အခန်း ၄၆၇
Vol. 24 Ch. 467
အခန်း ၄၆၇ - သတ်ဖြတ်ခြင်းအစီအစဥ်
“ဒါက တိုက်ဆိုင်မှုသက်သက်ပဲ… ငါ လှမ်းပတ်တောင်ကြားလမ်းကို ရောက်နေတုန်း ဒါလော့ကျောင်းတော်က ဘုန်းကြီးတွေနဲ့ သွားတိုးမိတာ… နည်းနည်းလောက် သရုပ်ဆောင်လိုက်ရုံနဲ့ သူတို့ ငါ့ကို ကူညီပေးလာအောင် စည်းရုံးနိုင်ခဲ့တယ်… သူတို့က ရှေ့ကနေ သွားပြီးတော့ အဲဒီမိစ္ဆာကောင်ကို ဖမ်းဆီးပေးခဲ့လို့ ချောင်မိသားစုရဲ့ အမွေအနှစ်ဖြစ်တဲ့ အဲဒီသစ်သားပြားကို ပြန်ယူဖို့ ငါ အခွင့်အရေး ရခဲ့တာပေါ့”
အမွှေးတိုင်သခင်ချူက ရှင်းပြ၏။
“ဒါပေမဲ့ နောက်မှ ဖြစ်ပျက်ခဲ့တာတွေက ငါ မျှော်လင့်ထားတာထက် ကျော်လွန်သွားတယ်… အဲဒီလင်းကျင်းမှာ သူ့အတွက် အလုပ်လုပ်ပေးနေတဲ့ အစွမ်းထက်တဲ့ မိစ္ဆာကောင်တွေ ရှိနေတာပဲ… ပြီးတော့ ပြတိုက်မှူး ဆိုတဲ့လူကလည်း ဒါလော့ကျောင်းတော်ကို တစ်ယောက်တည်းနဲ့ နှိမ်နင်းနိုင်ခဲ့တယ်… သူ့ရဲ့ သားရဲပုံစံ မျက်နှာဖုံးကို ကြည့်ရုံနဲ့ ပြတိုက်မှူးဆိုတာကို မှတ်မိနိုင်တယ်လို့ ငါ ကြားတယ်… ဟမ့်… လွန်ခဲ့တဲ့ နှစ်ငါးရာ တာအိုအရှင် ကျော်ကြားလာကတည်းက သူ့ကို အတုခိုးဖို့ ကြိုးစားတဲ့လူတွေ အများကြီးပဲ… ပြတိုက်မှူးကလည်း ဒီလိုမျိုး လူလိမ်လူညာတွေထဲက တစ်ယောက်ပဲ ဖြစ်မှာ သေချာတယ်”
မိမိ၏ ကောက်ကျစ်မှုနှင့် ထက်မြက်မှုအပေါ် အမွှေးတိုင်သခင်ချူ မည်မျှ ကျေနပ်အားရနေကြောင်း စကားလုံးများထဲတွင် အလွယ်တကူ ကြားသိနိုင်ပေသည်။
“ပြတိုက်မှူးအကြောင်းကိုတော့ လောလောဆယ် ဘေးဖယ်ထားလိုက်ကြရအောင်… သူ့ရဲ့ နောက်ကြောင်းနဲ့ပတ်သက်ပြီး သတင်းအချက်အလက် ပိုလိုသေးတယ်… အခု ငါတို့ လုပ်ဖို့လိုတာက လင်းကျင်းကို အမြစ်ပြတ် သတ်ပစ်ဖို့ပဲ… အမွှေးတိုင်သခင်ချူ… ကျောက်စိမ်းနဂါးနိုင်ငံက ငါတို့ဌာနခွဲ ဖျက်ဆီးခံလိုက်ရပေမဲ့ မင်းက အစားထိုးလို့မရတဲ့ အကျိုးဆောင်မှုကြီးတစ်ခုကို လုပ်ပေးနိုင်ခဲ့တယ်… တာအိုအရှင်ရဲ့ သစ်သားပြားက တန်ဖိုးကြီးလွန်းတဲ့ ပစ္စည်းမို့လို့ ငါတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက အချည်းနှီး မဖြစ်ခဲ့ဘူး”
လူကြီးမင်းယဲ့က ပြုံးလျက် ပြောလိုက်၏။
“တာအိုအရှင်ရဲ့ သစ်သားပြားထဲမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ပုန်းကွယ်နေတယ်လို့ ငါ ကြားဖူးတယ်… အမွှေးတိုင်သခင်ချူ… အဲဒါကို ငါတို့ကို အခု ထုတ်ပြလို့ မရဘူးလား”
စားပွဲပေါ်ရှိ အစားအသောက်များကို တစ်ယောက်တည်း ပြောင်စင်အောင် စားသောက်ပြီးနောက် ပါးစပ်နားအထိ ပြုံးဖြဲနေသော ကျိုးဝုန်းက မေးလိုက်၏။
အမွှေးတိုင်သခင်ချူက ခေါင်းယမ်းလိုက်သည်။
“နှမြောစရာကောင်းတာက ငါ အဲဒါကို အနက်ရောင်တမန်တော်ဆီ လွှဲပေးလိုက်ပြီ… အဲဒီပစ္စည်းက အခုဆိုရင် အသင်းချုပ်ဥက္ကဋ္ဌရဲ့ လက်ထဲကို ရောက်နေလောက်ပြီ”
ထိုစကားကို ကြားသောအခါ သူတို့၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားကြသော်လည်း ထိုပစ္စည်းကို ကြည့်ရှုရန် ဇွတ်အတင်း မတောင်းဆိုကြတော့ပေ။
မိစ္ဆာအကဲဖြတ်အသင်းမှာ ရှုပ်ထွေးသော အတွင်းပိုင်းဖွဲ့စည်းပုံများ ရှိသည့် ကြီးမားသောအဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း ၎င်းတို့အားလုံးက အထက်အရာရှိကြီးမှာ မည်သူဖြစ်ကြောင်း သိကြပေသည်။
သူတို့ မိစ္ဆာအကဲဖြတ်အသင်း၏ ဥက္ကဋ္ဌ။
သူက စိတ်ကူး၍ပင်မရနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားသည့် အသင်း၏ အသန်မာဆုံး ပညာရှင်ဖြစ်သည်။ ထို့ကြောင့်သာလျှင် သူက ဤအဖွဲ့အစည်းကို အစကနေ စတင်တည်ထောင်နိုင်ခဲ့ပြီး နိုင်ငံအများအပြားအပေါ် သြဇာလွှမ်းမိုးနိုင်ခဲ့ခြင်း ဖြစ်၏။
ဥက္ကဋ္ဌ၏ တိုက်ရိုက်အောက်တွင်မူ အနက်ရောင်နှင့် အဖြူရောင် တမန်တော်များ ရှိကြသည်။
၎င်းတို့ကလည်း ထို့အတူပင် ကြောက်မက်ဖွယ်ကောင်းသော လူများ ဖြစ်ကြပေသည်။
“ဟဟ… အမွှေးတိုင်သခင်ချူက ဒီလောက်အထိ ကြီးမားတဲ့ အကျိုးဆောင်မှု လုပ်ခဲ့တာဆိုတော့ သခင်ကြီးအနက်ရောင်တမန်တော်က မင်းကို ဘယ်လို ဆုလာဘ်တွေ ပေးသလဲ”
လူကြီးမင်းယဲ့က ရုတ်တရက် မေးလိုက်၏။
ခေတ္တမျှ စဥ်းစားပြီးနောက် အမွှေးတိုင်သခင်ချူက အရိုးလက်စွပ်တစ်ကွင်းကို ထုတ်ပြလိုက်သည်။
“အနက်ရောင်တမန်တော်က ငါ့ကို အမှောင်နန်းဆောင်ရဲ့ ခန်းမသခင်အဖြစ် ရာထူးတိုးပေးလိုက်တယ်”
ထိုအရိုးလက်စွပ်ကို မြင်လိုက်ရသောအခါ လူကြီးမင်းယဲ့မှလွဲ၍ ကျိုးဝုန်းနှင့် သခင်လေးတို့ နှစ်ဦးစလုံး၏ မျက်နှာတွင် မနာလိုမှုများ ဖြစ်ပေါ်လာကြ၏။ ဤခန်းမသခင် ရာထူးမှာ သူတို့ထက် ပိုမိုမြင့်မားသော အဆင့်အတန်းတွင် ရှိနေသည်။
အမှောင်နန်းဆောင် ခန်းမသခင်၏ အဓိကတာဝန်မှာ ရန်သူများကို ချေမှုန်းရန်အတွက် မိစ္ဆာအကဲဖြတ်အသင်း၏ အင်အားစုများကို စုစည်းလှုပ်ရှားရခြင်း ဖြစ်သည်။ ခြုံငုံပြောရလျှင် ၎င်းတို့က အဖွဲ့အစည်း၏ ဓားမြှောင်များ ဖြစ်ကြ၏။
“ငါ့မှာ မေးစရာတစ်ခု ရှိတယ်… မင်းတို့အားလုံး ငါ့အတွက် လင်းကျင်းကို လိုက်လံရှာဖွေ သတ်ဖြတ်ပေးဖို့ ဆန္ဒရှိကြလား”
အမွှေးတိုင်သခင်ချူ… မဟုတ်သေး… ခန်းမသခင်ချူက မကြာသေးမီက ရရှိခဲ့သော ရာထူးတိုးမြှင့်မှုကြောင့် စိတ်ဓာတ်များ အလွန်တက်ကြွနေပုံရသည်။
ယနေ့ ထျန်းရွှမ်မြို့တွင် သူတို့ အဘယ်ကြောင့် လာရောက်စုဝေးနေကြသည်ကို သူ၏ အပေါင်းအဖော်များ သိရှိကြပေသည်။ ခန်းမသခင်ချူ၏ တောင်းဆိုမှုက အဓိကအကြောင်းရင်း ဖြစ်၏။ ယခင်ကဆိုလျှင် သူတို့အနေဖြင့် ဤတောင်းဆိုမှုကို လက်ခံရန် သို့မဟုတ် ငြင်းပယ်ရန် လွတ်လပ်ခွင့်ရှိပြီး ၎င်းကို ငြင်းပယ်ခြင်းကြောင့် မည်သူကမျှ အပြစ်ပေးဝံ့မည် မဟုတ်ပေ။
သို့သော် ယခုအခါတွင်မူ အခြေအနေများက ကွဲပြားသွားခဲ့ပြီ။
ခန်းမသခင်ချူက ဤအရိုးလက်စွပ်ကို ထုတ်ပြလိုက်ကတည်းက ဤမေးခွန်းမှာ အမှောင်နန်းဆောင်မှ အမိန့်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ခန်းမသခင်ချူ၏ လေသံက ယဉ်ကျေးနေသော်လည်း ၎င်းက အမိန့်တစ်ခု ဖြစ်နေသည်ဆိုသည့် အချက်ကိုမူ ဖျောက်ဖျက်၍မရပေ။
သူတို့ ငြင်းပယ်၍မရသော အမိန့်မျိုး ဖြစ်၏။
ဒါက မိစ္ဆာအကဲဖြတ်အသင်းရဲ့ စည်းမျဥ်းပဲ။
ကျိုးဝုန်းက သွေးပျက်စရာကောင်းသော အပြုံးတစ်ခုကို ပြုံးလိုက်ရင်း သူ့စွယ်သွားများကို ဖော်ပြကာ စကားဆိုသည်။
“လင်းကျင်းက ငါတို့ မိစ္ဆာအကဲဖြတ်အသင်းကို ဆန့်ကျင်ကတည်းက သူက သေလူဖြစ်သွားပြီ… ပိုပြီးတော့ အရေးကြီးတာက သူက ရန်ချင်းရှီကို သတ်ခဲ့တယ်… ငါ အရင်က ရန်ချင်းရှီဆီကနေ အကူအညီ ရဖူးတာကို အားလုံး သိကြမှာပါ… အဲဒါကြောင့် ငါ သူ့အတွက် ကလဲ့စားမချေပေးရင် ငါ့ရဲ့ ညီအစ်ကိုတွေက ငါ့ကို ဘယ်လို ထင်ကြမလဲ”
တစ်ပိုင်းသားရဲ တစ်ပိုင်းလူသား ဖြစ်နေသော ကျိုးဝုန်းက ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ပထမဆုံးအကြိမ်အဖြစ် သူ၏ သဘောထားကို ကြေညာလိုက်၏။
လူကြီးမင်းယဲ့က အားရပါးရ ရယ်မောလိုက်သည်။
“သူက အတောင်အလက်မစုံသေးတဲ့ ကောင်လေးတစ်ယောက်ပဲ မဟုတ်လား… သူ့ကို သတ်ရတာက ပြဿနာမရှိပါဘူး… ငါ့ကိုပါ ထည့်လိုက်… ဒါကို သွေးပူလေ့ကျင့်ခန်းတစ်ခုအနေနဲ့ပဲ သဘောထားလိုက်မယ်”
ဤလူကြီးမင်းယဲ့မှာ စိန်ခေါ်မှုကို ဘာမှမဟုတ်သကဲ့သို့ သဘောထားနေခြင်းကြောင့် အလွန်အစွမ်းထက်သော လူတစ်ဦး ဖြစ်ရပေမည်။
ကျန်ရှိနေသည်မှာ မိန်းမလျာပုံစံ ဖြစ်နေသော သခင်လေးသာ ရှိတော့သည်။ သူက ခန်းမသခင်ချူကို ကြည့်ပြီး မေးခွန်းတစ်ခု မေးလိုက်၏။
“ခန်းမသခင်ချူ… မင်းမှာ ဘယ်လို လှုပ်ရှားမှု အစီအစဥ် ရှိလဲ”
ထိုစကားကို ကြားသောအခါ အခြားနှစ်ဦးကလည်း လှမ်းကြည့်လိုက်ကြသည်။ အစီအစဉ်များက အရေးကြီးပေ၏။ သူတို့ မည်မျှပင် ယုံကြည်ချက်ရှိရှိ ပြောဆိုနေကြပါစေ… လင်းကျင်းက ကျောက်စိမ်းနဂါးနိုင်ငံရှိ သူတို့ဌာနခွဲကို ဖျက်ဆီးခဲ့ပြီး ရန်ချင်းရှီကို သတ်ပစ်ခဲ့သည်ဆိုသည့် အချက်ကိုမူ ငြင်းပယ်၍မရပါချေ။
သူတို့ မိစ္ဆာအကဲဖြတ်အသင်းက ကမ္ဘာကြီးကို သိမ်းပိုက်နိုင်ခြင်း မရှိသေးသလို လင်းကျင်းကလည်း အရည်အချင်းရှိသော ပြိုင်ဘက်တစ်ဦး ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် သူတို့၏ လှုပ်ရှားမှုများ အောင်မြင်ရန် သေချာစေဖို့အတွက် အလွန်အရေးကြီးပေသည်။
ခန်းမသခင်ချူက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်၏။
“ငါ အစီအစဥ်တစ်ခု စဥ်းစားထားပြီးသားပဲ… ငါတို့ သူ့ကို သေစေနိုင်တဲ့ ထိုးနှက်ချက်တစ်ခုတည်းနဲ့ အပြတ်ရှင်းရမယ်… ငါ လင်းကျင်းရှိတဲ့ မေပယ်မြို့ကို သွားပြီးတော့ သူ့ကို အပြင်ထွက်လာအောင် မျှားခေါ်ဖို့ စဥ်းစားထားတယ်… ပြီးရင် မြို့ထဲမှာ ထောင်ချောက်တစ်ခု ဆင်ထားမယ်… ငါ အနက်ရောင်တမန်တော်ဆီကနေ အဆိပ်ပေါင်းစုံ ပေါက်ကွဲစေတတ်တဲ့ မန္တန်အဆောင်တစ်ခု တောင်းထားပြီးပြီ… အဲဒါကို လင်းကျင်း အလေးထားရတဲ့ လူတစ်ယောက်ရဲ့ အဝတ်အစားထဲမှာ ထည့်ထားမယ်… သူက သူတို့ကို ကယ်ဖို့ ပြန်လာတဲ့အချိန်ကျရင် အဲဒီပေါက်ကွဲမှုထဲမှာ သေချာပေါက် ပိတ်မိသွားလိမ့်မယ်… သူ ချက်ချင်းမသေရင်တောင် အဲဒီအဆိပ်ငွေ့တွေက သူ့ကို တစ်သက်လုံး ဒုက္ခိတဖြစ်သွားစေမှာ… အဲဒီလို ဖြစ်သွားတဲ့အချိန်ကျရင် သူ့ကို အပြတ်ရှင်းဖို့က ကလေးကစားစရာလို လွယ်ကူသွားပြီ”
အခြားလူများက ထိုစကားကို ကြားသောအခါ အသက်ရှူမှားသွားကြ၏။
တကယ် ယုတ်မာတာပဲ။
တကယ်ကို စက်ဆုပ်ရွံရှာဖို့ ကောင်းလှသည်။
ခန်းမသခင်ချူက ဘဝ၏ ကဏ္ဍတိုင်းတွင် မရိုးသားသော နည်းလမ်းများကိုသာ အသုံးပြုလေ့ရှိသဖြင့် သူ၏ စိတ်ဓာတ်မှာ အလွန်ပင် ညစ်ပတ်လှပေသည်။ သူက မည်သူ့ကိုမျှ ထိပ်တိုက် ရင်ဆိုင်လေ့မရှိပါချေ။
သူက ဤအဖွဲ့အစည်း၏ အဆင့်အတန်းထဲတွင် ယခုလို လျင်မြန်စွာ ရာထူးတိုးတက်လာနိုင်ခြင်းက မဆန်းတော့ပေ။
သို့သော် ရိုးရိုးသားသား ပြောရလျှင် ၎င်းက ကောင်းမွန်သော အစီအစဉ်တစ်ခု ဖြစ်သည်။ စွန့်စားရမှုက အလွန်နည်းပါးပြီး ၎င်းကို အကောင်အထည်ဖော်နိုင်သည်နှင့် အောင်မြင်မှုမှာ သေချာသလောက် ရှိပေသည်။ ခန်းမသခင်ချူကလည်း သူ၏ အဖိုးတန်လက်နက်များကို မည်သည့်အချိန်တွင် အသုံးပြုရမည်ကို သိသောလူတစ်ဦး ဖြစ်၏။ အဆိပ်ပေါင်းစုံ ပေါက်ကွဲစေတတ်သော မန္တန်အဆောင်မှာ ရိုးရှင်းသော အရာမဟုတ်ဘဲ သူတို့အဖွဲ့အစည်းအတွင်း၌ပင် ရှားပါးသော ပစ္စည်းတစ်ခု ဖြစ်သည်။
“တကယ်ကို ကောင်းမွန်တဲ့ အစီအစဥ်ပဲ”
လူကြီးမင်းယဲ့က သဘောကျစွာဖြင့် ပြုံးလိုက်၏။
၎င်းက လင်းကျင်းကို သတ်ပစ်ရန် စိတ်ချရသော နည်းလမ်းတစ်ခုကဲ့သို့ ကြားရပေသည်။ ပို၍အရေးကြီးသည်မှာ ယင်းတွင် စွန့်စားရမှု လုံးဝမရှိသလောက် ဖြစ်နေခြင်းပင်။
လူကြီးမင်းယဲ့က လင်းကျင်းကို ဘာမှမဟုတ်သကဲ့သို့ ပြောဆိုခဲ့သော်လည်း လင်းကျင်းက ရန်ချင်းရှီကို အလဲထိုးနိုင်ခဲ့သည့် အချက်ကို ထည့်သွင်းစဉ်းစားပါက ခက်ခဲသော ပြိုင်ဘက်တစ်ဦး ဖြစ်လာလိမ့်မည်ကို သူ အသေအချာ သိရှိပေသည်။
သူ ရန်ချင်းရှီနှင့် တစ်ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ထိုလူ့နောက်ကွယ်တွင် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုတစ်ခု ရှိနေသည်။ အဆုံးစွန်၌မူ ပြောင်းပြန်သားရဲသခင် ကျင့်စဉ်ဆိုသည်မှာ မည်သူမဆို စဉ်းစားမိနိုင်သော အရာမျိုး မဟုတ်ပါချေ။
နောက်ကွယ်တွင် မယုံကြည်နိုင်လောက်သော တည်ရှိမှုတစ်ခု ရှိနေရမည် ဖြစ်သည်။
သို့သော်ငြားလည်း ရန်ချင်းရှီ သေဆုံးသွားခဲ့ပြီ။
လင်းကျင်းက လွယ်ကူသော သားကောင် မဟုတ်ပါချေ။ သို့သော် ခန်းမသခင်ချူ၏ အစီအစဉ်ဖြင့်ဆိုလျှင် သူ သေချာပေါက် အသတ်ခံရပေလိမ့်မည်။
မည်သူကမျှ အဆိပ်ပေါင်းစုံ ပေါက်ကွဲစေတတ်သော မန္တန်အဆောင်၏ စွမ်းပကားကို ခုခံနိုင်စွမ်း မရှိပေ။
သူက ပထမအကြိမ် ပေါက်ကွဲမှုကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့လျှင်ပင် နောက်ဆက်တွဲ လာမည့် ဝိုင်းရံတိုက်ခိုက်မှုကို ဆက်လက်ခုခံနိုင်ရန် မဖြစ်နိုင်ပါချေ။
သာမန်လူသားတစ်ယောက်ကို ထားလိုက်ပါဦး… ဒဏ္ဍာရီလာ မသေမျိုးတစ်ဦးပင်လျှင် ဤကဲ့သို့သော ဆက်တိုက်တိုက်ခိုက်မှုအောက်တွင် သေဆုံးသွားနိုင်ပေသည်။ ရှင်သန်နိုင်ခြေက သုညသာ ရှိ၏။
အခြားလူများကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်ကြသည်။
“ကောင်းပြီ… ဒါဆိုရင် ကိစ္စက ပြီးသွားပြီ… ငါတို့ မနက်ဖြန် မိုးလင်းတာနဲ့ စောစော ထွက်ခွာကြမယ်… ဒီတစ်ကြိမ်မှာတော့ နောက်ထပ် ပြဿနာတွေ မဖြစ်လာအောင် လင်းကျင်းကို အပြတ်ရှင်းပစ်ရမယ်… လာ… ငါတို့ ကြိုတင်အောင်ပွဲခံတဲ့အနေနဲ့ ခွက်ချင်းတိုက်ကြရအောင်”
ခန်းမသခင်ချူက သူ့ခွက်ကို မြှောက်ကာ ကြိုတင်အောင်ပွဲခံသည့်အနေဖြင့် တစ်ကျိုက်တည်း သောက်ချလိုက်၏။
သူ့အစီအစဉ် အောင်မြင်လိမ့်မည်ဟု သူ ယုံကြည်ချက် အပြည့်ရှိနေသည်။
အခြားလူများကလည်း ရယ်မောလိုက်ကြပြီး ဝိုင်များကို သောက်လိုက်ကြ၏။
အတန်ကြာ အစားစားပြီးနောက် အားလုံးက ဗိုက်ပြည့်သွားသဖြင့် နောက်ဆုံးတွင် ထွက်ခွာသွားကြတော့သည်။
မနက်ဖြန်က ထွက်ခွာရမည့်ရက် ဖြစ်သဖြင့် သူတို့ ယနေ့ ကောင်းကောင်း အနားယူရမည်ဖြစ်ပြီး လာမည့်တိုက်ပွဲအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမည် ဖြစ်၏။
သူတို့ လှည့်စားရန် ကြံစည်နေသော လူမှာ ဤသီးသန့်ခန်း၏ ထောင့်တစ်နေရာတွင် တစ်ချိန်လုံး ထိုင်နေပြီး သူတို့၏ အစီအစဉ်အားလုံးကို ချောင်းမြောင်းနားထောင်နေသည်ဆိုသည်ကို သူတို့ ဘယ်သောအခါမျှ တွေးမိကြလိမ့်မည် မဟုတ်ပါချေ။