အခန်း ၄၆၁
Vol. 24 Ch. 461
အခန်း ၄၆၁ - ဆရာကြီးကျုံး
တန်လင်းသည် နောက်ဆုံးတွင်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသည့် ဤအသေးစိတ်အချက်ကို သတိပြုမိသွားခဲ့သော်လည်း ယခုအချိန်က ဤအကြောင်းကို စဉ်းစားနေရမည့် အချိန်မဟုတ်ပါချေ။ သူမ စုတ်တံကို ကောက်ကိုင်လိုက်သည့် အခိုက်အတန့်မှာတင် ကျန်းဖုန်းဖုန်းက သူမ၏ အစီရင်ခံစာကို အချောသတ် ရေးသားပြီးသွားခဲ့ပြီ ဖြစ်သည်။ သူမက လှောင်ပြောင်သရော်သည့် လေသံဖြင့် အော်ဟစ်လိုက်၏။
“တန်လင်း... ငါကတော့ ငါ့ရဲ့ အကဲဖြတ်ချက် အစီရင်ခံစာကို ရေးလို့ပြီးသွားပြီ... ဒီတစ်ကြိမ်မှာတော့ နင် သေချာပေါက် ရှုံးတော့မှာမလို့ ငါတို့ရဲ့ ကတိကဝတ်ကို မမေ့နဲ့ဦးနော်... ရှုံးတဲ့သူက နိုင်တဲ့သူကို ဒီနေ့ကစပြီး လေးစားရမှာဖြစ်သလို ‘စီနီယာ’ လို့လည်း ခေါ်ရမှာ”
သူမက သူမအနေဖြင့် အနိုင်ရရှိမှုကို အပိုင်ရထားခဲ့ပြီ ဖြစ်သည့်အလား ယုံကြည်ချက် အပြည့်ဖြင့် ပြောဆိုနေခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်တော့ သူမသည် ရှုံးနိမ့်သွားနိုင်သည့် ဖြစ်နိုင်ချေကို စိုးစဉ်းမျှပင် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပါချေ။
အကြောင်းမှာ သူမတွင် အပြင်ဘက်ကနေ လက်ဟန်ခြေဟန်များဖြင့် အချက်ပြနေခဲ့သည့် ထိုအဆင့် ၃ သားရဲအကဲဖြတ်မှူးဟူသော အကူအညီ ရှိနေခဲ့သောကြောင့် ဖြစ်၏။
ထိုအမျိုးသားက သူမ၏ ငယ်သူငယ်ချင်း ဖြစ်ပြီး ထျန်းရွှမ်မြို့တော်၏ သားရဲအကဲဖြတ်မှူးများအကြားတွင် တောက်ပြောင်လာနေသည့် ကြယ်ပွင့်တစ်ပွင့်လည်း ဖြစ်သည်။ သူက မကြာသေးမီကတင် အဆင့် ၃ အဆင့်အတန်းကို ရရှိထားခဲ့ခြင်း ဖြစ်ရပေမည်။
ကျန်းဖုန်းဖုန်းသည် တန်လင်းကို နှိမ်နင်းရန်အတွက် သူ့ကို အထူးတလည် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။
“နင်က တိုင်းတစ်ပါးသူတစ်ယောက် သက်သက်ဖြစ်နေတာ တကယ့်ကို နှမြောဖို့ကောင်းတယ် တန်လင်း... အဆက်အသွယ်တွေနဲ့ နောက်ခံသမိုင်းကြောင်း အရဆိုရင် နင်က ငါ့ထက် အများကြီး နိမ့်ကျလွန်းပါတယ်... ဒီတစ်ကြိမ်မှာတော့ ငါက နင့်ကို နင်းခြေပစ်မှာဖြစ်သလို အနာဂတ်မှာလည်း ဒီလိုပဲ ဆက်လုပ်သွားမှာ... နင့်ရဲ့ ဟန်ဆောင်ပန်ဆောင် အပြုအမူတွေကို ဘယ်လောက်အထိ ဆက်လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့... ငါ ကျန်းဖုန်းဖုန်း ရှိနေသရွေ့တော့ နင့်အနေနဲ့ ဘာအောင်မြင်မှုကိုမှ ရရှိဖို့ မျှော်လင့်မနေနဲ့တော့”
ကျန်းဖုန်းဖုန်း နှာခေါင်းရှုံ့လိုက်၏။
သူမကိုယ်သူမ အနိုင်ရရှိသွားခဲ့ပြီဟု ယူဆထားခဲ့ခြင်း ဖြစ်သည်။
၎င်းက မှန်ကန်လှပေသည်။ အကယ်၍ လင်းကျင်းသာ ဤနေရာသို့ ရောက်မလာခဲ့ဘူးဆိုလျှင် သူမ သေချာပေါက် အနိုင်ရရှိသွားခဲ့ပေလိမ့်မည်။
သို့သော်လည်း ယခုအခါတွင်တော့ လင်းကျင်း ဤနေရာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည့်အပြင် တန်လင်းကို ကူညီရန် ဆုံးဖြတ်လိုက်ပြီဖြစ်ရာ အခြေအနေက ထိုသို့ ဖြစ်မလာနိုင်တော့ပါချေ။
တစ်ချိန်တည်းမှာပင် တန်လင်းသည် လင်းကျင်း ပေးခဲ့သည့် အဖြေကို စာရွက်ပေါ်တွင် ရေးသားခြင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ မည်သည့်အမှားအယွင်းမျှ မရှိစေရန်အတွက် နောက်ထပ်တစ်ကြိမ် ထပ်မံစစ်ဆေးပြီးနောက်တွင်တော့ သူမသည် ကျန်းဖုန်းဖုန်း၏ စကားဖြင့် ရန်စမှုများကို လျစ်လျူရှုကာ အစီရင်ခံစာ အပ်နှံရန် ထရပ်လိုက်တော့၏။
သူမက သဘောထားကြီးလွန်းနေ၍ မဟုတ်ပါချေ။ ရိုးရှင်းစွာ ပြောရလျှင် လျစ်လျူရှုခြင်းကပင် သူမအတွက် အကောင်းဆုံး တုံ့ပြန်မှု ဖြစ်နေခဲ့သောကြောင့် ဖြစ်သည်။
သေချာပေါက်ပင်... ကျန်းဖုန်းဖုန်းကို လျစ်လျူရှုလိုက်ခြင်းက ကျန်းဖုန်းဖုန်းအတွက်တော့ ဒေါသတကြီး ပေါက်ကွဲသွားစေလောက်သည့် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်သွားခဲ့ရတော့၏။
“တန်လင်း... အားလုံးက နင့်အောက်မှာ ရှိနေသလိုမျိုး မာနထောင်လွှားမနေနဲ့... သားရဲအကဲဖြတ်မဏ္ဍပ်က ဆရာက ငါတို့ရဲ့ စာရွက်တွေကို စစ်ဆေးပြီးသွားတဲ့ အခါကျရင် နင် ဘယ်လောက်တောင် အရှက်ရစရာ ကောင်းလဲဆိုတာ သိရလိမ့်မယ်... ဒီပြိုင်ပွဲမှာ နင် သေချာပေါက် ရှုံးမှာ”
ကျန်းဖုန်းဖုန်း ဒေါသတကြီးဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
သူတို့၏ အကဲဖြတ်ချက် အစီရင်ခံစာများကို အပ်နှံပြီးနောက်တွင်တော့ ၎င်းတို့ကို အမှတ်ပေးရန်အတွက် သားရဲအကဲဖြတ်မဏ္ဍပ်၏ ဆရာအပေါ်တွင်သာ မူတည်တော့၏။
ဤ ထျန်းရွှမ်အကယ်ဒမီတွင် ဆရာများကိုလည်း အဆင့်အတန်းများ ခွဲခြားထားခဲ့ခြင်း ဖြစ်သည်။ သားရဲအကဲဖြတ်ရာ မဏ္ဍပ်က ဆရာများသည် အများအားဖြင့် နက်နဲသော ဗဟုသုတများကို ပိုင်ဆိုင်ထားကြသည့် ထင်ရှားကျော်ကြားသူများ ဖြစ်ကြသဖြင့် သဘာဝကျစွာပင် သူတို့၏ စကားများက အကယ်ဒမီကျောင်း၏ အခြားသော နေရာများက ဆရာများထက် ပိုမို၍ ဩဇာညောင်းလှပေသည်။
မကြာမီမှာပင် အကဲဖြတ်ချက် အစီရင်ခံစာ နှစ်စောင်လုံးကို ဒုတိယထပ်ရှိ အခန်းတစ်ခန်းအတွင်းသို့ ပို့ဆောင်လိုက်ကြ၏။
အခန်းအတွင်း၌ ကထိကဝတ်စုံ ဝတ်ဆင်ထားသည့် သက်ကြီးရွယ်အို အမျိုးသားတစ်ဦးသည် စာအုပ်တစ်အုပ်ကို ဖတ်ရှုနေခဲ့ခြင်း ဖြစ်သည်။ သူ၏ အခန်းတစ်ခုလုံးမှာ စာအုပ်များဖြင့် ပြည့်နှက်နေခဲ့ပြီး ၎င်းတို့ထဲက အချို့မှာ ရှေးဟောင်းစာအုပ်များ ဖြစ်ပုံရပေသည်။ ဤအရာများသည် သူ၏ တန်ဖိုးရှိလှသော စုဆောင်းမှုများ ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပါချေ။
အစီရင်ခံစာများကို လာရောက်အပ်နှံသည့် ဆရာသည် ပထမပိုင်းတွင် အလျင်အမြန် လျှောက်လှမ်းလာခဲ့သော်လည်း ထိုသက်ကြီးရွယ်အို ဆရာကြီး၏ အနားသို့ ချဉ်းကပ်လာခဲ့သည့် အချိန်တွင်တော့ ခြေလှမ်းများကို နှေးကွေးလိုက်၏။ သူ၏ ဂရုတစိုက် လုပ်ဆောင်နေသည့် အပြုအမူက ဤသက်ကြီးရွယ်အို ဆရာကြီးအပေါ် ထားရှိသည့် လေးစားမှု အဆင့်အတန်းကို ထင်ဟပ်နေခဲ့ရသည်။
“ဆရာကြီးကျုံး... အောက်ထပ်မှာ ပြိုင်ဆိုင်နေကြတဲ့ ကျောင်းသား နှစ်ယောက်က သူတို့ရဲ့ အစီရင်ခံစာတွေကို ရေးလို့ပြီးသွားပါပြီ... အဲဒါကို တစ်ချက်လောက် ကြည့်ပေးပါဦး”
ထိုဆရာသည် အကဲဖြတ်ချက် အစီရင်ခံစာ နှစ်စောင်လုံးကို ထောင့်တစ်နေရာတွင် ဂရုတစိုက် ချထားပေးလိုက်၏။
ဤဝါရင့်ဆရာကြီးက အလွန်ပင် အသက်ကြီးရင့်နေခဲ့ပြီ ဖြစ်သဖြင့် တစ်ချိန်က စာပေသင်ကြားပို့ချခြင်းများကို ရပ်နားခဲ့ပြီ ဖြစ်သည်။ သူသည် ဤသားရဲအကဲဖြတ်ရာ မဏ္ဍပ်တွင် ပျင်းရိငြီးငွေ့မှုများကို ဖြေဖျောက်ရန်အတွက် စာအုပ်များ ဖတ်ရှုရင်း သူ၏ ကျန်ရှိနေသေးသည့် နေ့ရက်များကို ကုန်ဆုံးနေခဲ့ခြင်း ဖြစ်၏။
ဤကဲ့သို့ လုပ်ဆောင်နိုင်ခြင်းက ထျန်းရွှမ်နိုင်ငံတွင် သူ၏ အဆင့်အတန်းက မည်မျှအထိ အရေးပါသလဲဆိုသည်ကို သက်သေပြနေခဲ့ရသည်။ သို့မဟုတ်လျှင်လည်း ဤနေရာတွင် အတွေ့အကြုံ အရှိဆုံး ပုဂ္ဂိုလ်များသာ ဤကဲ့သို့သော အထူးအခွင့်အရေးကို ရရှိနိုင်ကြခြင်း ဖြစ်၏။
“ဟဲဟဲ... ငါလည်း ပျင်းနေတာနဲ့ အတော်ပဲ ဖြစ်သွားတာပေါ့... လာပါဦး... ငါတို့ရဲ့ ကျောင်းသားတွေ ဘယ်လောက်အထိ ဗဟုသုတ ကြွယ်ဝကြသလဲဆိုတာ ငါ့ကို ကြည့်ခွင့်ပေးပါဦး”
သက်ကြီးရွယ်အို အမျိုးသားက သူ၏ စာအုပ်ကို ချရင်း ပြောလိုက်သည်။
သေသေချာချာ ဂရုတစိုက် လေ့လာကြည့်မည်ဆိုပါက ထိုစာအုပ်၏ ခေါင်းစဉ်မှာ ‘တာအိုအရှင်၏ သားရဲအကဲဖြတ်ချက်များ စုစည်းမှု’ ဟု ဖြစ်နေသည်ကို သတိပြုမိနိုင်ပေသည်။
၎င်းက ထျန်းရွှမ်အကယ်ဒမီတွင် လူအများအပြား မသိရှိကြသည့် သားရဲအကဲဖြတ်ခြင်းဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်လှသော စာအုပ်တစ်အုပ် ဖြစ်၏။ ၎င်းကို အမြင့်ဆုံးအဆင့်ရှိ ရှေးဟောင်း စာဖတ်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။ လူငယ်ဆရာသည် ၎င်းပေါ်က စာလုံးများကို တစ်ချက် လှမ်းမြင်လိုက်ရသဖြင့် ခေါင်းခါလိုက်မိ၏။
သူအနေဖြင့် ၎င်း၏ အဓိပ္ပာယ် အများစုကို နားမလည်နိုင်ပါချေ။
လူငယ်ဆရာ၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ သက်ကြီးရွယ်အို အမျိုးသားက ပြုံးလိုက်သည်။
“ဒီစာအုပ်ထဲမှာ ရေးထားတဲ့ အရာတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းက ငါတို့ရဲ့ စာပေတွေဖြစ်ပြီး ကျန်တဲ့ နှစ်ဆယ်ရာခိုင်နှုန်းကတော့ ရုပ်ပုံစာလုံးတွေ ဖြစ်တယ်... မင်းအနေနဲ့ ဒီအကြောင်းအရာတွေက ဘာကို ဆိုလိုသလဲဆိုတာ နားမလည်တာက သဘာဝကျပါတယ်... ငါကိုယ်တိုင်လည်း ဒီရုပ်ပုံစာလုံးတွေကို ငါ့ရဲ့ တစ်သက်တာလုံး သုတေသနပြုလုပ်ခဲ့တာတောင်မှ အနည်းငယ်လောက်ပဲ နားလည်နိုင်သေးတာ”
“ဆရာကြီးကျုံးက တကယ့်ကို ဗဟုသုတ ကြွယ်ဝလွန်းပါတယ်... ကျွန်တော်လည်း ဒီရုပ်ပုံစာလုံးတွေအကြောင်းကို အရင်တုန်းက ကြားဖူးပါတယ်... အဲဒါတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာခန့်က ကိုယ့်ကိုကိုယ် ‘တာအိုအရှင်’ လို့ ခေါ်ဆိုခဲ့တဲ့ အမျိုးသားတစ်ယောက်က ဖန်တီးခဲ့တာလို့ ပြောကြတာပဲ... ဒါပေမဲ့ နှမြောဖို့ကောင်းတာက ဒီလူက အမှောင်ဘက် အုပ်စုထဲကို ရောက်ရှိသွားခဲ့ပြီး ကိုယ့်ကိုကိုယ် ပျက်စီးခြင်းကိုပဲ သယ်ဆောင်လာခဲ့ရတာပဲ”
လူငယ်ဆရာက ပြန်လည်ဖြေကြားခဲ့၏။
သို့သော်လည်း ဆရာကြီးကျုံးက ခေါင်းခါလိုက်သည်။
“အဲဒါက မင်း မှားနေတဲ့ အချက်ပဲ... ငါတို့လို လူတွေအနေနဲ့ တာအိုအရှင်ရဲ့ ရည်ရွယ်ချက်ကို နားလည်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... အတိတ်တုန်းက သူက လူဆိုးအသိုင်းအဝိုင်း တစ်ခုလုံးကို ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်လို့ သူချမှတ်ခဲ့တဲ့ စည်းကမ်းချက်တွေကို အခုထိ လိုက်နာနေကြတုန်းပဲ... ဒီစည်းကမ်းချက်တွေကြောင့်ပဲ လူဆိုးတွေက မဆင်မခြင် ပြုမူနေထိုင်ခြင်း မရှိကြတော့တာ... တစ်နည်းပြောရရင် တာအိုအရှင်က ကောင်းမှုတစ်ခုကို လုပ်ဆောင်ခဲ့တာပဲ... သူက လူဆိုးအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပေမဲ့ သူက သားရဲအကဲဖြတ်ခြင်း အတတ်ပညာအပေါ်မှာတော့ မကြုံစဖူးလောက်အောင် ကျွမ်းကျင်ပိုင်နိုင်မှု ရှိခဲ့တယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းလို့မရဘူး... ငါမြင်တာကတော့ သားရဲအကဲဖြတ်ခြင်းဆိုင်ရာ လေ့လာမှုတွေမှာ သူရဲ့ ပံ့ပိုးကူညီမှုတွေကို ဘာနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်ဘူးဆိုတာပဲ”
လူငယ်ဆရာသည် ဆရာကြီးကျုံးအနေဖြင့် တာအိုအရှင်အပေါ် ဤမျှအထိ မြင့်မားလှသော အထင်ကြီး လေးစားမှု ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
သူ သဘောမတူသော်လည်း လူငယ်ဆရာသည် ဆရာကြီးကျုံးကို မဆန့်ကျင်ဝံ့ပါချေ။
ဆရာကြီးကျုံးက အကဲဖြတ်ချက် အစီရင်ခံစာ နှစ်စောင်လုံးကို ကောက်ကိုင်လိုက်ပြီး ပြောလိုက်၏။
“ငါ ရွေးချယ်ခဲ့တဲ့ ငါးရောင်ခြယ် အမွှေးအတောင်က အဆင့် ၂ ကျောင်းသားတွေအတွက်တော့ နည်းနည်း ခက်ခဲလိမ့်မယ်... ဒါပေမဲ့ ဒါက ပြိုင်ပွဲတစ်ခု ဖြစ်တာကြောင့် စံနှုန်းက ပုံမှန်ထက် ပိုပြီး မြင့်မားနေရမယ်... သူတို့ကြားက ပဋိပက္ခဖြစ်ရတဲ့ အကြောင်းရင်းကို ခဏဖယ်ထားမယ်ဆိုရင် ဒီပြိုင်ပွဲက သူတို့ နှစ်ယောက်လုံးအတွက် ကောင်းမွန်တဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာ သေချာတယ်”
ထိုသို့ ပြောပြီးနောက်တွင်တော့ သူက ပထမဆုံး အကဲဖြတ်ချက် အစီရင်ခံစာကို ဖွင့်လှစ်လိုက်၏။
“ကျန်းဖုန်းဖုန်းရဲ့ လက်ရာက အတော်လေး အခြေအမြစ် ရှိတာပဲ... အံ့ဩဖို့ကောင်းတယ်... တကယ့်ကို ချီးကျူးဖို့ကောင်းပါတယ်... သူမက ဒီအမွှေးအတောင်က ငှက်တစ်ကောင်ဆီက လာတာ မဟုတ်ဘူးဆိုတာကို ပြောနိုင်ရုံတင်မကဘဲ ဒါက တောင်ဘက်တိုက်က အမြန်နှုန်းသုံး သားရဲတစ်ကောင်ရဲ့ အမွှေးအတောင် ဖြစ်တယ်ဆိုတာကိုပါ သိနေတာပဲ... ဒီ ကျန်းဖုန်းဖုန်းမှာ ချီးကျူးစရာကောင်းတဲ့ ဗဟုသုတ ရှိနေတာပဲ”
ဆရာကြီးကျုံးသည် ၎င်းကို ဖတ်ရှုပြီးသည်နှင့် ချက်ချင်းပင် ချီးမွမ်းစကား ဆိုလိုက်တော့၏။
လူငယ်ဆရာသည် ကျန်းဖုန်းဖုန်း၏ နောက်ခံသမိုင်းကြောင်းကို သိရှိထားသဖြင့် သဘောတူညီသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။
“ကျန်းဖုန်းဖုန်းက အကယ်ဒမီကျောင်းကို မကြာသေးခင်ကမှ ဝင်ရောက်လာခဲ့တာ ဖြစ်ပေမဲ့ အမြဲတမ်း မြင့်မားတဲ့ အမှတ်တွေကို ထိန်းသိမ်းထားနိုင်တာ... သူမမှာ ကြီးမားတဲ့ အလားအလာ ရှိပါတယ်”
“မှန်တယ်... မဆိုးဘူး... တကယ့်ကို မဆိုးဘူး”
ဆရာကြီးကျုံးက အကဲဖြတ်ချက် အစီရင်ခံစာကို ချထားလိုက်ပြီး အခြားတစ်စောင်ကို ကောက်ကိုင်လိုက်၏။ အမှန်တကယ်တော့ သူသည် ဤပြိုင်ပွဲတွင် ကျန်းဖုန်းဖုန်း အနိုင်ရရှိသူ ဖြစ်လာလိမ့်မည်ဟု ခံစားမိနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဆရာကြီးကျုံး ဒုတိယမြောက် အကဲဖြတ်ချက် အစီရင်ခံစာကို ဖွင့်လှစ်လိုက်သည့် အခိုက်အတန့်မှာတင် သူ၏ မျက်ခုံးများမှာ အနည်းငယ်မျှ တွန့်ကွေးသွားခဲ့ရတော့၏။
လူငယ်ဆရာသည် ဤတုံ့ပြန်မှုကို သတိမပြုမိဘဲ ကျန်ရစ်ခဲ့ရသည်၊ အကြောင်းမှာ သူ စိတ်သက်သာရာ ရသွားခဲ့သောကြောင့် ဖြစ်၏။ သူက ကျန်းဖုန်းဖုန်းတွင် အင်အားကြီးမားသော မိသားစု နောက်ခံနောက်ကြောင်း ရှိနေခဲ့သည့် အချက်ကြောင့်ပင် သူမ၏ ဘက်သို့ ပိုမို၍ ယိမ်းယိုင်နေခဲ့ခြင်း ဖြစ်ရပေမည်။
သူက အကယ်ဒမီကျောင်း၏ ကထိကတစ်ဦး ဖြစ်သော်လည်း သူ၏ အဆင့်အတန်းက ထူးခြားထင်ရှားခြင်း မရှိပါချေ။ ဆန့်ကျင်ဘက်အနေဖြင့် ကျန်းဖုန်းဖုန်းတွင် ကြီးမားလှသော အဆက်အသွယ် ကွန်ရက်တစ်ခု ရှိနေခဲ့သဖြင့် အကယ်၍ သူသာ သူမ၏ မျက်နှာသာပေးမှုကို ရရှိအောင် လုပ်ဆောင်နိုင်မည်ဆိုပါက ၎င်းက သူ၏ အနာဂတ်အတွက် အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်ရပေမည်။
ယခုအခါတွင်တော့ ဆရာကြီးကျုံးသည် ဒုတိယမြောက် အကဲဖြတ်ချက် အစီရင်ခံစာကို ဖတ်ရှုခြင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ ထိုသို့ ဖတ်ရှုပြီးနောက်တွင်တော့ သူ၏ မျက်နှာပေါ်၌ ဖော်ပြမတတ်လောက်အောင် စိတ်အားထက်သန်လှသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရတော့သည်။
သက်ကြီးရွယ်အို အမျိုးသားက ကျယ်လောင်စွာ ရယ်မောလိုက်တော့၏။
“ကောင်းလိုက်တာ... တကယ့်ကို ထူးချွန်လွန်းတယ်... အကယ်ဒမီကျောင်းက ဒီတစ်ကြိမ်မှာတော့ တကယ့် မျိုးစေ့ကောင်းလေးတစ်ပွင့်ကို ရရှိလိုက်တာပဲ”
ထို့နောက် သူက လူငယ်ဆရာကို ပြောလိုက်သည်။
“သွားပြီး ရလဒ်တွေကို ကြေညာလိုက်တော့... အနိုင်ရရှိသူက တန်လင်းပဲ”
လူငယ်ဆရာ ချက်ချင်းပင် ကြောင်အမ်းသွားခဲ့ရတော့၏။
ဤရလဒ်က သူ၏ မျှော်လင့်ချက်များကို သေချာပေါက် ကျော်လွန်သွားခဲ့ခြင်း ဖြစ်ရပေမည်။
“မင်း ဘာတွေကို စောင့်နေတာလဲ”
ဆရာကြီးကျုံးက တိုက်တွန်းလိုက်သည်။ လူငယ်ဆရာသည် နောက်ဆုံးတွင်တော့ သူ၏ သတိတရားများကို ပြန်လည်ရရှိသွားခဲ့၏။ စိတ်ရှုပ်ထွေးနေခဲ့သော်လည်း သူသည် ဆရာကြီးကျုံး၏ ဆုံးဖြတ်ချက်ကို မမေးမြန်းဝံ့ပါချေ။
“နေဦး”
တစ်စုံတစ်ရာကို သတိရလိုက်သည့်အလား ဆရာကြီးကျုံး သူ့ကို တားဆီးလိုက်သည်။
“တန်လင်းကို ဒီအပေါ်ကို တက်လာခဲ့ဖို့ ပြောလိုက်ဦး... ငါ သူမနဲ့ တွေ့ချင်တယ်”
ဤစကားကို ကြားလိုက်ရသောအခါ လူငယ်ဆရာသည် အသက်ရှူပင် မှားသွားခဲ့ရတော့၏။