အခန်း ၄၆၆
Vol. 24 Ch. 466
အခန်း ၄၆၆ - ချောင်းမြောင်းနားထောင်ခြင်း
ကျောက်စိမ်းနဂါးနိုင်ငံအကြောင်း ကြားလိုက်ရသဖြင့် လင်းကျင်း မျက်မှောင်ကြုတ်သွား၏။ သူက အမွှေးတိုင်သခင်ချူ၏ မျက်နှာကို သေချာအကဲခတ်ကြည့်သော်လည်း မှတ်မိခြင်းမရှိပေ။ လင်းကျင်းအနေဖြင့် ထိုလူနှင့် တွေ့ဆုံခဲ့ဖူးသည်ဟု လုံးဝမှတ်မိခြင်းမရှိပါချေ။
“စားရင်းသောက်ရင်း ပြောကြတာပေါ့… ဗိုက် တအားဆာနေပြီ”
အခြားလူလတ်ပိုင်းအမျိုးသားက ပြောလိုက်၏။ သူက အမွှေးတိုင်သခင်ချူနှင့် ယှဥ်လျှင် တန်ဖိုးကြီးအဝတ်အစားများကို ဆင်မြန်းထားသည်။
ထိပ်တွင် မြွေခေါင်းပါသော လမ်းလျှောက်တုတ်ကို ကိုင်ထားသည့် သက်ကြီးဝါကြီးအဖိုးအိုက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်သော်လည်း ဘာမှတော့ ပြန်မပြောပေ။
သေချာကြည့်ရှုပါက ထိုမြွေမှာ အမှန်တကယ် အသက်ရှင်နေကြောင်း သတိပြုမိနိုင်သည်။ ၎င်းက အချိန်မရွေး ရှူးရှူးဟဲဟဲ အသံပြုနေပြီး လေထုကို အာရုံခံရန်အတွက် နီရဲသောလျှာကို အပြင်သို့ ထုတ်လိုက် သွင်းလိုက် လုပ်နေ၏။
“လာ… လာ ထိုင်ကြ”
သခင်လေးက အားလုံးကို ထိုင်ရန် တိုက်တွန်းလိုက်ပြီး ကတုံးဆိုင်ရှင်မှာမူ ဟင်းပွဲများ လာချပေးရန် အပြင်သို့ အလျင်အမြန် ထွက်သွားတော့သည်။
သူ့လက်အောက်ငယ်သားများကလည်း အလိုက်သိစွာဖြင့် အပြင်ဘက်သို့ ဆုတ်ခွာသွားပြီး အခန်းဝတွင် အစောင့်အကြပ်အဖြစ် ရပ်နေကြ၏။ ထို့ကြောင့် သီးသန့်အခန်းထဲတွင် သူတို့လေးဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။
မဟုတ်သေး။
လင်းကျင်းလည်း ထိုနေရာတွင် ရှိနေပါသေးသည်။
အဖိုးအို၏ မြွေတုတ်ကောက် မည်မျှထူးဆန်းကြောင်း လင်းကျင်း ရိပ်မိသည်။ ၎င်းက ထူးခြားသော သားရဲတစ်ကောင် ဖြစ်နိုင်ပြီး သူ၏အတွေး မှန်ကန်ပါက ထိုထူးဆန်းသောမြွေမှာ အဆင့် ၄ ရှိပေလိမ့်မည်။
အခွင့်အရေးရပါက လင်းကျင်း ထိုတုတ်ကို လေ့လာကြည့်ချင်၏။ ၎င်းကို မည်သို့ပြုလုပ်ထားသလဲ သို့မဟုတ် ထူးဆန်းသော သားရဲတစ်ကောင်က ပုံစံပြောင်းလဲထားခြင်းလားဆိုသည်ကို သူ စိတ်ဝင်စားနေသည်။
တုတ်တစ်ချောင်းရဲ့ ပုံစံလား။
ဒါက တကယ် ထူးဆန်းတာပဲ။
သူတို့ ဆက်လက်ပြောဆိုသော စကားများမှတစ်ဆင့် ၎င်းတို့၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့သည်။
“မကြာသေးခင်က ငါတို့ရဲ့ မိစ္ဆာအကဲဖြတ်အသင်း ချဲ့ထွင်လိုက်တာက ပေါင်းစည်းခြင်းတိုက်ကြီးရဲ့ နိုင်ငံတွေအနှံ့မှာ ပိုပြီးတော့ သြဇာသက်ရောက်မှု ရှိလာစေတယ်… လက်ရှိ ငါတို့ရဲ့ အင်အားအရ ဆိုရင် သားရဲအကဲဖြတ်အသင်းထက်တောင် ပိုပြီးတော့ တောင့်တင်းနိုင်တယ်”
ဗိုက်ဆာသည်ဟု ညည်းတွားနေသော လူလတ်ပိုင်းအမျိုးသားက ပြောလိုက်၏။ ဤလူက အစားအသောက် အလွန်မက်သူဖြစ်ပြီး ဟင်းပွဲများ ရောက်လာသည်နှင့် စားပွဲပေါ်ရှိ ဟင်းလျာ ထက်ဝက်နီးပါးကို တစ်ယောက်တည်း ကုန်အောင် စားပွဲသောက်ပွဲ ဆင်နွှဲနေသည်။
မိစ္ဆာအကဲဖြတ်အသင်း။
လင်းကျင်း သံသယဝင်ခဲ့သည့်အတိုင်း ဖြစ်နေသည်။
ထိုသူသည် သူ့သားရဲကို သားရဲသခင်ကျမ်းဖြင့် သိမ်းဆည်းထားကြောင်း လင်းကျင်း သိသာနိုင်သည်။ ထိုသတ္တဝါက သူ့ဗိုက်ထဲ သို့မဟုတ် ပါးစပ်ထဲတွင် ပုန်းအောင်းနေပုံရ၏။
လင်းကျင်းက အခြေအမြစ်မရှိဘဲ ခန့်မှန်းနေခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုလူ အစားစားသည့်အခါ ချွန်ထက်သော သွားစွယ်များ ပြည့်နှက်နေသည့် ပါးစပ်ကို ပြသနေခြင်းကြောင့်ဖြစ်သည်။
ထိုအရာများက လူသားတစ်ယောက်၏ သွားများ မဟုတ်ပါချေ။
ပို၍အရေးကြီးသည်မှာ ထိုလူ လေ့ကျင့်ထားသော သားရဲသခင်ကျမ်းမှာ လင်းကျင်း တစ်ခါမှ မကြားဖူးသော ဗားရှင်းတစ်ခု ဖြစ်နေခြင်းပင်။ ယနေ့အထိ ရှိသမျှ သားရဲသခင်ကျမ်း ဗားရှင်းများထဲတွင် မည်သည့်အရာကမျှ သွေးကတိကဝတ်သခင်ကို သူ့သားရဲ၏ ထူးခြားချက်များ ရရှိအောင် မလုပ်ဆောင်ပေးနိုင်ခဲ့ပေ။
သို့သော် သူက မိစ္ဆာအကဲဖြတ်အသင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သဖြင့် ယခုလို ဖြစ်နေခြင်းက ကျိုးကြောင်းဆီလျော်မှု ရှိပါသည်။ ထိုကဲ့သို့သော လူမျိုးများသည် ထူးဆန်းသော နည်းစနစ်များကို အသုံးပြုလေ့ရှိရာ ဤလူနှင့် သားရဲ ပေါင်းစပ်ခြင်းမှာ သူ တစ်နည်းနည်းဖြင့် ရရှိထားသည့် တားမြစ်ပညာရပ်တစ်ခု ဖြစ်နိုင်၏။
ဤသို့ဆိုလျှင် သူတို့ထဲတွင် တစ်ဦးတည်းသော ပုံမှန်လူမှာ အမွှေးတိုင်သခင်ချူသာ ရှိတော့သည်။
လက်ရှိတွင် သူက ကျောက်စိမ်းနဂါးနိုင်ငံမှ မည်သို့မည်ပုံ လွတ်မြောက်လာခဲ့ကြောင်း ရှင်းပြနေ၏။ ထိုအချိန်တွင်မှ လင်းကျင်း မိမိကိုယ်မိမိ ယနေ့ မည်မျှ ကံကောင်းကြောင်း အပြည့်အဝ နားလည်သွားတော့သည်။
ဤလူက ချောင်မိသားစုထံမှ သစ်သားပြားကို လုယက်သွားခဲ့သော ပင်မတရားခံ ဖြစ်သည်။ ထို့အပြင် ဒါလော့ကျောင်းတော်မှ ကျိယင်းနှင့် သူတို့၏ မိစ္ဆာနှိမ်နင်းရေးခန်းမသခင် ဂိုဏ်းအုပ်ဘုန်းတော်ကြီးတို့ကို မျောက်ဖြူ၊ ရှန်းအာတို့နှင့် တိုက်ခိုက်မိအောင် လှည့်စားခဲ့သူလည်း ဖြစ်၏။
အသည်းအသန် ရှာဖွေနေခဲ့ရသော ပစ်မှတ်ကို ယခုလို လွယ်လွယ်ကူကူဖြင့် ခြေရာခံမိလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိပါချေ။
လင်းကျင်း၏ မျက်နှာက အေးစက်စက်နှင့် ရန်လိုမှုများ ပြည့်နှက်သွားသည်။ ယနေ့ ဘာပဲဖြစ်ဖြစ် ဤလူကို လွှတ်ပေးရန် သူ လုံးဝ ရည်ရွယ်ချက်မရှိပေ။
ယခုလို ပင်ပန်းကြီးစွာဖြင့် ရှာတွေ့ခဲ့ပြီဖြစ်ရာ ကျန်ရှိသော တစ်ခုတည်းသော ရွေးချယ်မှုမှာ ထိုလူကို အမှုန့်ကြိတ်ပစ်ရန်သာ ရှိတော့သည်။
မိမိသည် လင်းကျင်း၏ သတ်ဖြတ်ရမည့်စာရင်းထဲသို့ ထည့်သွင်းခြင်း ခံလိုက်ရသည်ကို မသိရှာသော အမွှေးတိုင်သခင်ချူက ဆက်လက်၍ စကားဆိုနေ၏။
“ကျူရိပ်မြို့မှာ ငါတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက တည်ငြိမ်နေပြီး ကျောက်စိမ်းနဂါးနိုင်ငံရဲ့ အခြားနေရာတွေကို ထိုးဖောက်ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေချိန်မှာ ဘယ်ကမှန်းမသိတဲ့ ဘေးဒုက္ခတစ်ခု ရုတ်တရက် ပေါ်လာခဲ့တယ်”
အမွှေးတိုင်သခင်ချူက သိသိသာသာ နာကျည်းမှုများဖြင့် လှောင်ပြောင်လိုက်၏။
“အဲဒီအကြောင်း ငါလည်း ကြားတယ်… ကျောက်စိမ်းနဂါးနိုင်ငံက ငါတို့ရဲ့ ဌာနခွဲ ဖျက်ဆီးခံလိုက်ရတာမလား… အဲဒီလူက ဘယ်သူလဲ… အခုကစပြီး ငါတို့ရဲ့ မိစ္ဆာအကဲဖြတ်အသင်းက သူ့ကို မဟာရန်သူအဖြစ် သတ်မှတ်ရမယ်”
သခင်လေးက ပြောလိုက်ရာ အခြားရှိနေသူများကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်ကြသည်။
“ငါတို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီးပြီ… သူ့နာမည်က လင်းကျင်း တဲ့… ကျောက်စိမ်းနဂါးနိုင်ငံ မေပယ်မြို့က သားရဲအကဲဖြတ်အသင်းဌာနခွဲရဲ့ ဥက္ကဋ္ဌပဲ”
အမွှေးတိုင်သခင်ချူ၏ မျက်လုံးများထဲတွင် ပြင်းထန်သော နာကျည်းမုန်းတီးမှုများ ပေါ်လွင်နေ၏။
“မြို့သေးသေးလေးက သားရဲအကဲဖြတ်အသင်းရဲ့ ဥက္ကဋ္ဌဆိုရင် အလွန်ဆုံးရှိလှ အဆင့် ၂ ပဲ ရှိမှာပါ… သူက ငါတို့ရဲ့ ဌာနခွဲတစ်ခုလုံးကို ဘယ်လိုလုပ်ပြီး အမြစ်ပြတ်အောင် ဖျက်ဆီးနိုင်တာလဲ”
မြွေတုတ်ကောက်ကို ကိုင်ထားသော လူကြီးမင်းယဲ့က မေးလိုက်သည်။
သခင်လေးကလည်း ထို့အတူပင် စိတ်ဝင်စားနေ၏။
အမွှေးတိုင်သခင်ချူက ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုကို ပြသလိုက်သည်။
“လူကြီးမင်းယဲ့ ခန့်မှန်းတဲ့အတိုင်း အဆင့် ၂ သားရဲအကဲဖြတ်မှူးတစ်ယောက်က ဒီလိုမျိုး ဖျက်ဆီးခြင်းကို လုံးဝ မလုပ်နိုင်ပါဘူး… လင်းကျင်းက အဆင့် ၃ သားရဲအကဲဖြတ်မှူးတစ်ယောက် ဖြစ်နေတယ်”
“အဆင့် ၃ သားရဲအကဲဖြတ်မှူးဆိုရင်တော့ ကိုင်တွယ်ရ ခက်ခဲမှာ သေချာပါတယ်… ဒါပေမဲ့ အဲဒါက...”
“ကျုပ် ပြောလို့မပြီးသေးဘူး”
အမွှေးတိုင်သခင်ချူက သူ့တုတ်ကို ချလိုက်ပြီး ဆက်ပြောသည်။
“ဒီလင်းကျင်းက သာမန်လူ မဟုတ်ဘူး… ငါ သူ့အကြောင်းကို အသေးစိတ် စုံစမ်းပြီးပြီ… သူ့ရဲ့ အင်အားကြီးထွားလာမှုက မြန်လွန်းတယ်… မကြာသေးခင်ကအထိ သူက အရည်အချင်းမရှိတဲ့ ကောင်လေးတစ်ယောက်ပဲ… ပြင်ပက ကူညီပံ့ပိုးမှုမရှိဘဲ သူ ဒီလောက်အထိ မြန်မြန်ဆန်ဆန် မတိုးတက်နိုင်ဘူး… ဘယ်ကနေ ဘယ်လို သတင်းပေါက်ကြားလာလဲမသိဘူး… သူ့နောက်ကွယ်မှာ ကျောထောက်နောက်ခံပြုပေးထားတဲ့လူ ရှိနေတယ်… အဲဒီလူကို ပြတိုက်မှူး လို့ ခေါ်တယ်”
ပြတိုက်မှူး။
ရှိနေသော လူများထဲတွင် အချို့က ဇဝေဇဝါ ဖြစ်သွားကြပြီး အချို့ကမူ ထိုနာမည်ကို အသေအချာ စဥ်းစားနေကြ၏။
ရှင်းလင်းစွာပင် သူတို့ ထိုနာမည်ကို ယခင်က ကြားဖူးပုံရသည်။
“လင်းကျင်းအကြောင်း အရင်ပြောရအောင်… သူက လက်ရှိ ကျောက်စိမ်းနဂါးနိုင်ငံရဲ့ နံပါတ်တစ် သားရဲအကဲဖြတ်မှူးပဲ… အဆင့်အတန်းကတော့ အတုမရှိဘူး… ကျောက်စိမ်းနဂါးနိုင်ငံက ငါတို့ဌာနခွဲကို ဖျက်ဆီးခဲ့ရုံတင်မကဘူး… သားရဲအကဲဖြတ်အသင်းချုပ်မှာရှိတဲ့ ငါတို့ရဲ့ သူလျှိုကိုလည်း ရှာဖွေပြီး သတ်ပစ်ခဲ့သေးတယ်”
“ရန်ချင်းရှီလား”
လူကြီးမင်းယဲ့၏ မျက်လုံးများက မယုံကြည်နိုင်လောက်အောင် ကျယ်သွားသည်။
သူ ရန်ချင်းရှီနှင့် ရင်းနှီးကျွမ်းဝင်မှုရှိကြောင်း သိသာလှ၏။
“မှန်တယ်”
အမွှေးတိုင်သခင်ချူက ခေါင်းညိတ်လိုက်သည်။
“ရန်ချင်းရှီက ထူးခြားတဲ့လူတစ်ယောက်ပဲ… သူက အမွေအနှစ်တစ်ခုခု သင်ကြားမှုကို ရရှိထားပုံရတယ်… အဲဒါကြောင့် ထူးဆန်းတဲ့ မန္တန်အများကြီးကို သူ သိနေတာ… ငါတို့ မိစ္ဆာအကဲဖြတ်အသင်းကို ပြောင်းပြန်သားရဲသခင် ကျင့်စဥ် လက်ဆောင်ပေးခဲ့တာလည်း သူပဲ… ဒီသွေးကတိကဝတ် ကျင့်စဥ်က ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ အားလုံး သိကြမှာပါ… ကျိုးဝုန်း မင်းလည်း ဒီပြောင်းပြန်သားရဲသခင် ကျင့်စဥ်ကြောင့် မင်းရဲ့ မိုးတိမ်ကျားနဲ့ အောင်အောင်မြင်မြင် ပေါင်းစပ်နိုင်ခဲ့တာမလား… ရှေးဟောင်းမသေမျိုးတွေရဲ့ ခေတ်မှာဆိုရင်တောင် မင်းကို တော်တော်လေး အစွမ်းထက်တဲ့ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်ကြမှာ သေချာတယ်”
ကျိုးဝုန်းမှာ စောစောက အဝတ်အစား ခမ်းနားစွာ ဝတ်ဆင်ထားပြီး အငမ်းမရ စားသောက်နေသော လူလတ်ပိုင်း အမျိုးသားဖြစ်သည်။ သူက ပြန်လည်၍ ခေါင်းညိတ်ပြလိုက်၏။
“မှန်တယ်… ဒီပြောင်းပြန်သားရဲသခင်က တကယ်ကို အံ့သြဖို့ကောင်းတယ်… အခုဆိုရင် ငါက ငါ့သားရဲ ဖြစ်နေပြီး ငါ့သားရဲက ငါ ဖြစ်နေပြီ… ဘယ်လောက်အထိ လွတ်လပ်မှုရှိလဲဆိုတာ ငါ မပြောပြတတ်အောင်ပဲ… တစ်ခုပဲ ဒုက္ခရောက်တာက ငါ့ရဲ့ အစားအသောက်စားချင်စိတ်က သားရဲတစ်ကောင်လို ဖြစ်နေတာ… အခုဆိုရင် တစ်ရက်ကို ရှစ်နပ်လောက် စားနေရတယ်”
ထိုသို့ပြောပြီးနောက် သူက ကြက်သားတစ်ဝက်လုံးကို တစ်လုပ်တည်းဖြင့် ဝါးမြိုလိုက်၏။
ထိုချွန်ထက်လှသော သွားများက ကျားတစ်ကောင်၏ စွယ်သွားများကဲ့သို့ ဖြစ်နေပြီး ကြက်သားမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
“ရန်ချင်းရှီ ငါတို့ မိစ္ဆာအကဲဖြတ်အသင်းကို ဝင်ခဲ့တာ နှစ်အနည်းငယ်ပဲ ရှိသေးတာ… သူ့ရဲ့ နောက်ကြောင်းကို ငါတို့ သိပ်မသိရပေမဲ့ သူ ငါတို့အဖွဲ့အစည်းအတွက် အများကြီး စွမ်းဆောင်ပေးခဲ့တာကတော့ သံသယဖြစ်စရာ မလိုပါဘူး… လင်းကျင်းက ရန်ချင်းရှီကို သတ်ပစ်ခဲ့တာမို့လို့ ငါတို့ သူ့ကို ဒီအတိုင်း လွှတ်ထားမယ်လို့ မထင်နဲ့… အဲဒီလင်းကျင်းကတော့ အသေပဲ”
သခင်လေးက ပြောလိုက်ရာ ဧည့်သည်များကလည်း သဘောတူကြသော်လည်း သူတို့ စိတ်ထဲတွင် အခြားအတွေးများ ရှိနေကြဆဲဖြစ်သည်။
“ဒါပေမဲ့ ပြတိုက်မှူးဆိုတဲ့လူကတော့ ကျော်ဖြတ်ဖို့ ခက်ခဲတဲ့ အတားအဆီးတစ်ခု ဖြစ်ရမယ်… သူက ဘယ်ကမှန်းမသိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ပဲ… အများလူထုရှေ့မှာ သူ ထွက်ပေါ်လာခဲတယ်… ဒါပေမဲ့ သူ လှုပ်ရှားလိုက်တိုင်း ထိတ်လန့်စရာ အဖြစ်အပျက်တွေ နောက်ကလိုက်လာစမြဲပဲ… သူ ပထမဆုံး စတင်လှုပ်ရှားခဲ့တုန်းက ကျောက်စိမ်းနဂါးနိုင်ငံက နဂါးနတ်ဘုရားအိုကြီးကို သတ်ပစ်ခဲ့တယ်လို့ ငါ ကြားတယ်”
အမွှေးတိုင်သခင်ချူအနေဖြင့် ဤမျှ အဖိုးတန်သော သတင်းအချက်အလက်ကို ပြောပြနိုင်ခြင်းက သူ မည်မျှ ဗဟုသုတကြွယ်ဝကြောင်း ထင်ဟပ်စေသည်။
“အဲဒီဖြစ်ရပ်ကို လူတိုင်း မကြားဖူးကြပေမဲ့… ပြတိုက်မှူး တစ်ယောက်တည်းနဲ့ ဒါလော့ကျောင်းတော်ကို ဝင်ရောက်ကျူးကျော်ခဲ့တဲ့အကြောင်းကိုတော့ အားလုံး ရင်းနှီးကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်… မဟုတ်ဘူးလား”
အမွှေးတိုင်သခင်ချူက မေးလိုက်၏။