အခန်း ၁၂၉
Vol. 13 Ch. 129
Chapter 129: စုယွမ်၏သင်ခန်းစာ။
“အဲ့ဒီတော့ အဲ့ဒီအဘိုးကြီးနန်ကုန်းရှန်ယွီပဲပေါ့။”
စုယွမ် ရုတ်တရက် အကုန်နားလည်သွားရသည်။
နန်ကုန်ရှန်ယွီဟာ သူ့အပေါ် ထပ်မံ၍ နက်နက်နဲနဲ အသိအမှတ်ပြုမှုတစ်ခုထပ်ပေးလိုက်ရာ သူ၏ကျော်ကြားမှုမှတ်ကလည်း အဆများစွာတိုးလာရခြင်းဖြစ်၏။
ဤအတိုင်းဆိုလျှင် သူ နောက်ထပ်စွမ်းရည်အသစ်ကိုရရန် ကျော်ကြားမှုအမှတ် ၁၀၀၀၀သာထပ်လိုတော့ပေသည်။
ထိုမျှမများတော့သောပမာဏက စုယွမ်ကို ချက်ချင်း ကျော်ကြားမှုအမှတ်ကို မြန်နိုင်သမျှမြန်မြန်လိုချင်လာစေ၏။
ကျော်ကြားမှုအမှတ်၁၀၀၀၀ဟူသောအမှတ်မှာ တကယ်ကို မများတော့၊ သို့သော် နည်းလည်းမနည်းပါပေ။
စုယွမ် ရုတ်တရက် တစ်ခုခုကို မှတ်မိသွားရသည်။
“ဟုတ်သား၊ ငါ ရှကွမ်းဝမ်းကို ကတိပေးထားတာပဲ၊ ငါ တပည့်တွေကို သင်ပေးပါမယ်ဆိုပြီး။ အဲ့ဒီလိုဆိုမှတော့ စာသင်ပေးတာကဘယ်လောက်ရမလဲကြည့်ကြတာပေါ့။”
ထိုသို့တွေ့ရင်း စုယွမ် သူ့ကတ်ပြားကိုထုတ်၍ ရှကွမ်းဝမ်းဆီကို သူ သင်ခန်းစာပို့ချဖို့ စီစဥ်ထားပါရန်စာပို့လိုက်သည်။
“နားလည်ပါပြီ၊ ဆက်ခံသူအရှင်။ ကျွန်တော် မြန်မြန်စီစဥ်ထားလိုက်ပါ့မယ်။ နေ့တစ်ဝက်အတွင်း အဆင့်သင့်ဖြစ်စေရပါ့မယ်။”
ရှကွမ်းဝမ်းက ချက်ချင်းအကြောင်းပြန်လာခဲ့သည်။
စုယွမ်လည်း ကျေနပ်စွာပြုံးလိုက်၏။
“ငါ မင်းအပေါ်ပဲ အားကိုးရတော့မှာပဲ။”
“ကျွန်တော့်တာဝန်ပါဗျာ။”
ရှကွမ်းဝမ်း ပြန်ပြောလိုက်သည်။
ရှကွမ်းဝမ်းမှာ လက်ရှိတွင် တောင်သခင်ဖြစ်နေသော်ငြား စုယွမ်ကတော့ သူ့ကို အမိန့်ပေးနေဆဲ၊ ရှကွမ်းဝမ်းကလည်း ထိုအရာကို ထူးဆန်းသည်ဟုမခံစားရပါပေ။
ဤသို့ဖြင့် သုံးခြယ်အကြွင်းမဲ့တောင်ထိပ်တစ်ခုလုံးကို စုယွမ် ပို့ချမည့်အကြောင်း ကြေညာလိုက်ချေပြီ။
ရွှေအမြူတေအဆင့်အကြီးအကဲများတွင် တာဝန်ကိုယ်စီရှိပြီး တောင်ထိပ်ရှိကိစ္စများကိုလည်း မူလကလည်ပတ်ခဲ့သည့်အတိုင်းသာ ဆက်လက်လည်ပတ်နေကြတာဖြစ်သည်။
ရှကွမ်းဝမ်းကလည်း သုံးခြယ်အကြွင်းမဲ့တောင်ထပ်တွင် စီမံနေတာကြာပြီဖြစ်ရာ တောင်ထိပ်၏ကိစ္စရပ်များကို တည်ငြိမ်စွာစီမံနိုင်ခဲ့၏။
သို့သော်လည်း အတိအကျပြောရလျှင် သုံးခြယ်အကြွင်းမဲ့တောင်ထပ်၏တပည့်အများစုမှာ သူတို့တွင် စုယွမ်ဟုအမည်ရသည့်တောင်သခင်ဟောင်းတစ်ဦးရှိခဲ့ကြောင်းမသိပါပေ။
တပည့်အများစုကတော့ တောင်ထိပ်တွင်ပင် ထိပ်သီးကျင့်စဥ်များကိုသင်ကြား၍ရပြီဖြစ်ကြောင်း သတင်းကြားကြသော်ငြား များများစားစားမလှုပ်ခတ်နိုင်ခဲ့ပါလေ။ အကြောင်းမှာ ယခင်ကဆိုလျှင် သူတို့က အခြားတောင်ထိပ်များကိုသွား၍ ပညာသင်ခဲ့ရရာ သူတို့တွင် ကိုယ်ပိုင်အမွေအနှစ်တစ်ခုရှိလာပြီဟုကြားလည်း များစွာမတုန်လှုပ်။
ထိုသို့ကိုယ်ပိုင်အမွေအနှစ်ရှိလာခြင်းကြောင့် အခြားတောင်များတွင် လွတ်လွတ်လပ်လပ်ပညာသွားသင်ခွင့်မရတော့ရုံသာဖြစ်ပြီး သူတို့ကတော့ ယခင်ကသင်လက်စ၊ကျင့်ကြံလက်စများကိုတော့ ဆက်လက်လုပ်ရဦးမည်သာပေ။
ထို့အပြင် စုယွမ်၏ထိပ်သီးကျင့်စဥ်များကိုသင်ထားသောတပည့်သစ်လေးများကလည်း ဝါနုသေးရာ ကျင့်စဥ်၏စွမ်းပကားကိုသေချာထုတ်မပြနိုင်သည့်အတွက် အချုပ်ဆိုရသော် တောင်ထိပ်ရှိမူလတပည့်များအတွက် ရိုက်ခတ်မှုကြီးကြီးမားမားမဖြစ်ခဲ့ပေ။
အတွင်းဆောင်ရှိ ခြံဝန်းတစ်ခုတွင် ကုယို၊ ရှဲ့ယင်းယင်း၊ လီယွဲ့ရှင်းနှင့် အခြားသုံးဦးတို့က စိတ်ညစ်နေသည့်ဟန်ဖြင့် ထိပ်သီးကျင့်စဥ်များအကြောင်း ဆွေးနွေးနေကြသည်။
“အရမ်းခက်တာပဲဟာ။ ငါ့မှာတော့ ပထမအပိုင်းရဲ့အစပိုင်းတွေကိုမြင်ပြီးလွယ်တယ်ထင်ခဲ့တာ၊ အခုတော့ကြာလေပိုဆိုးလေပဲ။ နောက်ဆုံးလည်းကျရော အကုန်ရှုပ်ကုန်ပြီး ဘာမှနားမလည်တော့ဘူး။”
ရှဲ့ယင်းယင်းတစ်ယောက် ညီးတွားနေလေ၏။
“တောင်သခင်စုက အပိုင်းတွေများမှားချသလားမသိဘူး၊ ပထမအပိုင်းကအဲ့ဒီလောက်ကြီးခက်မနေသင့်ဘူးလားလို့။”
လီယွဲ့ရှင်းကလည်း သက်ပြင်းချလာ၏။
“ငါဆိုအခု ကျင့်စဥ်ရဲ့အခန်းငါးခုကိုပဲအဓိကထားတာ။ ၇၁လောက်ကိုပြိုင်လေ့လာနေတဲ့ကုယိုနဲ့ယှဥ်ရင်တော့ သိပ်မခက်ပေမဲ့ ငါ့နှုန်းက သူ့လောက် မမြန်ဘူးဖြစ်နေတယ်။”
မိန်ချမ်လဲ့ ရှုပ်ထွေးသွားပြီး ဝင်မေးလိုက်မိသည်။
“နေဦး၊ ဘာလို့ ၇၁ခုလဲ။”
ကုယို ပြောပြလိုက်၏။
“ဂိုဏ်းတူညီလေးမိန် သတိမထားမိသေးဘူးထင်တယ်။ ဒီအချိန်လေးအတွင်းမှာ အကြီးအကဲစုကျင့်စဥ်ရဲ့ပထမပိုင်းမှာတင် စာအုပ်နောက်တစ်ခုထပ်တိုးတာခံလိုက်တယ်။ ဝိညာဉ်ပင်စိုက်ပျိုးတဲ့ဟာလေ။”
မိန်ချမ်လဲ့က ခေါင်းခါ၍ ဆိုလာသည်။
“ငါက ဆေးပညာကိုပဲလေ့လာတာ။ အကြီးအကဲစုကတော့ တော်တော်ကိုကြမ်းတာပါကွာ။”
“ငါလေ ငါရဲ့သင်ယူစွမ်းက အကြီးအကဲစုအသစ်ထပ်ထွင်တာလောက်တောင်မမြန်ဘူးခံစားလာရတယ်။”
ထိပ်တန်းဝိညာဥ်ရင်းမြစ်ရှိသူတပည့်တစ်ယောာက်ကလည်း ဝင်ပြောလာ၏။
“ဟင်း ... “
ကုယိုကဲ့သို့ ကောင်းကင်ဘုံအဆင့်ဝိညာဥ်ရင်းမြစ်ကိုပိုင်ဆိုင်ထားသူပင် ခေါင်းနှစ်ခြမ်းကွဲမတက် စိတ်ညစ်နေရပေသည်။ သူလည်း လက်ရှိတွင် ပထမအပိုင်းတွင် သုံးပုံနှစ်ပုံလောက်တွင် တန့်နေခြင်းဖြစ်၏။ သူ၏အရှိန်မှာ အခြားသူများထက်မြန်လင့်ကစား နောက်ထပ်အပိုင်းရှစ်ပိုင်းရှိသေးသည်ကိုတွေးမိတိုင်း စိတ်ဓာတ်တောင်ကျချင်လာရသည်။ ထို့အပြင် သူ ဘယ်လောက်ပဲသင်သင်၊ အပိုင်းတိုင်းကလည်း ဆက်ပြီးတိုးနေဦးမည့်ပုံပေါ်နေသည်လေ။
“တစ်ယောက်ယောက် ကူသင်ပေးရင်ကောင်းမှာပဲ။ ငါတို့အဖွဲ့ အချင်းချင်း ဆွေးနွေးတာက ဘာပြဿနာမှမပြေဘူ။”
အခြားထိပ်တန်းဝိညာဥ်ရင်းမြစ်ရှိသူတစ်ဦးက သက်ပြင်းချကာဆိုလာ၏။
သူတို့ရှေ့ရှိရေကန်လေးထဲတွင်မူ ဝိညာဉ်ငါးခုနစ်ကောင်က ကူးခတ်လို့ အချင်းချင်းဆော့ကစားနေကြရင်း ရံဖန်ရံခါ ခုနစ်စဥ်ကြယ်စွမ်းအင်ကျင့်စဥ်မှ နည်းလမ်းများကို ထုတ်သုံးနေကြ၏။ ၎င်းတို့၏အစွမ်းဟာဆိုလျှင် မျိုးဆက်တူသူများထက်များစွာကျော်လွန်နေပြီး ယဲ့ပိဖန်နှင့်လျှိုမူဝမ်တို့လို့ သူတို့ထက်ရှေ့မျိုးဆက်ကိုတောင် ကျော်လွန်နိုင်ကြနေပြီ။
ထို့ကြောင့် သူတို့ဟာ အချင်းချင်းဆွေးနွေးရုံသာတတ်နိုင်သည်။ အခြားသူများကလည်း သူတို့နှင့်အဆင့်တူမနေသည်လေ။
“ဂိုဏ်းတူအစ်ကိုကု၊ ရှင့်ရဲ့ခွန်အားက အရင်တစ်ခေါက်က တပည့်ဟောင်းတွေကိုကျော်ပြီလား။”
ရှဲယင်းယင်းက ရုတ်တရက် ထမေးလာသည်။
ကုယိုကလည်း ခေါင်းခါကာ ဖြေလာ၏။
“ငါတစ်ယောက်ချင်းဆီဆိုရင်တော့ ဖြေရှင်းနိုင်လောက်ပြီ။ ဒါပေမဲ့ ခုနစ်ယောက်ပြိုင်ရင်မနိုင်လောက်သေးဘူး။”
လူတိုင်းသက်ပြင်းချလိုက်မိကြသည်။ သူတို့ဟာ ယခင်တိုက်ပွဲကိုလည်း မကျေသေးဘဲ ခွန်အားပြ၍ သူတို့၏နာမည်ကို ပြန်လည်မြှင့်တင်ရန်တွေးနေကြတာဖြစ်၏။
လူတစ်ယောက်က တံခါးခေါက်လာသည်။
ကုယိုကလည်း ဖွင့်ပေးလိုက်သည်။
“ဂိုဏ်းတူညီလေးတို့၊ တောင်သခင်က အခုလေးတင်ကြေညာလိုက်တယ်၊ အကြီးအကဲစုယွမ်က သူ့ရဲ့ထိပ်သီးကျင့်စဥ်တွေကို အဆင့်တစ်ခန်းမထဲ သင်ကြားပေးမယ်ပြောတယ်။ စိတ်ဝင်စားတဲ့သူသွားနားထောင်လို့ရတယ်တဲ့။ ငါ သတင်းလာပို့တာ။ နှုတ်ဆက်ပါတယ်။”
အတွင်းတပည့်တစ်ဦးက ပြောပြီးသည်နှင့် ချက်ချင်းပြန်ထွက်သွားတော့၏။
ကုယွိနှင့်လူတိုင်းမှာ ချက်ချင်းပျော်ရွှင်သွားကြလေသည်။
“အခွင့်အရေးရပြီ။”
“သွားကြမယ်။ ငါတို့လွတ်လို့မဖြစ်ဘူး။ ခုံတွေဦးထားမှဖြစ်မယ်။”
“မြန်မြန်၊မြန်မြန်။”
တပည့်ခုနစ်ယောက်လည်း မြန်မြန်ပြင်ဆင်၍ ခန်းမသို့ခြေသုတ်တင်ပြေးတော့သည်။
သူတို့ရောက်ချိန်တွင် တပည့်အနည်းအငယ်က ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
အများစုမှာ သုံးခြယ်အကြွင်းမဲ့တောင်ထပ်သို့လောလောလတ်လတ်ဝင်ထားသည့်တပည့်သစ်လေးများဖြစ်ပြီး စုယွမ်နှင့်မျိုးဆက်တူတပည့်အချို့လည်းရှိနေ၏။
အမြင်စူးရှသောရှဲ့ယင်းယင်းကတော့ အသိတစ်ယောက်ကိုတန်းမြင်လိုက်၏။ သူမ၏အကြည့်များမှာ လင်းလက်သွားပြီး ချက်ချင်းအပြေးသွားတွေ့တော့သည်။
“ရှန်ယွီ၊ ဒီကြားထဲ ဘယ်ပျောက်နေတာလဲ။”
ရှဲ့ယင်းယင်းတစ်ယောက်ရောက်ရှိလာတာကိုမြင်ပြီး အမတအကြီးအကဲနန်ကုန်းမှာ ကူရာမဲ့သွားရသည်။
“ငါ လေ့ကျင့်ဖို့အတွက် သွားနေတာ။”
“ဟာ၊ နင် ငါ့ကို ဘာလို့မခေါ်လဲ။ ငါက အခု တော်တော်လေးသန်မာနေပြီနော်။”
ရှဲ့ယင်းယင်းက လက်သီးဆုတ်၍ မီးတောက်တစ်ခုကိုထုတ်ပြလိုက်၏။
အမတအကြီးအကဲနန်ကုန်းကတော့ တစ်ချက်သာကြည့်၍ ခေါင်းညိတ်ပြလာသည်။
“မဆိုးပါဘူး။ မင်းက အခြေခံမန္တန်ရဲ့တစ်ဝက်လောက်ကိုရောက်နေပြီပဲ။ ဆက်ကြိုးစားထား။”
ဤသည်ကိုကြားတော့ ရှဲ့ယင်းယင်းမှာ ဒေါသထွက်သွားရ၏။
“နင်သေချာတောင် မကြည့်ဘဲနဲ့။”
သူမ အမတအကြီးအကဲနန်ကုန်းကိုကြည့်သောအကြည့်မှာ ပို၍ ထူးဆန်းလာရတော့သည်။
အမတအကြီးအကဲနန်ကုန်းကလည်း စိတ်ထဲတွင် သက်ပြင်းခိုးချလိုက်ပြီး သူ့ကိုယ်သူငတုံးဟုသာ ဆဲဆိုနေမိသည်၊ သူက ယခင်က တော်တော်လေး ဝံ့ကြွားစွာနေမိခဲ့သည်ပင်။ သူလည်း ခေါင်းလှည့်ပြီး ရှဲ့ယင်းယင်းကို လျစ်လျူရှုထားလိုက်တော့၏။