← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

Chapter 125: ပေါ်ကူဆေးလုံးဆရာကြီး။

စုယွမ် နောက်ဆုံးပေါ်ကူဆေးလုံးအသုတ်ကို ကြည့်လိုက်သည်။

ထိုထဲမှ အလင်းတန်းတို့က ဝေဟင်မြေကမ္ဘာပန်းကန်လုံးထဲ စီးဝင်သွားကြ၏။

“အခုရော ဘယ်အဆင့်ဖြစ်သွားပြီလဲ။ ဘာအစွမ်းရောရှိပြီလဲ။”

“ပထမအဆင့်အမြင့်တန်းကိုတော့ရောက်ပြီ။ အစွမ်းကတော့ အရသာပိုစုံ၊ အနံ့ပိုစုံလာပြီး အစာမစားဘဲကိုလည်း တစ်နှစ်အထိနေလို့ရသွားပြီ။”

ရှောင်ချမ်မှာ ဆက်မပြောခင် ခဏမျှရပ်တန့်သွားရ၏။

“ဒီအစွမ်းကြီးက တော်တော်လေးအရေးမပါတာပါကွာ။”

“မင်းဘာသိလို့လဲ။ ငါတို့သာ ဝိညာဉ်စွမ်းအင်လုံးဝမရှိတဲ့နေရာကို ရောက်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒီလိုအချိန်ရောက်လာရင် ဒီအစွမ်းပေါ်ပဲ မှီခိုရမှာ။ ဘာကို ဒီအစွမ်းက အရေးမပါရမှာလဲ၊ ဒါက အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်တာပဲ။”

စုယွမ်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။

“မင်းက တကယ်ပဲ...”

ရှောင်ချမ် ဆက်ပြောလိုက်သည်။

“တော်တော်လေးစိုးရိမ်တတ်တာပဲ။”

ထောင်ယောင်ယောင်က ထိုအချိန် ထပြောလာသည်။

“စုယွမ်၊ အစ်မ မင်းရဲ့ဆေးစပ်အရည်အချင်းကို ကြည့်ရသလောက် တော်တော်လေးကောင်းပြီး နက်နဲတယ်ပြောလို့ရတယ်။ မင်း လာမဲ့ဆေးပညာအခမ်းအနားကို တက်ချင်လား။”

စုယွမ်က လက်ခါလာ၏။

“မဟုတ်တာ၊ အစ်မထောင်။ ကျွန်တော့်မှ ဂိုဏ်းပြင်မထွက်ချင်တာကို။”

“မထွက်ရပါဘူး။ ဆေးပညာအခမ်းအနားက ငါတို့ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းမှာပဲ ကျင်းပမှာ။ ငါတို့ဂိုဏ်းကပဲ နယ်ပယ်အသီးသီး၊ နယ်မြေအသီးသီးက ဆေးပညာရှင်တွေကို ဖိတ်ပြီး ငါးနှစ်တစ်ကြိမ် အခမ်းအနားကို ကျင်းပနေကြလေ။ အသက်တစ်ရာအောက်ကျင့်ကြံသူမှန်သမျှ ဝင်ပြိုင်လို့ရတယ်။”

ထောင်ယောင်ယောင် သက်ပြင်းချလိုက်၏။

“ငါတို့ ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းက မကြာခဏ နိုင်လေ့ရှိပေမဲ့လည်း အမြဲတမ်းတော့ နိုင်မနေဘူးလေ။ ဒီပွဲက နောက်ခြောက်လနေရင် ကျင်းပတော့မှာ။ မင်းအရည်အချင်းနဲ့ဆိုရင် ပထမနေရာကို ရဖို့က သေချာလောက်တယ်။”

စုယွမ်ကတော့ သတိထား၍ ပြန်မေးလိုက်သည်။

“နိုင်ရင် ဘာရမှာလဲဟင်။”

“ဆုရှိတာပေါ့။”

ထောင်ယောင်ယောင်က ပြောလာသည်။

“ကံကောင်းခြင်းဆိုတာ ကျင့်ကြံသူတွေအတွက်အရမ်းအရေးပါတဲ့အရာပဲ။ ဆေးပညာအခမ်းအနားမှာက လူငယ်မျိုးဆက်တွေရဲ့ဆေးပညာပါရမီရှိတဲ့သူတွေအကုန်ပါကြမှာ။ အနိုင်ရတဲ့သူက ဆေးပညာကံကောင်းမှုကိုရမှာလေ၊ အဲ့ဒါက အနာဂတ်ဆေးဖော်ရင် ပိုအဆင်ပြေပြေဖော်နိုင်အောင် ထောက်ပံ့ပေးလိမ့်မယ်။”

ဤသည်ကို ကြားတော့ စုယွမ်အတွေးနက်သွားရလေသည်။

ထောင်ယောင်ယောင်၏စကားကြောင့် စုယွမ် စနစ်အကြောင်း တွေးမိသွားရခြင်းဖြစ်၏။ တွေးကြည့်ရလျှင် စနစ်ကလည်း ထိုသို့ကံကောင်းမှုကိုစုဆောင်းသောအရာတစ်ခုပါပေ။

သူလည်း စဉ်းစားကြည့်ရင်း အနှီအခမ်းအနားတွင် ဆေးပညာအရည်အချင်းကို သွား၍ထုတ်ပြလျှင် ကောင်းသာဟု တွေးလိုက်မိသည်။ အနိုင်ရသည်၊ မရသည်ထက် ကျော်ကြားမှုအမှတ်များကိုတော့ သဲ့ယူနိုင်မည်လေ။

ထို့အပြင် သူ အကြံဉာဏ်တစ်ခုကို တွေးမိနေရခြင်းဖြစ်သည်။ မည်သို့သောလူမျိုးဆိုလျှင် အမှတ်အများဆုံးရလောက်မည်နည်းဆိုသည့်အကြံကိုပင်။ ထို့အတူ သူသာ သာမန်လေလွှင်ဆေးပညာရှင်တစ်ဦးအဖြစ်သွားပြိုင်လျှင်ရော ဘယ်လိုနည်း။

ထိုအချိန်တွင် သူ စောနလေးက နားလည်သွားခဲ့သော အသွင်ပြောင်းနည်းပညာကို သတိရသွားပြီး သုံးရမည့်နေရာကိုလည်း တွေ့သွား၏။

ထိုအတွေးဖြင့် စုယွမ် ခေါင်းခါပြလိုက်ပြီး သက်ပြင်းချလိုက်သည်။

“အားနာပါတယ်၊ အစ်မထောင်။ ဆေးပညာလမ်းကြောင်းက ကျွန်တော်အဓိကလေ့လာမဲ့လမ်းကြောင်းမဟုတ်ဘူးဗျ။ ကျွန်တော် နက်နက်နဲနဲထိ လေ့လာဖို့ အစီအစဉ်မရှိဘူး။ အခုတစ်ခေါက်ကလည်း ဒီအတိုင်းစိတ်ဝင်စားလို့ စမ်းကြည့်လိုက်ရုံပဲ။ အဲ့ဒီတော့ ကျွန်တော် ပြိုင်ပွဲလည်း ဝင်မပြိုင်တော့ပါဘူး။”

ထောင်ယောင်ယောင်ကတော့ ဖြောင်းဖျချင်နေဆဲ။

“ပွဲက ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းထဲပဲ ကျင်းပမှာလေ၊ ဘာအန္တာရယ်မှ မရှိပါဘူး။”

“ကျွန်တော် တကယ်စိတ်မဝင်စားလို့ပါ။ အစ်မထောင် ကျွန်တော့်ကို ပြိုင်ပွဲအကြောင်းအသေးစိတ်အချက်အလက်လေး အရင်ပြကြည့်ရင်ရော၊ ကျွန်တော့် တစ်ချက်လောက်ကြည့်ကြည့်မယ်လေ။”

စုယွမ်ပြောလိုက်သည်။

“ရတာပေါ့။”

ထောင်ယောင်ယောင် ကျောက်စိမ်းပြားတစ်ခုကို စုယွမ်ထံပေးလာ၏။

စုယွမ်လည်း ကျောက်စိမ်းပြားကို ယူကြည့်လိုက်တော့ သူ ချက်ချင်း အံ့ဩသွားရသည်။

“လက်နက်အခမ်းအနားလည်းရှိတာလား။”

“ရှိတယ်လေ၊ လက်နက်အခမ်းအနားက ငါတို့ဆေးပညာအခမ်းအနားနဲ့အချိန်တူတူလောက် ကျင်းပတာ၊ သုံးလလောက်ပဲကွာတယ်။ အဲ့ဒီတစ်ခုကလည်း ငါတို့ဂိုဏ်းထဲပဲ ကျင်းပတာပဲ။ ဒါတွေအပြင် အစီအရင်အခမ်းအနား၊ အဆောင်တံဆိပ်အခမ်းအနားတွေပါ ရှိသေးတယ်၊ သူတို့ကတော့ အခြားဂိုဏ်းတွေမှာ ကျင်းပတာ။”

ထောင်ယောင်ယောင်က ခေါင်းညိတ်ရင်း ဆိုလာသည်။

စုယွမ်လည်း နားလည်ကြောင်းခေါင်းညိတ်ပြလိုက်၏။

“အခြားသူတွေ ဝင်ပြိုင်ချင်တယ်ဆိုရင်တော့ အဆင့်ဆင့်ရွေးချယ်စိစစ်ပြီးမှ ပါခွင့်ရတာ၊ မင်းသာ ပါချင်ရင် တန်းပြိုင်လို့ရအောင် လုပ်ပေးနိုင်တယ်။”

ထောင်ယောင်ယောင် ပြုံး၍ပြောလာသည်။

“နိုင်တာ၊ မနိုင်တာက အဓိကမဟုတ်ပါဘူး။ အတွေ့အကြုံရသွားရင်ကိုပဲ အဆင်ပြေတာပဲလေ။”

“ဟုတ်ကဲ့ပါ၊ အစ်မထောင်။ ကျွန်တော် စဉ်းစားကြည့်ထားလိုက်ပါ့မယ်။ အကြံပေးတာ ကျေးဇူးပါ။”

ထောင်ယောင်ယောင်လည်း ဆေးလုံးအပုံများဆီ လှည့်ကြည့်ပြီး မေးလိုက်၏။

“မင်း ဒီဆေးလုံးတွေနဲ့ ဘာလုပ်မှာလဲ။”

“အစ်မထောင်ပဲ ကျွန်တော့်အတွက် စီမံပေးပါလား။”

စုယွမ် သာမန်လျှံကာသာ ဆိုလိုက်သည်။

“ဒီဆေးလုံးတွေရဲ့အရည်အသွေးက အရမ်းမြင့်လွန်းတယ်။ နောက်ပြီး ပြီးပြည့်စုံတဲ့အတွက် ချီစုဆောင်းခြင်းအဆင့်တပည့်လေးတွေ သုံးဖို့အရမ်းသင့်တော်တယ်။ သူတို့အတွက်က အစာစားလို့ရော အနာအဆာရှိတဲ့ဆေးဝါးတွေ သုံးဖို့ရောက မသင့်တော်ဘူး။ မင်းရဲ့အနာအဆာမရှိတဲ့ဒါလေးတွေကတော့ တော်တော်လေးအဆင်ပြေတယ်။ အထူးသဖြင့် ချီစုဆောင်းခြင်းထိပ်ဆုံးအဆင့်ရောက်နေတဲ့သူတွေအတွက် အရမ်းကောင်းတာမို့ သူတိုတွေလိုချင်ကြလိမ့်မယ်။ သူတို့ဆီက ရမဲ့ထောက်ပံ့မှတ်တွေကိုတော့ မင်းဆီတိုက်ရိုက်လွှဲပေးလိုက်မယ်။”

ဒါကိုကြားတော့ စုယွမ်တစ်ယောက် ရပ်တန့်သွားရသည်၊ သူ တုံ့ဆိုင်းနေပြီးမှ ဆိုလိုက်သည်။

“သူတို့ကို ပေးမလို့လား။ မကောင်းလောက်ဘူးထင်တယ်နော်။”

“ဘာဖြစ်လို့လဲ။”

ထောင်ယောင်ယောင်လည်း ရှုပ်ထွေးသွားပြီး ပြန်မေးလိုက်သည်။

“ဘယ်လိုပြောရပါ့မလဲ၊ ဒီပေါ်ကူဆေးလုံးတွေရဲ့...အရသာက နည်းနည်းထူးခြားလို့လေ။”

စုယွမ် ပြောလိုက်၏။

“ဟမ်၊ ဘယ်လိုအရသာမလို့လဲ။”

ထောင်ယောင်ယောင်လည်း ဆေးလုံးတစ်ခုကို သာမန်လျှံကာ ယူပြီး ကောက်စားလိုက်ကြည့်လိုက်သည်။

စုယွမ်ကတော့ မျက်လုံးကိုသာ မှိတ်ထားလိုက်၏။

ထောင်ယောင်ယောင်၏မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး မျက်လုံးများကလည်း ကျွတ်ကျမတတ်ပြူးကျယ်သွားရ၏။

သူမလည်း မြန်မြန်ပြန်ထွေးထုတ်ရန် ပြင်လိုက်သော်ငြား ဆေးလုံးက ပြီးပြည့်စုံခြင်းအဆင့်ရောက်နေလေရာ ချက်ချင်း လျှာဖျားထက် ပျော်ဝင်သွားတော့သည်။

သူမမှာ ဝိညာဉ်ရေတစ်ပုလင်းကို မြန်မြန်ထုတ်၍ အမြန်သောက်ချလိုက်ရတော့၏။

သို့သော် သူမ အနည်းအငယ်လေးမျှသာ စားလိုက်တာတောင် အနှီအရသာမှာ သူမ၏ဝိညာဉ်များထဲထိပင် စွဲမြဲသွားသလို ခံစားလိုက်ရသည်။ ရေကို အသားကုန်သောက်ပြီးတာတောင် ကြောင်တောင်တောင် အရသာတစ်မျိုးမှာ အားပျော့မသွားခဲ့။

အချိန်တစ်ခုကြာမှသာ အနှီအရသာက ပြေပျောက်သွားခဲ့၏။

ထောင်ယောင်ယောင်မှာ စုယွမ်ကို နတ်ဆိုးတစ်ကောင်ကို ကြည့်သလိုသာ ပြန်လှည့်ကြည့်လာသည်။

စုယွမ်လည်း မျက်လုံးဖွင့်ကြည့်လိုက်တော့ ထောင်ယောင်ယောင်ဟာ ထိုင်ခုံတစ်ခုပေါ်တွင်ထိုင်လျက် သူမ၏မျက်နှာကြွက်သားများကို နှိပ်နယ်နေတာကို တွေ့လိုက်ရ၏။

စုယွမ် ချောင်းတစ်ဟန့်၍ ဆိုလိုက်သည်။

“အစ်မ အဆင်ပြေရဲ့လား။”

“ဒါက ဘယ်လိုအရသာကြီးလဲ။ ဘယ်လိုပြောရမှန်းတောင် မသိဘူး။”

ထောင်ယောင်ယောင် သက်ပြင်းသာ ချလိုက်တော့၏။

“ငါတော့ ဒီဟာတွေကို တပည့်တွေကို ပေးလို့မဖြစ်ဘူးထင်တာပဲ။”

စုယွမ်၏မျက်လုံးများမှာ ပြောင်းလဲသွား၏။

“တကယ်တော့ ကျွန်တော် တမင် အဲ့ဒီအရသာရအောင်လုပ်ထားတာပါ။”

“ဟမ်။”

ထောင်ယောင်ယောင်လည်း သိချင်သွားရသည်။

“ဘာဖြစ်လို့လဲ။”

“ချီစုဆောင်းခြင်းကနေ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ဆိုရင် သူတို့အတွက်က ခိုင်မာတဲ့အုတ်မြစ်တင်မဟုတ်ဘူး၊ စိတ်ပိုင်းဆိုင်တည်ငြိမ်ဖို့ရယ်၊ တာအိုနှလုံးသားကလည်း တည်ငြိမ်ဖို့လိုတယ်။ ဒီပေါ်ကူဆေးလုံးက ခံနိုင်ရည်နဲ့ စိတ်အခြေအနေတည်ငြိမ်အောင် လုပ်ပေးနိုင်တယ်။ အဲ့ဒီလိုဆိုရင် သူတို့ အဆင့်တက်တဲ့အခါ ပိုပြီးလွယ်ကူချောမွေ့သွားမှာမလား။”

စုယွမ် ရှင်းပြလိုက်၏။

“မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။”

ထောင်ယောင်ယောင်ကလည်း စဉ်းစားရင်း ခေါင်းတညိတ်ညိတ်နှင့်။

“ချီစုဆောင်းခြင်းအဆင့်ကနေတက်ဖို့ဆိုတာက ဒုတိယဦးစားပေးပဲ၊ အဓိကက အခြေခံအုတ်မြစ်နဲ့ ရွှေအမြုတေကို အဆင့်မြင့်မြင့် ဖွဲ့စည်းနိုင်ဖို့လေ။သူတို နတ်ဆိုးနှလုံးသားစမ်းသပ်မှုကို ကျော်ဖြတ်ရဦးမှာပဲကို။ ဒီပေါ်ကူဆေးလုံးတွေက အထောက်အကူဖြစ်နိုင်တာပဲ၊ သူတို့ကို စမ်းစားခိုင်းကြည့်လိုက်မယ်။”

စုယွမ်လည်း ချောင်းဟန့်ပြီး ဆိုလိုက်သည်။

“ကျွန်တော် သန့်စင်ထားတာလို့တော့ ဘယ်သူ့ကိုမှ မပြောနဲ့နော်။”

“အစ်မ သိပါတယ်။”

ထောင်ယောင်ယောင်မှာ ခေါင်းညိတ်လာပြီး သူမ၏မျက်နှာကလည်း ပြုံးဖြီးလာတော့သည်။

စုယွမ်တော့ သူမ၏မျက်နှာပေါ်ရှိအလွန်တရာသဘောကောင်းဟန်ရသော အပြုံးကြီးကြောင့် ထိတ်လန့်ပင် သွားရသည်။

သူမှာ နောက်ကိုတောင် မသိလိုက်ဘာသာ ဆုတ်မိသွားရ၏။

“နောက်ကျတော့မယ်၊ ကျွန်တော်လည်း စိုက်ထားတဲ့အပင်လေးတွေကို သွားကြည့်ရဦးမှာမို့ ခွင့်ပြုပါဦး။”

စုယွမ်မှာ ချက်ချင်းလှည့်၍ထွက်သွားပြီး အခန်းအပြည့်ရှိနေသော ပြီးပြည့်စုံသည့်ပေါ်ကူဆေးလုံးများနှင့် အတွေးနက်နေသော ထောင်ယောင်ယောင်ကို ဒီအတိုင်းသာ ထားခဲ့လိုက်တော့၏။

မကြာမီတွင် စုယွမ် သူ၏ကိုယ်ပိုင်ခြံဝန်းဆီပြန်ရောက်ရှိသွားပြီး အပင်ဆက်စိုက်နေလိုက်သည်။ ဆေးပညာနှင့်လက်နက်သန့်စင်တာကို လေ့လာဖို့အတွက်ကိုမူ သူလုံးဝမလောပါလေ။

သူ ခုနစ်ရက်ခုနစ်ညတိုင်တိုင်တောင် ပေါ်ကူဆေးလုံးများကို အဆက်မပြတ်သန့်စင်ရင်း ဝေဟင်ကမ္ဘာပန်းကန်လုံး၏အခြေအနေကို တည်ငြိမ်အောင် ထိန်းညှိပေးခဲ့ရတာပင်။ ယခုတွင်တော့ အနှီပန်းကန်လုံးအခြေအနေလည်း တည်ငြိမ်သွားပြီဖြစ်ရာ အလျင်စလိုလုပ်ရန် မလိုအပ်တော့။

စုယွမ်ဟာ တည်ငြိမ်စွာလယ်စိုက်လို့ ပြင်ပ၌ ဖြစ်ပျက်သမျှ အကြောင်းအရာများကို လျစ်လျှူရှုထားလိုက်၏။

ခုနစ်ရက်ကြာပြီးနောက်တွင် စုယွမ်၏စိုက်ခင်းများလည်း သီးပွင့်တော့ချေမည်။

【ဒင်၊ ကျော်ကြားမှုအမှတ်+50】

ရုတ်တရက် စုယွမ်၏နားထဲသို့ စနစ်မြည်သံတစ်ခုက ကျယ်လောင်စွာ ဝင်ရောက်လာခဲ့၏။

စုယွမ်လည်း စိတ်အာရုံအစွမ်းကို ချက်ချင်းဖွင့်လိုက်သည်။

နောက်တစ်ခဏချင်းတွင်း သူ၏အသိစိတ်ပင်လယ်မှာ ဂိုဏ်းအတွင်းရှိ တံခါးပိတ်ကျင့်ကြံရာ နေရာတစ်ခုဆီရောက်ရှိသွား၏။

ထိုနေရာတွင် စုယွမ် ရင်းနှီးနေသောမျက်နှာ တစ်ခုကို တွေ့လိုက်ရသည်။

“အရင်တောင်ကြားသခင်လား။”

စုယွမ် အံ့ဩသွားရသည်။

“သေစမ်း၊ ဘယ်မျိုးမစစ်လေးက ဒီအစုတ်အပြတ်ကို အလုပ်ထားတာလဲ။”

တောင်သခင်လန်၏မျက်နှာမှာ ရှုံမဲ့နေလျက်၊ မြေပြင်ကို ကုတ်ဆွဲတော့သည်။ သူ့ကုတ်ဆွဲမှုကြောင့် မြေပြင်တွင် လက်ငါးချောင်းအရာကြီးမှာ ထင်ကျန်ရစ်ခဲ့လေသည်။

သူ၏မျက်ခုံးများမှာ ထိကပ်လုမတတ်ကြုတ်ထားပြီး ဝိညာဉ်ရေကိုသာ အသားကုန်သောက်နေမိ၏။ သို့သော်လည်း ဆေးလုံး၏ဝိညာဉ်ထဲထိပင် စွဲထင်ရစ်နိုင်သော အချို၊အချဥ်၊အခါး၊အစပ်၊အငံစသဖြင့် ရသပေါင်းစုံရောထားသောအရသာမှာ လူကို မူးဝေလာစေလေသည်။

ထိုအချိန်လေးအတွင်း သူဟာ အတိတ်မှအတွေ့အကြုံများကို ပြန်အမှတ်ရသွားပုံဖြင့် အနှီထူးဆန်းသည့်အရသာကြီးကို သည်းခံတော့လေသည်။

သူ့မှာ မြေပြင်ပေါ် ဆယ့်ငါးမိနစ်မျှ လူးလိမ့်နေလျက်၊ နောက်ဆုံးတွင်မှ ပြိုကျသွားဟန်ဖြင့် ပြန်လည်ငြိမ်သက်သွားတော့၏။

သူဟာ အခန်းမျက်နှာကြတ်ကို မော့ကြည့်နေရင်း အတွေးထဲနစ်မြုပ်သွားတော့သည်။

“ဒီဆေးဝါးတောင်ထိပ်က ပြီးပြည့်စုံတဲ့ဆေးလုံးတွေက ကျင့်ကြံမှုအောင်မြင်နှုန်းကို တစ်ဝက်တောင် တိုးလာစေတယ်လို့ ပြောခဲ့တာမလား။ ငါ အခုတော့ တကယ်ယုံပါပြီကွာ။”

အနှီလူအိုကြီးမှာ ငိုချင်သော်ငြား မျက်ရည်မထွက်သလို ခံစားလိုက်ရ၏။

သူ ယခုတွင်တော့ သူ၏အစာအိမ်မှာ တော်တော်လေး သက်တောင့်သက်သာမဖြစ်စွာ ပြည့်အင့်နေ၍ ခန္ဓာကိုယ်ကတော့ မလှုပ်နိုင်အောင်ပင် ပင်ပန်းနေ၏။ ဤသို့သော အခြေအနေမျိုး၌ သူ မည်သို့ ရွှေအမြူတေအဆင့်ကို ချိုးဖောက်နိုင်တော့ပါမည်နည်း။

ဤဆေးလုံးမှာ ဆန့်ကျင်ဘက်အာနိသင်သက်ရောက်သွားခြင်းလား။

သူ့မှာ ကူရာမဲ့သလိုခံစားရရင်း ထိုဆေးလုံးကို ဖော်စပ်ခဲ့သည့်ဆေးပညာရှင်ကိုသာ ကျိန်ဆဲနေရ၏။

“မဖြစ်သေးပါဘူး၊ ငါတစ်ယောက်တည်းတော့ မခံစားနိုင်ဘူး။ ဒါကို သူများတွေကို သွားဝေပြီးမှ အဆင့်တက်ဖို့ကိစ္စပြန်လုပ်တော့မယ်။ မဟုတ်ရင် မကျေမနပ်ပဲထိုင်ဖြစ်နေမိတော့မှာ။”

တောင်သခင်လန်က ထ၍ တံခါးပိတ်ထားသည်ကို ဖွင့်ကာ အမြန်ထွက်ခွာသွား၏။

စုယွမ်မှာ အနှီမြင်ကွင်းကို ရှုပ်ထွေးစွာစိုက်ကြည့်မိနေသည်၊ အကြောင်းမှာ စောနက တောင်သခင်လန်၏စကားများက အတွေးများအဖြစ်သာ အနှီသူ၏ခေါင်းထဲဖြတ်ပြေးသွားခြင်းဖြစ်ရာ သူကတော့ အပြင်မှကြည့်လျှင် တောင်သခင်လန်၏မျက်နှာပေါ်က ထူးဆန်းသည့်အပြုံးကြီးပြုံးပြီး ထထွက်သွားတာကိုသာ မြင်လိုက်ရသောကြောင့်ပင်။

ဤသို့ဖြင့် မြင်ကွင်းမှာ ရပ်တန့်သွား၏။

စုယွမ် တွေးလိုက်မိတော့သည်။

“အဲ့ဒီဆေးက လူ့စိတ်ကိုပါ သက်ရောက်စေတာလား။ မဖြစ်နိုင်တာ၊ အရသာက နည်းနည်းထူးဆန်းတာက လွှဲပြီး ကျန်တာအကုန်ပုံမှန်ပဲကို၊ အာနိသင်က ပိုပြင်းသွားပြီး တစ်လလောက်တောင် အစားမစားပဲနေလို့ရသွားမှာလေ။”

သူ ပေါ်ကူဆေးလုံးများနှင့် ပတ်သက်၍ကတော့ တော်တော်လေးယုံကြည်ချက်ရှိ၏၊ သူဟာ ဆေးလုံးမြောက်များစွာကို ကိုယ်တိုင်ဖော်စပ်ခဲ့သဖြင့် ကိုယ့်လက်ဖဝါး၊ လက်ဖမိုးလှန်သလိုကို နှောကြေပေသည်။ သူ့ထက်မည်သူမှတောင် ပေါ်ကူဆေးလုံးအကြောင်းထိုမျှနားလည်မည်မဟုတ်ပါပေ။

“အဲ့ဒီတော့ တောင်ကြားသခင်ဟောင်းက ပြန်ရောက်လာပြီပေါ့။ သူ ရွှေအမြူတေအဆင့်ကို အဆင်ပြေပြေကျော်ဖြတ်နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်။”

နောက်တစ်ရက်အကြာတွင် လူအိုကြီးလန်မှာ ပျော်ရွှင်စွာဖြင့် တံခါးပိတ်ကျင့်ကြံရာ နေရာဆီသို့ ပြန်လည်ရောက်ရှိလာပြီး ပြန်လည်ကျင့်ကြံတော့လေသည်။

တံခါးအပြင်ဘက်တွင်မူ မှိုန်မှိုင်းနေသောမျက်နှာဖြင့် တပည့်များစွာက ထိုသူ၏တံခါးကို စိုက်ကြည့်နေလျက်၊ လက်ဆစ်များဖြင့် တစ်ဖျောက်ဖျောက်မြည်အောင် လက်သီးတင်းတင်းဆုပ်ထားကြလေ၏။

သူတို့က ဆယ်ရက်တာမျှ တံခါးအပြင်တွင်ပင် စောင့်ဆိုင်းနေကြလေသည်၊ သူတို့က အထဲရှိလူ သေသလား၊ရှင်သလား သိချင်နေကြလေပြီ။

ထိုအချိန်တွင် အခန်းထဲမှ ရွှေအမြူတေအဆင့်အရှိန်အဝါတစ်ခုမှာ ပေါ်ထွက်လာလေ၏။

တပည့်များ၏အမူအရာမှာ ကြောင်အသွားပြီး အချင်းချင်းအကြည့်ချင်းဖလှယ်လျက်၊ မယုံနိုင်ဖြစ်နေကြလေသည်။

“အလုပ်ဖြစ်သွားတာလား။”

All Chapters