မြူခိုးဟင်းလင်းပြင်၌ အပြောင်းအလဲကြီး
Vol. 6-10 Ch. 137
အခန်း (၁၃၇) : မြူခိုးဟင်းလင်းပြင်၌ အပြောင်းအလဲကြီး
အရှေ့ပိုင်းလွင်ပြင်၊ အံ့ဖွယ် မိုးကောင်းကင်အထွတ်အမြတ်မြေ၌ …
ကြောင်ခြစ်ထားသလို လက်ရေးနှင့် စာရွက်များက နေရာအနှံ့ ပြန့်ကျဲနေလေသည်။
ဖန်ချန်းက ရွှေနီရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ့လက်ထဲ၌လည်း စုတ်တံတစ်ချောင်း ရှိနေသည်။
စုတ်တံ အရှည်အဆုံးတွင် သစ်သားတုတ် တစ်ချောင်းကို အလျားလိုက် ချည်နှောင်ထားလေ၏။ တစ်ချိန်တည်းတွင် ထိုတုတ်ချောင်း အဆုံးနှစ်ဖက်၌ နောက်ထပ် စုတ်တံနှစ်ချောင်း ရှိနေသေးသည်။
ဤသည်မှာ ဖန်ချန်းတစ်ယောက် ဂိုဏ်းစည်းမျဉ်းများကို ကူးယူရန် အကြိမ်များစွာ အပြစ်ပေးခံရပြီးနောက် ရှာဖွေတွေ့ရှိသွားသော လျို့ဝှက်အကွက် ဖြစ်၏။
စုတ်တံသုံးချောင်း နည်းစနစ် …
ပြောရလျှင် ဤနည်းလမ်းဖြင့် ဂိုဏ်းစည်းမျဉ်းကို တစ်ကြိမ်ကူးရုံဖြင့် သုံးကြိမ်ကူးယူပြီးသား ဖြစ်သွားပေမည်။ ဤသည်မှာ အတော်လေး သက်သာလှ၏။
ထိုသို့ဆိုလျှင်ပင် ဤနည်းလမ်းဖြင့်ပင် ဂိုဏ်းစည်းမျဉ်း အကြိမ်ငါးထောင် ကူးရခြင်းကား အတော်လေး အခက်တွေ့လှသည်။ အကြောင်းမှာ အံ့ဖွယ် မိုးကောင်းကင် အထွတ်အမြတ်မြေ၌ စည်းမျဉ်းများစွာ ရှိနေလေသည်။
“ ညီလေး(၂) … အစ်ကိုတော့ ဆက်မလုပ်နိုင်တော့ဘူး ”
ဖန်ချန်းက ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ် လဲလျောင်းချလိုက်ပြီး သေတော့မတတ် အမူအယာမျိုး ဖြစ်နေ၏။
ကျန်းယွင်ထင်က အသာဝင်ဖျောင်းဖျလိုက်ရသည် “ အစ်ကိုကြီး ရပ်လို့ မဖြစ်သေးဘူးလေ … ဆက်ကူးရေးရဦးမယ်။ အခုထိ မလုံလောက်သေးဘူး ”
ဖန်ချန်းက ခေါင်းတသွင်သွင်ခါကာ ဆက်ရေးနေရပါက ချီဖောက်ပြန်မှု ခံစားရတော့မည့်ဟန် ခံစားနေရသည်။
ဂိုဏ်းစည်းမျဉ်း ကူးရေးရခြင်းက ကနဦး ဝိညာဉ်အဆင့် ကျင့်ကြံသူနှင့် တိုက်ခိုက်ရခြင်းထက် စိမ်ခေါ်မှု ပိုများပေသည်။ ရူးသွပ်နိုင်ပေ၏။
ခဏ … ဆရာက ငါ့ကို ဂိုဏ်းစည်းမျဉ်းတွေကို ကူးရေးဖို့ အပြစ်ပေးထားပေမဲ့ ဘယ်အချိန် ပြီးစီးရမယ်ဆိုပြီးမှ ပြောမသွားတာ …
ဖန်ချန်း စိတ်ထဲ အတွေးတစ်ချက် ပေါ်လာပြီးနောက် ဤပြစ်ဒဏ်၏ ဟာကွက်အကြောင်း တွေးမိသွားတော့သည်။ သူက မနေနိုင် မထိုင်နိုင် စိတ်လှုပ်ရှားလာမိသည်။ စည်းမျဉ်း ကူးရေးခြင်း ပြီးဆုံးနေသရွေ့ သုံးရက်၊ သုံးနှစ် ဒါမှမဟုတ် နှစ် ၃၀ … အချိန်မည်မျှ ကြာမြင့်နေမည်ကို မည်သူကများ ဂရုစိုက်မည်နည်း။
တကယ်တော့ ကူးရေးရမည့် အချိန်ကြာမြင့်လာလေလေ နေ့စဉ် သူ ရေးရမည့် စာလုံးအရေအတွက် လျော့နည်းလာလေလေ ဖြစ်၏။
ငါသာ ဒီအချိန်ပိုင်းလေးအတွင်း ၉ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းကို ရသွားရင် ဆရာက ပျော်သွားပြီးတော့ ပြစ်ဒဏ်ကို ကင်းလွတ်ခွင့် မပေးလောက်ဘူးလား …
ငါ့လက်လေး ပင်ပန်းအောင် ရေးဖို့ မတန်ဘူးမလား
ဖန်ချန်းက ကိုယ့်ပေါင်ကို ရိုက်ကာ ပြောလိုက်သည်
“ ညီလေး … ငါတို့တွေ ထပ်ကျင့်ကြံရအောင်။ ငါ ကိုးဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ရောက်ပြီးမှ ဆက်ကူးလိုက်တော့မယ်။ အခု ငါ့ရဲ့ အချိန်ကောင်းကို ရောက်ပြီလို့ ခံစားမိနေတယ်။ ဒီလိုစွမ်းအားမျိုး တစ်ခါမှ မခံစားဖူးဘူး။ ကြည့်ရတာ ဒီတစ်ခါတော့ အတားအဆီးတွေ ချိုးဖောက်ပြီး အဆင့်တက်နိုင်တော့မယ် ထင်တယ် ”
တက်ကြွနေသည့် ဖန်ချန်းကို ကြည့်ကာ ကျန်းယွင်ထင် တစ်ယောက် မျက်ခုံးလှုပ်လာမိသည်။
သူက ဖန်ချန်းပြောသလိုမျိုး ကိစ္စများက ချောမွေ့မည် မဟုတ်ကြောင်း ခံစားနေရ၏။
…………….
မြူခိုးမြို့တော်၌
ဆိုင်ရှင်စုန့်နှင့် ကျန်လူများက သူတို့ကံအပြောင်းအလဲ အခွင့်အရေးကို ရယူပြီး ပြန်ရောက်လာသည့်အခါ လျိုထိုက်ယီက ရှန်ထျန်းဘေးနား နေပြီး တစ်ချိန်လုံး မျက်နှာရမည့် ကိစ္စများ ကူညီပေးနေသည်ကို မြင်တွေ့လိုက်ကြရသည်။
သူတို့က ဘယ်လိုလုပ် ဒီအတိုင်း ကြည့်နေနိုင်မည်နည်း။ သူတို့လည်း အပြေးအလွှားသွားကာ ကောင်းချီးပေးခံရသူများ အဖွဲ့အကြောင်း ကြေညာလိုက်ကြသည်။
သူတို့ အားစိုက်ထုတ်သလောက် လူများစွာလည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ဆရာနတ်မင်း၏ နောက်လိုက်များ ဖြစ်လာကြသည်။
ထိုလူများ၏ မြူခိုးဆေးပင်များနှင့် ကာမဝိညာဉ် ဂန္ဓမာပန်းတို့ တစ်ဝက်လောက်သည်လည်း ရှန်ထျန်း အိတ်ထဲ ရောက်လာကြသည်။
ရှန်ထျန်းက အလကား မယူပေ။ သူ ရရှိသည့်အတိုင်း မိုးကြိုးဖောက်ခွဲရေး အဆောင်များကို ပြန်လည် လက်ဆောင်ပေးလေ့ ရှိ၏။
မိုးကြိုးဖောက်ခွဲရေး အဆောင် ထုတ်လုပ်စရိတ်ကား သူ့အတွက် အလွန်ဈေးသက်သာလေရာ အဆောင်တစ်ခုကို ဝိညာဉ်ကျောက်တုံး သုံးတုံးမှ ငါးတုံးအထိသာ ကုန်ကျသည် မဟုတ်ပါလော။
ထို့အပြင် မြူခိုးဟင်းလင်းပြင်က အပြောင်းအလဲကြီး ဖြစ်လာတော့မည်ဟု ခံစားနေမိသည်။ ထိုမိုးကြိုးဖောက်ခွဲရေး အဆောင်များက တစ်စုံတစ်ယောက်၏ အသက်ကို အချိန်အနည်းငယ်မျှ ကယ်တင်ပေးနိုင်လိမ့်မည်။ သူတို့သာ လုပ်ဆောင်နိုင်ခဲ့လျှင် ယင်ယန် မိုးကြိုးအဆောင်ကို ကြေညာပြီးသား ဖြစ်သွားပေမည်။
သို့သော် ရှန်ထျန်းက မိုးကြိုးဖောက်ခွဲရေး အဆောင်များကို ပေးပစ်ဖို့ ဂရုမစိုက်လျှင်ပင် ကျန်လူများက ထိုသို့ စဉ်းစားကြမည်ဟု မဆိုလိုပေ။
သူတို့အမြင်၌ ဤအပြုအမူကား ဆရာနတ်မင်းသည် မည်မျှမြင့်မြတ်ကြောင်း ထုတ်ဖော်ပြသပြီးသား ဖြစ်သွားစေ၏။
သူက သူတို့၏ ကံအပြောင်းအလဲ အခွင့်အရေးများကို ညွှန်ပြပေးရုံသာမက အဖိုးတန် မိုးကြိုးဖောက်ခွဲရေး အဆောင်များကိုလည်း ပြန်လက်ဆောင်ပေးနေသေးသည်။
ထိုမိုးကြိုးဖောက်ခွဲရေး အဆောင်များက ထိပ်တန်းအဆင့် အဆောင်များအဖြစ် မှတ်ယူ၍ ရပေရာ ဤအဆောင်တစ်ခုကို ရဖို့ရာအတွက် သာမန်လူတစ်ယောက်အနေနှင့် ပိုက်ဆံအမြောက်အမြား သုံးရပေမည်။
အရှင်းဆုံးပြောရလျှင် ဈေးကွက်ပေါက်ဈေးအရ ရှန်ထျန်း သူတို့ကို ပေးလိုက်သည့် မိုးကြိုးဖောက်ခွဲရေးအဆောင်သည် သူတို့ပေးလိုက်သည့် အကျိုးမြတ်အထက် များစွာ ပိုနေသေး၏။
တစ်ခါတည်းဖြင့် မြူခိုးမြို့လေးအတွင်း ရှန်ထျန်း၏ နာမည်ကျော်ကြားမှုက မြင့်တက်သွားလေသည်။
ထိုစဉ် အားလုံးက ဆရာနတ်မင်း၏ ရုပ်ရည်နှင့် ပတ်သတ်၍ အလွန်သိချင်လာကြသည်။ အထူးသဖြင့် အမျိုးသမီး ကျင့်ကြံသူများ ဖြစ်၏။
မုန်းတီးသူများလည်း ရှိနေသည်မှာ သဘာဝကျလှသည်။
ရှန်ထျန်းက ကံစပ်သူများအတွက် ကံအပြောင်းအလဲ အခွင့်အရေးများကို ညွှန်ပြပေးနေသောကြောင့် ကံမစပ်သူများက မပျော်ရွှင်ကြပေ။ အထူးသဖြင့် ရှန်ထျန်းဆီမှ ကံမစပ်ကြောင်း အငြင်းခံပြီးသည့်နောက်တွင် ဖြစ်၏။ သူတို့က မြူခိုးဟင်းလင်းပြင်ထဲ တစ်ရက်လုံးလုံး သွားရှာပြီးသည့်နောက်တွင်ပင် မည်သည့် ကံအပြောင်းအလဲ အခွင့်အရေးနှင့်မှ မကြုံတွေ့ရကြောင်း သတိပြုမိပြီးသည့်နောက် ပို၍ မကျေမနပ် ဖြစ်လာကြသည်။
မနာလိုအားကျနေသူများက တခြားသူများ ရှန်ထျန်း၏ လမ်းညွှန်ပေးမှုအောက်တွင် ကံအပြောင်းအလဲ အခွင့်အရေးများစွာ ရနေသည်ကိုသာ ကြည့်နေကြရသည်။ ထို့အပြင် ထိုလူများက ထိပ်တန်းအဆင့် မိုးကြိုးဖောက်ခွဲရေး အဆောင်များလည်း လက်ဆောင်ရလိုက်ကြသေး၏။
ဤသို့သော တရားမမျှတမှုက သူတို့အား ရှန်ထျန်းအပေါ် အမြင်မကြည် ဖြစ်လာစေသည်။ သူက အံ့ဖွယ် မိုးကောင်းကင်အထွတ်အမြတ်မြေ တပည့်များ၏ ကာကွယ်မှုအောက် ရောက်နေသည်ကို မြင်ကာ မမှန်မကန်လည်း သွားမရှုပ်ရဲကြပေ။ မည်သို့ပင်ဖြစ်စေကာမူ သူ့နောက်ကွယ်၌ ကောလဟာလအမုန်းစကားများကို ပြန့်ဖြန့်ကြကုန်သည်။
“ ဘာ ဆရာနတ်မင်းတုန်း … သူ့လုပ်အားခအတွက် အလကားဆိုပြီး ပြောမထားဘူးလား။ အခုတော့ လက်ဆောင်တွေ လက်ခံနေတာပဲ မဟုတ်ဘူးလား ”
“ ဟုတ်ပါ့ကွာ … သူက ကံစပ်သူတွေရဲ့ လက်ဆောင်တစ်ဝက်တောင် တောင်းနေတာလေ မဟုတ်ရင် သူတို့ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို လမ်းညွှန်မပေးဘူးလို့ ပြောတာ နေမှာပေါ့ … စိတ်ပျက်စရာပါကွာ ”
“ ပြီးတော့ မြူခိုးဟင်းလင်းပြင်မှာ အပြောင်းအလဲကြီး ဖြစ်တော့မှာဆိုပြီးတော့လည်း ပြောသေးတယ်။ မြူခိုးဟင်းလင်းပြင် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်မလာတာ နှစ်ထောင်ချီနေပြီကွ ”
“ ကြည့်ရတာ ဆရာနတ်မင်း ပြောသမျှ အကုန်အတုတွေ နေမယ်။ တကယ်တမ်း သူ့ရည်ရွယ်ချက်က တစ်ယောက်တည်း ကံအပြောင်းအလဲ အခွင့်အရေးကို ယူနိုင်အောင် ငါတို့ကို မောင်းထုတ်နေတာပဲ ”
......
ထိုစဉ် ရှန်ထျန်းကြောင့် အကျိုးအမြတ်ရသွားသူများက အသည်းအသန် ခုခံပြောဆိုပေးကြသည်။
“ ဟေး … ဆရာနတ်မင်းက ငါတို့ရတဲ့ အကျိုးအမြတ်ထဲက တစ်ဝက်ခွဲပေးရမယ်လို့ ဘယ်တုန်းက တောင်းဖူးလို့လဲ။ မင်းတို့က မဟုတ်တမ်း လျှောက်ပြောနေတာပဲ ”
“ ငါတို့ ရတဲ့အထဲက ငါတို့ဘာသာ အသိစိတ်နဲ့ ပေးတာလေ … ကြားလား ဆရာနတ်မင်းက ငါတို့ပေးတာတွေကို အမြဲငြင်းနေကြကွ ”
“ ဟုတ်တယ် … ဆရာနတ်မင်းက ငါတို့ကို မိုးကြိုးဖောက်ခွဲရေးအဆောင်တွေတောင် အများကြီး ပြန်ပေးသေးတယ် ”
“ ဆရာနတ်မင်းက သူ့နက္ခတ် အရည်အချင်းကို သုံးပြီး ငါတို့ကို ဂရုစိုက်ဖို့ သတိပေးနေတာကွ … မင်းတို့တွေက ဘယ်လိုများ စွပ်စွဲရဲတာတုန်း ”
“ ဆရာနတ်မင်းက အလုပ်ကြိုးးစားပြီးတော့ ကြင်နာတတ်တယ်။ မင်းတို့လို ကျေးဇူးမသိတတ်သူတွေက သူ့ကို စွပ်စွဲပြောဆိုနေတုန်းပဲ … မင်းတို့ အသိစိတ်တွေ ခွေးစားသွားပြီလား ”
................
ရှန်ထျန်း၏ နာမည်မှာ မြူခိုးမြို့တော်နှင့် မြူခိုးမြို့လေးတို့၌ အရမ်းကျော်ကြားသွားလေပြီ။
တစ်ချိန်တည်းတွင် ရှန်ထျန်း၏ ကိုယ်ပိုင် ကံကြမ္မာလည်း တခြားသူများအတွက် ကံအပြောင်းအလဲ အခွင့်အရေးကို ကူရှာပေးရင်း သိသိသာသာ တိုးတက်ပြောင်းလဲလာလေသည်။
ယခင် သူ့ခေါင်းအထက်မှ ရောင်ဝါစက်ဝန်းက အစိမ်းဖျော့ဖျော့မျှသာ ဖြစ်၏။ သို့သော် တခြားသူများ၏ ကံအပြောင်းအလဲ အခွင့်အရေးကို ရှာပေးပြီးနောက် အစိမ်းရင့်ရင့် ဖြစ်လာခဲ့လေပြီ။
ရှန်ထျန်းက သူ့ကံကြမ္မာ တိုးတက်လာသည့်အတွက် ပေါ့ပါးသွားသည့် ခံစားချက်ကို ပျော်ပျော်ရွှင်ရွှင် ခံစားနေလေသည်။
အစိမ်းရောင် စက်ဝန်း သယ်ဆောင်ထားရတာ တကယ်ကောင်းတာကိုး …
နေဝင်လာပြီးနောက် မြူခိုးမြို့လေး အပြင်ဘက်၌ မြူခိုးဟင်းလင်းပြင်၏ မြူခိုးများလည်း ပြန်လည်စုစည်းလာကြသည်။
သို့သော် မည်သူကမှ မစိုးရိမ်ကြပေ။
အကြောင်းမှာ နှစ်ထောင်ချီ ကုန်ဆုံးသွားသော်လည်း မြူခိုးအတက်အကျအချိန်အတွင်း၌ပင် မြို့တော်၏ အပြင်ဘက်သို့ မြူခိုးများ တစ်ခါမှ ရောက်မလာဖူးပေ။
မြူခိုးမြို့လေး မတည်ဆောက်ခင်ကပင် မြူခိုး အန္တရာယ်ကို ကျင့်ကြံသူအမျိုးမျိုးက ဘေးကင်းလုံခြုံသည့် အကွာအဝေးအထိ သေချာတွက်ချက်ထားပြီးသား ဖြစ်၏။
အမှန်တော့ ဤတွက်ချက်ထားသည့် အကွာအဝေးအတွင်း နေထိုင်ပါက ဘေးကင်းလုံခြုံပေမည်။ မြူခိုးများက မြူခိုးမြို့လေးမရောက်ခင် ကီလိုမီတာတချို့အထိသာ ရောက်လာလေ၏။
သိပ်သည်းလှသော အဖြူရောင် မြူခိုးများက ကာကွယ်ရေး အလွှာတစ်လွှာလိုမျိုး မြူခိုးဟင်းလင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
အဆင့်မြင့် ကျင့်ကြံသူများပင် ဤမျှမြူခိုးသိပ်သည်းမှုဖြင့် မြူခိုးဟင်းလင်းပြင်အတွင်းရှိ အဖြစ်အပျက်များကို မြင်ရမည် မဟုတ်ပေ။
သူတို့ဆီ ရောက်မလာခင် ရပ်တန့်သွားသော မြူခိုးများကို ကြည့်ကာ ရှန်ထျန်းတစ်ယောက် ကပ်ဘေး ရောက်လာတော့မည် ခံစားချက်မျိုး ရလာမိနေဆဲ ဖြစ်၏။
သူ့လုပ်ငန်း ပြီးဆုံးသည်နှင့် ကျန်းယွင်ရှီးတို့အား ခေါ်ဆောင်ကာ မြူခိုးမြို့တော်သို့ ပြန်လာလိုက်ကြသည်။ သို့သော်လည်း မြို့ဝင်ကြေး ချွေတာလိုကြသော ကျင့်ကြံသူများစွာက မြူခိုးမြို့ငယ်လေး၌ ဆက်လက် နေနေကြသည်။
သူတို့က မြို့တော်အတွင်း နေ့တိုင်းဝင်ရောက်ဖို့ရာ ဈေးကြီးလွန်းကြောင်း တွေးမိကြပြီး မြို့တော်အပြင်ဘက် မြို့ငယ်လေး၌သာ နေလိုကြသည်။
ဆရာနတ်မင်း သတိပေးသွားသည့် အပြောင်းအလဲအကြောင်းကိုတော့ ကံစပ်သူများသာ ယုံကြည်ကြလေ၏။
အများစုက ရှန်ထျန်း စကားထက် သူတို့အတွေ့အကြုံကိုသာ ပို၍ ယုံကြည်နေကြဆဲ ဖြစ်ကြသည်။
တစ်ခါတစ်ရံ၌ အတွေ့အကြုံများကား သူတို့၏ သေတွင်းကို ဖြစ်လာစေနိုင်ကြောင်း သတိမမူမိခဲ့ကြချေ။
................
ထိုညကား မြူခိုးအတက်အကျ ဒုတိယမြောက် ည ဖြစ်၏။
မြူခိုးအတက်အကျအချိန်အတွင်း လူအများစုက မြူခိုးဟင်းလင်းပြင်ထဲ ကံအပြောင်းအလဲ အခွင့်အရေးကို ရှာနေကြသည်။ ဤတစ်ကြိမ်၌ မြူခိုးမြို့တော်နှင့် မြူခိုးမြို့လေးဆီ လာရောက်ကြသော ကျင့်ကြံသူများ ပိုမိုများပြားလာလေသည်။
လပြည့်ဝန်းကြီးက ကမ္ဘာပေါ်သို့ အလင်းဓာတ် မျှဝေနေကာ ကြယ်အစုအဝေးများက မှိတ်တုတ်မှိတ်တုတ် တောက်ပနေကြသည်။
အင်မတန် တိတ်ဆိတ်ငြိမ်သက်သော ညလေးတစ်ည ဖြစ်ခဲ့သည်။
ငြိမ်နေသော မြူခိုးများက တဖန်ပြန်လည် အသက်ဝင် လှုပ်ရှားလာသည်ကို မည်သူမှ သတိမပြုမိလိုက်ကြပေ။
တိတ်ဆိတ်နေစဉ် ဖြစ်ပျက်သွားသော်လည်း အမြန်နှုန်းက ယခင်ကထက် မြန်ဆန်လှသည်။
မျက်စိတစ်မှိတ်အတွင်း မြူခိုးမြို့လေးအား လွှမ်းခြုံသွားတော့သည်။
ထို့နောက် ဆူနာမီလှိုင်းလုံးများသဖွယ် ပြင်းထန်လာပြီး မြူခိုးမြို့တော်အထိ ဆက်လက် ချီတက်သွားတော့သည်။