အခန်း ၄၆၃
Vol. 24 Ch. 463
အခန်း ၄၆၃ - ထိတ်လန့်သွားရသူ တန်လင်း
အပြင်ဘက်ရှိ ကျောက်သားခုံတန်းလျားပေါ်တွင် လီရှင်းချီက တန်လင်း၏ အနိုင်ရရှိမှုမှာ မည်မျှအထိ အံ့ဩစရာ ကောင်းကြောင်းကို စတင်၍ ပြောဆိုနေခဲ့သည်။
“ဘုရားရေ... တန်လင်းက ဆရာကြီးကျုံးနဲ့ တွေ့ဆုံခွင့်ရတာ တကယ့်ကို ကံကောင်းလွန်းတာပဲ... သူက သူမကို တပည့်အဖြစ် လက်ခံဖို့ ပြင်ဆင်နေတာများလား... ဒါ... ဒါက မဖြစ်နိုင်တာ... ငါတော့ တကယ့်ကို မနာလိုဖြစ်မိတယ်... အကယ်၍ ဒါက အမှန်ဆိုရင်တော့ သူမအနေနဲ့ ငါ့ကို ထမင်းတစ်နပ် သေချာပေါက် ကျွေးရလိမ့်မယ်... ထျန်းရွှမ်မြို့တော်ရဲ့ အဈေးအကြီးဆုံး စားသောက်ဆိုင်မှာ ကျွေးခိုင်းရမယ်"
လင်းကျင်းကတော့ ပြုံးရုံသာ ပြုံးလိုက်ပြီး လီရှင်းချီ၏ စကားများကို စိတ်ထဲတွင် ထည့်မထားခဲ့ပါချေ။
သူသည် လက်ရှိအချိန်တွင် အကယ်ဒမီကျောင်း၏ ရှုခင်းများကို ကြည့်ရှုခံစားနေခဲ့ခြင်း ဖြစ်သည်။ အနီးအနားတွင် ရေကန်တစ်ကန် ရှိနေခဲ့ပြီး ၎င်းက အလွန်အမင်း ကြီးမားခြင်း မရှိသော်လည်း ရေပြင်တစ်ခုလုံးမှာ ကြာဖက်များဖြင့် ပြည့်နှက်နေခဲ့၏။ လေညင်းတစ်ချက် တိုက်ခတ်လာသည့် အခါတိုင်းတွင် ၎င်းက သူ့ကို အေးမြစေရုံတင်မကဘဲ လေထုအတွင်း၌ ကြာပန်းများ၏ မွှေးရနံ့များဖြင့် ပြည့်နှက်သွားစေကာ သူ၏ စိတ်အာရုံကို ချက်ချင်းပင် ကြည်လင်လန်းဆန်း သွားစေခဲ့သည်။
အခြားသောအချက်များကို ဖယ်ထားမည်ဆိုပါက ဤထျန်းရွှမ် အကယ်ဒမီ၏ ပတ်ဝန်းကျင် အနေအထားက အလွန်ပင် သာယာလှပသည်။ အကယ်၍ အခွင့်အရေး ရရှိမည်ဆိုပါက လင်းကျင်းသည် ဤနေရာတွင် အချိန်အနည်းငယ်မျှ နေထိုင်ရန်ပင် စဉ်းစားမိလိုက်၏။
လင်းကျင်း စိတ်အပန်းဖြေနေစဉ်မှာပင် တန်လင်းသည် သားရဲအကဲဖြတ်ရာ မဏ္ဍပ်၏ ဒုတိယထပ်ရှိ စာကြည့်ခန်းအတွင်း၌ ရှိနေခဲ့ပြီး ပြုံးနေသည့် သက်ကြီးရွယ်အို အမျိုးသားကြီးက သူမကို မေးမြန်းနေသည့် မေးခွန်းများကို ရိုရိုသေသေဖြင့် နားထောင်နေခဲ့ခြင်း ဖြစ်သည်။
လင်းကျင်း မျှော်လင့်ထားခဲ့သည့်အတိုင်းပင် တန်လင်းက လိမ္မာပါးနပ်သဖြင့် ပြိုင်ပွဲအတွင်း ခိုးချခဲ့သည့် အချက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါချေ။ ဆရာကြီးကျုံးက သူမအနေဖြင့် ဤကဲ့သို့သော ကောက်ချက်ချမှုထံသို့ ဘယ်လိုမျိုး ရောက်ရှိသွားခဲ့သလဲဟု မေးမြန်းလိုက်သောအခါ သူမ၏ ပြန်လည်ဖြေကြားချက်က ‘သားရဲကျမ်းစာအုပ်’ ထဲတွင် ဤကဲ့သို့သော ဗဟုသုတမျိုးကို တိုက်တိုက်ဆိုင်ဆိုင် ဖတ်ရှုဖူးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုခဲ့ခြင်း ဖြစ်၏။ ၎င်းအပြင် သူမသည် အခြားသော သားရဲအကဲဖြတ်ခြင်းဆိုင်ရာ စာအုပ်အချို့အပေါ် အခြေခံ၍လည်း ဆင်ခြင်သုံးသပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
၎င်းက အမှန်တကယ်ပင် အပြစ်ပြောစရာမရှိလောက်အောင် ပြည့်စုံလှသော အဖြေတစ်ခု ဖြစ်သည်။
ဆရာကြီးကျုံးကိုယ်တိုင်ပင်လျှင် မည်သည့်သံသယမျှ ဖြစ်ပေါ်ခဲ့ခြင်း မရှိပါချေ။
“မင်းရဲ့ အသက်အရွယ်နဲ့ဆိုရင် ဒါက တကယ့်ကို ချီးကျူးဖို့ကောင်းတဲ့ အောင်မြင်မှုတစ်ခုပဲ... မင်းက စည်းကမ်းကြီးတဲ့ မိသားစုကနေ လာတာလို့ ပြောခဲ့တယ်နော်... မင်းရဲ့ ဖခင်ကလည်း သားရဲအကဲဖြတ်မှူးတစ်ယောက် ဖြစ်နေတာလား”
ဆရာကြီးကျုံး မေးမြန်းလိုက်၏။
တန်လင်း အလျင်အမြန်ပင် ပြန်လည်ဖြေကြားခဲ့သည်။
“ကျွန်မက ကျောက်စိမ်းနဂါးနိုင်ငံက လာတာပါ... ကျွန်မရဲ့ ဖခင်ကလည်း အရင်တုန်းက ဒီထျန်းရွှမ် အကယ်ဒမီမှာ ပညာသင်ကြားခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ ကျောက်စိမ်းနဂါးနိုင်ငံရဲ့ သားရဲအကဲဖြတ်မှူး အသင်းချုပ်မှာ အဆင့် ၃ သားရဲအကဲဖြတ်မှူးတစ်ယောက် ဖြစ်ပါတယ်... သူရဲ့ နာမည်က တန်ရွှင်းလို့ ခေါ်ပါတယ်”
“တန်ရွှင်း... ဟဟ... ဒါဆို မင်းက သူရဲ့ သမီးဖြစ်နေတာပေါ့”
ဆရာကြီးကျုံး၏ တုံ့ပြန်မှုက တန်လင်းကို ထိတ်လန့်သွားစေခဲ့ရသည်။ ဆရာကြီးကျုံးက သူမ၏ ဖခင်နှင့် အမှန်တကယ်ပင် သိကျွမ်းနေခဲ့သည့် ပုံစံမျိုး ပေါက်နေခဲ့သောကြောင့် ဖြစ်၏။
“ဆရာကြီး... ဆရာက ကျွန်မရဲ့ ဖခင်ကို သိနေတာလား”
တန်လင်း ဂရုတစိုက်ဖြင့် မေးမြန်းလိုက်သည်။ ဆရာကြီးကျုံး ခေါင်းညိတ်ပြလိုက်၏။
“အတိတ်တုန်းက တန်ရွှင်း ပညာသင်ကြားနေခဲ့တဲ့ အချိန်မှာ ငါ သူ့ကို သင်ကြားပြသပေးဖူးတယ်... ငါ သူ့ကို တရားဝင် တပည့်အဖြစ် လက်မခံခဲ့ဘူးဆိုပေမဲ့ သူက ငါ့အပေါ်မှာတော့ ကြီးမားတဲ့ အမှတ်တရတွေကို ချန်ထားခဲ့နိုင်ခဲ့တာ... သူက ကြီးမားတဲ့ အလားအလာရှိတဲ့ လူငယ်တစ်ယောက် ဖြစ်ခဲ့ပေမဲ့ သူရဲ့ သမီးဖြစ်သူက သူ ဒီနေရာကနေ ထွက်ခွာသွားခဲ့ပြီး နှစ်ပေါင်းများစွာ ကြာတဲ့အချိန်မှာ သူ့ထက် ပိုပြီးတော့ ထက်မြက်လာလိမ့်မယ်လို့ ငါ လုံးဝ မျှော်လင့်မထားခဲ့ဘူး”
ယခုအချိန်တွင်တော့ ငတုံးတစ်ယောက်ပင်လျှင် ဆရာကြီးကျုံးအနေဖြင့် တန်လင်းအပေါ် သဘောကျနှစ်သက်နေခဲ့ပြီး သူမအပေါ် ကြီးမားလှသော မျှော်လင့်ချက်များ ထားရှိနေခဲ့ကြောင်းကို ပြောနိုင်ပေသည်။
တန်လင်းသည် ၎င်းကို အပြင်ပန်းတွင် ထုတ်ဖော်ပြသခြင်း မရှိသော်လည်း သူမ၏ နှလုံးသားအတွင်း၌မူ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ရပြီ ဖြစ်၏။
ရုတ်တရက်ဆိုသလို ဆရာကြီးကျုံးက မေးမြန်းလိုက်သည်။
“တန်လင်း... မင်း ဒီနေရာမှာ ပညာသင်ကြားနေခဲ့တာ တစ်လကျော်ကျော် ရှိသွားခဲ့ပြီနော်... မင်း လက်ရှိအချိန်မှာ သတ်မှတ်ထားတဲ့ ဆရာတစ်ယောက်ယောက်ရဲ့ လက်အောက်မှာ ပညာသင်ကြားနေတာ ရှိလား”
လာပြီ...။
တန်လင်း ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့ရတော့၏။
သူမကိုယ်သူမ တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားရင်း ပြန်လည်ဖြေကြားခဲ့သည်။
“ကျွန်မက လက်ရှိအချိန်မှာ အများသုံး ပို့ချချက်တွေကိုပဲ တက်ရောက်နေပြီး သတ်မှတ်ထားတဲ့ ဆရာတစ်ယောက်ရဲ့ လက်အောက်မှာ ပညာသင်ကြားနေခြင်း မရှိသေးပါဘူး”
“မင်းအနေနဲ့ ငါ့ရဲ့ လမ်းညွှန်မှုအောက်မှာ နှစ်အနည်းငယ်လောက် ပညာသင်ကြားဖို့ ဆန္ဒရှိလား”
ဆရာကြီးကျုံးက ပြုံးလျက် မေးမြန်းလိုက်၏။
တန်လင်း အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်မိသည်။ သူမ၏ လေသံအတွင်းက စိတ်လှုပ်ရှားမှုများကို အတင်းအကျပ် ထိန်းချုပ်လိုက်ရင်း တည်ငြိမ်စွာ တုံ့ပြန်ရန် ကြိုးစားလိုက်တော့၏။
“ကျွန်မ ဆန္ဒရှိပါတယ်”
မိနစ်အနည်းငယ် ကြာပြီးနောက်တွင်တော့ တန်လင်း အောက်ထပ်သို့ ဆင်းလာခဲ့ပြီ ဖြစ်သည်။
သူမသည် အလွန်အမင်း ပျော်ရွှင်နေခဲ့သဖြင့် လှေကားထစ် အနည်းငယ်ကိုပင် ခုန်ဆင်းလာခဲ့ခြင်း ဖြစ်၏။ အမှန်အတိုင်း ပြောရလျှင် သူမသည် ဆရာကြီးကျုံး၏ လက်အောက်တွင် တိုက်ရိုက် ပညာသင်ကြားခွင့် ရရှိမည့် နေ့ရက်မျိုး ရောက်ရှိလာလိမ့်မည်ဟု တစ်ခါမျှ တွေးတောမထားခဲ့ဖူးပါချေ။
၎င်းက လူအများအပြား မျှော်လင့်တောင့်တကြသော်လည်း မရရှိနိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်ပေသည်။
ပထမထပ်တွင်တော့ ဆရာဝမ်သည် ယခုထိတိုင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။ သူသည် ဆရာကြီးကျုံးအနေဖြင့် တန်လင်းကို သူ၏ တပည့်အဖြစ် လက်ခံလိမ့်မည် ဖြစ်ကြောင်း သိရှိထားသဖြင့် သူမကို မြင်လိုက်ရသည့် အခိုက်အတန့်မှာတင် သူမ၏ အနားသို့ ချဉ်းကပ်လာခဲ့တော့သည်။
“တန်လင်း... ဂုဏ်ယူပါတယ်”
ဆရာဝမ်က အလွန်ပင် စိတ်အားထက်သန်နေခဲ့သည်။
“မင်္ဂလာပါ ဆရာဝမ်”
တန်လင်း ပြန်လည်နှုတ်ဆက်လိုက်သည်။ စောစောတုန်းက သူမ၏ လွန်ကဲသော ပျော်ရွှင်မှု အပြုအမူများကို ထိုဆရာ သတိပြုမိသွားခဲ့သလားဟူ၍ သူမ တွေးတောမိလိုက်၏။
“ငါ့ကို ဝမ်ရှင်းလို့ပဲ ခေါ်ပါ... မင်းက ဆရာကြီးကျုံးရဲ့ တိုက်ရိုက်တပည့် ဖြစ်လာခဲ့ပြီဆိုတော့ အနာဂတ်မှာ အဆင့် ၃ ကို သေချာပေါက် တက်လှမ်းနိုင်မှာပဲ... အဆင့် ၄ ကိုတောင် ရောက်ရှိသွားနိုင်တာ... ငါတို့ စကားပြောတဲ့ အခါကျရင် ဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး”
ဝမ်ရှင်းက ယဉ်ကျေးပျူငှာလှသော လေသံဖြင့် ရှင်းပြခဲ့၏။
သူ၏ လေသံကို ကြည့်ခြင်းအားဖြင့် သူသည် တန်လင်းကို သူနှင့် တန်းတူအဆင့်ရှိသူတစ်ဦးအဖြစ် ဆက်ဆံနေခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။
၎င်းက တန်လင်းကို အမှန်တကယ်ပင် အံ့ဩသွားစေခဲ့ရတော့၏။
“မင်း တစ်စုံတစ်ခု လိုအပ်တာရှိရင် ငါ့ဆီကိုပဲ လာခဲ့ပါ... ငါက ဆရာကြီးကျုံးရဲ့ အနားမှာ အမြဲတမ်း အလုပ်အကျွေးပြုနေရသူ ဖြစ်လို့ ငါတို့တွေက အခုကစပြီး မိသားစုဝင်တွေလို ဖြစ်သွားကြပြီပဲ”
ဝမ်ရှင်းက တန်လင်းနှင့် မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ချက် ရှိနေခဲ့သည့်အလား ထပ်မံ၍ အများကြီး ပြောဆိုခြင်း မရှိတော့ပါချေ။
အမှန်တကယ်တော့ အခြေအနေများက ဤထက်မက ပိုမို၍ ရှုပ်ထွေးလှသည်။ သူက အကယ်ဒမီကျောင်းတွင် နိမ့်ကျသော အဆင့်အတန်းတစ်ခုကိုသာ ပိုင်ဆိုင်ထားသည့် ကူညီပံ့ပိုးပေးရသော ကထိကတစ်ဦးမျှသာ ဖြစ်ပေမည်။ တန်လင်းက ဆရာကြီးကျုံး၏ သဘောကျနှစ်သက်ခြင်းကို ခံထားရသဖြင့် တန်လင်းနှင့် မိတ်ဆွေဖွဲ့ထားခြင်းက သူ၏ ရာထူးတိုးတက်ရေးအတွက် မှန်ကန်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုဆရာကို နှုတ်ဆက်ပြီးနောက်တွင်တော့ တန်လင်းသည် လင်းကျင်းနှင့် လီရှင်းချီတို့ အပြင်ဘက်တွင် ထိုင်ကာ လေညင်းခံနေကြသည်ကို ရှာဖွေတွေ့ရှိသွားခဲ့၏။
“တန်လင်း... နင် ငါတို့ကို ညစာ သေချာပေါက် ကျွေးရမယ်နော်”
လီရှင်းချီက သူမ၏ သူငယ်ချင်းကို နှုတ်ဆက်ရန်အတွက် ထရပ်လိုက်သည်။
“လျှောက်ပြောမနေနဲ့ဦး”
တန်လင်း ပြန်လည်တုံ့ပြန်လိုက်၏။ သူမနှင့် လီရှင်းချီတို့ မည်မျှအထိ ရင်းနှီးကျွမ်းဝင်မှု ရှိသလဲဆိုသည်မှာ ထင်ရှားပေသည်။ ထို့နောက်တွင်တော့ သူမက လင်းကျင်း၏ အနားသို့ လျှောက်လှမ်းလာခဲ့ပြီး ရိုရိုသေသေဖြင့် ဦးညွှတ်လိုက်တော့၏။
“ကျေးဇူးတင်ပါတယ် အကဲဖြတ်မှူးလင်း”
လင်းကျင်းသည် သူမ ဘာကြောင့် ကျေးဇူးတင်နေသလဲဆိုသည့် အကြောင်းရင်းကို သိရှိထားသည်။
တန်လင်း၏ အမူအရာကို ကြည့်ခြင်းအားဖြင့် သူမအနေဖြင့် ကြီးမားသော ရတနာတစ်ခုကို ရရှိသွားခဲ့သည့် ပုံစံမျိုး ပေါက်နေခဲ့ရ၏။ ၎င်းက တိုက်ဆိုင်မှုတစ်ခု ဖြစ်ခဲ့သော်လည်း လင်းကျင်းသည် တန်လင်း ဤကဲ့သို့သော အခွင့်အရေးကို ရရှိသွားခဲ့သည့်အတွက် ဝမ်းမြောက်မိနေသည်။
သူသည် သူမထံ တန်ရွှင်း၏ ပေးစာကို ကမ်းပေးလိုက်ပြီး ဤအရာအားဖြင့် လင်းကျင်းသည် တန်ရွှန်း၏ အကူအညီတောင်းခံမှုကို ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်၏။
တန်လင်းက စာအိတ်ကို ဖွင့်လှစ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဖတ်ရှုလိုက်တော့သည်။ သူမ၏ မျက်လုံးများတွင် မျက်ရည်များပင် ဝဲတက်လာခဲ့ရပြီး လင်းကျင်းအနေဖြင့် ၎င်းကို နားလည်နိုင်ပေသည်။ အချိန်အတော်ကြာအောင် မိမိ၏ အိမ်နှင့် ဝေးကွာနေခဲ့ရခြင်းက မည်သူ့ကိုမဆို အိမ်ကို လွမ်းဆွတ်စေရုံတင်မကဘဲ မိမိ၏ ဖခင်ထံမှ ပေးစာတစ်စောင်ကို လက်ခံရရှိလိုက်ရသည့် အချိန်တွင် ဤကဲ့သို့သော တုံ့ပြန်မှုမျိုး ရှိလာခြင်းက သဘာဝကျပေသည်။
လင်းကျင်းနှင့် တန်လင်းတို့ နောက်ဆုံးတွေ့ဆုံခဲ့ကြသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သဖြင့် သူငယ်ချင်းကောင်း နှစ်ယောက်လုံး စကားစမြည် ပြောဆိုခြင်းကို စတင်လိုက်ကြတော့၏။ တန်လင်းက မေပယ်မြို့အကြောင်းကို မေးမြန်းလိုက်ရာ လင်းကျင်းက အရာအားလုံး အဆင်ပြေချောမွေ့နေကြောင်း ရှင်းပြခဲ့သည်။
ထို့နောက်တွင်တော့ သူမက သူ ဤနေရာသို့ လာရောက်ရသည့် ရည်ရွယ်ချက်ကို မေးမြန်းလိုက်၏။
ဘာပဲဖြစ်ဖြစ် လင်းကျင်းအနေဖြင့် စာတစ်စောင် လာရောက်ပေးပို့ရန်အတွက်တင် ဤမျှအထိ ဝေးကွာလှသော ခရီးကို လာရောက်လိမ့်မည် မဟုတ်ပါချေ။
“ဪ... ဒါက ဘာမှမဟုတ်ပါဘူး... ငါက အဆင့်တိုးတက်ရေး အကဲဖြတ်စစ်ဆေးမှုကို ခံယူချင်လို့ပါ... ဒါပေမဲ့ ကျောက်စိမ်းနဂါးနိုင်ငံမှာက အဲဒီစာမေးပွဲကို စစ်ဆေးပိုင်ခွင့် မရှိတာကြောင့် အကဲဖြတ်မှူး တန်ရွှင်းက ငါ့ကို ဒီ ထျန်းရွှမ်မြို့တော်မှာ အဆင့် ၄ အရည်အချင်း စစ်ဆေးမှုကို ခံယူနိုင်ဖို့အတွက် ထောက်ခံစာတစ်စောင် ရေးပေးလိုက်တာ”
လင်းကျင်းက ၎င်းသည် အရေးတကြီး ပြောဆိုနေရန် မလိုအပ်သည့်အလား ပေါ့ပေါ့ပါးပါးပင် ပြောဆိုခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း တန်လင်းနှင့် လီရှင်းချီတို့အတွက်မူ ၎င်းက မိုးကြိုးပစ်ချလိုက်သည့်အလား အလွန်အမင်း ထိတ်လန့်စရာ ကောင်းလှပေသည်။
“အဆင့် ၄ ကို တက်လှမ်းဖို့ ဟုတ်လား”
တန်လင်း တစ်စုံတစ်ခု မပြောနိုင်ခင်မှာတင် လီရှင်းချီက အံ့ဩတကြီးဖြင့် ရေရွတ်လိုက်တော့၏။
သူမ ဤအရာကို မယုံကြည်နိုင်ပါချေ။
အဆင့် ၄ သို့ တက်လှမ်းခြင်းဟူသည် သားရဲအကဲဖြတ်မှူးတစ်ဦးအတွက် ကလေးကစားစရာ ကိစ္စတစ်ခု မဟုတ်ပါချေ။ ထျန်းရွှမ်နိုင်ငံတွင်ပင်လျှင် အဆင့် ၄ သားရဲအကဲဖြတ်မှူး နှစ်ဆယ်ကျော်ခန့်သာ ရှိနေခဲ့ပြီး သူတို့ထဲက မည်သူမဆို အလွန်အမင်း လေးစားခြင်းကို ခံထားရသူများ ဖြစ်ကြသည်။
သူမအတွက်တော့ အဆင့် ၄ သားရဲအကဲဖြတ်မှူးများဟူသည် သူတို့နှင့် အလှမ်းဝေးလွန်းလှသော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။
တန်လင်းသည်လည်း ထပ်တူပင် ထိတ်လန့်သွားခဲ့ရသော်လည်း သူမသည် လင်းကျင်းကို သိရှိထားသလို သူမ၏ ဖခင်ကိုလည်း ပိုမို၍ နားလည်ထားသူ ဖြစ်သည်။ သူမ၏ ဖခင်က ထောက်ခံစာတစ်စောင်ကို ကိုယ်တိုင်ရေးသားပေးလိုက်ပြီ ဖြစ်ခြင်းကြောင့် ၎င်းက သူမ၏ ဖခင်နှင့် ကျောက်စိမ်းနဂါးနိုင်ငံ သားရဲအကဲဖြတ်မှူး အသင်းချုပ်တစ်ခုလုံးက လင်းကျင်း၏ စွမ်းဆောင်ရည်များကို အသိအမှတ်ပြုထားကြခြင်းကို သက်သေပြနေခဲ့ပြီ ဖြစ်၏။ လင်းကျင်းက အဆင့် ၄ အဆင့်အတန်းနှင့် ထိုက်တန်သူတစ်ဦး ဖြစ်ကြောင်း သူတို့ ယူဆထားခဲ့ကြခြင်း ဖြစ်ပေမည်။
သို့မဟုတ်လျှင် ထိုထောက်ခံစာက ထွက်ပေါ်လာစရာ အကြောင်းမရှိပါချေ။
၎င်းကို ပေါ့ပေါ့ဆဆ လုပ်ဆောင်ခဲ့ခြင်းလည်း မဟုတ်နိုင်ပါချေ။ အကယ်၍ လင်းကျင်းသာ အကဲဖြတ်စစ်ဆေးမှုအတွင်း အရည်အချင်းမပြည့်မီကြောင်း သက်သေပြမိသွားခဲ့မည်ဆိုပါက သူကိုယ်တိုင် အရှက်ရစရာ ဖြစ်လာရုံတင်မကဘဲ ကျောက်စိမ်းနဂါးနိုင်ငံတစ်ခုလုံးလည်း အရှက်ကွဲသွားရပေလိမ့်မည်။
ဤကဲ့သို့သော စွန့်စားရမှုများကို သိရှိထားသဖြင့် တန်လင်းသည် လင်းကျင်းကို သေသေချာချာ ဂရုတစိုက် လေ့လာကြည့်မိလိုက်၏။ သူမသည် လင်းကျင်းအနေဖြင့် စောစောတုန်းက ထိုဆိုးရွားသော အမျိုးသမီး ကျန်းဖုန်းဖုန်းကို အနိုင်ယူနိုင်ရန်အတွက် သူမကို မည်သို့ ကူညီပေးခဲ့သလဲဆိုသည့် အချက်ကိုလည်း သတိရလိုက်မိသည်။
အမှန်တကယ်ပင် လင်းကျင်းက အဆင့် ၄ အဆင့်အတန်းကို ရရှိရန်အတွက် လုံလောက်သော အရည်အချင်းများ ရှိနေခဲ့ခြင်း ဖြစ်နိုင်ပေသည်။
သို့သော်လည်း သူ ထိုက်တန်မှု ရှိမရှိဟူသောအချက်အပေါ် သူမတွင် ဆုံးဖြတ်ပိုင်ခွင့် မရှိသလို တန်ရွှင်းတွင်လည်း ဆုံးဖြတ်ပိုင်ခွင့် မရှိပါချေ။ ၎င်းက ထျန်းရွှမ်မြို့တော် သားရဲအကဲဖြတ်မှူး အသင်းချုပ်၏ အဆင့် ၄ သားရဲအကဲဖြတ်မှူးများအပေါ်တွင်သာ သူတို့၏ ဆုံးဖြတ်ချက်ကို ချမှတ်ရန် မူတည်နေခဲ့ခြင်း ဖြစ်သည်။