အခန်း ၄၆၅
Vol. 24 Ch. 465
အခန်း ၄၆၅ - သဲလွန်စများ ရရှိခြင်း
၎င်းက မန္တန်များ စွမ်းဆောင်ရည်ပြသရာ နေရာတစ်ခု ဖြစ်ပေသည်။
ကိုယ်ရောင်ဖျောက်မန္တန်ကြောင့် လင်းကျင်းသည် သာမန်လူသားများ၏ မျက်စိထဲတွင် လုံးဝ တည်ရှိမနေသကဲ့သို့ ဖြစ်နေခဲ့၏။
‘မင်္ဂလာအိမ်ဂေဟာ’ ဟု အမည်ရသည့် သစ်သားအဆောက်အဦးတစ်ခုသို့ ရောက်ရှိသောအခါ လင်းကျင်း ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
‘ဒီနေရာပဲ’ သူသည် ဇိမ်ခံလေးထပ် အဆောက်အဦးကြီးကို မော့ကြည့်လိုက်ပြီးနောက် ရှေ့ဘက်တံခါးဝကနေ အတွင်းသို့ ဝင်ရောက်လိုက်တော့၏။
အဝင်ဝတွင် ကာကွယ်စောင့်ရှောက်နေကြသည့် သန်မာထွားကျိုင်းသော လူနှစ်ဦးက လင်းကျင်းကို မြင်တွေ့ခြင်း မရှိကြသကဲ့သို့ တားဆီးပိတ်ပင်ခြင်း မပြုခဲ့ကြပါချေ။
ဤထွားကျိုင်းသော လူများက ကျင့်ကြံမှု လုံးဝမရှိကြသည့် သာမန်အရပ်သားများသာ ဖြစ်ကြသဖြင့် လင်းကျင်း၏ ကိုယ်ဖျောက်မန္တန်ကို သူတို့ ဖောက်ထွင်းမြင်နိုင်စရာ အကြောင်း မရှိပါချေ။
အတွင်းသို့ ရောက်ရှိသွားသောအခါ လင်းကျင်းသည် မိမိကိုယ်မိမိ သီးသန့်စားသောက်ဆိုင်တစ်ခုအတွင်းသို့ ရောက်ရှိနေကြောင်း သဘောပေါက်လိုက်မိသည်။ ဤနေရာရှိ အရာအားလုံးက လက်ရာမြောက်ပြီး ဟင်းပွဲများ တည်ခင်းရန်နှင့် အရက်ငှဲ့ရန် တာဝန်ပေးအပ်ခြင်း ခံထားရသည့် အမျိုးသမီးများကလည်း ဝတ်လစ်စလစ်နီးပါး ဝတ်ဆင်ထားကြသည့် ပျိုမြစ်နုငယ်သော အမျိုးသမီးငယ်လေးများ ဖြစ်ကြ၏။ လှပသော အမျိုးသမီးငယ်လေးများနှင့် အရသာရှိလှသော အစားအစာများကို သုံးဆောင်နိုင်ခြင်းကြောင့် အချို့သော လူများကတော့ ဤနေရာကို လူ့လောကက နိဗ္ဗာန်ဘုံတစ်ခုအဖြစ် သတ်မှတ်ကြပေလိမ့်မည်။
ပထမထပ်က စားပွဲ ကိုးလုံးစာအထိ ဆံ့လှသဖြင့် အတော်လေး ကျယ်ဝန်းလှသည်ဟု ပြောနိုင်စရာ ရှိပေသည်။ သို့သော်လည်း စားပွဲ သုံးလုံးတွင်သာ လူပြည့်နေခဲ့၏။ မျှော်လင့်ထားခဲ့သည့်အတိုင်းပင် ဖောက်သည်များကတော့ ချမ်းသာကြွယ်ဝသည့် အထက်တန်းစား လူကုံထံများ ဖြစ်ပုံရသည်။
သူတို့၏ သားရဲများကတော့ သူတို့၏ ခြေဖဝါးနားတွင် အနားယူနေခဲ့ကြသည်။ သူတို့၏ ပုံသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် ဤအရာများက ရက်စက်ကြမ်းကြုတ်သော သားရဲများ ဖြစ်ကြ၏။
လင်းကျင်း၏ ကိုယဖျောက်မန္တန်က လူသားများ၏ မျက်စိကို လှည့်စားနိုင်စရာ ရှိသော်လည်း ၎င်းက သားရဲတစ်ကောင်၏ အာရုံခံစားမှုများကိုတော့ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပါချေ။ ထို့ကြောင့် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ခြင်္သေ့တစ်ကောင်က လင်းကျင်း ရှိရာဘက်သို့ ရုတ်တရက် မော့ကြည့်လာခဲ့တော့သည်။
နောက်ထပ် မကြာမီ အချိန်အတွင်းမှာပင် တွန်းလှန်၍ မရနိုင်သော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဖိနှိပ်ချုပ်ချယ်မှု စွမ်းအားတစ်ခုက ကျရောက်လာခဲ့ရ၏။ ထိုခြင်္သေ့က ခေါင်းမော့လိုက်ရုံသာ ရှိသေးသော်လည်း ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ လျှပ်စီးအလင်းတန်းတစ်ခု ဖြတ်စီးသွားသကဲ့သို့ ခံစားလိုက်ရပြီး နောက်ဆုံးတွင်တော့ သတိလစ် မေ့မြောသွားခဲ့ရတော့သည်။
လင်းကျင်း ရှက်ကိုးရှက်ကန်း အမူအရာတစ်ခုကို ပြသလိုက်မိ၏။
သူသည် ထိုအဆင့် ၃ ခြင်္သေ့ကို အောင်နိုင်ရန်အတွက် လိုအပ်သော စွမ်းအားကို အလွန်အမင်း ခန့်မှန်းမိခဲ့ပုံရပေသည်။ သို့သော်လည်း ဤခြင်္သေ့က ထက်မြက်သော အာရုံခံစားမှု ရှိနေခဲ့ခြင်း ဖြစ်၏။
မျက်လုံး သုံးလုံးနှင့် နားရွက် လေးခု ရှိနေသဖြင့် ၎င်းက သာမန်သားရဲများနှင့် ကွဲပြားခြားနားသော ထူးခြားသည့် အာရုံခံစားမှုများ ရှိနေသည့် ရှားပါးမျိုးစိတ်တစ်ခု ဖြစ်ရပေမည်။ ထို့ကြောင့်ပင် ကိုယ်ဖျောက်မန္တန်ကို အသုံးပြုထားဆဲ ဖြစ်သော်လည်း လင်းကျင်း၏ တည်ရှိမှုကို အာရုံခံနိုင်ခဲ့ခြင်း ဖြစ်၏။
လင်းကျင်း လုပ်ဆောင်လိုက်သည့် အရာက အနည်းငယ် လွန်ကဲသွားခဲ့ရသည်။
သို့သော်လည်း လုပ်ဆောင်ပြီးသွားခဲ့ပြီ ဖြစ်၏။ သတိလစ်သွားခဲ့သည့် ခြင်္သေ့ကတော့ ယခုအချိန်တွင် စကားမပြောနိုင်တော့သလို သူ့ကိုလည်း တိုင်တောနိုင်လိမ့်မည် မဟုတ်ပါချေ။
မိမိ၏ သားရဲ သတိလစ် မေ့မြောသွားသည်ကို သတိပြုမိလိုက်သည့် အချိန်မှာပင် ထိုခြင်္သေ့၏ ပိုင်ရှင်က ပျာပျာသလဲ ဖြစ်သွားခဲ့သည်။ စားပွဲတွင် ရှိနေခဲ့ကြသည့် သူ၏ သူငယ်ချင်းများက ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို စစ်ဆေးရန်အတွက် ဝိုင်းအုံလာခဲ့ကြပြီး ပထမထပ်တွင် ရှိနေခဲ့ကြသည့် အခြားသော ဖောက်သည်များကလည်း ဤရုန်းရင်းဆန်ခတ်မှုကြောင့် အာရုံစိုက်လာခဲ့ကြ၏။
တစ်ချိန်တည်းမှာပင် လင်းကျင်းကတော့ ဒုတိယထပ်သို့ တက်လှမ်းရန်အတွက် လှေကားထစ်များပေါ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ရုတ်တရက်ပင် သူသည် အပေါ်ထပ်ကနေ ထွက်ပေါ်လာသည့် အသံများကို ကြားလိုက်ရ၏။
“ပထမထပ်မှာ တစ်ခုခု ဖြစ်ပျက်နေတာပဲ... ငါတို့ သွားပြီးတော့ ကြည့်ရအောင်”
မကြာမီမှာပင် အမျိုးသားတစ်ဦးက ဒုတိယထပ်ကနေ ထွက်ပေါ်လာခဲ့ပြီး ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို လိုက်လံကြည့်ရှုရန်အတွက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
သူသည် လင်းကျင်းနှင့် လက်မအနည်းငယ်မျှသာ ကွာဝေးသော နေရာတွင် ရပ်တန့်နေခဲ့ခြင်း ဖြစ်၏။ လင်းကျင်းသည် ဤအမျိုးသားက ဒီနေ့မနက်တုန်းက မတော်တဆမှုကို ဖန်တီးခဲ့ကြသည့် လူများထဲက တစ်ဦး ဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။
သူ နေရာမှန်ကို ရှာဖွေတွေ့ရှိခဲ့ပုံရပေသည်။
လင်းကျင်းက အလွန်အမင်း နီးကပ်စွာ ရှိနေခဲ့သည့်တိုင်အောင် ထိုအမျိုးသားကတော့ သူ၏ တည်ရှိမှုကို အာရုံမခံနိုင်ခဲ့ပေ။ သူသည် အောက်ထပ်သို့ လှမ်းကြည့်လိုက်ပြီးနောက် အတွင်းဘက်သို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ လင်းကျင်းလည်း အသံကြောင့် ရိပ်မိသွားခြင်း မရှိစေရန်အတွက် သူ၏ ခြေလှမ်းများကို တစ်ပြိုင်တည်း ဖြစ်အောင် ပြုလုပ်လျက် သူ၏ နောက်ကနေ အလျင်အမြန် လိုက်ပါသွားခဲ့တော့၏။
ထိုအမျိုးသားက သီးသန့်အခန်းတစ်ခု၏ ရှေ့သို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။ သူသည် လိုက်ကာများကို ဘေးသို့ ဖယ်ရှားလိုက်ပြီးနောက် အတွင်းသို့ ဝင်ရောက်သွားခဲ့ရ၏။
“ဘာမှမဟုတ်ပါဘူး ဆိုင်ရှင်ကြီး... အောက်ထပ်က ဖောက်သည်တစ်ယောက်ရဲ့ သားရဲက တစ်ခုခုကြောင့် ရုတ်တရက် လဲကျသွားတာပါ... စိတ်ပူစရာ ဘာမှမရှိပါဘူး”
ထိုအမျိုးသားက ၎င်းကို အရေးမကြီးသောအရာတစ်ခုအဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပေသည်။
ထိုသီးသန့်အခန်းတွင် စားပွဲအကြီးကြီး နှစ်လုံး ရှိနေခဲ့၏။ ထိုအခန်းအတွင်းတွင် ရှိနေကြသူများထဲတွင် ဒီနေ့မနက်တုန်းက ကတုံး ဆိုင်ရှင်လည်း ပါဝင်နေခဲ့သည်။
သူ့အပြင် သူ၏ လက်ပါးစေများကလည်း ထောင့်တစ်နေရာတွင် ရပ်တန့်နေခဲ့ကြ၏။
“သားရဲတစ်ကောင် သတိလစ်သွားတာလား... ဘာလို့ အဲဒီလောက်အထိ ရုတ်တရက်ကြီး သတိလစ်သွားရတာလဲ... မင်းတို့တွေ အောက်ထပ်ကို သွားပြီးတော့ လိုက်ပြီးကြည့်ရှုလိုက်ကြဦး... သခင်ကြီးက ဒီနေ့ ဒီနေရာမှာ အဖိုးတန် ဧည့်သည်တွေကို ဧည့်ခံမှာဖြစ်လို့ ငါတို့တွေ မတော်တဆမှုတွေ ဖြစ်ပျက်အောင် ခွင့်ပြုလို့မရဘူး... အကယ်၍ အခြေအနေတွေက တကယ့်ကို ပြင်းထန်နေမယ်ဆိုရင် သူတို့တွေကို အပြင်ကို မောင်းထုတ်လိုက်ကြ”
ကတုံး ဆိုင်ရှင်ကတော့ သတိကြီးစွာ ထားနေခဲ့၏။
သူ၏ လက်အောက်ငယ်သားများက အောက်ထပ်သို့ အလျင်အမြန် ဆင်းသွားခဲ့ကြစဉ်မှာပင် လင်းကျင်းကတော့ အတွင်းသို့ လျှို့ဝှက်စွာ ဝင်ရောက်ကာ ထောင့်တစ်နေရာတွင် ရပ်တန့်နေခဲ့ရန် အခွင့်အရေးကို ရယူလိုက်တော့သည်။
လက်ရှိအချိန်တွင် ဤသီးသန့်အခန်းအတွင်း၌ ကတုံး ဆိုင်ရှင်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့၏။ သူ မတ်တပ်ရပ်နေသည့် ပုံစံအရဆိုလျှင် သူသည် တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ရပေမည်။ သူတို့၏ အစောပိုင်းက စကားပြောဆိုမှုများအရ လင်းကျင်းအနေဖြင့် အချက်တစ်ခုကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
သူ စောစောက ပြောဆိုခဲ့သည့် ‘သခင်ကြီး’ ဆိုသည်မှာ ဒီနေ့တွင် သူတို့ ဆုံတွေ့ခဲ့ကြသည့် ထို ဆန်းကြယ်သော ချမ်းသာသည့် သခင်လေး ဖြစ်ရပေမည်။
၎င်းက လင်းကျင်း၏ စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့၏။
သူသည် ဤနေရာသို့ လာရောက်ခြင်းဖြင့် မိမိ၏ ကံတရားကို စမ်းသပ်ကြည့်ရုံသာ ရှိသေးသည်။ သူသည် ဤမျှအထိ စောစောစီးစီး ရလဒ်ကောင်းများ ရရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။ အခြေအနေက ထိုသို့ ဖြစ်နေခဲ့ပြီဖြစ်သဖြင့် သူသည် ဤနေရာတွင်သာ စောင့်ဆိုင်းနေခဲ့ပြီး သူတို့၏ ဂုဏ်သရေရှိ ဧည့်သည်များက မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်၏ အဖွဲ့ဝင်များ ဟုတ်မဟုတ်ဆိုသည်ကို စောင့်ကြည့်ရပေမည်။
လင်းကျင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် အခန်း၏ ထောင့်တစ်နေရာတွင် ကုလားထိုင်တစ်လုံးကို မြင်တွေ့လိုက်ရ၏။ သူသည် ထိုနေရာသို့ သွားရောက်ကာ တိတ်ဆိတ်စွာဖြင့် ထိုင်ချလိုက်တော့သည်။
စောင့်ဆိုင်းခြင်း လုပ်ငန်းစဉ်က စတင်ခဲ့ပြီ ဖြစ်၏။
ကတုံး ဆိုင်ရှင်ကတော့ သူသည် ဤအခန်းကို အခြားသော လူတစ်ဦးနှင့် မျှဝေသုံးစွဲနေရသည်ဆိုသည့် အချက်ကို လုံးဝ သတိပြုမိခြင်း မရှိပါချေ။ ဖြစ်နိုင်ချေမှာ သူသည် ထိုသို့သော ဖြစ်နိုင်ချေကို စဉ်းစားရန်အတွက်ပင် အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်ရပေမည်။ သူသည် သူ၏ လက်အောက်ငယ်သားများ ပြန်လည်ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့စဉ်မှာပင် မင်္ဂလာအိမ်ဂေဟာ၏ ပိုင်ရှင်က သူနှင့် စကားစမြည် ပြောဆိုရန်အတွက် ဝင်ရောက်လာခဲ့သည်။ ကတုံး ဆိုင်ရှင်ကို သူ၏ ဧည့်သည်များ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ဟင်းပွဲများကို တည်ခင်းဧည့်ခံရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ပြောခဲ့သည်။
ကတုံး ဆိုင်ရှင်က သူ့ကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် အထူးဂရုစိုက်ရန် လိုအပ်သည့် နေရာအချို့ကိုလည်း ပြောကြားခဲ့သည်။
“မင်း စိတ်မပူပါနဲ့... ငါတို့တွေက သူငယ်ချင်းဟောင်းတွေပဲ မဟုတ်လား... ငါ မင်းကို ကူညီဖို့အတွက် ငါ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပေးမှာပါ”
အဆောက်အဦး ပိုင်ရှင်က ရယ်မောလိုက်ပြီးနောက် လိုအပ်သော ပြင်ဆင်မှုများ လုပ်ဆောင်ရန်အတွက် အပြင်သို့ ထွက်ခွာသွားခဲ့တော့၏။
မကြာမီမှာပင် ကတုံး ဆိုင်ရှင်၏ လက်အောက်ငယ်သားများ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
“ဆိုင်ရှင်ကြီး... ဘာမှမဟုတ်ပါဘူး... ဖောက်သည်တစ်ယောက်ရဲ့ သားရဲက ရုတ်တရက် သတိလစ်သွားတာပါ... ဒါပေမဲ့ အခုတော့ သူ ပြန်နိုးလာပါပြီ... အဲဒီဖောက်သည်က သူ့ကို သားရဲအကဲဖြတ်မှူး အသင်းချုပ်ဆီကို ခေါ်ဆောင်သွားပြီ”
ကတုံး ဆိုင်ရှင်သည် ဤစကားကို ကြားသိလိုက်ရသောအခါ စိတ်သက်သာရာ ရရှိသွားခဲ့ရတော့၏။
“မင်းတို့တွေ... သတိကြီးကြီးထားပြီးတော့ အမြဲတမ်း အသင့်ပြင်ထားကြ... ဒီနေ့လာမယ့် သခင်ကြီးရဲ့ ဧည့်သည်တွေက ငါတို့တွေ စော်ကားလို့ရမယ့် လူစားမျိုးတွေ မဟုတ်ဘူး”
“သိပါပြီ ဆိုင်ရှင်ကြီး... စိတ်မပူပါနဲ့... ဒါက ငါတို့တွေ အဖွဲ့လိုက် အတူတူ အလုပ်လုပ်ကြတာ ပထမဆုံးရက် မဟုတ်ပါဘူး”
“မင်းတို့ သဘောပေါက်ရင် ရပါပြီ”
ကတုံး ဆိုင်ရှင်ကဲ့သို့ပင် သူတို့သည်လည်း သူတို့၏ ဧည့်သည်များကို စောင့်ဆိုင်းနေခဲ့ကြစဉ်မှာပင် မတ်တပ်ရပ်နေခဲ့ကြဆဲ ဖြစ်ပေသည်။
လင်းကျင်းသည် မည်သို့မျိုးသော ဧည့်သည်များ ရောက်ရှိလာမလဲဆိုသည်ကို အတော်လေး သိချင်စိတ် ဖြစ်ပေါ်နေခဲ့ရ၏။ စွမ်းရည်ရှိသော လူတစ်ဦး ဖြစ်သဖြင့် သူကလွဲလို့ အခြားသော မည်သူမျှ ဤမျှအထိ ခန့်ညားထည်ဝါသော ပုံစံမျိုးဖြင့် ဤနေရာတွင် ထိုင်နေဝံ့စရာ အကြောင်း မရှိပါချေ။
လင်းကျင်းသည် မိမိ၏ ကိုယ်ဖျောက်မန္တန်အပေါ်တွင် အတော်လေး ယုံကြည်ချက် ရှိနေခဲ့ခြင်း ဖြစ်၏။
သူသည် စာအုပ်အချို့ထံမှ ရရှိလာသော အချက်အလက်များနှင့် မိုးတိမ်ဂိုဏ်းက ဆရာတော်အိုကြီး၏ မန္တန်ရွတ်ဆိုခြင်းများကို ပေါင်းစပ်လျက် ဤစွမ်းရည်ကို သင်ယူတတ်မြောက်ထားခဲ့ခြင်း ဖြစ်သည်။ သာမန်လူတစ်ယောက်အနေဖြင့် သူ၏ ရုပ်ဖျက်ထားမှုကို ဖောက်ထွင်းမြင်နိုင်စရာ အကြောင်း မရှိပါချေ။ သာမန်လူများကို ထားလိုက်ပါဦး... ကျွမ်းကျင်သော ပညာရှင်အချို့ပင်လျှင် သူတို့၌ ထူးခြားဆန်းပြားလှသော အာရုံခံစားမှုများ ရှိနေသည့် သားရဲများ မရှိကြဘူးဆိုလျှင် လင်းကျင်းကို အာရုံခံနိုင်ကြလိမ့်မည် မဟုတ်ပါချေ။
သဘာဝကျစွာပင် ဤလောကတွင် သေချာရေရာမှုဟူသည် မရှိနိုင်ပါချေ။ မန္တန်ရွတ်ဆိုခြင်း အတတ်ပညာတွင် ကျွမ်းကျင်သော ပညာရှင်များ သို့မဟုတ် ကိုယ်ဖျောက်မန္တန်ကို တတ်မြောက်ထားကြသူများကတော့ သူ့ကို ချက်ချင်းပင် သတိပြုမိသွားနိုင်ပေသည်။
စကားပုံတစ်ခု ရှိခဲ့သည့်အတိုင်းပင် ‘အကယ်၍ မင်း သိတယ်ဆိုရင် မင်း သိလိမ့်မည်’ ဖြစ်၏။
မကြာမီ အချိန်အတွင်းမှာပင် လင်းကျင်းသည် အပေါ်ထပ်သို့ တက်လှမ်းလာနေခဲ့ကြသည့် ခြေသံများကို ကြားလိုက်ရတော့သည်။ လူအများအပြားက သူတို့ ရှိရာဘက်သို့ ဦးတည်လာနေခဲ့ကြခြင်း ဖြစ်၏။
လင်းကျင်း သူ၏ အငွေ့အသက်ကို ဖျောက်ဖျက်လိုက်ပြီးနောက် အာရုံစိုက်လိုက်တော့သည်။
သတိကြီးစွာဖြင့် ကတုံး ဆိုင်ရှင်က ရောက်ရှိလာသူများကို အတွင်းသို့ ဖိတ်ခေါ်ရန်အတွက် လိုက်ကာများကို ဘေးသို့ ဖယ်ရှားပေးလိုက်ရ၏။
“သခင်ကြီး... အရာအားလုံး အဆင်သင့် ဖြစ်နေပါပြီ”
ကတုံး ဆိုင်ရှင်က အတွင်းသို့ ဝင်ရောက်လာခဲ့သည့် သခင်လေးကို ပြောလိုက်သည်။ ဤလူငယ်ကတော့ ဒီနေ့မနက်တုန်းက လင်းကျင်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ရသည့် ထို မိန်းမဆန်သော သခင်လေးပင်။
ထိုသခင်လေး ခေါင်းညိတ်လိုက်ပြီးနောက် လူအချို့ကို အတွင်းသို့ ဦးဆောင်ခေါ်ယူလာခဲ့၏။
“စီနီယာကျိုး... လူကြီးမင်းယဲ့... ကျေးဇူးပြုပြီး အတွင်းကို ကြွပါ... နံ့သာတိုင်သခင်ချူ... မင်းနဲ့ ငါတို့ မတွေ့ဖြစ်ခဲ့ကြတာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီဖြစ်ပေမဲ့ မင်းကတော့ အမြဲတမ်း ခန့်ညားနေတုန်းပဲနော်”
ထိုသခင်လေးက ယဉ်ကျေးပျူငှာစွာ ပြောဆိုနေခဲ့သော်လည်း သူ၏ မိန်းမဆန်သော ပုံသဏ္ဍာန်ကြောင့် ၎င်းက အတော်လေး ထူးဆန်းနေခဲ့သည်။ အကယ်၍ သူ၏ လည်ပင်းက အဖုအထစ်နှင့် ပြားချပ်သော ရင်ဘတ်တို့သာ မရှိခဲ့ဘူးဆိုလျှင် တစ်စုံတစ်ဦးက သူ့ကို အမျိုးသားဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးဟု ထင်မှတ်မိနိုင်ပေသည်။
“ဟဲဟဲ... သခင်လေးကျိ... မင်းလည်းပဲ တောက်ပနေတာ မဟုတ်ဘူးလား... ငါ့အတွက်ကတော့ အဲဒီ သေးငယ်တဲ့ ကျောက်စိမ်းနဂါးနိုင်ငံမှာ သတ်ဖြတ်တာခံရလုနီးပါး ဖြစ်ခဲ့ရတာ”
နောက်ဆုံးကနေ ဝင်ရောက်လာခဲ့သည့် နံ့သာတိုင်သခင်ချူက ပြောလိုက်၏။
ဤပုဂ္ဂိုလ်က သာမန်ပုံသဏ္ဍာန် ရှိနေခဲ့ပြီး သူ၏ ဝတ်စုံကလည်း ထူးထူးခြားခြား ဖြစ်မနေခဲ့ပါချေ။ လမ်းဘေးက သာမန်ဈေးသည်တစ်ဦးကဲ့သို့ ထင်မှတ်ရသော်လည်း သူ၏ မျက်ဝန်းများအတွင်းက ရက်စက်ကြမ်းကြုတ်မှုများနှင့် ကောက်ကျစ်မှုများကတော့ အထင်အရှားပင် ရှိနေခဲ့သည်။
ဤအမျိုးသားကတော့ သေချာပေါက် လူကောင်းတစ်ယောက် မဟုတ်ပါချေ။