← Chapters

အခန်း ၄၇၀

Vol. 24 Ch. 470

အခန်း ၄၇၀

Vol. 24 Ch. 470

အခန်း ၄၇၀ - သိုင်းပညာရှင်ကြီး

​“ဘာဖြစ်တာလဲ… မီးတွေ ဘာလို့ ပိတ်သွားတာလဲ… ဘယ်အရူးက တံခါး မပိတ်ဘဲ ထားတာလဲ”

​ဆိုင်ရှင်ဝေသည် မှောင်အတိ ကျသွားခြင်းကြောင့်သာမက စောစောက ကြားလိုက်ရသည့် အသံများကြောင့်ပါ ရင်ထဲတွင် အနည်းငယ် စိုးရိမ်ထိတ်လန့်မှုကို ခံစားနေရ၏။

​သူ့တပည့်များထံမှ ပြန်လည်ဖြေကြားသံကို ကြားရပါစေဟု သူ စိတ်ထဲကနေ တိတ်တဆိတ် ဆုတောင်းနေမိသည်။

​သို့သော်လည်း သူ့မေးခွန်း၏နောက်တွင် ထူးဆန်းသော တိတ်ဆိတ်မှုသာ လွှမ်းမိုးသွားသဖြင့် သူ့နှလုံးသားက ဘုန်းဘုန်းလဲမတတ် တုန်လှုပ်သွားရ၏။ ဤအခန်းထဲတွင် သူတစ်ယောက်တည်းသာ ကျန်ရှိတော့သည့်အလား ခံစားလိုက်ရသည်။

​ဆိုင်ရှင်ဝေ၏ ပထမဆုံး တုံ့ပြန်မှုမှာ ဤအတွေးများကို မေ့ပျောက်ရန် ကြိုးစားခြင်းပင် ဖြစ်၏။

​အခန်းထဲတွင် သူ့တပည့် လူမိုက်ပေါင်း တစ်ဒါဇင်ကျော် ရှိနေပြီး ၎င်းတို့အားလုံးက သန်မာထွားကျိုင်းသော လူကြီးများ ဖြစ်ကြသည်။ ဖယောင်းတိုင်မီး ငြိမ်းသွားခဲ့သည်မှာ စက္ကန့်ပိုင်းမျှသာ ရှိသေးသဖြင့် တစ်စုံတစ်ခု ဖြစ်ပျက်သွားရန် မည်သို့ ဖြစ်နိုင်မည်နည်း။

​တစ်ခုခု ဖြစ်ပျက်ခဲ့လျှင်ပင် အနည်းဆုံးတော့ အော်ဟစ်ညည်းတွားသံ တစ်ချက်လောက် ကြားရမည် ဖြစ်သည်။ မည်သည့်အသံမျှ ထွက်မလာခြင်းကတော့ မဖြစ်နိုင်ပါချေ။

​သူ ယခုလို အခြေအနေမျိုးနှင့် ကြုံတွေ့ရခြင်းက ပထမဆုံးအကြိမ် ဖြစ်နိုင်သော်လည်း ဆိုင်ရှင်ဝေ၏ ဗီဇစိတ်က တစ်စုံတစ်ခု သေချာပေါက် မှားယွင်းနေပြီဖြစ်ကြောင်း သတိပေးနေ၏။

​သူ အဆင်အခြင်မဲ့ လှုပ်ရှားခြင်း မပြုဘဲ ထိန်းချုပ်ထားလိုက်သည်။

​ဤအခန်းတွင် တံခါးတစ်ပေါက်တည်းသာ ရှိပြီး ၎င်းကိုလည်း သေသေချာချာ ပိတ်ထားခြင်း ဖြစ်သဖြင့် သူတို့အတွက် တစ်ခုတည်းသော အလင်းရောင်မှာ ရုတ်တရက် ငြိမ်းသွားခဲ့သည့် ဖယောင်းတိုင်မီးသာ ဖြစ်၏။

​သူ့တပည့်တစ်ယောက်မျှ အသံမထွက်နိုင်ခြင်းက တစ်စုံတစ်ခု သေချာပေါက် ဖြစ်ပျက်ခဲ့ပြီဆိုသည့် အချက်ကို ညွှန်ပြနေပေသည်။

​ဆိုင်ရှင်ဝေ၏ သားရဲဖြစ်သော ဓားသွားစွယ် အမဲလိုက်ခွေးက အပြင်ဘက်တွင် စောင့်ဆိုင်းနေခြင်း ဖြစ်၏။ သူသည် သူ့အဖော်ကို လှမ်းခေါ်ရန် သွေးကတိစာချုပ် ဆက်သွယ်မှုကို အသုံးပြုဖို့ ကြိုးစားခဲ့သော်လည်း သူ့တပည့်များနည်းတူ သူ့သားရဲထံမှလည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပါချေ။

​ဆိုင်ရှင်ဝေ ယခုအချိန်တွင် လုံးဝ မလှုပ်ရဲတော့ပါချေ။

​သူ အသက်ကိုပင် ပြင်းပြင်းမရှူရဲတော့ဘဲ ရှိနေ၏။ သူ ကုန်းထပြီး တံခါးဆီသို့ အပြေးသွားကာ ထွက်ပြေးရန် စဉ်းစားခဲ့သော်လည်း ထိုသို့လုပ်ဆောင်ရန်ပင် အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။

​သူတို့ ဖယောင်းတိုင်မီးကို ငြိမ်းသတ်ခဲ့ပြီး သူ့တပည့်အားလုံးကို အလဲထိုးကာ အပြင်ဘက်ရှိ သူ့သားရဲကိုပါ အသံတိတ်အောင် လုပ်ဆောင်ခဲ့သည့်လူမှာ မည်သူပင်ဖြစ်ပါစေ… တစ်နည်းအားဖြင့်ဆိုရသော် ထိုရန်သူက ဆိုင်ရှင်ဝေ တစ်ယောက်တည်းနှင့် ကိုင်တွယ်နိုင်မည့်သူ မဟုတ်ပါချေ။

​သူ ထိုအချက်ကိုတော့ အနည်းဆုံး သိရှိနားလည်ထားသည်။

​စောင့်ဆိုင်းခြင်း။

​မသိရှိရသေးသော အရာတစ်ခုကို စောင့်ဆိုင်းနေရခြင်းက အချိန်ကုန်လွန်ရန် အလွန်ပင် ခက်ခဲလှပြီး ဤစောင့်ဆိုင်းမှု၏ အဆုံးသတ်တွင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ရှိနေမည်ကို သူ အသေအချာ သိရှိပေသည်။

​ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မီးပွားတစ်ခု ပေါ်ထွက်လာပြီး ငြိမ်းနေသော ဖယောင်းတိုင်ပေါ်သို့ ကျရောက်သွားကာ ၎င်းကို ပြန်လည်တောက်လောင်စေခဲ့၏။

​မှောင်အတိ ကျနေသော အခန်းက တဖန် ပြန်လည်လင်းထိန်သွားခဲ့ပြီ ဖြစ်သည်။

​ဆိုင်ရှင်ဝေသည် သူ့ညီအစ်ကိုများအားလုံး ကြမ်းပြင်ပေါ်တွင် လှုပ်ရှားမှုမရှိဘဲ လဲကျနေသည်ကို ချက်ချင်း မြင်တွေ့လိုက်ရ၏။ သူ အကြောက်ဆုံးအရာက အမှန်တကယ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူ့လူအားလုံးက မှောင်မိုက်နေစဥ်အတွင်း စက္ကန့်ပိုင်းမျှသာရှိသော အချိန်အတွင်းမှာပင် အလဲထိုးခြင်း ခံလိုက်ရပေသည်။

​တကယ့်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းရည်ပဲ။

​ရန်သူက မည်သူပင်ဖြစ်ပါစေ ဆိုင်ရှင်ဝေအနေဖြင့် တစ်ယောက်တည်းနှင့် တိုက်ခိုက်ရန် မစွန့်စားဝံ့ပါချေ။

​သူ အရှေ့သို့ လှမ်းကြည့်လိုက်သောအခါ လူတစ်ယောက် ပေါ်ပေါက်နေသည်ကို တွေ့လိုက်ရ၏။

​ထိုလူ၏ ခန္ဓာကိုယ် အထက်ပိုင်းက အမှောင်ထုထဲတွင် ဖုံးကွယ်နေသဖြင့် သူ့မျက်နှာသွင်ပြင်ကို ရှင်းလင်းစွာ မမြင်ရပါချေ။ သူက ယခုအခါ အခန်းတစ်ဖက်ရှိ လောင်းကစားစားပွဲတွင် ထိုင်နေခြင်း ဖြစ်သည်။

​၎င်းက သွေးပျက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်၏။ ဆိုင်ရှင်ဝေက ဒေသခံ လူမိုက်တစ်ယောက် ဖြစ်နိုင်သော်လည်း နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သည့် သူ့အတွေ့အကြုံများအရ တစ်စုံတစ်ခုက သူ့ကို ယခုအချိန်တွင် လက်လျှော့လိုက်ရန် သတိပေးနေခဲ့သည်။

​သူက ချက်ချင်းပင် ပြောလိုက်၏။

​“ကျွန်တော် ဝေယူချိုင်က လောင်းကစားစီးပွားရေးကို လုပ်ကိုင်နေတာဖြစ်လို့ တစ်ခါတရံမှာ လူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တာမျိုး ရှိနိုင်ပါတယ်… ဒါပေမဲ့ ကျွန်တော် ခင်ဗျားအပေါ် တစ်ခုခု မှားယွင်းခဲ့တာ ရှိရင်လည်း ခွင့်လွှတ်ပေးပါ ညီအစ်ကို… ကျွန်တော် ခင်ဗျားကို တောင်းပန်ပါတယ်… စားပွဲပေါ်က ငွေတွေကို ခင်ဗျား သဘောရှိသလောက် ယူဆောင်သွားနိုင်ပါတယ်… အကယ်၍ ဒါက အခြားကိစ္စတစ်ခုခုကြောင့်ဆိုရင်လည်း ကျွန်တော့်ကို ပြောပြပါ… ကျွန်တော့်ရဲ့ အရည်အချင်းအတိုင်းအတာအတွင်းမှာ ရှိမယ်ဆိုရင် ခင်ဗျားရဲ့ အမိန့်ကို သေချာပေါက် နာခံပါ့မယ်”

​တကယ်ကို အခြေအနေကို နားလည်တတ်တာပဲ။

ထျန်းရွှမ်မြို့က ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပီပီ ဆိုင်ရှင်ဝေသည် မည်သည့်အချိန်တွင် ရှေ့တိုးရမည်ဖြစ်ပြီး မည်သည့်အချိန်တွင် လက်လျှော့ရမည်ကို အသေအချာ သိရှိပေသည်။

​စားပွဲတစ်ဖက်တွင် ထိုင်နေသောလူမှာ အခြားသူမဟုတ်ဘဲ လင်းကျင်း ဖြစ်၏။

​သူ့အတွက်တော့ ဤဝေယူချိုင်က အရေးမကြီးသလို တန်ဖိုးလည်း မရှိပါချေ။ လင်းကျင်းက ထိုသူဌေးသား သခင်လေး၏ တည်နေရာကို မေးမြန်းရန်အတွက်သာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။

​ဒါက သူ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ပဲ။

​ဝေယူချိုင်က ထိုသခင်လေးကို ‘သူဌေး’ ဟု ခေါ်ဆိုခဲ့သည်ကို လင်းကျင်း မှတ်မိနေခဲ့သည်။

​“မင်းတို့ရဲ့ သူဌေးက ဘယ်မှာလဲ”

​လင်းကျင်းက မေးလိုက်၏။

​ဝေယူချိုင်၏ ခန္ဓာကိုယ်က အတိုင်းသား တောင့်တင်းသွားပြီး သူ့နှလုံးက ပြင်းထန်စွာ တုန်ခါသွားရသည်။ လင်းကျင်းက ထပ်လောင်းပြောဆိုလိုက်၏။

​“မင်း စကားပြောဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်… အဲဒါကို အလဟဿ မဖြစ်စေနဲ့”

​ဝေယူချိုင်၏ နဖူးထက်မှ ချွေးစေးများ တဖြိုင်ဖြိုင် ကျဆင်းလာခဲ့ပြီ ဖြစ်သည်။

​ဒါက အသက်ဘေးနဲ့ ဆိုင်တဲ့ ကိစ္စပဲ။

​အကယ်၍ သူ လင်းကျင်းကို လိမ်ညာမိပါက သို့မဟုတ် ‘ကျွန်တော် မသိဘူး’ ဟု သာမန်အတိုင်း ဖြေကြားမိပါက မည်သို့သော အခြေအနေနှင့် ကြုံတွေ့ရမည်ကို သူ အသေအချာ သိရှိပေသည်။

​သေခြင်းတရားပဲ။

​ဝေယူချိုင် မသေချင်ပါချေ။

​သူ့သူဌေးကို သစ္စာဖောက်ခြင်းကလည်း ကောင်းမွန်သောအရာ မဟုတ်သော်လည်း ၎င်းက ယခုအချိန်တွင် ချက်ချင်းသေရမလား သို့မဟုတ် မနက်ဖြန်မှ သေရမလားဆိုသည့် ရွေးချယ်မှုမျိုး ဖြစ်နေသည်။ ထို့အပြင် မိုးလင်းရန်အတွက် အချိန်အနည်းငယ် လိုသေးသဖြင့် သူ ဤအချိန်ကို အသုံးပြု၍ ထွက်ပြေးနိုင်ပေလိမ့်မည်။

​ထိုလူက သူ့သူဌေးကို ရှာဖွေနေခြင်းဖြစ်သဖြင့် ဝေယူချိုင်ကိုယ်တိုင်က ပစ်မှတ်မဟုတ်သည်မှာ သေချာပေသည်။

​ဒါက ကောင်းတဲ့အချက်ပဲ။

​ထို့ကြောင့် သူ အလျင်အမြန် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်၏။ သူ သတ္တိကို စုစည်းလိုက်ပြီးနောက် မေးလိုက်သည်။

​“သခင်… ခင်ဗျားက ကျွန်တော်တို့ သူဌေးကို ကလဲ့စားချေဖို့ ကြံစည်နေတာလား”

​“အဲဒါက မင်းနဲ့ ဘာဆိုင်လို့လဲ”

​“ကျွန်တော်တို့ သူဌေးရဲ့ စံအိမ်က ဒီအနီးအနားမှာပဲ ရှိပါတယ်… တံခါးအပြင်ဘက်ကို ရောက်ရင် ညာဘက်ကို ကွေ့လိုက်ပါ… ပြီးရင် အဲဒီလမ်းရဲ့ တတိယမြောက် လမ်းကြားအဆုံးအထိ သွားလိုက်ပါ… လမ်းကြားရဲ့ အဆုံးဆုံးမှာရှိတဲ့ စံအိမ်ကြီးဖြစ်ပြီး တံခါးဝမှာ ဧကရာဇ်ဝူရဲ့ ကျောက်ဆစ်ရုပ်တု ရှိပါတယ်… အဲဒါကို အလွယ်တကူ မှတ်မိနိုင်မှာပါ”

​ဝေယူချိုင်က မည်သို့မျှ တုံ့ဆိုင်းခြင်းမရှိဘဲ သူ့သူဌေးကို သစ္စာဖောက်လိုက်တော့သည်။

​ဤသတင်းအချက်အလက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းအတွက် သူ့သူဌေးက သူ့ကို ဘယ်တော့မှ ခွင့်လွှတ်လိမ့်မည်မဟုတ်ကြောင်း သိရှိသဖြင့် ဝေယူချိုင်သည် ဤညဉ့်မှောင်မိုက်မှုကို အသုံးပြု၍ ထွက်ပြေးရန် ဆုံးဖြတ်လိုက်၏။ ကံကောင်းစွာဖြင့် သူက ယခုလို အခြေအနေမျိုးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ဖူးသည်။ တစ်နေ့နေ့တွင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်လာပါက ဦးတည်ချက်မရှိဘဲ ပြေးလွှားနေရခြင်းမျိုး မဖြစ်စေရန်အတွက် သူ နှစ်ပေါင်းများစွာကတည်းက ထွက်ပြေးမည့် လမ်းကြောင်းတစ်ခုကို ရှာဖွေထားခဲ့ခြင်း ဖြစ်၏။

​“မင်း ငါ့ကို မလိမ်တာ ပိုကောင်းလိမ့်မယ်… မဟုတ်ရင် မင်း ဘယ်နေရာကိုပဲ ပြေးပြေး သေခြင်းတရားက မင်းရဲ့ တံခါးကို လာခေါက်လိမ့်မယ်”

​ဖယောင်းတိုင်မီးက လှုပ်ခါသွားပြီး သူ သတိမထားမိလိုက်သည့် အချိန်အတွင်းမှာပင် ထိုနေရာတွင် ထိုင်နေသောလူမှာ ပျောက်ကွယ်သွားတော့သည်။

​ဝေယူချိုင်က ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် လဲကျနေသည့် ညီအစ်ကိုများကို လှမ်းကြည့်ရန်ပင် ကြောက်ရွံ့နေခဲ့သည်။ စားပွဲပေါ်တွင် ငွေများ ရှိနေသေးသည်ကို သတိပြုမိသွားသဖြင့် သူက စားပွဲခင်းဖြင့် ၎င်းတို့ကို ထုပ်ပိုးလိုက်ပြီး အပြင်ဘက်သို့ အလျင်အမြန် ထွက်လာခဲ့တော့သည်။

​သူသည် ဤညဉ့်မှောင်မိုက်မှုအတွင်းသို့ ထွက်ပြေးတော့မည်ဖြစ်ပြီး ပိုမိုဝေးကွာသောနေရာသို့ ရောက်ရှိလေလေ ပို၍ ကောင်းလေလေ ဖြစ်ပေသည်။

​သို့သော်ငြားလည်း သူ့ခန္ဓာကိုယ်ထဲတွင် အပ်တစ်ချောင်း ပုန်းကွယ်နေဆဲဖြစ်ကြောင်းကိုမူ သူ မသိရှိပါချေ။ ဝေယူချိုင်က သူ့ကို လိမ်ညာခဲ့ခြင်းမျိုး ရှိမရှိ သေချာစေရန်အတွက် လင်းကျင်း ယင်းကို ပြန်လည်မထုတ်ယူသေးခြင်း ဖြစ်သည်။

​သို့သော်လည်း လင်းကျင်း၏ ဗီဇစိတ်အရ ဝေယူချိုင်က လိမ်ညာနေခြင်း မဟုတ်ကြောင်း သိရှိပေ၏။

​သူ့လို ဒေသခံ လူမိုက်များက လူ့အဖွဲ့အစည်း၏ အောက်ခြေအဆင့်တွင် ရှိနေကြသူများ ဖြစ်သည်။ တစ်နေ့လုံး ညီအစ်ကိုသံယောဇဉ်အကြောင်း ပြောဆိုနေကြသော်လည်း သူတို့က အခြားလူတစ်ယောက်အတွက် အသက်ပေးကြမည့်သူများ မဟုတ်ပါချေ။ သူက ‘မိမိကိုယ်ကျိုးကိုသာ ကြည့်တတ်သည်’ ဆိုသည့် စကားပုံ၏ လက်တွေ့ကျသော သာဓကတစ်ခုပင် ဖြစ်သည်။

​လင်းကျင်းက မကြာမီအချိန်၌ ဝေယူချိုင် ပြောပြခဲ့သော နေရာသို့ ရောက်ရှိလာခဲ့၏။

​သူသည် လမ်းကြား၏ အနက်ဆုံးနေရာတွင် ထိုအိမ်ကို ရှာတွေ့ခဲ့ပြီး မျှော်လင့်ထားသည့်အတိုင်းပင် တံခါးဝတွင် ဧကရာဇ်ဝူ၏ ကျောက်ဆစ်ရုပ်တု ရှိနေခဲ့သည်။

​ဧကရာဇ်ဝူဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်းရာချီက နေထိုင်ခဲ့သည့် ဒဏ္ဍာရီလာ သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်၏။ အခြားလူများအားလုံးက သားရဲများနှင့် သွေးကတိစာချုပ်အကြောင်းကိုသာ လေ့လာနေကြစဥ်မှာပင် ဧကရာဇ်ဝူက ကွဲပြားခြားနားသော လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့ပြီး သိုင်းပညာကို လေ့ကျင့်ကာ ကမ္ဘာ့အဆင့်မီ ပညာရှင်တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

​ထိုအချိန်ကစ၍ သူက ဧကရာဇ်ဝူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရ၏။ သိုင်းပညာကို ဝါသနာပါသူအများအပြားက သိုင်းပညာအပေါ် ၎င်းတို့၏ သစ္စာရှိမှုနှင့် ရိုသေလေးစားမှုကို ပြသရန်အတွက် ၎င်းတို့၏ အိမ်တံခါးဝတွင် သူ၏ ကျောက်ဆစ်ရုပ်တုကို ထားရှိလေ့ရှိကြသည်။

​ယနေ့မနက်ပိုင်းက လမ်းမပေါ်တွင် ဆရာကြီးဂူနှင့် ထိုသခင်လေးတို့ တိုက်ခိုက်ခဲ့ကြစဥ်က ထိုသခင်လေးက သိုင်းပညာရှင်တစ်ဦး ဖြစ်ကြောင်း လင်းကျင်း ပြောနိုင်ခဲ့ပေသည်။

​ဤနေရာက သိုင်းပညာကို လေ့ကျင့်သူများသာ နေထိုင်မည့် နေရာမျိုးဖြစ်သဖြင့် ၎င်းက သေချာပေါက် ဖြစ်ရပေမည်။

​လင်းကျင်းကိုယ်တိုင်လည်း အတိတ်က သိုင်းပညာအချို့ကို လေ့လာခဲ့ဖူးပေသည်။ သို့သော်လည်း သူ့ရည်ရွယ်ချက်က သူ့ခန္ဓာကိုယ် ကြံ့ခိုင်စေရန်အတွက်သာ ဖြစ်သဖြင့် သူက စစ်မှန်သော သိုင်းပညာရှင်တစ်ဦး မဟုတ်ပါချေ။

​ကိုယ်ယောင်ဖျောက်ခြင်း စွမ်းရည်ကို အသက်သွင်းလိုက်ရင်း လင်းကျင်းက တိမ်တိုက်တစ်ခုပေါ်သို့ တက်လိုက်ပြီး ခြံဝင်းထဲသို့ ပျံသန်းဝင်ရောက်ခဲ့၏။

​ခြံဝင်းက ကျယ်ဝန်းလှသော်လည်း ဖုန်မှုန့်တစ်စပင် မရှိဘဲ သန့်ရှင်းနေခဲ့သည်။ သူ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် အိမ်တစ်လုံးကို မြင်တွေ့လိုက်ရသဖြင့် ၎င်းဆီသို့ လျှောက်လှမ်းသွား၏။ ဤစံအိမ်တွင် စောင့်ကြပ်ရန် သားရဲများ မရှိသဖြင့် ၎င်းက အတော်လေး စိတ်သက်သာရာရစေသည်။

​သို့သော် မကြာမီမှာပင် လင်းကျင်း မိမိ ပေါ့ဆသွားခဲ့ကြောင်း သတိပြုမိလိုက်၏။

​သူ လှေကားထစ်များပေါ်သို့ တက်လိုက်သည့်အချိန်တွင် အမှတ်မထင်ဘဲ တစ်စုံတစ်ခုကို ထိမိသွားခဲ့ပြီး ၎င်းက ခေါင်းလောင်းသံတစ်ခုကို မြည်ဟီးသွားစေခဲ့သည်။

​၎င်းက ပင့်ကူမျှင် ထောင်ချောက်တစ်ခု ဖြစ်ရပေမည်။

​နောက်တစ်စက္ကန့်တွင် အိမ်ထဲကနေ အလင်းတန်းတစ်ခု ပျံသန်းထွက်လာပြီး လင်းကျင်း၏ မျက်နှာဆီသို့ ဦးတည်လာခဲ့၏။ ၎င်း၏ အရှိန်က အလွန်ပင် မြန်ဆန်လှသဖြင့် မည်သူမျှ အချိန်မီ တုံ့ပြန်နိုင်ရန် မဖြစ်နိုင်ပါချေ။ ကံကောင်းစွာဖြင့် လင်းကျင်းက ခေါင်းလောင်းသံကို ကြားလိုက်ရစဥ်ကတည်းက မိမိ အမှားလုပ်မိသွားပြီဖြစ်ကြောင်း သိရှိထားသဖြင့် ဘေးဘက်သို့ အလျင်အမြန် ရှောင်တိမ်းလိုက်သည်။ မြှားက သူ့ပါးပြင်ကို ကပ်၍ ဖြတ်သန်းသွားခဲ့သဖြင့် သူ သေဘေးနှင့် မည်မျှ နီးစပ်သွားခဲ့ကြောင်း ညွှန်ပြနေပေ၏။

​“သီသီလေးပဲ”

​လင်းကျင်း သူ့ကိုယ်သူ ပြန်လည်မထိန်းချုပ်နိုင်သေးခင်မှာပင် အိမ်ထဲကနေ နောက်ထပ် အလင်းတန်းနှစ်ခု ထပ်မံ ပစ်လွှတ်ခြင်း ခံလိုက်ရပြန်သည်။ ဤတစ်ကြိမ်က ပိုမိုအန္တရာယ်ကြီးလှပေသည်… အကြောင်းမှာ အလင်းတန်းများနှင့်အတူ လူရိပ်တစ်ခုပါ ပြတင်းပေါက်ကနေ အတူတကွ ပျံသန်းထွက်လာခြင်းကြောင့် ဖြစ်၏။

​ပြိုင်ဘက်က သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် အကယ်၍ ထိုလူက သူ့အနားသို့ ပိုမိုနီးကပ်လာပါက လင်းကျင်းအနေဖြင့် မန္တန်များကို အသုံးပြုရန် အချိန်ရလိမ့်မည် မဟုတ်ပါချေ။

​“​ရှောင်ဟော့”

​လင်းကျင်းက မန္တန်တစ်ခုကို အသက်သွင်းလိုက်ရင်း သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ဝင်ရောက်လာသော လက်နက်များကို ခုခံရန်အတွက် ငွေအပ်အစင်းပေါင်းများစွာ ပျံသန်းထွက်သွားတော့သည်။ သံချည်နှံချင်း တိုက်ခိုက်မိသံ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာပြီး ပျံသန်းလာသော ဓားမြှောင်နှစ်စင်းက ငွေအပ်များနှင့် ထိမှန်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့၏။

​အကယ်၍ သူသာ အနည်းငယ်မျှ နှေးကွေးသွားခဲ့ပါက လင်းကျင်းသည် ထိုဓားသွားများကြောင့် ဒဏ်ရာရရှိသွားပေလိမ့်မည်။

​ရှောင်ဟော့က ထိုလူရိပ်ကို နှိမ်နင်းရန်အတွက် မီးတောက်များထဲကနေ ရုတ်တရက် ခုန်ထွက်လာခဲ့တော့သည်။

​၎င်းက တကယ်ကို အန္တရာယ်ကြီးမားလှသော အခြေအနေတစ်ခု ဖြစ်ပေတော့သည်။

All Chapters