အခန်း ၁၈၀
Vol. 17 Ch. 180
အခန်း (၁၈၀) မန်နေဂျာ ကော်ဖီဆိုင်
"ဟေး... လင်းရွှယ်... အပြင်ထွက်လာခဲ့ဦး... ငါတို့ စကားနည်းနည်း ပြောစရာရှိတယ်..." စုယွမ်က ပြောလိုက်၏။
"ဟုတ်ကဲ့ သူဌေး... ကျွန်မ အခုပဲ ထွက်လာခဲ့ပါ့မယ်..." လင်းရွှယ်အာက ပြောလိုက်သည်။
"မင်း ဘာသောက်ချင်လဲ... အို... နေရာတစ်ခု ရှာလိုက်ရအောင်... ခဏနေရင် ငါ့တည်နေရာကို မင်းဆီ ပို့ပေးလိုက်မယ်..." စုယွမ်က မေးမြန်းလိုက်၏။
"အင်း... ကော်ဖီ... ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်..." လင်းရွှယ်အာက ပြန်ဖြေလိုက်သည်။
"ကောင်းပြီ... ခဏနေရင် တည်နေရာကို ငါ ပို့ပေးလိုက်မယ်..." စုယွမ်က ပြောလိုက်ပြီးနောက် ဖုန်းချလိုက်လေ၏။
"ကော်ဖီဆိုင် တစ်ဆိုင်လောက် သွားရှာကြစို့..." စုယွမ်က လီဟူအား ပြောလိုက်သည်။
"ဟုတ်ကဲ့..." လီဟူသည် ကားထဲရှိ သူဌေးထိုင်ခုံသို့ သဘာဝကျစွာ ဝင်ထိုင်လိုက်ပြီး ယခုအခါ စုယွမ်မှာမူ ယာဉ်မောင်းတစ်ဦးနှင့် ပိုတူနေပေ၏။
သို့သော် စုယွမ်က ထိုအရာကို ဂရုမစိုက်ခဲ့ချေ။ လီဟူမှာ အနည်းငယ် ရိုးအလွန်းသည်ဟုသာ သူ တွေးတောလိုက်မိသည်။ သူ့ကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ချိန်က လီဟူသည် သင့်လျော်သော လူကြီးလူကောင်းတစ်ဦးကဲ့သို့ ပြုမူခဲ့သော်လည်း ယခုအခါတွင်မူ သူ၏ စစ်မှန်သော အရောင်အသွေးကို ပြသနေလေပြီဟု သူ ပြန်လည်သတိရလိုက်၏။
သေချာတာပေါ့...
လီဟူ၏ စရိုက်လက္ခဏာမှာ လုံးလုံးလျားလျား အပြစ်ဆိုဖွယ်ရာ မရှိသကဲ့သို့ သူ၏ တိုက်ခိုက်ရေးစွမ်းရည်များမှာလည်း ထူးချွန်ထက်မြက်လှပေသည်။ သူက ပရော်ဖက်ရှင်နယ် လေ့ကျင့်မှုများကို ရရှိထားခဲ့မည်မှာ သေချာလှ၏။
"လီဟူ... အရင်က မင်း ဘာအလုပ် လုပ်ခဲ့တာလဲ..." စုယွမ်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"ကျွန်တော်လား... သိပ်တော့ မထူးခြားပါဘူး... ကျွန်တော့်ရဲ့ ယခင်သူဌေး သူဌေးချန်ဆီမှာ မလုပ်ခင်က ကျွန်တော် စစ်တပ်ထဲမှာ ရှိခဲ့တာပါ... စစ်တပ်ကထွက်လာပြီးနောက်မှာ သူဌေးချန်က ကျွန်တော် တိုက်ခိုက်တော်တာကိုတွေ့တော့ ကျွန်တော့်ကို ဗီလာရဲ့ အိမ်တော်ထိန်းအဖြစ် ခန့်လိုက်တာပဲ..." လီဟူက ပြောလိုက်၏။
"မင်းက စစ်တပ်ထဲမှာဆိုရင် ထိပ်တန်းအဆင့် စစ်သားတစ်ယောက် ဖြစ်ရမယ်..." စုယွမ်က ပြုံးကာ ပြောလိုက်သည်။
"ဟားဟားဟား... မဖြစ်နိုင်ပါဘူး... စစ်တပ်ထဲမှာ ကျွမ်းကျင်တဲ့သူတွေ အများကြီး ရှိပါတယ်... ကျွန်တော်က အများဆုံးမှ ပျမ်းမျှအဆင့်ထက် နည်းနည်းလေး ပိုသာရုံပါပဲ..." လီဟူက နှိမ့်ချစွာ ပြောဆိုလိုက်၏။
"ဒါက လုံလောက်အောင်ကို အထင်ကြီးစရာကောင်းနေပါပြီ... ကျပန်းလူ ခုနစ်ယောက် ရှစ်ယောက်လောက်က မင်းအနားကို ကပ်နိုင်မယ်လို့ ငါ မထင်ဘူး..." စုယွမ်က ဆက်ပြောလိုက်သည်။
"ကျပန်းလူ ခုနစ်ယောက် ရှစ်ယောက်ကိုတောင် ထည့်မပြောပါနဲ့... လေ့ကျင့်ထားတဲ့ လူဆယ်ယောက် ပေါင်းလာရင်တောင် ကျွန်တော့်ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး..."
"သေချာတာပေါ့... အဲဒါက အထူးအခြေအနေအောက်မှာ ပြောတာပါ... ဘာလို့လဲဆိုတော့ ကျွန်တော် လေ့ကျင့်ထားတဲ့ နည်းစနစ်တွေ အားလုံးက သတ်ဖြတ်ရေး စွမ်းရည်တွေဖြစ်နေလို့ပဲ... တကယ်လို့ ကျွန်တော်ကသာ အဲဒါတွေကို အသုံးပြုဖို့ တွန့်ဆုတ်နေမယ်ဆိုရင် ဘာဖြစ်လာမလဲဆိုတာကို ပြောရတာ တကယ်ကို ခက်ပါတယ်..." လီဟူက လွှမ်းမိုးနိုင်သော ဟန်ပန်ဖြင့် ပြောဆိုလိုက်၏။
"မိုက်တယ်..." စုယွမ်က အာမေဍိတ်သံပြုလိုက်ပြီးနောက် နိုင်ငံခြားဘာသာစကားဖြင့် အပြည့်အဝ ရေးသားထားသော ဆိုင်းဘုတ်နှင့် ကော်ဖီဆိုင်တစ်ဆိုင်ကို သတိပြုမိလိုက်ရာ ၎င်းမှာ တော်တော်လေး ခေတ်ဆန်ပုံရပေသည်။
"ဒီနေရာပဲ... ဆင်းရအောင်..." စုယွမ်က ပြောလိုက်၏။
"ဟုတ်ကဲ့..."
သူတို့နှစ်ဦး ကားပေါ်မှ ဆင်းလာကြပြီး ကော်ဖီဆိုင်ဆီသို့ တိုက်ရိုက် ဦးတည်သွားကြတော့သည်။
တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သင်းပျံ့သော ရနံ့တစ်ခုကို ရှူရှိုက်လိုက်ရသော်လည်း ဆိုင်ထဲတွင် မည်သူမျှ ရှိမနေခဲ့ချေ။
"ဝိတ်တာ... ကျွန်တော့်ရဲ့ ရေဆာတာကို ပြေစေဖို့ အခါးတဲ့ဟာမဟုတ်တဲ့ သောက်စရာတစ်ခုလောက် ပေးပါ..." လီဟူက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
ကောင်တာရှိ စတိုင်ကျကျ ဝတ်ဆင်ထားသော လူငယ်လေးမှာ ဝိတ်တာဟု အခေါ်ခံရသဖြင့် ရှင်းလင်းစွာ စိတ်အနှောင့်အယှက် ဖြစ်သွားပုံရပြီး စူးရှသော အသံဖြင့် ပြောလိုက်သည်။
"မင်္ဂလာပါ လူကြီးမင်းတို့... ကြိုတင် ဘွတ်ကင်လုပ်ထားတာမျိုး ရှိပါသလား..."
လီဟူက တွေဝေစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
"ဟင်... မင်းရဲ့ လုပ်ငန်းက ဒီလောက်တောင် အခြေအနေ ဆိုးနေတာကို ချိန်းဆိုမှု လုပ်ဖို့ လိုသေးလို့လား..."
စုယွမ်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရပေသည်။
ဘုရားရေ... အဲဒါက ပြင်းထန်လှတဲ့ ဓားမြှောင်တစ်လက်ပဲ။
"ဟုတ်တယ် ဝိတ်တာ... ဒီမှာ ဘယ်သူမှ ရှိမနေတာကို ငါက ကြိုတင် ဘွတ်ကင်လုပ်ဖို့ လိုသေးလို့လား..."
"ဒီက အစျေးကြီးဆုံး ကော်ဖီတစ်ခွက်ကို ဘယ်လောက်လဲ..." စုယွမ်က မေးမြန်းလိုက်၏။
ဝိတ်တာမှာ ရှင်းလင်းစွာ အရှက်ရသွားခဲ့ပေသည်။ သူ၏ မျက်နှာမှာ အနည်းငယ် နီရဲသွားပြီး တော်တော်လေး အနေခက်နေပုံရ၏။ သူက တစ်စုံတစ်ခု ပြောချင်ခဲ့သော်လည်း စကားလုံးများကို ရှာမတွေ့ခဲ့ချေ။
"အစျေးကြီးဆုံးက တစ်ခွက်ကို ယွမ် ၈၈ ပါ..." ဝိတ်တာက ပြောလိုက်သည်။
"ဒါက လုံးလုံးလျားလျား အစျေးမကြီးပါဘူး... ငါက တစ်ခွက်ကို ယွမ် ရာချီလောက် ကျမယ်လို့ ထင်ထားတာ..." လီဟူက မထီမဲ့မြင်ပြုကာ ပြောဆိုလိုက်၏။
"ဒါဆိုရင် တစ်ခွက်ကို ယွမ် ၈၈ တန် သုံးခွက် ပေးပါ..." စုယွမ်က စကားပြောပြီးနောက် ထိုင်ရန် နေရာတစ်ခု ရှာလိုက်ပြီး သူမ၏ တည်နေရာကို လင်းရွှယ်အာထံသို့ ပို့ပေးလိုက်လေသည်။
ထို့နောက် လီဟူလည်း ဝင်ထိုင်လိုက်၏။
"ဝိတ်တာ... အခု နှစ်ခွက် အရင်ယူလာခဲ့ပါ... ပြီးတော့ ငါ့သူငယ်ချင်း ရောက်လာရင် နောက်ထပ် တစ်ခွက် ထပ်ယူလာခဲ့..." စုယွမ်က ညွှန်ကြားလိုက်သည်။
"...ဟုတ်ကဲ့... ဒါပေမဲ့..." ဝိတ်တာက တစ်စုံတစ်ခု ပြောချင်ခဲ့သော်လည်း နောက်ဆုံးတွင် ဘာမျှမပြောခဲ့ချေ။
မကြာမီတွင် ကော်ဖီနှစ်ခွက် ချပေးလိုက်လေ၏။ လီဟူက တစ်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံ သောက်လိုက်ပြီး ချက်ချင်း မျက်မှောင်ကြုတ်သွားတော့သည်။
"ချီးးး.... ဒီအရာကဘာလဲ သည်းခြေထက်တောင် ပိုခါးနေသေးတာပဲ..."
"လူကြီးမင်း... ဒါက သူ့ရဲ့ အရသာပါပဲ... ပိုပြီး ခါးလေလေ ပိုပြီး စစ်မှန်လေလေပါပဲ..."
ဤလူက ကော်ဖီကို ဘယ်လိုသောက်ရမည်ကိုရော သိပါရဲ့လားဟု တွေးတောရင်း ဝိတ်တာက သက်ပြင်းချကာ ရှင်းပြလိုက်၏။
"ဟုလား... ငါအရင်က မသောက်ဖူးလို့ပါ... စိတ်ထဲမထားပါနဲ့... သကြားရှိလား... သကြားနည်းနည်းလောက် ပေးပါ..." လီဟူက ပြောလိုက်သည်။
"ဟုတ်ကဲ့ လူကြီးမင်း... ခဏလောက် စောင့်ပေးပါ..." ဝိတ်တာမှာ စိတ်မရှည်သော်လည်း စိတ်ရှည်သည်းခံစွာဖြင့် ဝန်ဆောင်မှု ပေးနေဆဲဖြစ်ပေ၏။
သကြားကို အလျင်အမြန် ယူဆောင်လာခဲ့ပြီး လီဟူက တစ်ဇွန်း ထည့်လိုက်ကာ ပြောဆိုလိုက်သည်။
"ရပြီ ဝိတ်တာ..."
ဤအချိန်တွင် ဝိတ်တာသည် နောက်ဆုံး၌ ထပ်မံ သည်းမခံနိုင်တော့ဘဲ ပြောဆိုလိုက်တော့၏။
"လူကြီးမင်း... ကျွန်တော်က ဝိတ်တာ မဟုတ်ပါဘူး... ကျေးဇူးပြုပြီး ကျွန်တော့်ကို မန်နေဂျာလို့ ခေါ်ပေးပါ..."
"ကျွန်တော်က ဒီကော်ဖီဆိုင်ရဲ့ မန်နေဂျာပါ... မန်နေဂျာဆိုတာက ကျွန်တော့်ရဲ့ သင့်လျော်တဲ့ ရာထူးပါ... ကျေးဇူးပြုပြီး ကျွန်တော့်ကို မန်နေဂျာလို့ ခေါ်ပေးပါ..." ဝိတ်တာက ရှင်းပြလိုက်သည်။
"အို... ငါ သိပါပြီ... အရမ်း အားနာသွားပြီ..."
"ဝိတ်တာလို့ ခေါ်တာ အကျင့်ပါနေလို့ပါ... ဆောရီးပါ ဝိတ်တာ..."
"အာ... မဟုတ်ဘူး... မန်နေဂျာပါ..." လီဟူက ရယ်မောလိုက်၏။
"ဟူး..."
မန်နေဂျာမှာ စိုးရိမ်ပူပန်နေပုံရပေသည်။ လူတစ်ယောက်ကို ခေါ်ဝေါ်ပုံ ပြောင်းလဲဖို့က တကယ်ပဲ အဲဒီလောက်တောင် ခက်ခဲနေလို့လားဟု သူ တွေးတောလိုက်မိ၏။
စုယွမ်သည်လည်း ၎င်းကို ရယ်စရာကောင်းသည်ဟု ထင်လိုက်မိသည်။ "မန်နေဂျာ" ဆိုသော အခေါ်အဝေါ်မှာ ရှန်ဟိုင်းတွင် အများအားဖြင့် သုံးလေ့ရှိပြီး ယခုအခါ ကျန်းချန်ကလည်း ၎င်းကို လိုက်လုပ်နေမည်ဟု သူ လုံးလုံးလျားလျား မျှော်လင့်မထားခဲ့ချေ။
များများစားစား မတွေးတောတော့ဘဲ စုယွမ်သည် စီးပွားရေးနှင့် ပတ်သက်သော သတင်းအချက်အလက် တစ်ခုကို ချက်ချင်း ရွေးချယ်လိုက်လေသည်။
[စီးပွားရေးသတင်းအချက်အလက် - ဆဲရက်စ် မော်တော်ယာဉ်ကုမ္ပဏီသည် ၎င်း၏ အဓိကလုပ်ငန်းများကို ဟွာစစ်ထံ လွှဲပြောင်းပေးအပ်ကာ နည်းပညာကုမ္ပဏီဖြစ်သော ဟွာစစ်နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ပြီး ဖြစ်သည်။ မကြာမီ ထုတ်လုပ်မိတ်ဆက်တော့မည့် စွမ်းအင်သုံး မော်တော်ယာဉ်သစ်များသည် ဈေးကွက်အတွင်း အောင်မြင်မှု ကြီးမားစွာ ရရှိလိမ့်မည်ဟု မျှော်မှန်းထားကြသည်။ ယင်းပူးပေါင်းဆောင်ရွက်မှုကြောင့် ဆဲရက်စ် မော်တော်ယာဉ်ကုမ္ပဏီသည် ယခင်က လူသိနည်းသော အဆင့်နိမ့် ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုအဖြစ်မှ ယွမ်ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် လုပ်ငန်းစုကြီးတစ်ခုအဖြစ် အသွင်ကူးပြောင်းသွားမည်ဟု ခန့်မှန်းထားကြသည်။]