အခန်း ၁၂၇
Vol. 13 Ch. 127
Chapter 127
မကြာမီတွင် ငွေဖြူရောင်မြေခွေးသေးသေးလေးမှာ ခုန်ပေါက်ရင်း ကျောက်စိမ်းပုလင်းတစ်ခုကိုယူလာသည်။
ရှောင်လီက အနှီကျောက်စိမ်းပုလင်းလေးကို တောင်ကြားသခင်ဟောင်းကို ကမ်းပေးလာ၏။
“ရော့။”
တောင်ကြားသခင်ဟောင်းမှာ ရှောင်လီကို အံ့သြတကြီးကြည့်လိုက်မိသည်။
“ဒါက ဝိညာဉ်သားရဲလား။ သူ့အရှိန်အဝါက ဘာလို့ ငါ့ထက်တောင် ပိုအားကောင်းနေရတာလဲ။”
စုယွမ်လည်း ခေါင်းညိတ်၍ထောက်ခံလိုက်သည်။
“အမ်း၊ တကယ်ပဲ သူက တော်တော်လေးမြင့်တယ်။”
တောင်ကြားသခင်ဟောင်းမှာ ခဏမျှတိတ်ဆိတ်သွားပြီး ကျောက်စိမ်းပုလင်းကိုဖွင့်ကြည့်လိုက်၏။
သူလည်း သာမန်ကာလျှံကာ ဖွင့်ကြည့်လိုက်ပြီးမှ အထဲရှိအရာကို မြင်တော့အံသြသွားရသည်။
“ဒါတတိယအဆင့်ဝိညာဥ်ရေလား။ အများကြီးပါလား။”
“အဟမ်း၊ တကယ်တော့ အဲ့ဒါရှောင်လီရဲ့ချိုးရေလေ။ ဒါပေမဲ့ အဲ့ဒါက ခင်ဗျားရဲ့အုတ်မြစ်ကိုခိုင်ခံ့စေဖို့အထောက်အကူပြုလိမ့်မယ်။ ယူထားပြီး ထပ်သန့်စင်လိုက်ပါ၊ ကောင်းကျိုးတွေအများကြီးရပါလိမ့်မယ်။နောက်ပြီး ဘာဆိုးကျိုးမှမရှိဘူးနော်။”
စုယွမ်လည်း လက်ဖက်ရည်တစ်ငုံ ငုံ့သောက်လိုက်ပြန်သည်။
တောင်ကြားသခင်ဟောင်း၏နှုတ်ခမ်းမှာ တကယ်ကိုတွန့်ခါသွား၏။
“မင်းကတကယ်ပဲ ... ဒါတွေကိုဘယ်သူ့ဆီကသင်ခဲ့တာလဲ။”
စုယွမ် တောင်ကြားသခင်ဟောင်းကို စိုက်ကြည့်လိုက်၏။
တောင်ကြားသခင်ဟောင်း၏မျက်နှာမှာ အနီရောင်ပြောင်းသွားလေသည်။
သူလည်း နောက်ဆုံးမှ သိုလှောင်အိတ်ထဲစမ်းကာ လက်ချောင်းတစ်ချောင်းစာမျှထူသည့်သစ်သားတစ်ခုကိုထုတ်ပေးလာ၏။
“အဟမ်၊ ဒါက ဝိညာဉ်အားဖြည့်သစ်သားပဲ။ နှစ်တစ်သိန်းသက်တမ်းရှိတယ်။ ဒါ လောလောဆယ်ငါ့အိတ်ထဲရှိတဲ့အဖိုးတန်ဆုံးပစ္စည်းပဲ။ မင်းကိုပေးမယ်။ မင်းလည်း ရွှေအမြူတေအဆင့်ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။”
တောင်ကြားသခင်ဟောင်းမှာ အနှီခပ်မဲမဲအရာကို စုယွမ်ထံကမ်းပေးလာသည်။
စုယွမ်မှာ နှစ်တစ်သိန်းသက်တမ်းဟူသောစကားကိုကြားတော့ ချက်ချင်း လက်ဆန့်ထုတ်လိုက်သော်ငြား လမ်းတစ်ဝက်တွင် ရပ်တန့်သွား၏။ သူ သံသယဖြင့် တောင်ကြားသခင်ဟောင်းကို တိတ်တခိုး ပြန်ကြည့်လိုက်သည်၊ ဤလူမှာ ဒီကိုအပျော်လာရှာခြင်းမဟုတ်ပါလား။
တောင်ကြားသခင်ဟောင်းကလည်း ချောင်းဟန့်၍ ပြောလာသည်။
“ကောင်းပြီလေ၊ ငါက အခုမှအဆင့်တက်ပြီးရုံရှိသေးတာ၊ သိပ်မငြိမ်သေးတော့ အခုပြန်မှဖြစ်တော့မယ်။”
သူက ရွှေအမြူတေအဆင့်ဝတ်ရသောအပြာရောင်တာအိုဝတ်စုံကို တစ်ချက်ခါ၍ ထွက်ပြေးသွားတော့၏။
ရှောင်လီက ရယ်လိုက်၏။
“ဒီတောင်ကြားသခင်ဟောင်းက စိတ်ဝင်စားစရာပဲ။ ငါရယ် ပါရမီရှင်တပည့်တချို့က သူ့အကြောင်း ပြောတာကြားဖူးတယ်။ အခုလူချင်းတွေ့ရတော့ ပိုစိတ်ဝင်စားဖို့ကောင်းသွားပြီ။”
“လျှောက်မပြောစမ်းနဲ့။ ငါတို့အကြီးကိုလေးစားပြီးအငယ်ကိုသနားညှာတာရမယ်။ ငါက အကြီးကိုလေးစားနေတာ၊ မင်းလည်း အငယ်ကိုညှာတာ။”
စုယွမ် အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။
“အင်းပါ။”
အဝေးသို့မရောက်သေးသော တောင်ကြားသခင်ဟောင်းမှာ နားများပင်တွန့်သွားရပြီး စုယွမ်နှင့်ရှောင်လီကို ရှုပ်ထွေးစွာပြန်လှည့်ကြည့်လိုက်ရ၏။
စုယွမ်ကလည်း သူ့ကိုပြန်ကြည့်ကာ လက်ယမ်းလာပြလာသည်။
တောင်ကြားသခင်ဟောင်း၏စိတ်ထဲ သံသယတစ်ခုဖြတ်ပြေးသွားရပြီး စုယွမ်ဟာ ရုတ်တရက် ဆန်းကြယ်လာကြောင်း ခံစားလိုက်ရ၏။
သူလည်း ပြန်ရောက်တာနဲ့ချက်ချင်း စုယွမ်အကြောင်း သတင်းများကိုစုံစမ်းတော့သည်။
သူ စုယွမ်ဟာ ကွယ်ဝှက်တောင်ထိပ်၏တောင်သခင်နေရာရခဲ့ဖူးကြောင်းကိုသိသွားချိန်မှာတော့ သူ ရုတ်ချည်း အကြောင်းတရားကိုနားလည်သွားရ၏။ သူ၏ခါးကလည်း ချက်ချင်းဖြောင့်မတ်သွားပြီး အတွေးတွေပင် ကသောင်းကပြောင်းဖြစ်သွားရလေသည်။
“အဲ့ဒီတော့ ငါက ဆက်ခံသူအရှင်ရဲ့ဆရာဖြစ်သွားတာပေါ့။ ဟားဟား၊ အခုကစပြီး ဂိုဏ်းထဲမှာ ဘယ်ကောင်ကငါ့ကို ရန်စရဲတော့မလဲ။ ငါသာ သရုပ်မှန်ကိုဖော်လိုက်ရင် လူတွေသေလောက်အောင်ကြောက်သွားတော့မှာပဲ။”
တောင်ကြားသခင်ဟောင်းမှာ မသေမျိုးမျိုးစေ့တောင်ကြားသို့ မြူးထူးစွာဖြင့်ပြန်ပြေးသွားတော့သည်။ သူဟာ ရွှင်မြူးစွာဖြင့်ပင် မသေမျိုးမျိုးစေ့တောင်ကြားသခင်တာဝန်ကိုဆက်လက်ထမ်းဆောင်တော့၏။ ဤနေရာတွင်သာ နေရသည့်အကြောင်းရင်းကိုမေးလျှင်တော့ ရှင်းရှင်းလေးသာ၊ အကြောင်းမှာ သူ ဒီနေရာကို သဘောကျသောကြောင့်ပါပေ။
တောင်ကြားသခင်ဟောင်းထွက်သွားပြီးသည့်နောက်တွင် စုယွမ်မှာ လက်ထဲရှိ အမဲရောင်သစ်သားကို စူးစမ်းနေလေသည်။
ဝေဟင်ကမ္ဘာပန်းကန်လုံးကလည်း ပျံထွက်လာပြီး ကလေးဆန်သည့်အသံလေးက လူကြီးလေသံဖြင့် ပြောလာသည်။
“မဆိုးပါဘူး။ တကယ်ကို ဝိညာဉ်အားဖြည့်သစ်သားပဲ။ ဒါလေးက နုသေးပေမဲ့ အားကောင်းသားပဲ။ သေချာထိန်းသိမ်းထား၊ နောက်ပြီး မင်းရဲ့ရုပ်ခန္ဓာကိုယ်ဖျက်စီးခံလိုက်ရရင် ဝင်နေလို့ရမဲ့နေရာရတာပေါ့။”
စုယွမ် မျက်လုံးလှန်လိုက်သည်။
“နည်းနည်းပါးပါးကောင်းတာလေးပြောလို့မရဘူးလား။”
ထို့ကြောင့် ရှောင်ချမ်က ထပ်ပြောလာပါ၏။
“ငါ့ရဲ့ပေါ်ကူဆေးရည်အစွမ်းကလည်း ဒီအပေါ်မှာ သက်ရောက်မှုတစ်ခုရှိတယ်။”
စုယွမ်အံ့သြသွားရသည်။
“ဘယ်လိုလဲ။”
“ဝိညာဉ်သစ်သားက ဝိညာဉ်စွမ်းအင်၊ ယင်ချီစွမ်းအင်နဲ့ထိန်းသိမ်းဖို့လိုအပ်တယ်၊ ငါ့ရဲ့ပေါ်ကူဆေးရည်ကကျ ယန်ချီစွမ်းအင်ထုတ်ပေးနိုင်တယ်လေ။ အဲ့ဒီတော့ သစ်သားအတွက် အားဖြည့်ပေးလို့ရတာပေါ့။”
ရှောင်ချမ် ပြောလာသည်။
“ဒီလိုတောင်လုပ်လို့ရသေးတာလား။”
စုယွမ် တကယ်အံ့သြသွားရသည်။
“လုပ်ကြည့်တာပေါ့။ တကယ်တော့ ငါက သေခြင်းတရားတွေကို အများကြီးတွေ့ဖူးလို့လေ။ အဲ့ဒီတော့ ယင်စွမ်းအင်တွေကိုအများကြီးကြုံဖူးတယ်။ ဒါ့အပြင် ပေါ်ကူဆေးလုံးရဲ့အာနိသင်က အရှိန်အဝါတော်တော်များများကို အတုခိုးနိုင်တာမလို့၊ စမ်းကြည့်လို့တော့ရတယ်။”
စုယွမ်လည်း စိတ်ဝင်စားသွားရသည်။ သူလည်း အဆင့်လေးရှိဝိညာဉ်စိုက်ခင်းကိုသွား၍ နေရာလွတ်လေးတစ်ခုရှာပေးလိုက်၏။
“အနက်ရောင်နေကာအစီအရင်။”
စုယွမ်လည်း နေရောင်ကိုကာရန် ရိုးရှင်းသောဒုတိယအဆင့်အစီအရင်တစ်ခုကိုချလိုက်သည်။ ဤသို့ဖြင့် အနှီနေရာလွယ်သေးသေးလေးမှာ လုံးဝအမှောင်ကျသွားရတော့၏။
“ခုနစ်စဥ်ကြယ်အစီအရင်၊ စတင်စေ။”
မြေပြင်ပေါ်တွင် ခုနစ်စဥ်ကြယ်အစီအရင်မှာ ပေါ်လာပြီး မြေကြီးထဲရှိသွေးကြောများနှင့်ချိတ်ဆက်သွားလေသည်။
စုယွမ်ကလည်း ဝိညာဉ်အားဖြည့်သစ်သားကို မြေကြီးထဲသို့ ဂရုတစိုက်နစ်ပြီး ကောင်းကင်နှင့်ဆက်သွယ်လိုက်၏။ ထိုအခါ ခုနစ်စဥ်ကြယ်၏အစွမ်းတို့မှာ အစီအရင်ကိုဖြတ်၍ ယန်စွမ်းအင်ကိုသယ်ဆောင်ကာ ဝိညာဉ်အားဖြည့်သစ်သားပေါ်ကျရောက်လာရာ သစ်သားမှ အနက်ရောင်ဖျော့ဖျော့အရောင်လေးတစ်ခုထွက်လာတော့၏။
ရှောင်ချမ်ချီးကျူးလိုက်သည်။
“ဒီကြယ်စွမ်းအင်က သန့်စင်သားပဲ၊ ညင်သာပြီး ဝိညာဉ်အားဖြည့်သစ်သားအတွက် သင့်တော်တယ်။ မင်းရဲ့အပင်စိုက်တဲ့နည်းက ကျင့်ကြံရေးလောကခဲနေရာတစ်နေရာရဖို့လုံလောက်တာပဲ။”
စုယွမ် ပြုံးလိုက်သည်။
“ဒီမန္တန်အတွက် ခက်ခဲမှုကတော်တော်မြင့်တာ။ အဲ့ဒီတော့ ဘာနေရာမှရမှာမဟုတ်ဘူး။ မြန်မြန် မင်းစွမ်းအင်သုံးတော့။”
“ကောင်းပြီ။”
မီးခိုးရောင်အလင်းတစ်ခုမှာ ပန်းကန်လုံးထဲလင်းလာပြီး ယင်ချီစွမ်းအင်အဖြစ်စုစည်းသွားကြသည်။ ပေါ်ကူဆေးရည်၏အရသာကလည်းဆေးလုံးအတိုင်း ဝိညာဉ်ထဲအထိစိမ့်ဝင်လောက်သည်အထိဆိုးဝါးသည့်ဟန်ပါပေ။
သူလည်း အနှီဝိညာဉ်အရည်တို့ကို လောင်းချလိုက်သည်။ ဝိညာဉ်ရည်တို့ကလောင်းလိုက်သည်နှင့် မိုးမွှားလေးများအသွင်ပြောင်းသွားရပြီး ဝိညာဉ်အားဖြည့်သစ်သားအပေါ်ကျသွားရသည်။
ရလဒ်အနေဖြင့် ဝိညာဉ်အားဖြည့်သစ်သားက သစ်ရွက်သစ်ကိုင်တို့ထွက်လာပြီး ဝိညာဉ်စွမ်းအင်ကို ဖြေးညင်းစွာစုပ်ယူလာလေ၏။
စုယွမ်လည်း နတ်ဘုရားအာရုံကို သစ်သားထဲ ထည့်လိုက်သည်။ ဤသို့ဖြင့် ဝိညာဉ်အားဖြည့်သစ်သားတွင် စုယွမ်၏အရှိန်အဝါကပါ ပေါ်ပေါက်လာ၏။
ရှောင်ချမ်မှာ သစ်သားသို့ ဝိညာဉ်စွမ်းအားဆက်တိုက်သုံးပေးနေသောစုယွမ်ကို အံ့သြတကြီးကြည့်လိုက်မိသည်။
“မင်းမှာ ဘာလို့ ဝိညာဉ်စွမ်းအားတွေကအဲ့ဒီလောက်များနေတာလဲ။ မင်းဟာက ရွှေအမြူတေအဆင့်ဆယ်ယောက်လောက်ပေါင်းထားသလိုပဲ။”
စုယွမ်လည်း ခေါင်းခါလိုက်သည်။
“ငါ့မှာ ဝိညာဉ်စွမ်းအင်အများကြီးရှိနေတာမဟုတ်ဘူး။ ငါ့ရဲ့ပြန်လည်ပြည့်တင်းနှုန်းကအရမ်းမြန်နေရုံပဲ။ ငါ့ရဲ့အသိစိတ်ပင်လယ်က သဘာဝတားမြစ်အခင်းအကျင်းလေ။”
“မဖြစ်နိုင်တာ။”
ရှောင်ချမ် အံ့သြသွားရသည်။