အခန်း ၄၆၉
Vol. 24 Ch. 469
အခန်း ၄၆၉ - ပထမဆုံးတစ်ယောက်ကို အရင်ရှင်းခြင်း
ချူကောက်သည် အသိစိတ်လွတ်မတတ် ထိတ်လန့်သွားပြီး နောက်တစ်စက္ကန့်တွင် သူ၏မျက်မှုံများ ပြူးကျယ်သွားရ၏။ အကြောင်းမှာ မိမိမရိပ်မိလိုက်ဘဲ အခန်းထဲသို့ အခြားလူတစ်ယောက် ရုတ်တရက် ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။
သူ ဤလူကို တစ်ခါမှ မတွေ့ဖူးပါချေ။
သို့သော် ဤလူ၏ ပုံတူပန်းချီကားကိုမူ သူ မြင်ဖူးထားသည်။
ချက်ချင်းဆိုသလိုပင် သူ၏နှလုံးက ဘုန်းဘုန်းလဲမတတ် တုန်လှုပ်သွားပြီး မျက်နှာထက်တွင် ကြောက်ရွံ့မှုများ အတိုင်းသား ပေါ်လွင်သွားတော့၏။
“လင်း… လင်းကျင်း… မင်း ဘာလို့ ဒီကို ရောက်နေတာလဲ”
လွတ်လပ်စွာ မလှုပ်ရှားနိုင်တော့သဖြင့် ချူကောက်က စကားများကို ထစ်ထစ်အအဖြင့် မေးလိုက်၏။ သူ့အိမ်ထဲသို့ ရုတ်တရက် ရောက်ရှိလာသောသူမှာ အခြားသူမဟုတ်ဘဲ လင်းကျင်း ဖြစ်နေသည်။
လင်းကျင်းက သူ့နောက်သို့ တစ်ချိန်လုံး ခြေရာခံလိုက်လာခဲ့ခြင်း ဖြစ်၏။ သူ၏ စိတ်ရှည်မှုက အရာထင်ခဲ့ပြီး ချူကောက်၏ အသိုက်အမြုံဆီသို့ လမ်းပြခေါ်ဆောင်ခြင်း ခံလိုက်ရပေသည်။
လင်းကျင်းက စားပွဲပေါ်တွင် အဆင်သင့်ရှိနေသည့် လက်ဖက်ရည်ကို တစ်ကျိုက် သောက်လိုက်ပြီးနောက် ပြုံးလိုက်၏။
“မိစ္ဆာအကဲဖြတ်အသင်း အမှောင်နန်းဆောင်ရဲ့ ခန်းမသခင်ချူ… ခင်ဗျားရဲ့ ရာထူးအဆင့်အတန်းနဲ့ ယှဉ်ရင် ဒီလိုမျိုး စုတ်ပြတ်သတ်နေတဲ့နေရာမှာ နေထိုင်နေတာကို ငါ တကယ်ပဲ အံ့သြမိတယ်… အခန်းနှစ်ခန်းပဲရှိတဲ့ အိမ်လေးနဲ့ ခြံဝင်းအသေးလေးလား… တကယ့်ကို သူတောင်းစားကျနေတာပဲ”
ချူကောက်၏ လက်ချောင်းများက တုန်ရင်လာခဲ့ပြီ ဖြစ်သည်။
သူက လူအမဟုတ်ပါချေ။
သူ အမှောင်နန်းဆောင်၏ ခန်းမသခင်အဖြစ် ရာထူးတိုးမြှင့်ခံရခြင်းက ယနေ့မှ ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။ အနက်ရောင်တမန်တော်နှင့် လူကြီးမင်းယဲ့တို့အဖွဲ့မှလွဲ၍ ဤအကြောင်းကို မည်သူကမျှ မသိရှိနိုင်ပါချေ။
သို့ဆိုလျှင် လင်းကျင်းက ယင်းကို မည်သို့ သိရှိသွားသနည်း။
အဖြေကတော့ ရှင်းနေပါသည်… အကယ်၍ အခြားသုံးယောက်က သူ့ကို သစ္စာမဖောက်ခဲ့လျှင် လင်းကျင်းသည် သူတို့ စားသောက်ဆိုင်တွင် အတူတူစားသောက်နေကြစဥ်ကတည်းက သူ့နောက်သို့ တောက်လျှောက် လိုက်လာခဲ့ခြင်း ဖြစ်ရပေမည်။
အခြေအနေက ဘာကြောင့် ဒီလို ဖြစ်သွားရတာလဲ။ သူ ဒါကို ဘယ်လိုမျိုး လုပ်ဆောင်နိုင်ခဲ့တာလဲ။ ချူကောက် တွေးဝံ့စရာပင် မရှိတော့ပါချေ။ သူ ယခုအချိန်တွင် သူ့အသက်ဘေးက စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပြီး မနက်ဖြန်မိုးလင်းတာကို မြင်တွေ့နိုင်မည် မဟုတ်ကြောင်းကိုသာ သူ သိရှိလိုက်တော့သည်။
“အကဲဖြတ်မှူးလင်း… ငါတို့ ကောင်းကောင်းမွန်မွန် စကားပြောကြရအောင်… ဒါကို မ...”
ချူကောက်က စကားများ ထစ်အငေါ့ ဖြစ်နေရင်း အသက်ဘေးကနေ ကရုဏာသက်ရန် တောင်းပန်တိုးလျှိုးလိုက်၏။
သူ့ ရက်စက်ကြမ်းကြုတ်မှုများနှင့် ဆန့်ကျင်ဘက်အနေဖြင့် ချူကောက်က သေရမည်ကို အလွန်အမင်း ကြောက်ရွံ့တတ်သူ ဖြစ်သည်။
လင်းကျင်း ချက်ချင်း လက်မလှုပ်ရှားသေးပါချေ။ အကယ်၍ သူသာ အလိုရှိပါက စောစောက အပ်ကို ပစ်လွှတ်လိုက်သည့် အချိန်ကတည်းက ချူကောက်၏ ကိုယ်တွင်းအင်္ဂါများကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ထိုလူကို လောလောဆယ် အသက်ချန်ထားပေးခြင်းမှာ လင်းကျင်း သိလိုသည့် မေးခွန်းအချို့ ရှိနေသေးခြင်းကြောင့် ဖြစ်၏။
“မိစ္ဆာအကဲဖြတ်အသင်းအကြောင်း မင်းသိသမျှ အရာအားလုံးကို ငါ့ကို ပြောပြစမ်း… ပြီးတော့ သေချာနားထောင်ထား… အကယ်၍ ငါ့ကို တစ်ခုခု လျှို့ဝှက်ထားဖို့ ကြိုးစားရင်ဖြစ်ဖြစ်… ဒါမှမဟုတ် လှည့်စားဖို့ ကြိုးစားရင်ဖြစ်ဖြစ် မင်းဘာဖြစ်သွားမလဲဆိုတာ မင်းအသိဆုံး ဖြစ်လိမ့်မယ်”
လင်းကျင်းက သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို ကစားနေ၏။ ဤနေရာက ရိုးရှင်းလှသော်လည်း အိမ်ထဲရှိ ပစ္စည်းအများစုမှာ တန်ဖိုးကြီးလှပေသည်။ ဤလက်ဖက်ရည်ခွက်ပင်လျှင် အနည်းဆုံး ငွေဒင်္ဂါး ရာဂဏန်းခန့် တန်ဖိုးရှိသည့် ရတနာတစ်ခု ဖြစ်၏။
ကြည့်ရသည်မှာ ခန်းမသခင်ချူက သက်တောင့်သက်သာရှိပြီး ကောင်းမွန်သော လူနေမှုဘဝကို နှစ်သက်ပုံရသည်။
တစ်နည်းအားဖြင့်ဆိုရသော် လင်းကျင်းအနေဖြင့် ယခုအခြေအနေကို အသာစီးရထားသည်ဆိုသည့် အမှတ်အသားပင် ဖြစ်၏။ ဤမျှ များပြားသော ရုပ်ဝတ္ထုပိုင်ဆိုင်မှုများ ရှိနေခြင်းကြောင့် ဤလူသည် လင်းကျင်း၏ အမိန့်ကို နာခံရန် အကြောင်းပြချက် ပိုမိုရှိနေပေသည်။
ချူကောက် တုံ့ဆိုင်းသွား၏။ သူ မိစ္ဆာအကဲဖြတ်အသင်းအကြောင်း အများကြီး သိရှိထားသော်လည်း အဖွဲ့အစည်း၏ စည်းမျဉ်းများကိုလည်း သူ နားလည်ထားသည်။ အကယ်၍ ရန်သူက သူ့ထံမှ တစ်စုံတစ်ခုကို ကြားသိသွားပါက သူသည် သေလူ ဖြစ်သွားပေလိမ့်မည်။
လင်းကျင်းက လှောင်ပြုံးတစ်ခု ပြုံးလိုက်ရင်း ငွေအပ်ကို ချူကောက်၏ ခန္ဓာကိုယ်ထဲသို့ ပို၍ ဖိသွင်းလိုက်၏။ ထိုအရာ ဖြစ်ပျက်သွားသည်နှင့်တစ်ပြိုင်နက် သူ့သွေးကြောတစ်ခုက ကြေမွသွားတော့သည်။
စူးရှလှသော နာကျင်မှုကြောင့် ချူကောက်ထံမှ ချွေးစေးများ တဖြိုင်ဖြိုင် ကျဆင်းလာပြီး သူ၏ မျက်နှာအမူအရာတစ်ခုလုံး နာကျင်မှုကြောင့် တွန့်လိမ်သွားရ၏။
သူ့သားရဲက သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသော်လည်း ချူကောက် ယခုအချိန်တွင် သူ့သွေးကတိစာချုပ်၏ စွမ်းအားကို အသုံးမပြုနိုင်ပါချေ။ ထိုအဆိပ်မြွေကြီးက သေဆုံးသွားသည့်အလား ဤပြင်ပက ခြိမ်းခြောက်မှုကို တုံ့ပြန်ရန် ပျက်ကွက်နေခဲ့သည်။
သံသယဖြစ်စရာမလိုဘဲ ဒါက လင်းကျင်း၏ အစီအစဉ်အတိုင်း ဖြစ်ပေသည်။
သူ့ခန္ဓာကိုယ်က နာကျင်မှုကြောင့် တုန်ရင်နေစဥ်မှာပင် ချူကောက်သည် သူ့အသက်က လင်းကျင်း၏ လက်ထဲတွင် ရှိနေပြီဖြစ်ကြောင်း နောက်ဆုံး၌ သဘောပေါက်သွားတော့သည်။ အကယ်၍ သူ အသက်ရှင်ချင်ပါက သတင်းအချက်အလက်အချို့ကို ပေးရမည်ဖြစ်ပြီး မဟုတ်လျှင် သူ ယနေ့ညကို ကျော်ဖြတ်နိုင်မည် မဟုတ်ပါချေ။
သို့သော်လည်း သတင်းအချက်အလက်များကို ပြောပြပြီးလျှင်ပင် သူ့ကို လွှတ်ပေးမည်မဟုတ်ကြောင်း ချူကောက် သိရှိပေသည်။ အဓိကအချက်မှာ စကားပြောခြင်းဖြင့် သူ အချိန်ဆွဲနိုင်သော်လည်း စကားမပြောပါက သူ့ကို စောင့်ကြိုနေသည်မှာ သေချာပေါက် သေခြင်းတရားသာ ဖြစ်၏။
ထို့ကြောင့် ချူကောက်က ကြောက်ရွံ့မှုများကြောင့် အရာအားလုံးကို အကုန်အစင် ထုတ်ဖော်ပြောဆိုလိုက်တော့သည်။
လင်းကျင်းက သေချာစွာ နားထောင်နေ၏။ စားသောက်ဆိုင်၏ သီးသန့်ခန်းထဲတွင် သူ ချောင်းမြောင်းနားထောင်ခဲ့ရသည်များနှင့် ပေါင်းစပ်လိုက်သောအခါ လင်းကျင်း ယခုအခါ မိစ္ဆာအကဲဖြတ်အသင်းအကြောင်း ပိုမိုနက်ရှိုင်းစွာ နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဤအဖွဲ့အစည်းက သူ ကနဦးက ထင်မှတ်ထားခဲ့သည်ထက် ပိုမိုကြီးမားပြီး ၎င်း၏ အမြစ်တွယ်မှုက မျှော်လင့်ထားသည်ထက် ပိုမိုနက်ရှိုင်းလှပေသည်။
ချူကောက်က အမှောင်နန်းဆောင်၏ ခန်းမသခင် ဖြစ်လာခဲ့သည်မှာ မကြာသေးသော်လည်း အဖွဲ့အစည်း၏ အထက်လူကြီးအများအပြား ဤထျန်းရွှမ်မြို့တွင် ရောက်ရှိနေကြောင်း သူ သိရှိထား၏။ ၎င်းတို့ထဲတွင် အဓိကလူမှာ ‘အနက်ရောင်တမန်တော်’ ဖြစ်ပြီး ထိုလူကလည်း ယနေ့ ထျန်းရွှမ်မြို့တွင် ရှိနေခြင်း ဖြစ်သည်။
အဖြူရောင်တမန်တော်နှင့် မိစ္ဆာအကဲဖြတ်အသင်း၏ ဥက္ကဋ္ဌတို့နှင့်ပတ်သက်၍မူ ၎င်းတို့ ဘယ်နေရာတွင် ရှိနေသလဲဆိုသည်ကို ချူကောက် မသိပါချေ။
၎င်းတို့က အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော လူများ ဖြစ်ကြသည်။ ချူကောက်က အနက်ရောင်တမန်တော်နှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ထိုလူက အနက်ရောင် ဝိညာဉ်မျက်နှာဖုံးကို ဝတ်ဆင်ထားသဖြင့် ၎င်းက ယောက်ျားလား မိန်းမလား သို့မဟုတ် လူငယ်လား လူအိုလားဆိုသည်ကို ချူကောက် မသိရှိပါချေ။ သို့သော်လည်း သူသည် ဤမြို့ရှိ အမှောင်နန်းဆောင် ဌာနခွဲတစ်ခု၏ တည်နေရာကိုတော့ အနည်းဆုံး သိရှိထား၏။
ချူကောက်က သူသိထားသည့် သတင်းအချက်အလက်အားလုံးကို အတင်းအကျပ် ထုတ်ပြောခဲ့ရသော်လည်း ၎င်းက ချောချောမွေ့မွေ့ ဖြစ်မနေခဲ့ပါချေ။ လင်းကျင်းအနေဖြင့် သူ့စကားများက အမှန်တရားလား မဟုတ်ဘူးလားဆိုသည်ကို မရေမရာ ဖြစ်နေရသည်။ သူ သိထားသမျှအရ ယင်းက သူ့လိုလူမျိုးများအတွက် ဆင်ထားသည့် ထောင်ချောက်တစ်ခုလည်း ဖြစ်သွားနိုင်ပေသည်။
“ဒါက ဒီလောက်ပါပဲ”
လင်းကျင်းက လက်ဖက်ရည်ခွက်ကို ချလိုက်၏။ အပြင်ဘက်က လမင်းကို ကြည့်ရင်း အချိန်နှောင်းနေပြီဖြစ်ကြောင်းနှင့် ယနေ့ညတွင် လုပ်ဆောင်စရာများစွာ ရှိနေသေးကြောင်း သူ သိရှိလိုက်သည်။ လင်းကျင်း ဤနေရာတွင် အချိန်ထပ်ပြီး မဖြုန်းတီးနိုင်ပါချေ။
ချူကောက်၏ အဆိပ်ပေါင်းစုံ ပေါက်ကွဲစေတတ်သော မန္တန်အဆောင်မှာ ယခုအခါ လင်းကျင်း၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းက သာမန်မဟုတ်သော ပစ္စည်းတစ်ခု ဖြစ်ပြီး လင်းကျင်း၏ တည်ရှိမှုကို ခြိမ်းခြောက်နေသည့် သော့ချက် ဖြစ်ပေ၏။
ယခုမူ ယင်းက လင်းကျင်း၏ ပိုင်ဆိုင်မှု ဖြစ်သွားခဲ့ပြီ။
သူသည် ထိုမန္တန်အဆောင်ကို မည်သို့ အသက်သွင်းရမည်ဆိုသည်ကိုလည်း ချူကောက်ထံမှ လေ့လာသိရှိခဲ့ရသည်။
လင်းကျင်းက ချူကောက်ကို လှည့်ပင်မကြည့်တော့ဘဲ အိမ်ထဲကနေ လျှောက်လှမ်းထွက်ခွာလာခဲ့၏။
ယင်းကို မြင်သောအခါ ချူကောက်က မိမိ ဘေးဒုက္ခကနေ လွတ်မြောက်သွားခဲ့ပြီဟု တွေးတောကာ စိတ်ထဲတွင် လျှို့ဝှက်စွာ ကျေနပ်နေမိသည်။ သို့သော်လည်း လင်းကျင်း အပြင်ဘက်သို့ ရောက်ရှိသွားသည့် တစ်ခဏမှာပင် ချူကောက်သည် သူ့ဦးခေါင်းတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်က တွန့်လိမ်သွားကာ ကြမ်းပြင်ပေါ်သို့ လဲကျ၍ အသက်ပျောက်သွားတော့သည်။
ငွေအပ်တစ်ချောင်းက သူ့ခန္ဓာကိုယ်ထဲကနေ ပျံသန်းထွက်လာပြီး ပြတင်းပေါက်ကို ဖောက်ထွက်ကာ လင်းကျင်း၏ အင်္ကျီလက်အောက်ထဲသို့ ပြန်လည်ဝင်ရောက်သွား၏။
လင်းကျင်းက ဤငွေအပ်များကို သန့်စင်မွမ်းမံထားခြင်းဖြစ်ပြီး ယင်းတွင် အပ်အစင်းရေ တစ်ရာကျော်သာ ရှိသည်။ ၎င်းတို့ထဲက တစ်စင်းချင်းစီက အလားတူပင် အဖိုးတန်လှပေ၏။
ကြိုးကိုင်သူဖြစ်သော ချူကောက်ကတော့ ရှင်းလင်းခြင်း ခံလိုက်ရပြီဖြစ်ပြီး လင်းကျင်းအနေဖြင့် မိမိက လက်လွန်သွားခဲ့သည်ဟု မခံစားရပါချေ။ အကယ်၍ သူ ချူကောက်ကို မသတ်ခဲ့လျှင် ချူကောက်က သူ့ကို သတ်ပေလိမ့်မည်။
ဤနေအိမ်က အလွန်ပင် ဆိတ်ငြိမ်လှသဖြင့် ချူကောက်၏ အလောင်းကို မိုးလင်းသည့်အချိန်ကျမှသာ တွေ့ရှိကြပေလိမ့်မည်။
လင်းကျင်းက ချူကောက်၏ အလောင်းကို ဝှက်ထားရန် မကြိုးစားခဲ့ပါချေ။ မိစ္ဆာအကဲဖြတ်အသင်းက သူ့ကို တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကတည်းက ဤနေရာတင် စစ်ကြေညာလိုက်ပြီး ကစားပွဲကို စတင်လိုက်လျှင် ဘာဖြစ်မည်နည်း။
ထျန်းရွှမ်မြို့ရှိ လမ်းမတစ်ခုတွင် လောင်းကစားဒိုင်များက တစ်ခုနှင့်တစ်ခု ဘေးချင်းယှဉ်လျက် တည်ရှိနေကြ၏။ အပြင်ဘက်တွင် ညဉ့်နက်နေပြီဖြစ်သော်လည်း လောင်းကစားသမားအများအပြားက ဖယောင်းတိုင်မီးများဘေးတွင် စုဝေးနေကြဆဲဖြစ်ပြီး စွန့်စားရမှု၏ ရင်ခုန်စိတ်လှုပ်ရှားမှုကို ခံစားနေကြသည်။
စားပွဲပေါ်တွင် ငွေစများ ပုံကျနေပြီး ၎င်းတို့က အများအားဖြင့် အပိုင်းအစများ ဖြစ်ကြသော်လည်း ငွေတုံးများနှင့် ရွှေတုံးများလည်း ရှိနေသေးသည်။ ၎င်းတို့က ဤစားပွဲပေါ်တင် ငွေစင် ထောင်ဂဏန်းခန့် တန်ဖိုးရှိပုံရ၏။ ရင်ဘတ်ဗလာနှင့် လောင်းကစားသမားများက ရုန်းရင်းဆန်ခတ် အခြေအနေအတွင်း မြေခွက်နှစ်ခုကို အတူတကွ ကိုင်ထားရင်း အံစာတုံးများကို လှုပ်ခါနေကြသည်။
ကတုံးနှင့် လူတစ်ယောက်က အပြင်ကနေ ဝင်ရောက်လာခဲ့၏။
“ဆိုင်ရှင်ဝေ… ခင်ဗျား ရောက်လာပြီပဲ”
“မင်္ဂလာပါ ဆိုင်ရှင်”
ဤနေရာရှိ ဖောက်သည်အများအပြားက သူ့ကို ချက်ချင်း လှမ်း၍ နှုတ်ဆက်ကြသော်လည်း ကတုံးဆိုင်ရှင်က သူတို့ကဲ့သို့ စိတ်အားထက်သန်ခြင်း မရှိပါချေ။ သူက သူတို့ကို အော်ဟစ်လိုက်၏။
“နောက်ကျနေပြီ… ဒီနေ့ညအတွက် ဒီလောက်နဲ့ပဲ ပြီးပြီ… အားလုံး ထွက်သွားကြ”
ထိုသို့ပြောလိုက်သည်နှင့် ဤနေရာက လူမိုက်များက ဖောက်သည်များကို စတင်မောင်းထုတ်ကြတော့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ဆိုင်ရှင်တွင် သူတို့အတွက် ပေးစရာ တာဝန်တစ်ခု ရှိနေရမည်ကို သိရှိခြင်းကြောင့် ဖြစ်၏။
“ငါတို့ ညီအစ်ကိုတွေအားလုံးကို စုစည်းလိုက်”
မျှော်လင့်ထားသည့်အတိုင်းပင် ကတုံးဆိုင်ရှင်က သူ့ညွှန်ကြားချက်များကို ထုတ်ပြန်လိုက်သည်။
မကြာမီအချိန်၌ ကြွက်သားထွက်နေသော လူတစ်ဒါဇင်ကျော်က ဤအခန်းအသေးလေးထဲတွင် ပြည့်ကျပ်သွားကြ၏။ မှိန်ဖျော့လှသော ဖယောင်းတိုင်မီးက လူတိုင်း၏ မျက်နှာကို ဖော်ပြရန်အတွက် မလုံလောက်ပါချေ။ အချိန်မဖြုန်းတီးတော့ဘဲ ကတုံးဆိုင်ရှင်က ရှင်းပြလိုက်သည်။
“သူဌေးက မနက်ဖြန်ကျရင် ခရီးဝေးတစ်ခု ထွက်ခွာတော့မှာ... ငါလည်း အတူတူ လိုက်သွားရမယ်… ငါတို့ တိုက်ခိုက်ရေးမှာ ကျွမ်းကျင်တဲ့ လူအချို့လည်း လိုအပ်သေးတယ်… ဘယ်သူက ငါတို့နဲ့အတူ လိုက်ချင်လဲ”
လူများက မှင်တက်သွားကြပြီး ခဏမျှ မည်သူကမျှ စကားမပြောကြပါချေ။
ဆိုင်ရှင်ကိုယ်တိုင်က တာဝန်တစ်ခုဖြင့် အပြင်သို့ ထွက်ခွာမည်ဖြစ်ရာ ဤစိန်ခေါ်မှုက သေချာပေါက် သာမန်အရာတစ်ခု မဟုတ်ပါချေ။ ထို့ကြောင့် ဘေးကင်းအောင် နေခြင်းက ပို၍ ကောင်းပေသည်။
ကတုံးဆိုင်ရှင်က သူတို့၏ တုံ့ပြန်မှုကြောင့် စိတ်ပျက်မသွားပါချေ။
“မင်းတို့တွေ စကားမပြောကြဘူးဆိုတော့ ငါပဲ ရွေးချယ်ရတော့မယ်… လောင်စန်း… မင်း ငါနဲ့အတူ လိုက်ခဲ့ရမယ်”
ကတုံးဆိုင်ရှင်က ပြောလိုက်၏။ ထောင့်တစ်နေရာမှ အသားညိုညိုနှင့် လူတစ်ယောက်က ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ ဆိုင်ရှင်”
“လောင်ရွှီ… မင်းလည်း အတူတူပဲ”
“ဟုတ်ကဲ့”
“အားချင်း… မင်းပါ လိုက်ခဲ့”
လူငယ်တစ်ယောက်က ခေါင်းညိတ်ပြ၏။
“ငါနဲ့ သူဌေး အပြင်ရောက်နေတဲ့အချိန်အတွင်းမှာ ဆိုင်ကို သေချာဂရုစိုက်ကြ… ပြီးတော့ ပြဿနာတွေ မရှာကြနဲ့… အကယ်၍ နှောင့်ယှက်တဲ့ ကိစ္စတစ်ခုခု ဖြစ်လာရင်တောင် ငါတို့ ပြန်လာတာကို စောင့်ကြ”
“သိပါပြီ ဆိုင်ရှင်”
ရုတ်တရက်ဆိုသလို ဘယ်ကမှန်းမသိသော လေပြေတစ်ခုက တိုက်ခတ်ဝင်ရောက်လာပြီး ဝူးခနဲ အသံနှင့်အတူ အခန်းထဲရှိ ဖယောင်းတိုင်မီးက ငြိမ်းသတ်ခြင်း ခံလိုက်ရ၏။
တစ်ခဏအတွင်းမှာပင် အခန်းတစ်ခုလုံး လုံးဝ မှောင်အတိ ကျသွားတော့သည်။
ဆိုင်ရှင်ဝေက စကား ဆက်ပြောရန် ပြင်လိုက်စဥ်မှာပင် လူတစ်ယောက်၏ ခန္ဓာကိုယ် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည့် အသံမျိုးကို သတိရစေသည့် ထူးခြားသော မြည်ဟီးသံ ဆက်တိုက်ကို သူ ကြားလိုက်ရလေတော့သည်။