အခန်း ၄၆၂
Vol. 24 Ch. 462
အခန်း ၄၆၂ - အနိုင်ရရှိသူက တန်လင်းပဲ
ဤဆရာသည် အခြားသူများနှင့် နှိုင်းယှဉ်ပါက ဆရာကြီးကျုံးနှင့် အများဆုံး ထိတွေ့ဆက်ဆံရသူ ဖြစ်သဖြင့် ဆရာကြီးကျုံး၏ အဆင့်အတန်းနှင့် စိတ်နေသဘောထားကို ကောင်းကောင်း နားလည်ထားသူ ဖြစ်၏။ အကယ်၍ ဆရာကြီးကျုံးအနေဖြင့် တစ်စုံတစ်ဦးအပေါ် စိတ်ဝင်စားမှု မရှိဘူးဆိုလျှင် ထိုသူနှင့် တွေ့ဆုံရန်အတွက် သူ၏ အချိန်ကို လုံးဝ အလဟဿ အကုန်အကျခံလိမ့်မည် မဟုတ်ပါချေ။
သူ၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် ဆရာကြီးကျုံးသည် တန်လင်းကို စိတ်ဝင်စားသွားခဲ့ပြီး သူမကို သူ၏ တပည့်အဖြစ် လက်ခံရန် ရည်ရွယ်နေခြင်းလည်း ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် ဆရာကြီးကျုံး၏ ထူးခြားသော ရပ်တည်ချက်အရ မည်သည့်ကျောင်းသားမဆို သူ၏ လက်အောက်တွင် ပညာသင်ကြားခွင့် ရရှိမည်ဆိုပါက ပိုမိုမြင့်မားသော အဆင့်အတန်းနှင့် အောင်မြင်မှုများကို ရရှိရန် သေချာနေခဲ့ပြီ ဖြစ်၏။
ကျောင်းသားများကို ထားလိုက်ပါဦး... အဆင့် ၃ သားရဲအကဲဖြတ်မှူးတစ်ဦးဖြစ်သလို ကူညီပံ့ပိုးပေးရသည့် ကထိကတစ်ဦး ဖြစ်နေသည့် ဤအမျိုးသားကိုယ်တိုင်ပင်လျှင် အကယ်၍ ဆရာကြီးကျုံး၏ လက်အောက်တွင် ပညာသင်ကြားခွင့် ရရှိမည်ဆိုပါက ၎င်းကို ချက်ချင်းပင် လက်ခံမိလိမ့်မည်။
ဆရာကြီးကျုံးက ဝါရင့်အဆင့် ၄ သားရဲအကဲဖြတ်မှူးတစ်ဦး ဖြစ်သည် မဟုတ်ပါလော။ သူ၏ ဗဟုသုတ ကြွယ်ဝမှုက အဆင့် ၄ သားရဲအကဲဖြတ်မှူးများ အကြားတွင်ပင် ပျမ်းမျှအဆင့်ထက် ပိုမို၍ မြင့်မားသည်ဟု သတ်မှတ်ခြင်း ခံထားရသူ ဖြစ်၏။
သူ၏ တပည့် ဖြစ်လာရခြင်းအားဖြင့် မရေတွက်နိုင်သော အကျိုးကျေးဇူးများကို ရရှိနိုင်စရာ ရှိပေသည်။
ထို့ကြောင့် ဆရာကြီးကျုံးသည် ယခင်က ဤကဲ့သို့သော စိတ်ဝင်စားမှုမျိုး တစ်ခါမျှ မရှိခဲ့ဖူးသော်လည်း ယခုအခါတွင်တော့ ကျောင်းသားတစ်ဦးနှင့် တွေ့ဆုံရန် တောင်းဆိုနေခြင်းကို ကြားလိုက်ရသောအခါ ဤဆရာသည် တန်လင်း ကံကောင်းသွားခဲ့ပြီ ဖြစ်ကြောင်း သိရှိလိုက်တော့၏။
၎င်းက ကြီးမားလှသော ကံကောင်းခြင်း ဖြစ်သည်။
သေချာတာပေါ့... သူ သူမအပေါ် အလွန်အမင်း မနာလို ဖြစ်မိနေခဲ့သည်။
သို့သော်လည်း ဤကဲ့သို့ မနာလိုဖြစ်နေခြင်းက အသုံးမဝင်ပါချေ။
သူ အောက်ထပ်သို့ အလျင်အမြန် ဆင်းလာခဲ့၏။ လှေကားထစ်များအတိုင်း ဆင်းလာခဲ့စဉ်မှာပင် လူငယ်ဆရာသည် စက္ကန့်ပိုင်းမျှအတွင်း ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တော့သည်။
သူသည် ကျန်းဖုန်းဖုန်း၏ အုပ်စုထံမှ မျက်နှာသာရရှိအောင် ကြိုးပမ်းခြင်းကို ရပ်တန့်တော့မည်ဖြစ်ပြီး သူမနှင့် အဆက်အသွယ် အားလုံးကို ဖြတ်တောက်လိုက်တော့မည် ဖြစ်၏။ တစ်ချိန်တည်းမှာပင် သူသည် တန်လင်းဟု အမည်ရသည့် ဤကျောင်းသားနှင့် မိတ်ဆွေဖွဲ့ရန် ကြိုးစားရပေမည်။
မှန်ပေသည်... သူ သူမနှင့် ပိုမိုနီးစပ်အောင် လုပ်ဆောင်ရမည် ဖြစ်၏။
တန်လင်းက ဆရာကြီးကျုံး၏ တပည့် ဖြစ်လာနိုင်သည်။ အကယ်၍ ၎င်းက အမည်ခံမျှသာ ဖြစ်နေဦးမည်ဆိုလျှင်ပင် သူမ၏ အနာဂတ်က အတိုင်းအဆမရှိ ကြီးမားလာတော့မည် ဖြစ်သောကြောင့် ဤကဲ့သို့သော အလားအလာရှိသူတစ်ဦးနှင့် မိတ်ဆွေဖွဲ့ထားခြင်းက သူမ၏ ကံကောင်းခြင်းများ သူ့ထံသို့ ကူးစက်လာစေရန် ကူညီပေးနိုင်ပေလိမ့်မည်။
ဆရာကြီးကျုံးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကျန်းဖုန်းဖုန်း၏ အဆက်အသွယ် ကွန်ရက်က ဘာမှတန်ဖိုးမရှိပါချေ။
သူ ပထမထပ်သို့ ပြန်လည်ရောက်ရှိလာသောအခါ လူငယ်ဆရာသည် ယခင်ကကဲ့သို့ပင် အေးတိအေးစက်နိုင်လှသော မျက်နှာထားကို ပြန်လည်ရရှိသွားခဲ့ပြီ ဖြစ်၏။ သူက ပညာရေးဝန်ထမ်းတစ်ဦး၏ ပုံစံခွက်အတိုင်း တင်းမာသော အမူအရာကို ပြသထားခဲ့သည်။
အောက်ထပ်တွင် စောင့်ဆိုင်းနေကြသည့် လူများမှာ စိတ်မရှည် ဖြစ်လာကြပြီ ဖြစ်၏။
၎င်းက ကျန်းဖုန်းဖုန်းအတွက်တော့ ပို၍ပင် ဆိုးရွားပေသည်။ သူမသည် တန်လင်းကို နင်းခြေပစ်ရန်အတွက် မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေခဲ့ရပြီး သူတို့၏ ပြိုင်ပွဲတွင် လောင်းကြေးတစ်ခု ရှိနေခဲ့သောကြောင့် တန်လင်းအနေဖြင့် သူမကို ‘စီနီယာ’ ဟု ရိုရိုသေသေ ခေါ်ဝေါ်ရတော့မည်ဟူသော အတွေးက သူမကို စိတ်လှုပ်ရှားစေခဲ့ခြင်း ဖြစ်၏။
“ဆရာဝမ်”
ကျန်းဖုန်းဖုန်း သူ့ကို မြင်သည်နှင့် နှုတ်ဆက်လိုက်သည်။ သို့သော်လည်း ထိုဆရာက မည်သည့်အမူအရာမျှ မပြဘဲ လျှောက်လှမ်းလာခဲ့ပြီး သူမကို ကျော်ဖြတ်သွားပြီးနောက်တွင်တော့ တန်လင်းကို ကြည့်ကာ ပြုံးပြလိုက်တော့၏။
ဤအရာက တန်လင်းကို ကြောင်အမ်းသွားစေခဲ့ရသည်။
ဘာပဲဖြစ်ဖြစ် ဤဆရာက သားရဲအကဲဖြတ်ရာ မဏ္ဍပ်တွင် သူမအပေါ် တစ်ခါမျှ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ဖူးခြင်း မရှိသောကြောင့် ဖြစ်၏။
တန်လင်းသည် ဤကဲ့သို့ အမူအရာ ပြောင်းလဲသွားခြင်းကို သတိပြုမိလိုက်သောအခါ သူမ၏ နှလုံးသားအတွင်း၌ မျှော်လင့်ချက်များ ဖြစ်ပေါ်လာခြင်းကို တားဆီးနိုင်ခြင်း မရှိတော့ပါချေ။
“ဒီပြိုင်ပွဲရဲ့ ရလဒ်တွေ ထွက်လာပြီ... အနိုင်ရရှိသူက တန်လင်းပဲ”
ဆရာဝမ်က သူ၏ လေသံတွင် ချီးမွမ်းမှုများ ပါဝင်နေလျက်နှင့် ပြုံးကာ ကြေညာလိုက်တော့သည်။
သေချာတာပေါ့... သူက ဤသို့ လုပ်ဆောင်ခြင်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
“ဘာ”
သူမ စကားလုံးများကို မှားယွင်းကြားလိုက်ရသည်ဟု ယူဆကာ ကျန်းဖုန်းဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရတော့သည်။
“ဆရာ... တစ်စုံတစ်ခု မှားယွင်းသွားတာများ ရှိနေလို့လား”
ကျန်းဖုန်းဖုန်းက သူမ ရှုံးနိမ့်သွားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။
အကြောင်းမှာ သူမသည် ဤတစ်ကြိမ်တွင် အခြားသူတစ်ဦး၏ အကူအညီကို အားကိုးခဲ့ခြင်းကြောင့် ဖြစ်ပြီး ဤပြင်ပအကူအညီက အဆင့် ၃ သားရဲအကဲဖြတ်မှူးတစ်ဦး ဖြစ်နေခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ပါလျှင် သူမ ဘယ်လိုမျိုး ရှုံးနိမ့်သွားနိုင်ပါမည်နည်း။
ဆရာဝမ်၏ အမူအရာက ဤစကားကြောင့် တည်တင်းသွားခဲ့ရသည်။
“ငါက နောက်ပြောင်နေတဲ့ ပုံစံ ပေါက်နေလို့လား... တန်လင်းရဲ့ အကဲဖြတ်ချက် အစီရင်ခံစာက ပိုပြီးတော့ တိကျတာကြောင့် သူမ အနိုင်ရရှိတာက သဘာဝကျတယ်”
“ဒါ... ဒါက မဖြစ်နိုင်တာ”
ကျန်းဖုန်းဖုန်းသည် သူမ၏ ငယ်သူငယ်ချင်းဖြစ်သည့် အဆင့် ၃ သားရဲအကဲဖြတ်မှူးထံသို့ မသိစိတ်အရ လှည့်ကြည့်လိုက်မိရာ ထိုအမျိုးသားသည်လည်း ထပ်တူပင် စိတ်ရှုပ်ထွေးနေခဲ့ရ၏။
ထိုအမျိုးသားက ရှေ့သို့ လှမ်းလာခဲ့ပြီး ဆရာ့ကို မေးမြန်းလိုက်သည်။
“အစ်ကိုဝမ်... မင်း မှားယွင်းသွားတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား... ငါ ဖုန်းဖုန်းကို အရင်တုန်းက သင်ကြားပေးဖူးတာဖြစ်လို့ ထိုငါးရောင်ခြယ် အမွှေးအတောင်အပေါ် သူမရဲ့ အကဲဖြတ်ချက်က မှန်ကန်နေရမှာလေ”
ဆရာဝမ်၏ ပြန်လည်ဖြေကြားချက်က ယဉ်ကျေးပျူငှာသည်။
“ညီအစ်ကိုရှန်... ငါက ကျန်းဖုန်းဖုန်း မှားယွင်းနေတယ်လို့ ပြောနေတာ မဟုတ်ဘူး... ဒါပေမဲ့ တန်လင်းရဲ့ အကဲဖြတ်ချက် အစီရင်ခံစာက အများကြီး ပိုပြီးတော့ တိကျသလို ပြည့်စုံလွန်းနေတာ... ပြီးတော့ ဒီအစီရင်ခံစာတွေကို စစ်ဆေးခဲ့တာက ငါမဟုတ်ဘူး... ဆရာကြီးကျုံး စစ်ဆေးခဲ့တာ”
ဆရာကြီးကျုံးဟူသော အမည်ကို ကြားလိုက်ရသည့် အခိုက်အတန့်မှာတင် အဆင့် ၃ သားရဲအကဲဖြတ်မှူး ဖြစ်သည့် အကဲဖြတ်မှူးရှန်မှာ မှင်တက်သွားခဲ့ရတော့၏။ ခဏမျှ တွေးတောလိုက်ပြီးနောက်တွင်တော့ သူ တိတ်ဆိတ်စွာပင် နေလိုက်တော့သည်။
ထပ်မံပြောဆိုနေရန် မလိုအပ်တော့ပါချေ။
သူ ဆရာကြီးကျုံးက မည်သူဖြစ်ကြောင်းကို အပြည့်အဝ သိရှိထားသဖြင့် ဤအမျိုးသားက ဆုံးဖြတ်ပေးသူ ဖြစ်နေခဲ့ပြီဆိုလျှင်တော့ အကဲဖြတ်မှူးရှန်အနေဖြင့် သူ့ကို ဆန့်ကျင်ရန်အတွက် လုံးဝ တွေးတောဝံ့မည် မဟုတ်ပါချေ။
သို့ဖြစ်ပါ၍ သူသည် ကျန်းဖုန်းဖုန်းကို အားနာစိတ်ရှိလှသော မျက်လုံးများဖြင့်သာ လှမ်းကြည့်နိုင်ခဲ့တော့၏။
ကျန်းဖုန်းဖုန်းမှာတော့ စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်နေခဲ့ရပြီ ဖြစ်သည်။
သေချာပေါက် အောင်မြင်ရမည်ဟု တွေးတောထားခဲ့သည့် အစီအစဉ်က ရုတ်တရက်ဆိုသလို ဤမျှအထိ ပျက်စီးသွားခဲ့ရပြီး တန်လင်းက သူမကို နင်းခြေသွားခဲ့ခြင်း ဖြစ်၏။ သူမ ဤအရာကို လက်မခံနိုင်ပါချေ။ သူမအနေဖြင့် ပြန်လည်ချေပရန် ပြင်ဆင်လိုက်စဉ်မှာပင် အကဲဖြတ်မှူးရှန်၏ တားဆီးခြင်းကို ချက်ချင်း ခံလိုက်ရတော့သည်။
“ကျောင်းသူ တန်လင်း... ငါနဲ့အတူ လိုက်ခဲ့ပေးပါဦး... ဆရာကြီးကျုံးက မင်းနဲ့ တွေ့ဆုံချင်လို့ပါ”
ဆရာဝမ်၏ နောက်ထပ် ကြေညာချက်က လူတိုင်းကို ထိတ်လန့်သွားစေခဲ့ရတော့၏။
ဤတစ်ကြိမ်တွင်တော့ အကဲဖြတ်မှူးရှန်ကိုယ်တိုင်ပင်လျှင် မယုံကြည်နိုင်ခြင်း ဖြစ်ကာ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
တန်လင်း၏ နှလုံးသားမှာ ဒိန်းဒိန်းတုန်အောင် ခုန်လှုပ်နေခဲ့ရပြီ ဖြစ်၏။ သူမ ဆရာကြီးကျုံးက မည်သူဖြစ်ကြောင်းကို သေချာပေါက် သိရှိထားသည်။ သူက အကယ်ဒမီကျောင်း၏ အဆင့်မြင့် စီမံခန့်ခွဲသူများထဲက အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အပြင် သားရဲအကဲဖြတ်မှူးများအကြားတွင်လည်း ဂန္ထဝင်မြောက်လှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ထိုကဲ့သို့သော လေးစားဖွယ် ပုဂ္ဂိုလ်ကြီးက သူမနှင့် တွေ့ဆုံချင်နေခဲ့ခြင်း ဖြစ်၏။
အကယ်၍ တန်လင်းသာ စိတ်လှုပ်ရှားခြင်း မရှိဘူးဆိုလျှင် ထူးဆန်းနေရပေလိမ့်မည်။
ဤအခြေအနေကို မြင်လိုက်ရသောအခါ ဆရာဝမ်က သူမကို နှစ်သိမ့်ရန် အခွင့်အရေးကို အသုံးချလိုက်သည်။
“စိတ်အေးအေးထားပါ တန်လင်း... ဆရာကြီးကျုံးက အရမ်း သဘောကောင်းပြီး ဖော်ရွေတဲ့ လူတစ်ယောက်ပါ... လာပါ... ငါတို့ သူ့ကို အကြာကြီး အစောင့်မခိုင်းကြတာကောင်းမယ်"
ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို သတိရလိုက်မိသဖြင့် တန်လင်းက အနောက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်ရာ လင်းကျင်းက သူမကို ပြုံးလျက် ခေါင်းညိတ်ပြနေသည်ကို မြင်တွေ့လိုက်ရ၏။ ထိုအခါမှသာ သူမသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ဤသားရဲအကဲဖြတ်ရာ မဏ္ဍပ်၏ ဒုတိယထပ်ဆီသို့ ဆရာဝမ်၏ အနောက်ကနေ လိုက်ပါသွားခဲ့တော့သည်။
ကျန်းဖုန်းဖုန်းမှာတော့ ယခုထိတိုင် မယုံကြည်နိုင်ခြင်း ဖြစ်နေခဲ့ရသေးသော်လည်း အကဲဖြတ်မှူးရှန်ကတော့ ပိုမို၍ တည်ငြိမ်အေးဆေးလှပေသည်။ သူက ကျန်းဖုန်းဖုန်း၏ စိတ်တိုတတ်သော အကျင့်ကို သိရှိထားသဖြင့် သူမအနေဖြင့် နောက်ထပ်တစ်ကြိမ် မိုက်မဲသော အပြုအမူများ မလုပ်မိစေရန်အတွက် သူမကို အလျင်အမြန်ပင် ဆွဲခေါ်သွားခဲ့တော့၏။
သူတို့ ထွက်ခွာသွားကြစဉ်မှာပင် အကဲဖြတ်မှူးရှန်၏ အာရုံခံစားမှုများက တစ်စုံတစ်ခုကို သတိပြုမိလိုက်သဖြင့် သူက ရုတ်တရက် လှည့်ကြည့်လိုက်ရာ လူအုပ်ကြီးထဲတွင် ရပ်နေသည့် လင်းကျင်းကို မြင်တွေ့လိုက်ရသည်။
သူသည် လင်းကျင်း၏ လက်အင်္ကျီပေါ်က ကွင်းသုံးကွင်းကိုလည်း သတိပြုမိလိုက်၏။
‘ဒီလောက်အထိ ငယ်ရွယ်တဲ့ အသက်အရွယ်နဲ့ အဆင့် ၃ အဆင့်ကို ရောက်နေတာလား’
အကဲဖြတ်မှူးရှန်၏ မျက်ခုံးများ တွန့်ကွေးသွားခဲ့ရသည်။ သူသည် တန်လင်းအနေဖြင့် စောစောကတင် ဤအမျိုးသားနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိနေသည်ကို သတိပြုမိထားခဲ့သဖြင့် ထူးဆန်းလှသော အတွေးတစ်ခုက သူ၏ စိတ်ထဲတွင် ရုတ်တရက် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။
တန်လင်းလည်း ခိုးချခဲ့တာများလား။
သူသည် ရုတ်တရက်ဆိုသလို မတတ်သာဟူသော အပြုံးတစ်ခုကို ပြုံးလိုက်မိတော့သည်။ အကယ်၍ သူမ ခိုးချခဲ့သည်ဆိုဦးတော့ ဘာဖြစ်ပါမည်နည်း။ သူတို့ကိုယ်တိုင်လည်း ဤကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်ဆောင်ခဲ့ကြသည် မဟုတ်ပါလော။ ထို့ပြင် မည်သည့်အထောက်အထားမျှ မရှိဘဲနှင့် သူတို့ ပြောသမျှ အရာအားလုံးက စွပ်စွဲချက်တစ်ခုမျှသာ ဖြစ်နေရပေမည်။ အကယ်၍ သူတို့သာ မဆင်မခြင် လျှောက်ပြောနေမည်ဆိုပါက သူကိုယ်တိုင်ပင်လျှင် ပြဿနာများအတွင်းသို့ ရောက်ရှိသွားနိုင်ပေသည်။
ထားလိုက်ပါတော့... သူတို့ ဒီနေ့ ကံမကောင်းခဲ့ခြင်းသာ ဖြစ်ပေမည်။
သူသည် ဆက်လက်၍ မလိုက်ချင်ဘဲ ဖြစ်နေသည့် ကျန်းဖုန်းဖုန်းကို ဆွဲခေါ်ကာ ထွက်ခွာသွားခဲ့တော့၏။
လင်းကျင်းသည်လည်း ဤလူငယ် အကဲဖြတ်မှူးကို သတိပြုမိလိုက်သည်။ ထိုအမျိုးသားက သူနှင့် အသက်အရွယ် တူညီလုနီးပါး ဖြစ်ရမည်၊ အလွန်ဆုံးရှိလှလျှင် အသက်အနည်းငယ်မျှသာ ပိုကြီးပေလိမ့်မည်။ ဤမျှအထိ ငယ်ရွယ်သော အသက်အရွယ်ဖြင့် အဆင့် ၃ သားရဲအကဲဖြတ်မှူးတစ်ဦးအဖြစ် တက်လှမ်းနိုင်ခြင်းက သူ၏ အနာဂတ် တောက်ပြောင်လာတော့မည် ဖြစ်ကြောင်း သေချာနေခဲ့ပြီ ဖြစ်၏။
စောစောတုန်းက လင်းကျင်းသည် သူတို့က ‘ဆရာကြီးကျုံး’ ဟူသောအမည်ကို ပြောဆိုနေကြသည်ကို ကြားသိခဲ့ရခြင်း ဖြစ်သည်။ သေချာ ဂရုတစိုက် စဉ်းစားတွေးတောပြီးနောက်တွင်တော့ နာမည်တစ်ခုက လင်းကျင်း၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့တော့၏။
ကျုံးဇီဖုန်း။
ထိုအမျိုးသားက သားရဲအကဲဖြတ်ခြင်းဆိုင်ရာ လေ့လာမှုများတွင် ဂန္ထဝင်မြောက်လှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ လက်ရှိအချိန်တွင် ဤလောက၌ ရရှိနိုင်သော သားရဲအကဲဖြတ်ခြင်းဆိုင်ရာ စာအုပ်အများအပြားထဲက အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းခန့်ကို ဤလေးစားဖွယ် ပုဂ္ဂိုလ်ကြီးက ရေးသားပြုစုခဲ့ခြင်း ဖြစ်၏။
ဤအချက်တစ်ခုတည်းကတင် သူ၏ နယ်ပယ်တွင် ထိုအမျိုးသား၏ ထင်ရှားကျော်ကြားမှုကို သက်သေပြနေခဲ့ရသည်။
၎င်းအပြင် လင်းကျင်းသည် ကျုံးဇီဖုန်းက ထျန်းရွှမ်နိုင်ငံ၏ အမျိုးသားအဆင့် ရတနာတစ်ပါးကဲ့သို့ ဖြစ်နေကြောင်း ကောလာဟလများကိုလည်း ကြားသိခဲ့ဖူး၏။ သူက လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းကပင် အဆင့် ၄ အဆင့်အတန်းကို ရရှိထားခဲ့ပုံရပေသည်။
သူ၏ အမည်နာမက ဤမျှအထိ လှုပ်ခတ်သွားစေခြင်းက အံ့သြစရာ မရှိပါချေ။
တန်လင်းအနေဖြင့် ထိုအပေါ်တွင် အဆင်ပြေပါ့မလား။
ထပ်မံတွေးတောလိုက်ပြီးနောက်တွင်တော့ လင်းကျင်း ခေါင်းခါလိုက်မိသည်။ တန်လင်းက စကားလုံးများကို ဘယ်လိုမျိုး ရွေးချယ်ပြောဆိုရမလဲဆိုသည်ကို သိရှိထားသည့် ထက်မြက်သော အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမ၏ သားရဲအကဲဖြတ်ခြင်းဆိုင်ရာ ဗဟုသုတက သူမ၏ ရွယ်တူချင်းများနှင့် နှိုင်းယှဉ်ပါက သာလွန်ပေသည်။ ဘာပဲဖြစ်ဖြစ် သူမတွင် ဝါရင့်သားရဲအကဲဖြတ်မှူး တန်ရွှင်းဟူသော သူမ၏အဖေလည်းဖြစ်သော ကိုယ်ပိုင်ဆရာတစ်ဦး ရှိနေခဲ့သည် မဟုတ်ပါလော။ သူမ၏ အခြေခံ အရည်အသွေးများကို ထည့်သွင်းစဉ်းစားကြည့်မည်ဆိုပါက စိုးရိမ်ပူပန်နေရန် မလိုအပ်ပါချေ။
အမွှေးအတောင်၏ မူလဇစ်မြစ်နှင့် အကဲဖြတ်ခြင်း နည်းလမ်းများနှင့် ပတ်သက်၍မူ လင်းကျင်းသည် ၎င်းတို့အားလုံးကို သူမထံသို့ လက်ဆင့်ကမ်း ပေးပို့ထားခဲ့ပြီး ဖြစ်သောကြောင့် သူမအနေဖြင့် ရိုးရှင်းသော မေးခွန်းအချို့ကို ဖြေကြားနိုင်ပေလိမ့်မည်။
ဤအချက်ကို စိတ်ထဲတွင် မှတ်သားထားလျက်နှင့် လင်းကျင်းနှင့် လီရှင်းချီတို့သည် အပြင်ဘက်သို့ ပြန်လည်ထွက်လာခဲ့ကြပြီး ထိုင်ရန်အတွက် နေရာတစ်ခုကို ရှာဖွေလိုက်ကြတော့၏။