အခန်း ၁၆၉
Vol. 17 Ch. 169
အခန်း (၁၆၉) ရွာသူကြီး ရောက်ရှိလာခြင်း
"အစ်ကိုကြီး ဘာလုပ်နေတာလဲ" စုဖူချန်က တွေဝေစွာဖြင့် မေးလိုက်၏။
ချန်ဂန်းမှာ သတိပြန်ဝင်လာပြီဖြစ်သော်လည်း သူသည် ကျန်းလီလီတို့ မိသားစု၏ အိမ်ကို မီးရှို့ပစ်လောက်သည်အထိ နာကြည်းနေမည်တော့ မဟုတ်လောက်ချေ။
အားလုံးက ဘာတွေဖြစ်နေသနည်းဟု တွေးတောနေစဉ်မှာပင် မောက်ထိုင်အရက်တစ်ဖာကို သယ်ဆောင်ကာ ပြေးလာသော ချန်ဂန်းကို မြင်တွေ့လိုက်ရပေသည်။
"တောက်... ပုလင်းတွေထဲက တစ်ပုလင်းကို အဲဒီကောင် ဖွင့်သောက်ထားပြီးပြီ... ဒီလောက်ကောင်းတဲ့ အရက်ကို... နှမြောစရာကြီး..." ချန်ဂန်းက နောင်တရစွာဖြင့် ပြောလိုက်လေ၏။
"အို... သူက အရက်သွားယူတာကိုး... ကျွန်တော်က ထင်နေတာက..."
"ဟားဟားဟားဟား..."
စုဖူချန်သည် လုံလောက်ပြီဟု ထင်သောအခါ ရပ်တန့်လိုက်ပြီး ကားစက်နှိုးကာ ချန်ဂန်း၏ အိမ်ဆီသို့ ဦးတည်သွားတော့သည်။
မကြာမီ ကားနှစ်စီးသည် ချန်ဂန်း၏ အိမ်ရှေ့သို့ ရောက်ရှိလာခဲ့၏။
တံခါးဝတွင် ရပ်နေသော ဒုတိယဦးလေးနှင့် ဒုတိယအဒေါ်တို့ကို မြင်တွေ့ရချိန်တွင် စုယွမ် ပြုံးလိုက်ပေသည်။
"ဘာဖြစ်လို့လဲ" ပိုင်ချန်က မေးလိုက်သည်။
"ဒါက စိတ်ဝင်စားစရာ ကောင်းလာတော့မယ်လို့ ခံစားရတယ်..." စုယွမ်သည် သူ၏ ဒုတိယဦးလေးကို ကြည့်ရင်း ပြောလိုက်ချေ၏။
ထို့နောက် ကားနှစ်စီးစလုံး၏ တံခါးများ ပွင့်လာပြီး အားလုံး အောက်သို့ ဆင်းလာကြလေသည်။
အရက်တစ်ဖာကို ကိုင်ဆောင်ထားသော ချန်ဂန်းသည် တံခါးဝတွင် ဆေးလိပ်သောက်နေသည့် သူ၏ ညီဖြစ်သူကို ကြည့်ကာ ဘာပြောရမှန်း မသိဖြစ်နေပေသည်။
ခဏတာ တွေးတောပြီးနောက် သူသည် စိတ်ကိုတင်းကာ ရှေ့သို့ လျှောက်သွားရန် ဆုံးဖြတ်လိုက်၏။
"ဟေး... ညီလေး... မင်းက အရက်သောက်ရတာ ကြိုက်တယ် မဟုတ်လား... ရှောင်ယွမ်က အရက်တွေ အများကြီး ယူလာတယ်... ဒါကြောင့် ဒီတစ်ဖာလုံးကို မင်း ယူသွားလိုက်..." ချန်ဂန်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်ချေသည်။
"ဟွန့်... မင်းက ဒီအရက်ကို မင်းရဲ့ သဘောကောင်းတဲ့ ယောက်ဖကို ပေးမှာ မဟုတ်ဘူးလား... ငါက မင်းရဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးခဲ့တဲ့ လူဆိုးပဲဟာ..." ဒုတိယဦးလေးက ဗိုက်ကြီးကို ကော့ထားရင်း ပြောလိုက်သည်။
"ညီလေး... မင်းက ဘာတွေ ပြောနေတာလဲ... ငါတို့က အမေတစ်ယောက်တည်းကနေ မွေးလာပြီး သွေးတစ်သားတည်းပဲလေ... ငါတို့နဲ့ယှဉ်ရင် တခြားသူစိမ်းတွေက ဘာတွေများ အရေးပါလို့လဲ"
"အရင်က ငါ မှားခဲ့ပါတယ် ညီလေး... ငါ မင်းကို တောင်းပန်ပါတယ်... ဒါကြောင့် စိတ်ထဲ မထားပါနဲ့တော့..." ချန်ဂန်းက ရိုးသားစွာ ပြောလိုက်လေ၏။
ဒုတိယဦးလေးမှာ သူ့အား ခွင့်လွှတ်ရန် ရည်ရွယ်ချက် မရှိသေးကြောင်း မြင်တွေ့ရချိန်တွင် ချန်ဂန်းသည် မောက်ထိုင်အရက်ဖာကို မြေပြင်ပေါ်သို့ ချလိုက်ပြီးနောက် စိတ်ကို တင်းကာ ပြောလိုက်သည်။ "ငါတို့က ညီအစ်ကိုတွေပဲ... ဘာတွေများ ပြောစရာ ရှိသေးလို့လဲ... ဒါက ငါ့အပြစ်ပါ... ဒါပေမဲ့ ဒီကိစ္စက ငါတို့ ညီအစ်ကို သံယောဇဉ်ကိုတော့ ထိခိုက်ခွင့် မပေးနိုင်ဘူး"
"ညီလေး... မင်းကို ငါ ဒူးထောက် တောင်းပန်ပါတယ်..."
ဤသို့ပြောပြီးသည်နှင့် ချန်ဂန်းသည် ဒုတိယဦးလေး၏ ရှေ့တွင် ဒူးထောက်တော့မည် ပြုလုပ်ရာ ဒုတိယဦးလေးနှင့် ဒုတိယအဒေါ်တို့ နှစ်ဦးစလုံး လန့်သွားကြတော့၏။
အစ်ကိုကြီးက ညီဖြစ်သူရှေ့မှာ ဒူးထောက်တယ်... ဘုရားရေ ဒါက တကယ့်ကို ရက်စက်တဲ့ လုပ်ရပ်တစ်ခုပဲ...
ဒုတိယဦးလေးမှာ ဒေါသထွက်နေရန်ပင် အချိန်မရနိုင်တော့ချေ။ အကယ်၍ သူသာ ယနေ့ အစ်ကိုကြီးကို သူ၏ရှေ့တွင် အမှန်တကယ် ဒူးထောက်ခိုင်းလိုက်ပါက သူသည် နောက်နောင် မည်သူ့ကိုမျှ မျက်နှာပြရဲတော့မည် မဟုတ်ဘဲ အပြစ်သား တစ်ယောက် ဖြစ်သွားပေလိမ့်မည်။
သူတို့နှစ်ဦးသည် အလျင်အမြန် ရှေ့ထွက်လာပြီး ချန်ဂန်းကို တွဲဖေးကာ ဒူးမထောက်ဖြစ်စေရန် တားဆီးလိုက်ကြလေသည်။
"အစ်ကိုကြီး... ဘာလုပ်နေတာလဲ... အဲဒီလုပ်ရပ်က အရမ်း ရက်စက်လွန်းတယ်..."
"ကျွန်တော်က ဒီတိုင်း ဟန်လုပ်ပြနေတာပါ... အစ်ကိုကြီးက တကယ် လုပ်ဖို့ လိုလို့လား..."
"ဒါ့အပြင် ငါတို့က ညီအစ်ကို အရင်းတွေလေ... နောက်ထပ် ဘာတွေ ပြောစရာ ရှိသေးလို့လဲ..."
ဤစကားကို ကြားချိန်တွင် ချန်ဂန်းသည် ဒုတိယဦးလေးကို မော့ကြည့်ကာ မေးလိုက်၏။ "မင်း တကယ် စိတ်မဆိုးတော့ဘူးလား"
ဒုတိယဦးလေးက ခေါင်းညိတ်လိုက်ပေသည်။ ရိုးရိုးသားသား ပြောရလျှင် သူသည် အစ်ကိုကြီးမှာ အခြေအနေကို ရှင်းလင်းစွာ မမြင်နိုင်သောကြောင့် အရင်က ဒေါသထွက်ခဲ့ခြင်း ဖြစ်၏။ ယခုအခါ အရာအားလုံး ပြေလည်သွားပြီဖြစ်ရာ ပူပန်စရာ ဘာမှမရှိတော့ချေ။
"ဒါပေါ့... အခု ငါတို့က ညီအစ်ကိုတွေ ဖြစ်နေပြီပဲ... ဘာပြောစရာ ရှိသေးလို့လဲ..." ဒုတိယဦးလေးက ပြန်ဖြေလိုက်သည်။
"ဟားဟားဟား... အဲဒါကောင်းတယ်... အဲဒါကောင်းတယ်..." ချန်ဂန်းသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ညီအစ်ကို နှစ်ယောက်သည် အရင်ကအတိုင်း ပြန်လည်သင့်မြတ်သွားကြလေ၏။
"မနေ့က ဆင်းရဲဒုက္ခတွေ အကုန်လုံးကို ခံစားခဲ့ရပြီးတဲ့နောက်မှာ ငါတို့တွေ အောင်မြင်မှုတွေ ရရှိခဲ့ပြီ..." ညီအစ်ကို နှစ်ယောက် ပြန်လည်သင့်မြတ်သွားသည်ကို မြင်တွေ့ရချိန်တွင် လီဟူသည် နေရခက်စွာဖြင့် ထိုနေရာမှာပင် ရုတ်တရက် သီချင်းဆိုလိုက်ရာ အားလုံးကို ပွဲကျကာ ရယ်မောသွားစေခဲ့သည်။
ချန်ဂန်းမှာ ယခုအခါ စိတ်အခြေအနေ ပိုကောင်းလာပြီဖြစ်ပြီး ရွာမှ ရင်းနှီးသော သူငယ်ချင်းအချို့ကို ထမင်းစားဖိတ်ရန်အတွက် ထမင်းဝိုင်း အနည်းငယ် စီစဉ်ထားရန် ရည်ရွယ်ထားပေ၏။
ပိုင်ချန်၏ ယခင် မွေးစားမိဘများ၏ ရွာမှာလည်း ဤဒေသတွင် ရှိပြီး ဤတစ်ကြိမ်တွင် သူမသည် သူတို့ကို ဂါရဝပြုရန်အတွက် ဤနေရာသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
နေ့လယ်စာ စားပြီးချိန်တွင် မွန်းလွဲ ၂ နာရီခန့် ရှိနေပြီ ဖြစ်၏။
"ဦးလေးကြီး၊ ဒုတိယဦးလေး၊ အဖေနဲ့ အမေ... အားလုံး အဆင်ပြေသလို နေကြနော်... ပိုင်ချန်နဲ့ ကျွန်တော်က သူ့ရွာဘက် သွားကြည့်မလို့..." စုယွမ်က ပြောလိုက်သည်။
"ကောင်းပြီလေ... မင်း ပိုင်ချန်နဲ့ အတူတူသွားပြီး သူ ဘာမှမဖြစ်အောင် သေချာ ဂရုစိုက်ပေးလိုက်..."
"ငါတို့နဲ့အတူ ဆေးလိပ်နဲ့ အရက်တချို့ ယူသွားဖို့ သေချာပေါက် လိုအပ်လိမ့်မယ်..." ချန်ချွေ့ဖန်သည် ပစ္စည်းအချို့ကို အလျင်အမြန် ပြင်ဆင်လိုက်ပြီး နောက်မှ အားလုံး ခွဲဝေနိုင်ရန် ဆေးလိပ်နှင့် အရက်များကို အပိုင်းများစွာ ခွဲလိုက်လေ၏။
"ရပါတယ် အန်တီရယ်... စုယွမ်က ဒါတွေ အကုန်လုံးကို အန်တီတို့အတွက်ယူလာတာလေ... ဒါတွေကို ကျွန်မက ဘယ်ကိုယူသွားရမှာလဲ..." ပိုင်ချန်က ပြောလိုက်သည်။
"ကလေးမိုက်လေးရယ်... သမီး ဘယ်ကိုယူသွားမလဲဆိုတာ အရေးမကြီးပါဘူး... သမီးက ဒီကနေပဲ ယူသွားရမှာ..." ချန်ချွေ့ဖန်၏ စကားများက ငြင်းခုံရန် နေရာမပေးခဲ့သဖြင့် ပိုင်ချန်မှာ ပြုံးရုံသာ ပြုံးနေပြီး ဘာမှမပြောတော့ချေ။
မကြာမီ သူတို့နှစ်ဦးသည် လီဟူနှင့်အတူ ကားမောင်းထွက်သွားကြလေ၏။
သတင်းကြားချိန်တွင် ခရိုင်တွင် အလုပ်လုပ်နေသော ချန်လုံမှာ အပြေးအလွှား ပြန်ရောက်လာခဲ့သည်။
ဇာတ်လမ်းအစအဆုံးကို သိရှိပြီးနောက် သူသည် အတော်လေး အပြစ်ရှိသလို ခံစားလိုက်ရပေ၏။
"ဟူး... ကျွန်တော်က အရမ်း စိတ်လောလွန်းခဲ့လို့ပါ... အဖေ့ကို အဖော်တစ်ယောက်ရှာဖို့ အဆက်မပြတ် တိုက်တွန်းနေခဲ့တာက အဖေ့ကို လိမ်လည်ခံရတဲ့အထိ ဖြစ်သွားစေခဲ့တာပဲ..."
"အန်တီနဲ့ ဦးလေး... ကျေးဇူးတင်ပါတယ်..." ချန်လုံက ကျေးဇူးတင်စွာဖြင့် ပြောလိုက်ချေသည်။
"တူလေး... မင်းက အရမ်းကိုယဥ်ကျေးလွန်းနေပါပြီ... ငါတို့ အားလုံးက မိသားစုတွေပဲ... ဒီလို ကျေးဇူးတင်စကားတွေ ပြောဖို့ မလိုပါဘူး..."
"ဒီနေ့ မင်း အဆင်ပြေရဲ့လား... တကယ်လို့ အဆင်ပြေတယ်ဆိုရင် ဒီည မပြန်နဲ့ဦး... မင်းအဖေက ရွာသားတွေကို ညစာကျွေးမှာ" စုဖူချန်က ပြောလိုက်သည်။
"ဟုတ်ကဲ့... ကျွန်တော် အတူတူနေပါမယ်... မနက်ဖြန်နဲ့ သန်ဘက်ခါက ကျွန်တော့် နားရက်တွေဆိုတော့ တနင်္လာနေ့မှ ပြန်ရင်လည်း ဘာပြဿနာမှ မရှိပါဘူး..." ချန်လုံက ပြန်ဖြေလိုက်၏။
"ဧည့်သည်တွေအတွက် အရက်တို့ တခြားပစ္စည်းတွေတို့ ဝယ်ပြီးပြီလား... ကျွန်တော် နည်းနည်း သွားဝယ်လိုက်မယ်လေ..." ချန်လုံက မေးလိုက်သည်။
"မင်း လက်တစ်ချောင်းတောင် အလှုပ်ခံစရာ မလိုပါဘူး..."
"မင်းရဲ့ အစ်ကို စုယွမ်က အကုန်လုံး ယူလာခဲ့ပြီးပြီ..." ချန်ဂန်းသည် ထောင့်တစ်နေရာတွင် စုပုံနေသော ဆေးလိပ်နှင့် အရက်ပုံကို လက်ညှိုးထိုးပြလိုက်လေ၏။
တစ်ချက်ကြည့်ရုံဖြင့် ၎င်းတို့အားလုံးမှာ တန်ဖိုးကြီး အမှတ်တံဆိပ်များ ဖြစ်ကြောင်း ချန်လုံ မြင်တွေ့လိုက်ရသည်။
စုယွမ်သည် သူနှင့်အတူ စစ်တုရင် ကစားစဉ်က ပို၍ပင် ကျေးဇူးတင်မိသကဲ့သို့ ခံစားခဲ့ရပေ၏။
သူတို့သည် အဖေ့ကို ဒီလောက်ကြီးမားတဲ့ ကိစ္စကြီးမှာ ကူညီပေးဖို့ လာခဲ့ကြပြီး သူတို့ ယူလာတဲ့ ဆေးလိပ်နဲ့ အရက်တွေကလည်း ထိပ်တန်းအဆင့်တွေချည်းပဲ။
ဒီအတွက် နောက်ထပ် ရှင်းပြနေစရာကို မလိုတော့ဘူး။
"အိုဘုရား... အကုန်လုံးက မောက်ထိုင်တွေနဲ့ နာမည်ကြီး ဆေးလိပ်တွေချည်းပဲလား"
"ကျွန်တော့်အစ်ကိုက တကယ့်ကို အရည်အချင်း ရှိတာပဲ"
"သူက တက္ကသိုလ်ကနေ အခုလေးတင် ဘွဲ့ရခဲ့တာလို့ မှတ်မိသေးတယ်.... ရိုးရိုးသားသား ပြောရရင် ဒီနေ့ခေတ်မှာ ကျွန်တော့်အစ်ကိုနဲ့ ယှဉ်နိုင်တဲ့ ရွယ်တူတွေဆိုတာ လုံးလုံးလျားလျား မရှိသလောက်ပါပဲ" ချန်လုံက ခြွင်းချက်မရှိ ချီးကျူးလိုက်ချေသည်။
ဤစကားများက စုဖူချန်နှင့် ချန်ချွေ့ဖန်တို့ကို လုံးဝ ကျေနပ်သွားစေခဲ့၏။
အကယ်၍ အခြားသူတစ်ယောက်ယောက်က သူ့ကို ချီးကျူးခဲ့ပါက ၎င်းမှာ ထူးခြားမည် မဟုတ်သော်လည်း ချန်လုံသည် အစိုးရရုံးတွင် အလုပ်လုပ်နေသူ ဖြစ်ပြီး သူပင်လျှင် ဤသို့ ပြောဆိုခဲ့ခြင်းက သူတို့၏သား မည်မျှ ထူးချွန်ကြောင်းကို ပိုမိုသက်သေပြနေပေသည်။
"ဟားဟား... ရှောင်လုံ...မင်းလည်း မနှိမ့်ချပါနဲ့... အစိုးရရုံးမှာ မင်းရဲ့ ချောမွေ့တဲ့ အလုပ်အကိုင်နဲ့ဆိုရင် သုံးနှစ်ကနေ ငါးနှစ်အတွင်းမှာ မင်း သေချာပေါက် ဗျူရိုအကြီးအကဲတစ်ယောက် ဖြစ်လာမှာပဲ မဟုတ်ဘူးလား" စုဖူချန်က ပြန်လည်ပြောဆိုလိုက်သည်။
မိသားစုသည် စကားပြောဆို ရယ်မောကြရင်း အလွန် သဟဇာတဖြစ်သော လေထုတစ်ခုကို ဖန်တီးခဲ့ကြလေ၏။
ထိုအချိန်တွင် အပြင်ဘက် လမ်းပေါ်တွင် BMW X4 တစ်စီး မောင်းနှင်လာပြီး ကားနောက်ဖုံး ပွင့်နေသော lexus လက်ဆပ်စ်ကားတစ်စီး တံခါးဝတွင် ရပ်နားထားသည်ကို မြင်တွေ့လိုက်ရသဖြင့် ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော လူလတ်ပိုင်း အမျိုးသားတစ်ဦး အနှောင့်အယှက် ဖြစ်သွားချေသည်။
"ချန်ဂန်းဇီက ဘာတွေ လာကြွားနေတာလဲ... သူက ဘယ်အချိန်တုန်းက ကားဝယ်လိုက်တာလဲ... အဲဒါက ဘာအတွက် အသုံးဝင်လို့လဲ... ကားနောက်ဖုံးကိုတောင် သူ မပိတ်နိုင်ဘူးလေ"
"ဟွန်း နှစ်ချက်လောက် တီးပြီး သူ့ကို လက်ညှိုးထိုးပြလိုက်... ငါတို့ရဲ့ အဆင့်မြင့်ကားကို သူ မြင်သွားအောင်လုပ်" လူလတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။
သို့သော် ကားမောင်းနေသော လူငယ်လေးက သူ့အား ငြင်းဆိုလိုက်၏။ "အဖေ... ဒါက သာမန်ကား မဟုတ်ဘူး... ဒါက ယွမ် တစ်သန်းကျော် တန်တဲ့ lexus ကားတစ်စီးလေ"
"ဒါ သေချာပေါက် ချန်ဂန်း မိသားစုပိုင်တာ မဟုတ်ဘူး..." လူငယ်လေးက ပြောလိုက်သည်။
လူလတ်ပိုင်း အမျိုးသားမှာ အံ့အားသင့်သွားပြီးနောက် ပြောလိုက်ချေ၏။ "သူ့သား ချန်လုံက အစိုးရရုံးမှာ အလုပ်လုပ်တယ်လို့ ငါ ကြားတယ်... သူက ခေါင်းဆောင်တစ်ယောက်ရဲ့ ကားနဲ့များ ရောက်လာတာလား..."
"တကယ်လို့ အဲဒီလိုဆိုရင် ချန်လုံက အလုပ်မှာ တော်တော်လေး တန်ဖိုးထားခံရတာပဲ... ဟွန်းမတီးနဲ့တော့... အထဲကို မြန်မြန်ဝင်ပြီး နေရာနဲ့ အကျွမ်းတဝင်ရှိအောင် သွားလုပ်လိုက်..."