အခန်း ၄၆၈
Vol. 24 Ch. 468
အခန်း ၄၆၈ - တစ်ယောက်ချင်းစီ ခွဲထုတ်ချေမှုန်းခြင်း
လင်းကျင်း၏ မျက်နှာအမူအရာက အလွန်ပင် တည်တည်တံ့တံ့နှင့် အေးစက်နေ၏။
တကယ့်ကို အန္တရာယ်ကြီးပေသည်။
မိစ္ဆာအကဲဖြတ်အသင်းက လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လွန်းလှ၏။ အကယ်၍ ယနေ့မနက်ပိုင်းတွင် ထိုတိုက်ဆိုင်မှုသာ ဖြစ်မလာခဲ့လျှင်… ပြီးတော့ သူ ယနေ့ ဤနေရာသို့ ရောက်မလာခဲ့လျှင် လင်းကျင်းအနေဖြင့် ၎င်းတို့၏ နောက်ထပ်လှုပ်ရှားမှုကို လုံးဝ သိရှိနိုင်မည် မဟုတ်ပါချေ။
မိမိ တိုက်ခိုက်ခံနေရပြီဆိုသည်ကို သူ သတိပြုမိသည့်အချိန်ကျမှဆိုလျှင် သူသည် အလွန်ဆိုးဝါးသော အခြေအနေနှင့် ကြုံတွေ့ရပေလိမ့်မည်။
ထိုမိစ္ဆာကောင်များက အမှန်တကယ် မအောင်မြင်နိုင်လျှင်ပင် မေပယ်မြို့ရှိ လင်းကျင်း၏ သူငယ်ချင်းတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများမှာ အန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။
လင်းကျင်း ထိုသို့အဖြစ်မခံနိုင်ပါချေ။
ထို့ကြောင့် သူက ပြုံးလိုက်မိသည်။
သူသည် အမှတ်မထင်ဘဲ ဤအရာအားလုံးကို ကြားခဲ့ရသဖြင့် ယခုလို နေရာမျိုးသို့ ရောက်လာခြင်းက ကံကြမ္မာက ဖန်တီးပေးလိုက်ခြင်း ဖြစ်ရပေမည်။ ရိုးရိုးသားသား ပြောရလျှင် လင်းကျင်း စောစောကပင် စတင်တိုက်ခိုက်ရန် စဉ်းစားခဲ့သော်လည်း နောက်ဆုံးမိနစ်တွင် မိမိကိုယ်မိမိ ပြန်လည်ထိန်းချုပ်ခဲ့ခြင်း ဖြစ်၏။
အကြောင်းရင်းကတော့ ရိုးရှင်းပါသည်။ ဤမိစ္ဆာအကဲဖြတ်မှူး လေးဦးစလုံးက အုပ်စုဖွဲ့ ကိုင်တွယ်ရမည့်သူများ မဟုတ်ကြချေ။
လင်းကျင်းအနေဖြင့် ၎င်းတို့လေးဦးစလုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်ရန် သူ့အရည်အချင်းအပေါ် ယုံကြည်ချက် အပြည့်အဝမရှိသေးပေ။ ထို့အပြင် ဤတိုက်ပွဲက ပိုမိုကြီးထွားလာပါက ထျန်းရွှမ်မြို့ရှိ အခြားသော ပညာရှင်များက သူတို့ တိုက်ခိုက်နေကြသည်ကို ဒီအတိုင်း လက်ပိုက်ကြည့်နေကြလိမ့်မည်ဟု အာမခံချက်မရှိပါချေ။
အဆုံးစွန်၌မူ ဤနေရာက အဆင့်မြင့်နိုင်ငံတစ်ခု ဖြစ်ပေသည်။
သူ အလွန် သတိထားပြီး လှုပ်ရှားရမည် ဖြစ်၏။
လင်းကျင်းက တစ်ချိန်လုံး လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေခဲ့ပြီး သူ့အရှိန်အဝါကို ဖုံးကွယ်ထားကာ နောက်ဆုံးတွင် ကိုယ်ဖျောက်ခြင်း စွမ်းရည်ကြောင့် သူ့ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုကိုပါ ဖျောက်ကွယ်ထားနိုင်ခဲ့ခြင်းက ကံကောင်းသည်ဟု ဆိုရမည်။
မဟုတ်လျှင် သူ ဤနေရာတွင် ထိုင်နေသည်ကို သူတို့ သိရှိသွားပါက သူ ဤနေရာမှ လွတ်မြောက်အောင် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပါချေ။
ယခုမူ အခြေအနေက လင်းကျင်း၏ လက်ထဲတွင် ရှိနေပြီ ဖြစ်သည်။ သူသည် သူ့ရန်သူများနှင့်ပတ်သက်သည့် သတင်းအချက်အလက်အားလုံးကို ရရှိထားပြီး ၎င်းတို့က လွင်ပြင်တွင် ရှိနေသည့် ပစ်မှတ်များကဲ့သို့ ဖြစ်နေ၏။ သူကမူ အမှောင်ထဲတွင် ချောင်းမြောင်းနေဆဲ ဖြစ်သည်။ အကယ်၍ သူ ယခုအချိန်တွင် လက်တွဲဖင့်နှေးနေမည်ဆိုပါက ၎င်းက သူ၏ အလွန်မိုက်မဲသော ဆုံးဖြတ်ချက် ဖြစ်ပေလိမ့်မည်။
လင်းကျင်း စက္ကန့်ပိုင်းအတွင်း ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်၏။
သူ ဤလူလေးဦးစလုံးကို သတ်ပစ်မည်။
သေချာတာပေါ့… သူက ၎င်းတို့ကို တစ်ယောက်ချင်းစီ ခွဲထုတ်ပြီး အပြတ်ရှင်းမည် ဖြစ်သည်။ ပထမဆုံး ကိုင်တွယ်မည့်လူကတော့ ခန်းမသခင်ချူ ဖြစ်၏။
ထိုလေးဦးထဲတွင် သူက လင်းကျင်း အသေချာဆုံး သတ်ရမည့်သူ ဖြစ်သည်။
ထိုသို့ စိတ်ကူးပြီးနောက် လင်းကျင်း ထရပ်လိုက်ပြီး အပြင်ဘက်သို့ အလျင်အမြန် ထွက်လာခဲ့၏။ ထိုလူလေးဦးက မိုးမခစိမ်းလမ်းကြားမှ ထွက်ခွာခြင်းမရှိသေးသော်လည်း အပြင်သို့ ရောက်သည်နှင့် သေချာပေါက် လမ်းခွဲကြပေလိမ့်မည်။
ဤနေရာတွင် သူ့အတွက် နောက်ထပ် ပြဿနာတစ်ခု ရှိနေသည်။ သူသည် ရန်သူကို တစ်ယောက်ချင်းစီ ခွဲထုတ်သတ်ရမည်ဖြစ်သဖြင့် လောလောဆယ်တွင် ၎င်းတို့ထဲက တစ်ဦးကိုသာ ပစ်မှတ်ထားနိုင်မည် ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုရသော် ကျန်ရှိသောလူများကို ခြေရာပျောက်သွားရန် အကြောင်းရှိပေသည်။
၎င်းက ပြဿနာတစ်ခု ဖြစ်နေရခြင်းမှာ ဤလူလေးဦးက သာမန်လူမိုက်များနှင့် မနှိုင်းယှဉ်နိုင်ခြင်းကြောင့် ဖြစ်၏။ ၎င်းတို့က သူ့အပ်ကို ရိပ်မိသွားနိုင်သည့် အခွင့်အရေးရှိပြီး ယင်းသို့ ဖြစ်သွားပါက လင်းကျင်း၏ အစီအစဉ်က ထိုနေရာတင် ပျက်ပြားသွားပေလိမ့်မည်။
လင်းကျင်း သူ့နောက်ထပ် လှုပ်ရှားမှုအတွက် ဆက်လက်စဉ်းစားနေ၏။ သူသည် ၎င်းတို့အစီအစဉ်၏ နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်သော ခန်းမသခင်ချူနောက်သို့ လိုက်သွားနိုင်ပြီး ကတုံးဆိုင်ရှင်ပေါ်တွင် သူ ချန်ထားခဲ့သော အပ်ကြောင့် ၎င်းကိုလည်း ခြေရာခံထားနိုင်မည် ဖြစ်သည်။ ထို့အတူပင် သခင်လေးကို ရှာဖွေရန်မှာလည်း ပြဿနာမရှိပါချေ… အဘယ်ကြောင့်ဆိုသော် ထိုနှစ်ဦးက အတူတကွ ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့် ဖြစ်၏။
ကျန်ရှိနေသောသူများမှာ လူကြီးမင်းယဲ့နှင့် ကျိုးဝုန်းတို့ ဖြစ်ကြသည်။
ထိုနှစ်ဦးစလုံးက အလားတူပင် ကြောက်မက်ဖွယ်ကောင်းသော လူများ ဖြစ်ကြပြီး အဆင့် ၄ သားရဲများကို ပိုင်ဆိုင်ထားကြ၏။ ကျိုးဝုန်းက သူ့သားရဲနှင့် ရုပ်ပိုင်းဆိုင်ရာ ပေါင်းစပ်ထားသဖြင့် တစ်ပိုင်းလူသား တစ်ပိုင်းသားရဲ မိစ္ဆာကောင်ကြီး ဖြစ်နေပြီ ဖြစ်သည်။
လူကြီးမင်းယဲ့ကမူ ပိုမိုအစွမ်းထက်ပုံရသည်… အဘယ်ကြောင့်ဆိုသော် လင်းကျင်းက သူ့ထံမှ အဆင့် ၄ သားရဲ နှစ်ကောင်၏ အရှိန်အဝါကို ခံစားနေရခြင်းကြောင့် ဖြစ်၏။ အဆင့် ၄ ရှိသော မြွေခေါင်းလမ်းလျှောက်တုတ်အပြင် ထိုလူ့ထံတွင် အခြားသော အဆင့် ၄ သားရဲတစ်ကောင်လည်း ရှိနေနိုင်သေးသည်။
ထိုအဖိုးကြီးက ၎င်းတို့ကို တစ်ပြိုင်နက်တည်း မည်သို့ ထိန်းချုပ်ထားနိုင်သလဲဆိုသည်ကို လင်းကျင်း သိချင်မိသွား၏။
ဤမိစ္ဆာအကဲဖြတ်မှူးများမှာ နားမလည်နိုင်သော တားမြစ်ပညာရပ်များကို ကျွမ်းကျင်ကြသဖြင့် အရည်အချင်းရှိကြသည်မှာ သံသယဖြစ်စရာမလိုပါချေ။ သားရဲအကဲဖြတ်ခြင်း နယ်ပယ်တွင် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက် လင်းကျင်းအနေဖြင့် လူကြီးမင်းယဲ့က အဆင့် ၄ သားရဲနှစ်ကောင်နှင့် သွေးကတိစာချုပ် ချုပ်ဆိုထားကြောင်း အသေအချာ ပြောနိုင်ပေသည်။
၎င်းတို့က ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် ရှိနေခြင်း မဟုတ်ပါချေ။ မဟုတ်ဘူး… သူက ၎င်းတို့နှစ်ကောင်စလုံးနှင့် သွေးကတိစာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။
လူတစ်ယောက်က တစ်ကြိမ်လျှင် သားရဲတစ်ကောင်နှင့်သာ သွေးကတိစာချုပ် ချုပ်ဆိုနိုင်သည်ဆိုသည်မှာ အများသိထားသည့် ဗဟုသုတဖြစ်ရာ သူက ၎င်းကို မည်သို့လုပ်ဆောင်နိုင်ခဲ့သနည်း။
လင်းကျင်းကိုယ်တိုင်ပင်လျှင် ယင်းနောက်ကွယ်က လှည့်ကွက်ကို ရှာမတွေ့နိုင်သေးပါချေ။
ဖြစ်နိုင်သည်မှာ သူ့ကို အပ်တစ်ချောင်းဖြင့် စမ်းသပ်ကြည့်ခြင်း သို့မဟုတ် သူ့ကို ရုပ်ပိုင်းဆိုင်ရာအရ ထိတွေ့ကြည့်ခြင်းဖြင့် လင်းကျင်းအနေဖြင့် လူကြီးမင်းယဲ့၏ လျှို့ဝှက်ချက်ကို သိရှိနိုင်ပေလိမ့်မည်။ ထိုအရာက ပြတိုက်၏ စွမ်းဆောင်ရည်အပေါ် သူ မည်မျှ ယုံကြည်မှုရှိကြောင်း ပြသနေခြင်းပင်။
သို့သော် လင်းကျင်း ယခုအချိန်တွင် ယင်းကို မလုပ်ဆောင်နိုင်သေးပါချေ။ ထပ်မံပြောရလျှင် သူ အဆင်အခြင်မဲ့ လှုပ်ရှားမိပါက ၎င်းတို့လေးဦးစလုံးက သူ့ကို သတိပြုမိသွားနိုင်ပေသည်။
‘ငါ ဒီလျှို့ဝှက်ချက်ကို အချိန်တန်မှပဲ ဖြည်းဖြည်းချင်း လေ့လာရတော့မယ်’
လင်းကျင်းက ဝေခွဲမရဖြစ်တတ်သည့် လူစားမျိုး မဟုတ်ပါချေ။ သူတို့လေးဦးစလုံးကို အတူတကွ မသတ်နိုင်ကြောင်း သိရှိသွားပြီးနောက် သူ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်၏။
သူ အရင်ဆုံး နှစ်ယောက်ကို သတ်မည်။
တစ်ယောက်ချင်းစီက အရေးကြီးပေသည်။
အရေးအကြီးဆုံးလူကတော့ ခန်းမသခင်ချူ ဖြစ်ပြီး ထိုလူက ယနေ့ညတွင် သေချာပေါက် သေရမည် ဖြစ်၏။
မိုးမခစိမ်းလမ်းကြားမှ ထွက်လာပြီးနောက် ချူကောက်က လမ်းကြားဝတွင် သူ့အတွက် စောင့်ဆိုင်းနေသည့် မြင်းလှည်းပေါ်သို့ တက်လိုက်၏။ မြင်းလှည်းက အလျင်အမြန် ထွက်ခွာသွားပြီး မြို့ထဲက တစ်နေရာတွင် ရပ်တန့်လိုက်ရာ ချူကောက်က မြင်းလှည်းပေါ်မှ ဆင်းကာ လူအုပ်ကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင် သူက ပုံစံ လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
သူ့အဝတ်အစားများက ကွဲပြားသွားပြီး သူ့ဦးထုပ်ကလည်း ပြောင်းလဲသွားကာ သူ့မျက်နှာတွင် မုတ်ဆိတ်မွေးကြီးများ ရှိနေခဲ့ပြီ ဖြစ်သည်။
သူ့ကို ကြည့်ရသည်မှာ လုံးဝ ကွဲပြားခြားနားသော လူတစ်ဦးကဲ့သို့ပင်။
ချူကောက်က သတိကြီးသော လူတစ်ဦး ဖြစ်သည်။ သူ မိစ္ဆာအကဲဖြတ်အသင်းသို့ စတင်ဝင်ရောက်ခဲ့စဥ်က သူသည် အထူးအခွင့်အရေးများမရှိသော သာမန် ပြင်ပအဖွဲ့ဝင်တစ်ဦးသာ ဖြစ်ခဲ့၏။ သူ့ ကောက်ကျစ်မှုများက အဖွဲ့အစည်းအတွင်း သူ့ရာထူးနေရာကို လျင်မြန်စွာ ခိုင်မာလာစေခဲ့သည်။ ကျူမြို့တော်ရှိ ၎င်းတို့၏ ဌာနခွဲရုံးတွင် သူက အလွန်ရိုသေလေးစားခြင်း ခံရသော လူတစ်ဦး ဖြစ်ခဲ့၏။
သူက အလုပ်ကြိုးစားသော လူတစ်ဦး ဖြစ်သည်မဟုတ်ပါလား။
ဌာနခွဲတွင် နေထိုင်မည့်အစား သူက အရပ်သားများကြားတွင် ပုန်းအောင်းနေထိုင်ရန် ရွေးချယ်ခဲ့သည်။
မထင်မရှား ရှိနေခြင်းက သူ့အကြီးမားဆုံး အင်အားဖြစ်ကြောင်း သူ နားလည်ထား၏။
သူ့ လက်တွေ့ဆန်သော စရိုက်ကလည်း ဤဖုံးကွယ်မှုကို ထိန်းသိမ်းရန် ကူညီပေးခဲ့သည်။ အဖွဲ့အစည်းအတွင်း၌ပင် သူက ကျော်ကြားမှုကို ဂရုမစိုက်ပါချေ။ သူ လိုချင်သောအရာက လက်တွေ့ကျသည့် အကျိုးအမြတ်များသာ ဖြစ်သည်။
ကျူမြို့တော်တွင် လင်းကျင်းက သူတို့ဌာနခွဲကို ဖျက်ဆီးခဲ့ကြောင်း သိရှိပြီးနောက် ချူကောက်က မည်သည့်လှုပ်ရှားမှုမျှ မလုပ်ဘဲ အခွင့်အရေးကို စောင့်ဆိုင်းရင်း ဆက်လက်ပုန်းအောင်းနေခဲ့၏။ ကံကောင်းစွာဖြင့် အခွင့်အရေးက ဒါလော့ကျောင်းတော်မှ ဘုန်းကြီးများအသွင်ဖြင့် ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် သူက ရန်သူကို တိုက်ခိုက်ရန် ၎င်းတို့၏ အင်အားကို ငှားရမ်းခဲ့ပြီး ချောင်မိသားစုထံမှ တာအိုအရှင်၏ သစ်သားပြားကို အောင်မြင်စွာ ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်၏။
ထိုပစ္စည်းကို ရရှိပြီးနောက် သူ ထွက်ပြေးခဲ့သော်လည်း ထိုဖြစ်စဥ်အတွင်း သူ့အသက် ဘေးနီးလုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော်ငြားလည်း သူ အသက်ရှင်လျက် လွတ်မြောက်လာနိုင်လောက်အောင် ကံကောင်းခဲ့ပေ၏။
သူ တာအိုသခင်၏ သစ်သားပြားကို ရရှိခဲ့ခြင်းက မိစ္ဆာအကဲဖြတ်အသင်းအတွက် အလွန်ကြီးမားသော အကျိုးဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။ ယင်းက နောက်ဆုံးတွင် သူ့ကို အမှောင်နန်းဆောင်၏ ခန်းမသခင်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရစေခဲ့၏။ ထိုသို့ဖြစ်လျှင်ပင် ချူကောက်က မထင်မရှား ဆက်လက်နေထိုင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယခုလို လုပ်ဆောင်မှသာ သူ ပိုမိုအသက်ရှည်နိုင်မည်ကို သူ နားလည်ထားခြင်းကြောင့် ဖြစ်၏။
သူ့တွင် ဤထျန်းရွှမ်မြို့၌ မိမိကိုယ်တိုင်မှလွဲ၍ မည်သူကမျှ မသိရှိသော နေအိမ်တစ်လုံး ရှိသည်။ အမှောင်နန်းဆောင်မှ သူ့ညီအစ်ကိုများပင်လျှင် သူ ဘယ်နေရာတွင် နေထိုင်သလဲဆိုသည်ကို မသိကြပါချေ။
ဒါက ချူကောက်ရဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်တဲ့ စတိုင်ပဲ။
သူ မည်သည့်အရာကိုမဆို လုပ်ဆောင်ရာတွင် အလွန်အမင်း သတိကြီးလှပေသည်။
သူသည် လမ်းမများကို လှည့်ပတ်သွားလာရင်း အချိန်အနည်းငယ် ပိုပေးလိုက်ပြီးနောက် မထင်မရှားရှိသော အိမ်အသေးလေးတစ်လုံးသို့ ရောက်ရှိလာကာ နောက်ဖေးတံခါးမှတစ်ဆင့် ဝင်ရောက်သွားခဲ့၏။
ဒါက သူ့ရဲ့ နေအိမ်ပဲ။
၎င်းက သာမန်အိမ်တစ်လုံး ဖြစ်သဖြင့် သူ့ကို ကြည့်ရသည်မှာ ထျန်းရွှမ်မြို့က သာမန်အရပ်သားတစ်ဦးကဲ့သို့ပင်။
သူက အခြားလူများနည်းတူ သူ့ခြံထဲတွင် အမဲလိုက်ခွေးသားရဲတစ်ကောင်ကို မွေးမြူထား၏။ ချူကောက်က သူ့အိမ်သို့ ကျူးကျော်သူများ ရောက်ရှိလာသည့်အချိန်တိုင်း သိရှိနိုင်ရန်အတွက်သာ ၎င်းကို မွေးမြူထားခြင်း ဖြစ်သည်။
အိမ်ထဲသို့ ရောက်သည်နှင့် ချူကောက်က သက်တောင့်သက်သာ လှဲလျောင်းလိုက်ရင်း မနက်ဖြန်တွင် ၎င်းတို့၏ အစီအစဉ်ကို မည်သို့ အကောင်အထည်ဖော်ရမည်ကို စဉ်းစားနေ၏။
ရုတ်တရက် ချူကောက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ အိမ်ထဲသို့ ဝင်လာပြီးနောက် သူ သူ့ခွေးဆီမှ မည်သည့်အသံမျှ မကြားရပါချေ။ ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် တစ်နေ့လုံး အစာငတ်နေခဲ့ရသဖြင့် ၎င်းက အသံအနည်းငယ် ပြုလုပ်ရမည် ဖြစ်၏။
“ငါ့ခွေး ဘယ်ရောက်သွားတာလဲ… အသံပြုစမ်း… ဟောင်စမ်း ဒါမှမဟုတ် တစ်ခုခုလုပ်စမ်း”
ချူကောက်က လှမ်းခေါ်လိုက်၏။ ပုံမှန်ဆိုလျှင် ခွေးက ပြန်လည်ဟောင်လိမ့်မည်ဖြစ်သော်လည်း သူ ရရှိလိုက်သော တစ်ခုတည်းသော တုံ့ပြန်မှုမှာ တိတ်ဆိတ်ခြင်းသာ ဖြစ်သည်။
“ဒုက္ခပဲ”
သတိကြီးသောလူပီပီ ချူကောက် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပြီဆိုသည်ကို သိရှိလိုက်၏။
သူ ကုန်းထလိုက်သော်လည်း သူ မတ်တတ်ရပ်လိုက်သည့် တစ်စက္ကန့်အတွင်းမှာပင် သူ့လည်ပင်းကို အပ်တစ်ချောင်းဖြင့် အထိုးခံလိုက်ရကြောင်း ခံစားလိုက်ရသည်။ ထို့နောက်တွင်မူ သူ လုံးဝ လှုပ်ရှား၍မရတော့ပါချေ။
သေချာကြည့်ရှုပါက ချူကောက်က မန္တန်တစ်ခုကို အသုံးပြုလိုက်သကဲ့သို့ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် မြွေကြေးခွံများ တွားသွားနေသည်ကို မြင်တွေ့နိုင်သည်။ နှမြောစရာကောင်းတာက သူ စက္ကန့်ပိုင်းမျှ နောက်ကျသွားခဲ့ခြင်းပင်။