည့်အတိုင်း မီးပြင်းဖိုထဲသို့လောင်းထည့်နေလေသည်။ သူ၏နတ်ဘုရားအာရုံကလည်း သုံးမကုန်နိုင်သည့်အလား ရာချီသောပါဝင်ပစ္စည်းများကို စေ့စပ်စွာ စောင့်ကြည့်နေ၏။
ဖြစ်စဥ်တစ်ခုလုံးမှာ ချောမွေ့လို့နေပြီး မသိလျှင် ဆေးပညာရှင်ကြီးတစ်ပါးက အမတဆေးကိုဖော်စပ်နေသလိုပင်။
ထောင်ယောင်ယောင်တောင် စုယွမ်၏လှုပ်ရှားမှုများကြောင့် လောက၏မီးနှင့်သစ်သားစွမ်းအင်တို့အငြိမ်မနေရသည်ကိုတောင် ခံစားမိလေသည်။ အနှီကောင်းကင်နှင့်မြေကြီး၏စွမ်းအားနှစ်မျိုးမှာ စုယွမ်၏ထိန်းချုပ်မှုဖြင့် လည်ပတ်နေပြီး မီးပြင်းဖိုကိုထိန်းချုပ်ထား၏။
ဤဖြစ်စဥ်တွင် အနည်းငယ်သောပြောင်းလဲမှုလေးကတောင် ရှုံးနိမ့်သွားနိုင်သော်ငြား စုယွမ်ကတော့ အေးအေးဆေးဆေးသာ ပေါ့ပေါ့ပါးပါးလုပ်နေလေသည်။
စုယွမ်၏ဆေးဖော်စပ်နည်းလမ်းမှာ အလွန်နက်နဲလှ၏။ သူ၏နတ်ဘုရားအာရုံကလလည်း သတ္ထုစွမ်းအင်အယူအဆနှင့်တထပ်တည်းကျနေသည့်အလား တိကျကာပြတ်သားနေလေသည်။
ဤဖြစ်စဥ်မှာ နာရီဝက်သာကြာမြင့်၍ ပြီးဆုံးသွားလေ၏။
စုယွမ်လည်း မီးကိုပိုအားပြင်းစေကာ ဆေးလုံးများကိုပုံသွင်းလိုက်သည်။
မီးပြင်းဖိုအဖုံးပွင့်သွားသည့်အခါ စုယွမ်က အထဲရှိဆေးလုံးများကိုယူ၍ နေရာလွတ်တစ်ခုဆီသာ ပစ်လိုက်ရာ နောက်ထပ်ဆေးလုံးပုံတစ်ခုဖြစ်လာရ၏။
ထိုအချိန်မှသာ ထောင်ယောင်ယောင်မှာ ဆေးလုံးများ၏အရည်အသွေးကို သေချာကြည့်မိတော့သည်။
“အပြစ်အနာအဆာမရှိဘူး။ ပြီးပြည့်စုံတယ်။ လုံးဝပြီးပြည့်စုံလွန်းတယ်။”
“ဒါတွေအကုန်လုံးက ပေါ်ကူဆေးလုံးတွေပဲလား။”
ထောင်ယောင်ယောင်မှာ အံ့သြတကြီးရေရွတ်မိသွား၏။ ဆေးဝါးပညာတွင် အမြင့်တန်းအဆင့်ထက်ပိုမြင့်သောနေရာမှာ ပြီးပြည့်စုံခြင်းအဆင့်ဖြစ်ပြီး ၎င်းအဆင့်ဆေးလုံးများက ဘာဆိုးကျိုးမှမပါကြောင်း ဆိုလိုပေသည်လေ။
ဤသည်မှာ အနိမ့်တန်းအဆင့်ဆေးလုံးလေး၏အကောင်းဆုံးရောက်ရှိနိုင်သောအခြေအနေဖြစ်ပေသည်။ ဆေးပညာရှင်အများစုမှာ တစ်ဘဝလုံးနေမှ ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးတစ်ခုတောင် မဖော်စပ်နိုင်ခဲ့သည်မျိုးရှိသည်။
သူမလည်း တစ်ခါတလေ ပြီးပြည့်စုံသည့်အနိမ့်တန်းဆေးလုံးများကို ဖော်စပ်ဖြစ်သော်ငြား ဤသို့ ထုတ်လုပ်သမျှအကုန်က ပြီးပြည့်စုံခြင်းအဆင့်ဖြစ်နေသည်ကတော့ သူမလည်း ပထမဆုံးတွေ့ဖူးခြင်းပါပေ။
သူမ ဆေးဖော်ခန်းအခန်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်ရာ စုယွမ်ဖော်စပ်သမျှဆေးလုံးတိုင်းက ပြီးပြည့်စုံခြင်းအဆင့်ဖြစ်နေလေတော့သည်ပင်။