← Chapters

တောင်ပိုင်းနယ်မြေ၏ အုပ်ချုပ်သူ အင်မော်တယ် ဇာမဏီအရှင်မ

Vol. 6-10 Ch. 136

တောင်ပိုင်းနယ်မြေ၏ အုပ်ချုပ်သူ အင်မော်တယ် ဇာမဏီအရှင်မ

Vol. 6-10 Ch. 136

အခန်း (၁၃၆)  : တောင်ပိုင်းနယ်မြေ၏ အုပ်ချုပ်သူ အင်မော်တယ် ဇာမဏီအရှင်မ

“ လူသားတွေကများ ရာရာစစ ငါ့သားကို ရက်ရက်စက်စက် သတ်ပစ်ရဲကြတယ်ပေါ့”

ကီလိုမီတာ သောင်းချီ အသံစူးစူးတစ်ခု ထွက်ပေါ်လာပြီးနောက် ဧရာမ ရွှေရောင် လင်းယုန်ကြီးတစ်ကောင် ပေါ်ထွက်လာသည်။

တောင်ပံကား မီတာသောင်းချီ ရှည်လျားပြီး ကောင်းကင်တစ်ခွင် လွှမ်းခြုံထားသော ခန္ဓာကိုယ်တစ်ခုလုံးကား ရွှေနှင့် ထုဆစ်ထားသကဲ့သို့ နေရောင်အောက်တွင် တောက်ပနေလေ၏။

ဤသည်မှာ အင်မတန် ရက်စက်ကြမ်းကြုတ်သော ငှက်တစ်ကောင် ဖြစ်ပြီး တစ်ကိုယ်လုံးကား ရွှေနီရောင် မီးတောက်များဖြင့် တောက်လောင်နေသည်။ သူ့ခြေသည်းနားရှိ လေဟာနယ်မှာ အရှိန်အဝါကို ခံနိုင်ရည်မရှိတော့ဘဲ စုတ်ဖြဲခံလိုက်ရသည်။ ထိုသူကား လင်းယုန်မျိုးနွယ်၏ တတိယအကြီးအကဲ ဖြစ်ပြီး လင်းယုန်တောင်၏ အကြွင်းမဲ့ အုပ်ချုပ်သူများအနက် တစ်ယောက်အပါအဝင် ဖြစ်၏။ သူက တောင်ဘက်ပိုင်းနယ်မြေ တစ်ခုလုံး၌ပင် ပြိုင်ဖက်ကင်း ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

နတ်ဆိုးမျိုးနွယ်ရှိ အကြီးအကဲများက လူသားမျိုးနွယ်၏ အထွတ်အမြတ်မြေရှိ အကြီးအကဲများနှင့် မတူပေ။ သူတို့ကား သူတို့အကြီးအကဲ ရာထူးအား ထာဝရ ပိုင်ဆိုင်နိုင်ကြသည်။ သူတို့ အသက်ရှင်နေသရွေ့ မျိုးနွယ်စုတူထဲမှ သူတို့ထက် အားကောင်းသည့်သူ ရှိမလာခဲ့လျှင် သူတို့က မျိုးနွယ်စု၏ ထာဝရ အုပ်ချုပ်သူ ဖြစ်နေပေမည်။

ဤသို့စနစ်က နှစ်တစ်ထောင်တိုင်း အကြီးအကဲ ပြောင်းကြသည့် လူသားမျိုးနွယ် အထွတ်အမြတ်မြေများနှင့် ကွာခြားလှသည်။ သို့သော်လည်း ဤအရာက နတ်ဆိုးမျိုးနွယ်အတွင်း ယှဉ်ပြိုင်လိုစိတ် ပိုမို ပြင်းထန်စေသည်။

ဤလင်းယုန်က လင်းယုန်မျိုးနွယ်စုတွင် တတိယအကြီးအကဲအဖြစ် ရောက်ခဲ့သောကြောင့် သူ့စွမ်းပကားက သေချာပေါက် ထိပ်ဆုံးငါးယောက်အတွင်း ရှိလိမ့်မည်။

လင်းယုန်မျိုးနွယ်၏ ဘုရင်၊ ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲအပြင် သူက မျိုးနွယ်တစ်ခုလုံး၌ အားအကောင်းဆုံး ဖြစ်၏။

ယခင် သူက အရှေ့ပိုင်းလွင်ပြင်ရှိ အထွတ်အမြတ်မြေမှ မဟာအကြီးအကဲတစ်ယောက်ကို တစစီ စုတ်ဖြဲပစ်ခဲ့ပြီး ဝါးစားပစ်ခဲ့သည်။ ပြောရမည်ဆိုလျှင် သူ့ကို ဒေါသထွက်အောင် လုပ်သည့်အရာများအား သေချာပေါက် သည်းခံမည့်သူ မဟုတ်ပေ။

ကြာပြာ ကောင်းကင်အသျှင်က သူ့သားကို သတ်သွားကြောင်း ကြားလိုက်ရသည့်အခိုက်အတန့် ဒေါသူပုန်ထကာ သူ့ကို အားလုံးရှေ့ မီးကင်ပြီး ဝါးစားပစ်ဖို့ ကြိမ်းဝါးထားလိုက်သည်။

ထို့နောက် ဧရာမတောင်ပံကြီးကို ဖြန့်ကာ အရှေ့ပိုင်းလွင်ပြင်ရှိ အံ့ဖွယ် မိုးကောင်းကင်အထွတ်အမြတ်မြေဆီ ပျံသန်းသွားဖို့ ပြင်လိုက်သည်။ သူက အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေရှိ အကြီးအကဲများ၏ အသွေးအသားကို အသုံးပြု၍ သူ့သားအတွက် အထိမ်းအမှတ် ကျင်းပပေးရမည်။

ဝုန်း …

မီတာသောင်းချီ ရှည်လျားသော သူ့တောင်ပံ ခတ်လိုက်သည်နှင့် လေပြင်းများ ထွက်ပေါ်လာကာ ထိုလေနှင်ရာအတိုင်း ချောက်နက်ကြီးများ ဖြစ်ပေါ်လာသည်။

တတိယအကြီးအကဲက လင်းယုန်မျိုးနွယ်စု၏ အံ့မခန်း အလျှင်နှုန်းကို ပိုင်ဆိုင်ထားသောကြောင့် တောင်ပံတစ်ချက် ခတ်ရုံဖြင့် ကီလိုမီတာ သောင်းချီ ပျံသန်းသွားလာနိုင်ပေသည်။ ထိုအရာက ကောင်းကင်တခွင် ရွှေရောင်နေလုံး ပစ်ခွင်းလိုက်သည်နှင့် တူလှသည်။

အချိန်ခဏလေးအတွင်း သူက အဆုံးမဲ့မြေပြန့်ကို ဖြတ်ကျော်လာပြီး အရှေ့ပိုင်းလွင်ပြင်ဆီ ရောက်လုနီးပါး ဖြစ်နေလေပြီ။

သို့သော်လည်း ထိုအခိုက်အတန့်၌ အနီရင့်ရင့် မီးတောက် အတားအဆီးအလွှာတစ်ခု ပေါ်လာကာ သူ့လမ်းကို ပိတ်တားလိုက်သည်။

တတိယအကြီးအကဲ၏ မျက်ဝန်းများက မခံမရပ်နိုင်ဖြစ်စွာဖြင့်

“ တော်ဝင်အရှင်မ … ကျုပ်သားအတွက် လက်စားချေပေးချင်တယ်။ ကျုပ်ကို လာမတားပါနဲ့ ”

လေဟာနယ်အတွင်း အနီရင့်ရင့် မီးတောက်များ စုစည်းလာကာ မီးတောက်များ လွှမ်းခြုံထားသည့် ဧရာမ ဇာမဏီငှက် ပုံပေါ်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံးမှ ကောင်းကင်အရှိန်အဝါများ တောက်ပနေကော နတ်ဇာမဏီတစ်ကောင် ကမ္ဘာသို့ ဆင်းသက်လာသည်နှယ် ဖြစ်နေသည်။

“ ရဲတင်းလွန်းလိုက်တာ ”

မီးတောက်အတွင်းမှ ကောင်းကင်အရှိန်အဝါ ရောနှောနေသည့် အမျိုးသမီးအသံ ထွက်ပေါ်လာသည်။ ထိုအသံမှာ မြင့်မြတ်ကာ စွမ်းအားပြည့်နှက်နေသည့်အတွက် အကုန်လုံးအား ဒူးထောက်ကာ ခစားလိုသည့် အတွေးမျိုး ဖြစ်လာစေသည်။

မီးလျှံများနှင့် ဇာမဏီကား နတ်ဆိုးမျိုးနွယ်၏ အုပ်ချုပ်သူ ဖြစ်သလို နိဗာနတောအုပ်တစ်ခုလုံးကို ချုပ်ကိုင်ထားသည့် အားအကောင်းဆုံး အင်မော်တယ် ဇာမဏီအရှင်မ ဖြစ်၏။

သူမက ကမ္ဘာဦးခေတ်ကာလ၌ မွေးဖွားလာခဲ့ကာ လွန်ခဲ့သော နှစ်တစ်သောင်းခန့်က တော်ဝင်တိုက်ပွဲ၌ စွမ်းအားမြင့်တက်လာခြင်း ဖြစ်သည်။ တိုက်ပွဲရာချီ တိုက်ခိုက် အသက်ရှင်ကျန်ရစ်ပြီးနောက် နိဗ္ဗာန်ကို ရရှိကာ သူတော်စင်နယ်ပယ်ထဲ တက်လှမ်းနိုင်သွားသည်။

ထိုတိုက်ပွဲအတွင်း မြောက်များစွာသော အင်အားစုများက လျော့ပါးသွားသော်လည်း အင်မော်တယ် ဇာမဏီမျိုးနွယ်ကား သူမ၏ ဦးဆောင်မှုအောက်တွင် အားကောင်းသည်ထက် ပိုအားကောင်းလာသည်။

တော်ဝင်တိုက်ပွဲအပြီး နှစ်သောင်းချီ ကုန်ဆုံးသွားပြီးနောက် တောင်ပိုင်းနယ်မြေ၏ နတ်ဆိုးမျိုးနွယ်တစ်ခုလုံး၌ နိဗာနတောအုပ်ကား အားအကောင်းဆုံးအဖြစ် တည်ရှိလာသည်။

ထိုစဉ် အင်မော်တယ် ဇာမဏီအရှင်မက တောင်ပိုင်းနယ်မြေ နတ်ဆိုးမျိုးနွယ်တစ်ခုလုံး၌ သရဖူမဲ့ အုပ်ချုပ်သူတစ်ပါး ဖြစ်လာခဲ့သည်။ သူမက အင်မော်တယ် ဇာမဏီမျိုးနွယ်ကို ဦးဆောင်ကာ တောင်ပိုင်းနယ်မြေ တစ်ဝက်ကျော်ကို ထိန်းချုပ်ထားသည်။

လင်းယုန်မျိုးနွယ်၏ တတိယအကြီးအကဲကို မဆိုထားနှင့်  အတိဒုက္ခစမ်းသပ်ချက် ခုနှစ်ကြိမ် ခံယူထားသော လင်းယုန်မျိုးနွယ်၏ ဦးဆောင်သူ နတ်လင်းယုန်ပင် ဇာမဏီအရှင်မရှေ့၌ မရိုမသေ မပြုမူရဲပေ။

သူမ အသံကား အေးစက်နေလေ၏

“ ဒီနှစ်တစ်သောင်းအတွင်း အင်အားကို ပြန်လည်ထူထောင်ကြမယ် … သူတော်စင်နယ်ပယ်အဆင့်ထဲကသူတွေ ဒီကျွန်းကနေ ထွက်မသွားရဘူးလို့ ပြောခဲ့တယ်လေ။ အခု ငါ့ကို မေးခွန်းလာထုတ်နေတာလား ”

အင်မော်တယ် ဇာမဏီအရှင်မ၏ အသံက ခံစားချက်ကင်းမဲ့နေသော်လည်း  နဂို ဒေါသကြီးနေသော တတိယအကြီးအကဲကား ကြက်သီးတဖြန်းဖြန်း ထသွားမိလေသည်။

သူက မြန်မြန် ဖြေလိုက်သည်  “ တော်ဝင်အရှင်မရဲ့ အမိန့်ကို မနာခံတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်သားအတွက် လက်စားချေပေးရမယ် ”

အင်မော်တယ် ဇာမဏီအရှင်မက အေးဆေးစွာ ပြန်ပြောလိုက်သည်  “ မင်းရဲ့သားက သူ့ထက် အဆင့်နိမ့်တဲ့ အံ့ဖွယ် မိုးကောင်းကင်အထွတ်အမြတ်မြေရဲ့ သူတော်စင်မကို အနိုင်ကျင့်ခဲ့တာလေ။ အဆင့်တူအတွင်းမှာ ရှိနေတဲ့ ကြာပြာ ကောင်စုတ်လေးရဲ့ လက်ချက်နဲ့ သေသွားတာ … ဘာများ ဒေါသထွက်စရာရှိလို့လဲ။ အခု မင်းက အရှေ့ပိုင်းလွင်ပြင်ကို သွားပြီး လက်စားချေချင်တယ်ဆိုတော့ မင်းရဲ့ ပါတိပါချက် စွမ်းအားလေးနဲ့ အံ့ဖွယ် မိုးကောင်းကင်အထွတ်အမြတ်မြေကို ဖျက်စီးပစ်နိုင်မယ် ထင်နေတာလား …

လူသားမျိုးနွယ်မှာ ပါရမီရှင် မရှိတာ မဟုတ်ဘူးဆိုတာလည်း မေ့မထားနဲ့။ နတ်ဆိုးမျိုးနွယ်က  အားပြန်ဖြည့်နေတာ နှစ်တစ်သောင်းတောင် ရှိပြီ။ မင်းကြောင့်နဲ့တော့ စစ်ပွဲကို အစပြုမှာ မဟုတ်ဘူး ”

တတိယအကြီးအကဲ မျက်ဝန်း၌ အမုန်းတရား အပြည့်ဖြစ်လာကာ  “ ဒါပေမဲ့ ကျုပ် ဒီရလဒ်ကို လက်မခံနိုင်ဘူး။ ကျုပ်သားအတွက် သေချာပေါက် လက်စားချေရမယ်။ တော်ဝင်အရှင်မ ကျုပ်ကို ခွင့်လွှတ်ပါ … ကျုပ် လက်စားချေပြီးတော့မှ ပြန်လာပြီး ပြစ်ဒဏ်ကို ခံယူပါ့မယ် ”

ထိုစကားအဆုံးတွင် ဧရာမ ရွှေလင်းယုန်ကြီးက အရှေ့ပိုင်းလွင်ပြင်ဆီ ဦးတည်လိုက်တော့သည်။ သူက မြန်ဆန်လွန်းသည့်အတွက် ရွှေရောင်အလင်းတန်းသာ မြင်လိုက်ရ၏။

လင်းယုန်မျိုးနွယ်၏ တတိယအကြီးအကဲက အင်မော်တယ် ဇာမဏီအရှင်မ၏ အမိန့်ကို မနာခံတော့ဘဲ အရှေ့ပိုင်းလွင်ပြင်ဆီ အတင်းကျပ် ဝင်ရောက်ဖို့ ပြင်လိုက်သည်။

တောင်ပိုင်းနယ်မြေ၏ အဆုံးမဲ့မြေပြန့်အတွင်း တတိယအကြီးအကဲအပေါ် တိတ်တဆိတ် အာရုံစိုက်နေကြသော အမှောင်ထုထဲရှိ သူတို့ကား မျက်လုံးတလက်လက် ဖြစ်လာကြသည်။

နှစ်သောင်းချီ အနားယူကာ အားပြန်မွေးပြီးနောက် တောင်ပိုင်းနယ်မြေ နတ်ဆိုးမျိုးနွယ်၏ အင်အားသည် ယခင်တော်ဝင်တိုက်ပွဲ ပြီးဆုံးခါစနှင့် ယှဉ်လိုက်လျှင် အဆများစွာ တိုးပွားလာခဲ့သည်။

နတ်ဆိုးမျိုးနွယ်အတွင်း ကြာရှည်စွာ အေးဆေးနေလာကြသော အင်အားကြီးသူတို့က သူတို့၏ သတ်ဖြတ်လိုစိတ်ကို မျိုသိပ်မထားနိုင်ကြတော့ပေ။ သူတို့က အင်မော်တယ် ဇာမဏီအရှင်မ၏ အမိန့်ကို မနာခံဘဲ ပိုင်နက်ကို ကျော်လွန်ကာ နတ်ဆိုးမျိုးနွယ်၏ အင်အားကို ပြသလိုကြသည်။

ထို့ကြောင့် တောင်ပိုင်းနယ်မြေမှ ထွက်သွားသည့် တတိယအကြီးအကဲ၏ အပြုအမူကို အင်အားကြီး နတ်ဆိုးတချို့က ထောက်ခံအားပေးနေကြသည်။

အကယ်၍ လိုအပ်လာလျှင် သူတို့က ကူညီပေးနိုင်သေး၏။ မဟုတ်လျှင် တတိယအကြီးအကဲလိုမျိုး အစောပိုင်း အတိဒုက္ခလွန်အဆင့် နတ်ဆိုးတစ်ကောင်အနေနှင့် အင်မော်တယ် ဇာမဏီအရှင်မကို မည်သို့ လွန်ဆန်ရဲမည်နည်း။

ထိုစဉ် တတိယအကြီးအကဲက လင်းယုန်ဆန်းကြယ် ပညာရပ်ကို အပြည့်အဝ ထုတ်လွှင့်ကာ အရှိန်အဟုန် မြင့်တင်လိုက်သည်။ သူက အရှေ့ပိုင်းလွင်ပြင်အနား နီးကပ်လာလေပြီ။

သူသာ တောင်ပိုင်းနယ်မြေမှ အောင်အောင်မြင်မြင် ထွက်ခွာပြီး အရှေ့ပိုင်းလွင်ပြင်ထဲ ဝင်ရောက်နိုင်သရွေ့ အင်မော်တယ် ဇာမဏီအရှင်မ၏ အာဏာအပေါ် သိသိသာသာ သက်ရောက်မှု ဖြစ်လာစေလိမ့်မည်။ ထိုအခါ တိုက်ပွဲကို လိုလားသော နတ်ဆိုးမျိုးနွယ် အမျိုးမျိုးမှ အားကောင်းသူများလည်း ထွက်လာကာ ဇာမဏီမျိုးနွယ်အား  သစ္စာဆိုမှု ချိုးဖောက်ရန် အတင်းဖိအားပေးလာလိမ့်မည်။

နတ်ဆိုးမျိုးနွယ်ကား အားကောင်းသူကိုသာ လေးစားကြပြီး အားနည်းချက်ကို ထုတ်ဖော်လိုက်ခြင်းက အားကောင်းသော ရန်သူများကို စုပေါင်းတိုက်ခိုက်လာအောင် ဖိတ်ခေါ်သလို ဖြစ်သွားပေမည်။

လင်းယုန်မျိုးနွယ် တတိယအကြီးအကဲ ကီလိုမီတာ ငါးသောင်း ပျံသန်းသွားသည်ကို မြင်ကာ မီးလျှံများနှင့်အတူ ဇာမဏီအလင်းတန်းတစ်ချက် ရုတ်ချည်း  တောက်ပလာသည်။

“ ကြည့်ရတာ ငါ ဒီနှစ်တစ်သောင်းအတွင်း ငြိမ်နေတော့ ငါ့အာဏာကို လျစ်လျူရှုနေကြပြီပေါ့လေ အရူးတွေ … ”

အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာပြီးနောက် မီးလျှံနီ ဇာမဏီတစ်ကောင်မှ မီးတောက်နီ ပိုက်ကွန်သဖွယ် ပြောင်းလဲသွားသည်။

ထိုမီးတောက်နီ ပိုက်ကွန် ပေါက်လာသည်နှင့် လေဟာနယ် တုန်ခါသွားပြီး အာကာပြင်ပင် အက်ကြောင်းများ ဖြစ်တည်လာသည်။

တတိယအကြီးအကဲက တောင်ပိုင်းနယ်မြေ နယ်နမိတ်ကို ကျော်လွန်၍ ထွက်သွားလုနီးပါး ဖြစ်နေလေပြီ။ သူက နယ်နမိတ်ကို ကျော်လွန်ပြီး နောက်စက္ကန့်ပိုင်းလေး၌ အရှေ့ပိုင်းလွင်ပြင်ထဲ ဝင်ရောက်တော့မည့်ဟန် ပေါ်နေသော်လည်း မီးတောက်နီ ပိုက်ကွန်ကြီးတစ်ခုက ရုတ်ချည်း ပေါ်လာကာ ရွှေလင်းယုန်ကို လွှမ်းခြုံသွားလေသည်။

“ အရှင်မ ကျုပ်ကို မဖျောင်းဖျပါနဲ့ … လူသားတွေက ကျုပ်တို့ကို ဖိနှိပ်ထားတာကို ကျုပ်တို့က ဘာလို့ လက်စားမချေရမှာလဲ ”

ဧရာမ ရွှေလင်းယုန်ကြီးက ဆက်တိုက် ရုန်းကန်နေပြီး လက်သည်းချွန်ချွန်များဖြင့် ပိုက်ကွန်ကို စုတ်ဖြဲပစ်ဖို့ ကြိုးစားနေသော်လည်း ပိုက်ကွန်ကား နဂိုအတိုင်းသာ ဖြစ်၏။

အင်မော်တယ် ဇာမဏီအရှင်မ၏ အေးစက်စက် အသံကား ထွက်ပေါ်လာလေသည် “ သူတော်စင်နယ်ပယ်အဆင့်ထဲက နတ်ဆိုးတွေ လှုပ်ရှားလို့ မဖြစ်ဘူး။ ဒါက လူသားနဲ့ နတ်ဆိုးမျိုးနွယ်ကြားက မဟာမိတ်စာချုပ်ပဲ … မင်းကြောင့် အဖျက်စီးခံပြီးတော့ စစ်ပွဲဖြစ်လာစေလို့ ဘယ်ဖြစ်မလဲ။

တကယ်လို့ လက်စားချေချင်ရင် အံ့ဖွယ် မိုးကောင်းကင်အထွတ်အမြတ်မြေက လူတွေနဲ့ တိုက်ခိုက်ဖို့ လင်းယုန်မျိုးနွယ်ထဲက သူတော်စင်နယ်ပယ်အဆင့်အောက် နတ်ဆိုးတွေကို လှုပ်ရှားခိုင်းပေါ့ … ဒါက သဘာဝဆိုတော့ သူတို့ သေခြင်းရှင်ခြင်းက သူတို့ဆုံးဖြတ်ရမှာပဲ …

တကယ်လို့ အားကောင်းတဲ့ လူသားတွေ ငါတို့ဘက်က အားနည်းသူတွေကို အနိုင်ကျင့်လာခဲ့ရင်တော့ ငါ ကိုယ်တိုင် ရှေ့ထွက်ပြီး တိုက်ခိုက်ပေးမယ်။ ဒါပေမဲ့ မင်းက ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ စည်းကမ်းကို ချိုးဖောက်လိုက်ပြီ။ မင်းရဲ့ ပြစ်ဒဏ်အနေနဲ့ မင်းရဲ့ ကျင့်ကြံဆင့်ကို နှစ်တစ်ထောင် ပိတ်လှောင်ထားမယ်။ အဲဒီအချိန်အတွင်း မင်းဘာသာ အမှားကို ပြန်သုံးသပ်နေရမယ် ”

သူမစကားအဆုံးတွင် ဧရာမ ပိုက်ကွန်ကြီးက ငှက်လှောင်အိမ်သဖွယ် ပြောင်းလဲသွားပြီး အလျှင်အမြန် ကျုံ့လာသည်။

ထိုစဉ် နဂို မီတာသောင်းချီကြီးမားသော ရွှေလင်းယုန်ကြီးမှ စာဝါငှက်လောက် သေးငယ်သွားသည်။

ငှက်လှောင်အိမ်အနီလေးက လေဟုန်ခွင်းကာ နိဗာနတောအုပ်အနက်ပိုင်းထဲ လျှပ်တစ်ပျက် ဝင်ရောက်ပျောက်ကွယ်သွားသည်။

ထိုစဉ် တောင်ပိုင်းနယ်မြေတစ်ခုလုံး တိတ်ဆိတ်သွားကာ မည်သူကမှ သူမကို မတားဆီးရဲကြတော့ပေ။

သူမ ဝိညာဉ်တစိတ်ပိုင်းဖြင့်ပင် ရွှေလင်းယုန်အား အနိုင်ယူကာ ကြက်တစ်ကောင်လို အလွယ်တကူ ဖမ်းယူနိုင်ခဲ့သည် မဟုတ်ပါလော။ နှစ်တစ်သောင်းကြာပြီးသည့်နောက်တွင်ပင် ဇာမဏီအရှင်မ၏ နည်းလမ်းများက ပို၍ ပို၍ စိတ်ဝင်စားဖို့ ကောင်းလာလေသည်။

သူမကား တောင်ပိုင်းနယ်မြေ၏ အကြွင်းမဲ့ အုပ်ချုပ်သူတစ်ပါး ဖြစ်နေဆဲသာ …

All Chapters