အခန်း ၄၇၂
Vol. 24 Ch. 472
အခန်း ၄၇၂ - ရာစုနှစ်သိုင်းသူတော်စင်
သီယွမ်တောက်သည် နောက်ထပ် ထပ်လောင်းရှင်းပြရန် ရည်ရွယ်ချက် မရှိသည်မှာ ထင်ရှားလှပေ၏။
အဘယ်ကြောင့်ဆိုသော် သူ ပို၍ ရှင်းပြလေလေ ဇာတ်လမ်းက ပိုမိုရှုပ်ထွေးလာလေလေ ဖြစ်ရော့အံ့။ နက်ရှိုင်းလှသော သိုင်းပညာကျင့်ကြံမှုကို အားကိုး၍ သူသည် လင်းကျင်းကို ကျေးဇူးတစ်ချက် ဆပ်ရန်နှင့် လင်းကျင်းအနေဖြင့် ၎င်းတို့၏ အမှားများကို လျစ်လျူရှုပေးမည်ဆိုပါက ကူညီပေးရန် ဆန္ဒရှိနေခြင်း ဖြစ်၏။
ယင်းကို ကြားသောအခါ လင်းကျင်း ပြုံးလိုက်ပြီး မေးလိုက်၏။
“စီနီယာသီက သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်ရမယ်… စီနီယာ့ရဲ့ ပညာအဆင့်အတန်းက ဘယ်လောက်အထိ နက်ရှိုင်းလဲဆိုတာ ကျုပ် သိပါရစေ”
သီယွမ်တောက်က အားရပါးရ ရယ်မောလိုက်၏။
“ငါ သက်တမ်း တစ်ရာနဲ့ အနှစ်နှစ်ဆယ် ရှိခဲ့ပြီ… လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကတည်းက သိုင်းသူတော်စင် အဆင့်ကို ရောက်ရှိခဲ့တာ”
သူ့ဂုဏ်ယူဝင့်ကြွားသော အသံနေအသံထားက သူ့အောင်မြင်မှုများအပေါ် သူ မည်မျှ ကျေနပ်နေကြောင်း ပေါ်လွင်စေသည်။
သိုင်းပညာကို လေ့ကျင့်သူ အများအပြား ရှိသော်လည်း သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်သူမှာ သန်းပေါင်းများစွာထဲတွင် တစ်ယောက်သာ ရှိပေလိမ့်မည်။ သီယွမ်တောက်အနေဖြင့် ဂုဏ်ယူဝင့်ကြွားရန် အကြောင်းပြချက် အပြည့်အဝ ရှိနေပေသည်။
လူသားတစ်ဦး၏ သက်တမ်းက ကန့်သတ်ချက် ရှိလှသဖြင့် အသက်တစ်ရာကျော်အထိ အသက်ရှင်နေဆဲဖြစ်ခြင်းကပင် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်၏။ သူသည် သိုင်းသူတော်စင်တစ်ဦး ဖြစ်လာခဲ့ပြီး အသက်တစ်ရာကျော်အထိ ရှင်သန်နေခြင်းက လူသားတို့၏ ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့ပြီဆိုသည့် အဓိပ္ပာယ်ပင်။ ၎င်းက သူ့ကို ရာစုနှစ်သိုင်းသူတော်စင် ဆိုသည့် ဘွဲ့အမည်ကို ရရှိစေခဲ့သည့် အကြောင်းရင်း ဖြစ်၏။
“ဒီအဖြေက ဘယ်လိုလဲ… ငါ့တပည့် လမ်းမှားကို ရောက်သွားတာ ငါ ဝန်ခံပါတယ်… ဒါကြောင့် ငါ သူ့ကို နောက်နောင်မှာ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ အုပ်ချုပ်သွားပါ့မယ်… အလွန်ဆုံးဆိုရင် သူ့တစ်သက်လုံး တောင်ပေါ်ကနေ ဆင်းခွင့်ပေးမှာ မဟုတ်တော့ဘူး… အကယ်၍ မစ္စတာလင်းက သူ့ကို လွှတ်ပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ငါ မင်းကို ကျေးဇူးကြွေးတစ်ခု တင်ရှိသွားမှာပါ… အကယ်၍ မစ္စတာလင်း နောက်နောင်မှာ ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့ရရင် ငါ မင်းကို ကူညီဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးမယ်လို့ ကတိပေးတယ်”
ဝန်ခံရပါက ယခုလို ကမ်းလှမ်းမှုမျိုးက အလွန်တရာ ဆွဲဆောင်မှု ရှိလှပေသည်။
ရာစုနှစ်သိုင်းသူတော်စင်များသည် အလွန်တရာ စွမ်းအားကြီးမားသော လူများအဖြစ် လူသိများကြ၏။ လင်းကျင်းအနေဖြင့် စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးခဲ့သည်ကို သတိရမိသည်မှာ ရာစုနှစ်သိုင်းသူတော်စင်တစ်ဦးသည် ပေသုံးရာပတ်လည်အတွင်းရှိ သားရဲများနှင့် လူသားအားလုံးကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိကြပေသည်။
၎င်းတို့၏ အားကောင်းသော အတွင်းအားဖြင့် သိုင်းသူတော်စင်များသည် သားရဲများကို ခဏမျှ တားဆီးထားနိုင်ပြီး ထိုအချိန်က ၎င်းတို့အတွက် သွေးကတိစာချုပ် ကျင့်ကြံသူကို အပြတ်ရှင်းရန် လုံလောက်လှသော အချိန် ဖြစ်ပေသည်။
တစ်နည်းအားဖြင့်ဆိုရသော် ရာစုနှစ်သိုင်းသူတော်စင်များသည် သွားရောက်မရှုပ်ရဲသည့် လူမျိုးများ ဖြစ်ကြသည်။
အဖိုးကြီးက အပေါ်ယံတွင် လင်းကျင်းထံမှ ကရုဏာတရားကို တောင်းခံနေသော်လည်း သူ့တောင်းဆိုမှု၏ နောက်ကွယ်တွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခြိမ်းခြောက်မှု ပါဝင်နေသည်မှာ ထင်ရှားလှသည်။
လင်းကျင်းက သခင်လေးကို လှမ်းကြည့်လိုက်၏။ ထိုလူငယ်က ငြိမ်သက်စွာ ရှိနေသော်လည်း သူ့မျက်လုံးများထဲက ပြင်းထန်သော ရန်ငြိုးအတေးများက အထင်အရှား ပေါ်လွင်နေခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရသော် ထိုကောင်က လင်းကျင်းကို မည်သို့ ကလဲ့စားချေရမည်၊ မည်သို့ ကိုင်တွယ်ရမည်ကို တွေးတောနေဆဲ ဖြစ်၏။
ဒီလိုလူမျိုးကို အသက်ရှင်ခွင့် ပေးထားလို့ မရပါချေ။
လင်းကျင်းအနေဖြင့် သီယွမ်တောက်၏ သဘောတူညီချက်ကို စိတ်မဝင်စားကြောင်း ပြောရန် မလိုအပ်တော့ပါချေ။
“ရှောင်ဟော့… သတ်စမ်း”
လင်းကျင်းက အလျင်အမြန် ဆုံးဖြတ်ချက် ချမှတ်လိုက်၏။ အမိန့်ကို ရရှိသည်နှင့်တစ်ပြိုင်နက် ရှောင်ဟော့က ရှေ့သို့ ခုန်အုပ်လိုက်ပြီး သခင်လေးက တုံ့ပြန်မှုအနေဖြင့် အော်ဟစ်လိုက်တော့သည်။
“ဆရာ… ကျွန်တော့်ကို ကယ်ပါဦး”
ယင်းကို မြင်သောအခါ သီယွမ်တောက်၏ မျက်ဝန်းထဲတွင် ဒေါသများ ဖြတ်ပြေးသွားခဲ့၏။
ဤမျှအခြေအနေအထိ ပြောဆိုခဲ့ပြီးသည့်တိုင်အောင် လင်းကျင်းက ၎င်းတို့ကို လွှတ်ပေးရန် ငြင်းဆန်ခဲ့သည်။ ၎င်းက လင်းကျင်းအနေဖြင့် သူ့ကို ရာစုနှစ်သိုင်းသူတော်စင်တစ်ဦးအဖြစ် လုံးဝ မလေးစားကြောင်း ညွှန်ပြနေခြင်းပင်။ ဤအခြေအနေသို့ ရောက်ရှိလာမှတော့ သူ စွမ်းအားများကို ထိန်းထားရန် မလိုအပ်တော့ပါချေ။
နောက်ဆုံး၌မူ သူ အခြားမည်သူ့ကိုမျှ သူ့တပည့်ကို အန္တရာယ်ပြုခွင့် ပေးနိုင်မည် မဟုတ်ပါချေ။
သူသည် ဤလူငယ်ကို လက်ပွန်းတတီး မွေးမြူလာခဲ့ခြင်းဖြစ်ပြီး သူ့သားတစ်ယောက်ကဲ့သို့ သဘောထားသူ ဖြစ်သည်။ သူ့တပည့်ကို သတ်ခြင်းက သူ့သားကို သတ်ခြင်းနှင့် အတူတူပင်ဖြစ်ရာ သီယွမ်တောက် လက်ခံနိုင်မည် မဟုတ်ပါချေ။
“ချက်ချင်းရပ်စမ်း”
သီယွမ်တောက်က ဟိန်းဟောက်လိုက်၏။ သူတို့ခြေဖဝါးအောက်ရှိ အုတ်ခဲများက ချက်ချင်းဆိုသလို အက်ကွဲသွားခဲ့ပြီး လူတိုင်း ခဏမျှ မှင်တက်သွားရသည်။ သီယွမ်တောက်တွင် သာမန်ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်သာ ရှိနိုင်သော်လည်း သူ လက်လှုပ်ရှားလိုက်သည့် အချိန်တွင်မူ သိုင်းသူတော်စင်တစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားက အပြည့်အဝ ပေါ်လွင်သွားခဲ့ပြီ ဖြစ်သည်။
ထိုတစ်ခဏ၌ သူ့ကို ယှဉ်ပြိုင်နိုင်သူ သို့မဟုတ် တားဆီးနိုင်သူ မရှိသလောက်ပင် ဖြစ်၏။
သီယွမ်တောက်က သူ့တပည့်ဖြစ်သော သခင်လေးကို သွားရောက်မကယ်တင်ဘဲ ဉာဏ်ကောင်းစွာ လုပ်ဆောင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မီးဝံပုလွေကိုလည်း သတိထားနေရခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် သူက လင်းကျင်းကို တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
သူသည် သွေးကတိစာချုပ် ကျင့်ကြံသူများကို မည်သို့ ကိုင်တွယ်ရမည်ဆိုသည်ကို အသေအချာ သိရှိပေသည်။ အကြောင်းမှာ သွေးကတိစာချုပ် ပိုင်ရှင်ကို နှိမ်နင်းလိုက်ခြင်းဖြင့် ၎င်းတို့၏ သားရဲက ခြိမ်းခြောက်မှုတစ်ခု ဖြစ်မလာတော့ခြင်းကြောင့် ဖြစ်၏။ နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သဖြင့် သီယွမ်တောက်တွင် ၎င်းတို့ကို မည်သို့ တုံ့ပြန်ရမည်ဆိုသည်ကို သိရှိရန်အတွက် သွေးကတိစာချုပ် ကျင့်ကြံသူများနှင့် လုံလောက်လှသော တိုက်ပွဲအတွေ့အကြုံများ ရှိထားခဲ့ပြီး ဖြစ်သည်။
သူ့သာလွန်လှသော အရှိန်အဝါနှင့် သူ့အကြားရှိ ရုပ်ပိုင်းဆိုင်ရာ နီးစပ်မှုတို့ကြောင့် ကမ္ဘာပေါ်တွင် အကြီးမြတ်ဆုံး သွေးကတိစာချုပ် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် မည်သည့်ကျင့်ကြံသူမျှ သူ့တိုက်ခိုက်မှုကို မခုခံနိုင်လောက်ကြောင်း သူ သေချာနေခဲ့သည်။
ရာစုနှစ်သိုင်းသူတော်စင်တစ်ဦးအနေဖြင့် သူသည် ယင်းနှင့် လျော်ညီသော ယုံကြည်မှုကို သေချာပေါက် ပိုင်ဆိုင်ထားပေ၏။
သို့သော်လည်း လင်းကျင်းက သာမန် သွေးကတိစာချုပ် ကျင့်ကြံသူတစ်ဦး မဟုတ်ပါချေ။
သီယွမ်တောက်က လျှပ်စီးကဲ့သို့သော အရှိန်အဝါဖြင့် လှုပ်ရှားလာခဲ့ပြီး လင်းကျင်း သူ့ကို အမှန်တကယ်ပင် မခုခံနိုင်ပါချေ။ သူသည် အဖိုးကြီးကို အပ်များဖြင့်ဖြစ်စေ သို့မဟုတ် နဂါးမီးတောက်ဖြင့်ဖြစ်စေ တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း တွေ့ရှိရပေလိမ့်မည်။
အဖိုးကြီး၏ အရှိန်အဝါကို လိုက်မီရန် ခွန်အားမရှိသဖြင့် သူ့တိုက်ခိုက်မှုများက အမြဲတမ်း လွဲချော်သွားပေလိမ့်မည်။
လင်းကျင်းတွင် လှုပ်ရှားမှုတစ်ခုကိုသာ လုပ်ဆောင်ရန် အခွင့်အရေး ရှိပေသည်။ အကယ်၍ သူသာ ရာစုနှစ်သိုင်းသူတော်စင်ကို မနှိမ်နင်းနိုင်ပါက သူ့ပြိုင်ဘက်က သူ သုံးအထိပင် မရေတွက်နိုင်ခင်မှာ သူ့ထံသို့ ရောက်ရှိလာပေလိမ့်မည်။
ထိုသို့ ဖြစ်ပျက်သွားခဲ့လျှင် အတော်လေး ပြဿနာတက်ပေလိမ့်မည်။
ဤအရာအားလုံး ရှိနေသော်လည်း လင်းကျင်းတွင် သင့်တော်သော တုံ့ပြန်မှုများ ရှိနေဆဲ ဖြစ်၏။ ဥပမာအားဖြင့် သူသည် နက်ဗျူလာအတားအဆီးကို အသုံးပြု၍ ရန်သူနှင့် သူ့အကြား ချက်ချင်း အကွာအဝေးတစ်ခု ထားရှိနိုင်ပေသည်။ သို့မဟုတ် သူသည် ဧည့်ခန်းမတံခါးကို ဖွင့်လှစ်နိုင်ပြီး ပြတိုက်၏ အရှိန်အဝါကို အသုံးပြု၍ သူ့ကို နောက်သို့ ဆုတ်ခွာသွားအောင် အတင်းအကျပ် လုပ်ဆောင်နိုင်ပေသည်။
သို့သော် လင်းကျင်း ယင်းက မလိုအပ်ဟု ခံစားရ၏။
သူ့တွင် ပိုမိုရိုးရှင်းသော နည်းစနစ်တစ်ခု ရှိပေသည်။
“နတ်ဘုရားချည်နှောင်ကြိုး"
လင်းကျင်းက သူ့အင်္ကျီလက်ကို မြှောက်လိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုက သီယွမ်တောက်ထက် ပိုမိုမြန်ဆန်သော အရှိန်အဝါဖြင့် ပျံသန်းထွက်သွားတော့သည်။ အဖိုးကြီးက အလျင်အမြန် တုံ့ပြန်နိုင်ခဲ့ပြီး ၎င်းကို ချက်ချင်း ရှောင်တိမ်းလိုက်၏။ သို့သော်လည်း ရွှေရောင်အလင်းတန်းတွင် ကိုယ်ပိုင်အသိစိတ် ရှိနေသည့်အလား ၎င်းက သူ့နောက်သို့ တောက်လျှောက် လိုက်လံဖမ်းဆီးရန်အတွက် သူ့လမ်းကြောင်းကို ချက်ချင်း ပြောင်းလဲလိုက်သည်။
နောက်ဆုံး၌ ရွှေရောင်အလင်းတန်းက သီယွမ်တောက်၏ ကိုယ်ပေါ်တွင် ရစ်ပတ်သွားခဲ့ပြီး ရာစုနှစ်သိုင်းသူတော်စင်ကို တင်းကျပ်စွာ ချည်နှောင်ထားလိုက်တော့၏။
သီယွမ်တောက် ထိတ်လန့်သွားခဲ့ပြီး သူ ရှိသမျှ ခွန်အားအားလုံးဖြင့် စတင်ရုန်းကန်တော့သည်။ သူ့အရှိန်အဝါက လျှံထွက်လာခဲ့ပြီး နဂါးတစ်ကောင်၏ ခွန်အားကို ပိုင်ဆိုင်ထားသည့်အလား လျင်မြန်စွာ လှိုင်းထန်လာခဲ့၏။
သို့သော်ငြားလည်း သူ မည်မျှပင် ရုန်းကန်ပါစေ… မိမိကိုယ်မိမိ မလွတ်မြောက်နိုင်ခဲ့ပါချေ။ ရွှေရောင်အလင်းတန်းက ယခုအခါ သာမန်ကြိုးတစ်ချောင်းအသွင်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော်လည်း သီယွမ်တောက်က ယင်းက ပိုမိုဆိုးရွားသော အရာတစ်ခုဖြစ်ကြောင်း သိရှိပေသည်။
“မှ… မှော်ရတနာတစ်ခုလား”
သီယွမ်တောက်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်မိ၏။
သူ့မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် အဖိုးကြီးက အမှန်တကယ် ထိတ်လန့်သွားခဲ့ပြီ ဖြစ်သည်။
“ရာစုနှစ်သိုင်းသူတော်စင်က တကယ်ပဲ ဗဟုသုတ ကြွယ်ဝတာပဲ”
လင်းကျင်းက မှတ်ချက်ချလိုက်၏။ ၎င်းက ချီးမွမ်းစကားဟု ထွက်ပေါ်နိုင်သော်လည်း လင်းကျင်းက ရွဲ့စောင်း၍ ပြောဆိုခြင်း ဖြစ်သည်။
သီယွမ်တောက်လည်း ယင်းကို သိရှိသော်လည်း သူ ဂရုမစိုက်ပါချေ။ သူက လင်းကျင်းဘက်သို့ လှည့်ကာ မေးလိုက်၏။
“မစ္စတာလင်း… မင်းက မှော်ရတနာတစ်ခုကို အမှန်တကယ် ပိုင်ဆိုင်ထားတာပဲ… မင်းက ကျင့်ကြံခြင်းလမ်းကြောင်းရဲ့ ဆက်ခံသူတစ်ဦး ဖြစ်နိုင်မလား”
သူ့အသံထဲက ကြောက်ရွံ့မှုကို အတိုင်းသား ခံစားလိုက်ရပေသည်။
လင်းကျင်းက တိတ်ဆိတ်စွာ ရှိနေခဲ့သည်… အကြောင်းမှာ သူ သီယွမ်တောက်ကို ရှင်းပြရန် အကြောင်းမရှိခြင်းကြောင့် ဖြစ်၏။
ရုတ်တရက်ဆိုသလို သခင်လေးထံမှ စူးရှလှသော အော်ဟစ်ညည်းတွားသံကို သူတို့ ကြားလိုက်ရသည်။
ရှောင်ဟော့က သခင်လေးကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ပြီး ထိုလူငယ်က ယခုအခါ မီးတောက်များအတွင်း ဖုံးလွှမ်းနေရင်း စိတ်မနှံ့တော့သည့်အလား အော်ဟစ်နေခဲ့၏။ ရှောင်ဟော့၏ မီးတောက်များက အလွန်တရာ ပြင်းထန်လှသဖြင့် သခင်လေးသည် ကြမ်းပြင်ပေါ်သို့ လဲကျ၍ အသက်မပျောက်ကွယ်သွားခင်မှာ အော်ဟစ်သံ တစ်ချက်သာ ထုတ်နိုင်ခဲ့ရှာသည်။
မီးတောက်များက ဆက်လက်တောက်လောင်နေခဲ့ပြီး ကျွမ်းနေသော အလောင်းတစ်ခုကိုသာ ချန်ထားခဲ့တော့၏။
လင်းကျင်းက အခြားလူတစ်ယောက်၏ အသက်ကို နုတ်ယူခြင်းကို မနှစ်သက်ပါချေ။ သို့သော် အချို့သော အခြေအနေများက သူ့ကို ထိုသို့လုပ်ဆောင်ရန် အတင်းအကျပ် တွန်းအားပေးလေ့ ရှိသည်။ ယခုအခြေအနေက ယင်းကဲ့သို့သော သာဓကတစ်ခုပင်။ ချူကောက်နှင့် သခင်လေးတို့က သူ့အသက်ကို နုတ်ယူရန် ကြံစည်နေခဲ့ကြခြင်းဖြစ်သဖြင့် အကယ်၍ သူသာ ၎င်းတို့ကို ယခုအချိန်တွင် လွှတ်ပေးခဲ့ပါက ၎င်းတို့က နောက်နောင်တွင် သူ့ကို သေချာပေါက် သတ်ကြပေလိမ့်မည်။
ယခုလို အခြေအနေမျိုးနှင့် ကြုံတွေ့ရသည့်အခါ လင်းကျင်းအနေဖြင့် ပြန်လည်တုံ့ပြန်ရန်သာ ရှိပေသည်။ သူတို့ ပြောလေ့ရှိကြသလိုပဲ… မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပေါ့။
ယခုအချိန်က သူ့ဆုံးဖြတ်ချက်၏ နောက်ကွယ်က ကိုယ်ကျင့်တရားအပေါ် ပြန်လည်တွေးတောနေရမည့် အချိန်မဟုတ်ပါချေ။
သီယွမ်တောက်၏ မျက်ဝန်းများထဲတွင် သူချစ်ရသော တပည့်က သူ့မျက်စိရှေ့မှောက်တင် သေဆုံးသွားသည်ကို ကြည့်ရှုရင်း ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူ သက်ပြင်းချလိုက်မိ၏။
“ငါ့တပည့်… မင်းက နှစ်ပေါင်းများစွာအတွင်းမှာ မကောင်းမှုတွေ အများကြီး လုပ်ဆောင်ခဲ့တယ်… မကောင်းမှုကို ဆက်လုပ်နေတာက ပျက်စီးခြင်းကိုပဲ သယ်ဆောင်လာလိမ့်မယ်လို့ ငါ မင်းကို အမြဲတမ်း ပြောခဲ့ဖူးတယ်… ဒါပေမဲ့ မင်းက နားမထောင်ခဲ့ဘူး… ငါ ဒီနေ့ မင်းကို မကယ်တင်နိုင်ခဲ့ဘူး… နောက်ဘဝကျရင် မကောင်းတဲ့ လမ်းကြောင်းကို ထပ်ပြီး မလျှောက်လှမ်းမိဖို့ မင်း သတိရပါစေ”
သူ့စကားများက မည်မျှပင် ပြင်းထန်နေပါစေ သီယွမ်တောက်၏ မျက်ဝန်းများထဲကနေ မျက်ရည်များ စီးကျလာခဲ့ပြီ ဖြစ်သည်။ အဖိုးကြီး မည်မျှ စိတ်မကောင်းဖြစ်နေရကြောင်းက ထင်ရှားလှ၏။
လင်းကျင်း ဤရာစုနှစ်သိုင်းသူတော်စင်ကို စတင်သတိထားမိလာခဲ့သည်။
ယခုအခါ သူက ထိုလူ၏ ချစ်လှစွာသော တပည့်ကို သတ်ပစ်ခဲ့ပြီဖြစ်ရာ သာမန်လူတစ်ယောက်၏ တုံ့ပြန်မှုက ၎င်းတို့ ချစ်ရသူများအတွက် ကလဲ့စားချေရန်သာ ဖြစ်ပေလိမ့်မည်။
အဖိုးကြီးက လင်းကျင်း၏ ချည်နှောင်ခြင်းကို ခံထားရသော်လည်း သူသည် နောက်နောင်တွင် ပြန်လာပြီး လင်းကျင်းကို သတ်ဖြတ်ရန် ကြိုးစားမည်မှာ သေချာပေသည်။ ၎င်းအပြင် ဤလူက လင်းကျင်းကိုပင် ထိတ်လန့်စေသည့် ခွန်အားများကို ပိုင်ဆိုင်ထားသော ကြောက်မက်ဖွယ်ကောင်းသည့် ပြိုင်ဘက်တစ်ဦး ဖြစ်၏။
ထို့ကြောင့် လင်းကျင်း စိတ်ထဲတွင် သတ်ဖြတ်လိုစိတ် တစ်ဖန် ပြန်လည်ပေါ်ပေါက်လာခဲ့ပြန်သည်။
သီယွမ်တောက်ကို အသက်ရှင်ခွင့် ပေးထားလို့ မရပါချေ။
သီယွမ်တောက်က တစ်ဖန် သက်ပြင်းချလိုက်ပြန်သည်။ သူသည် မိမိကိုယ်မိမိ မလိုလားအပ်သော အခြေအနေတစ်ခုထဲ ရောက်ရှိနေရကြောင်း ထင်ရှားစွာ သိရှိပေ၏။
“မစ္စတာလင်း… အကယ်၍ မင်းက ကျင့်ကြံခြင်းလမ်းကြောင်းရဲ့ ဆက်ခံသူတစ်ဦး ဖြစ်မှန်း ငါသာ ကြိုတင်သိခဲ့ရင် ငါ့တပည့်ကို ငါ့လက်နဲ့ကိုယ်တိုင် သတ်ပစ်ဖို့ ပိုပြီး သဘောတူမိမှာ… ဒါပေမဲ့ အခုအချိန်မှာ ဒါတွေကို ပြောဖို့က အလွန်နောက်ကျသွားခဲ့ပါပြီ”