အခန်း ၄၇၆
Vol. 24 Ch. 476
အခန်း ၄၇၆ - အဆင့် ၄ စစ်ဆေးမှု (အပိုင်း ၃)
အဆင့် ၄ သားရဲအကဲဖြတ်မှူး ဆယ်ဦးထဲတွင် လင်းကျင်း၏ အာရုံခံစားမှုက အလယ်တွင် ထိုင်နေသော လူကြီးထံမှ ပုံမှန်မဟုတ်သော အရှိန်အဝါတစ်ခုကို ဖမ်းဆွဲမိလိုက်သည်။ သူသည် အတော်လေး အသက်ကြီးရင့်ပုံရသော်လည်း သူ့မျက်ဝန်းထဲက ထက်မြက်မှုများကမူ ကျန်ရှိနေဆဲ ဖြစ်၏။
ဤအဖိုးအိုက တကယ့်ကို ခက်ခဲသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။
ချက်ချင်းဆိုသလို လင်းကျင်း လူတစ်ဦးကို စိတ်ထဲ၌ တွေးတောမိလိုက်၏။
ကျန့်စီဖုန်း။
သူသည် ထျန်ရွှမ်နိုင်ငံတွင် အထင်ရှားဆုံးသော အဆင့် ၄ သားရဲအကဲဖြတ်မှူးများထဲက တစ်ဦး ဖြစ်သည်။ ကောလာဟလများအရ ဆရာကြီးကျန့်သည် သားရဲအကဲဖြတ်ခြင်း၌ သူ့စွမ်းရည်ကြောင့် အဆင့် ၅ သားရဲအကဲဖြတ်မှူးတစ်ဦးအဖြစ် အလွယ်တကူ အရည်အချင်း ပြည့်မီနိုင်သည်ဟု ဆိုကြ၏။
သို့သော်လည်း ဆရာကြီးကျန့်က ယင်းသို့ မလုပ်ဆောင်ခဲ့ပါချေ။
သူသည် တစ်ခါက ‘အဆင့် ၆ ကို အောင်မြင်မှသာ အဲဒီ ဒဏ္ဍာရီလာ ကွင်းငါးကွင်းနဲ့ ထိုက်တန်လိမ့်မယ်’ ဟု ကျော်ကြားသော စကားတစ်ခွန်ကို ပြောကြားခဲ့ဖူးသည်။
ပိုမိုရိုးရှင်းစွာ ပြောရလျှင် သူသည် အဆင့် ၅ သားရဲတစ်ကောင်ကို အဆင့် ၆ သို့ အောင်မြင်စွာ မြှင့်တင်နိုင်သည့်အခါမှသာ သားရဲအကဲဖြတ်မှူးတစ်ဦးအနေဖြင့် အဆင့် ၅ သို့ တိုးမြှင့်ခြင်းကို လက်ခံလိုခြင်း ဖြစ်၏။
နှမြောစရာကောင်းလှသည်မှာ ဆရာကြီးကျန့်သည် ယခုထက်ထိ ဤအခွင့်အရေးကို မရရှိခဲ့ပါချေ။ သူ့ဖန်တီးမှုများကို သားရဲအကဲဖြတ်မှူးများအတွက် စံပြအဖြစ် လက်ခံထားကြပြီး သူ့သားရဲအကဲဖြတ်ခြင်း သီအိုရီများကို အနှံ့အပြားတွင် အသုံးပြုနေကြသော်လည်း သူ သားရဲတစ်ကောင်ကို အဆင့် ၆ သို့ အောင်မြင်စွာ မမြှင့်တင်နိုင်ပါက ဤအရာအားလုံးက သူ့အတွက် တန်ဖိုးမရှိသလို ဖြစ်နေပေလိမ့်မည်။
လင်းကျင်းသည် ဆရာကြီးကျန့်၏ ခေါင်းမာမှုနှင့် ပြတ်သားမှုကို အသိအမှတ်ပြုသလို တစ်ချိန်တည်းမှာပင် ဆရာကြီးကျန့်သည် အဆင့် ၅ သားရဲအကဲဖြတ်မှူး ဘွဲ့ထူးနှင့် ထိုက်တန်ကြောင်း သူလည်း သဘောတူပေသည်။
အကယ်၍ သူ့ဗီဇခံစားချက်က မှန်ကန်ပါက ဤအဖိုးအိုသည် ကျန့်စီဖုန်း ဖြစ်ရပေမည်။ ၎င်းက မျက်ကန်းစမ်းတဝါး ခန့်မှန်းခြင်းမျိုးတော့ မဟုတ်ပါချေ။ ထိုအဖိုးအို၏ ဘယ်ဘက်လက်ပေါ်ရှိ ‘တံဆိပ်ခတ်ခြင်း’ စာလုံးကို သူ သတိပြုမိလိုက်ခြင်းကြောင့် ဤကောက်ချက်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ ဆရာကြီးကျန့်တွင် ‘တံဆိပ်ခတ်ထားသောလက်’ ဟု ခေါ်ဆိုရမည့် ထူးခြားပြီး သဘာဝလွန် နည်းစနစ်တစ်ခု ရှိကြောင်း သူ တစ်ခါက ကြားဖူးခဲ့၏။
အချိန်ကြာလာသည်နှင့်အမျှ ထိုထူးခြားချက်က ကျန့်စီဖုန်းကို ခွဲခြားသတ်မှတ်နိုင်မည့် နည်းလမ်းတစ်ခု ဖြစ်လာခဲ့သည်။
ဤအတွေးနှင့်အတူ လင်းကျင်းက ထိုအဖိုးအိုကို အရိုအသေပေးရင်း ပါးနပ်သောလူတစ်ဦးအဖြစ် ပြုမူရန် ကြိုးစားလိုက်၏။
“ဆရာကြီးကျန့်… တွေ့ရတာ ဝမ်းသာပါတယ်”
ထိုလူကြီးက ငြင်းဆိုခြင်းမပြုဘဲ ပြုံးလိုက်သည်။
“မင်းမှာ အလွန်ကောင်းမွန်တဲ့ မျက်လုံးတွေ ရှိတာပဲ အကဲဖြတ်မှူးလင်း”
အံ့သြဖွယ်ကောင်းသော ချီးမွမ်းစကားတစ်ခွန်း ထွက်ပေါ်လာခဲ့၏။
ထိုလူ၏ လေသံက ရင်းနှီးဖော်ရွေလှပြီး မာနထောင်လွှားခြင်း မရှိပါချေ။
ဆရာကြီးကျန့်က ဤစစ်ဆေးမှု၏ အဓိက စစ်ဆေးရေးမှူး ဖြစ်ပုံရပေသည်။ သူ့ဂုဏ်သတင်း အဆင့်အတန်းအရ မည်သူကမှ ထိုရာထူးအတွက် သူ့ကို ပြိုင်ဆိုင်ရန် မဝံ့ရဲကြပါချေ။
လင်းကျင်းသည် မနေ့က တန်လင်းကို ကျန့်စီဖုန်းက တပည့်အဖြစ် လက်ခံခဲ့သည်ဟူသောအချက်ကို ရုတ်တရက် သတိရသွားခဲ့၏။
“အကဲဖြတ်မှူးလင်း… မင်း ပြီးခဲ့တဲ့ စစ်ဆေးမှု နှစ်ခုစလုံးကို အောင်မြင်ခဲ့ပြီ... ငါတို့အသင်းရဲ့ စည်းမျဉ်းတွေအရ တတိယမြောက် စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ရင် မင်း အဆင့် ၄ အကဲဖြတ်မှူးတစ်ဦးရဲ့ အဆင့်အတန်းကို ရရှိမှာ ဖြစ်တယ်”
ကျန့်စီဖုန်းက ကြေညာလိုက်သည်။ တရားဝင် ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် ဤအဖိုးအိုက တည်ကြည်သော အမူအရာကို ထိန်းသိမ်းထား၏။
လင်းကျင်း သေချာ နားထောင်လိုက်သည့်အခါ ဆရာကြီးကျန့်၏ စကားလုံးများထဲတွင် ပြဿနာတစ်ခုကို သူ ရှာဖွေတွေ့ရှိခဲ့သည်။
‘တတိယမြောက် စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ရင် မင်း အဆင့် ၄ အကဲဖြတ်မှူးတစ်ဦးရဲ့ အဆင့်အတန်းကို ရရှိမှာ ဖြစ်တယ်’
အဆင့်အတန်းကိုသာ ရရှိမှာလား။
သူ့ကို အဆင့် ၄ သားရဲအကဲဖြတ်မှူးတစ်ဦးအဖြစ် အသိအမှတ်ပြုမည်ဟု မည်သည့်ဖော်ပြချက်မျှ မပါဝင်ပါချေ။
၎င်းတို့နှစ်ဦးစလုံးက အသံထွက်ချင်း တူညီနိုင်သော်လည်း အမှန်တကယ်တွင်မူ ထိုနှစ်ခုအကြား ကြီးမားသော ခြားနားချက် ရှိနေပေသည်။
သို့သော်လည်း လင်းကျင်း မေးခွန်းကို ချက်ချင်း ထုတ်မမေးခဲ့ပါချေ။ မည်သို့ပင်ဖြစ်စေ ဤတတိယအဆင့်ကို ကျော်ဖြတ်ရန်က အရေးကြီးလှပေသည်။ အဆင့် ၄ သားရဲအကဲဖြတ်မှူး ဆယ်ဦးစလုံး ဤနေရာတွင် စုဝေးနေကြသဖြင့် ၎င်းက အရေးအကြီးဆုံး အဆင့် ဖြစ်ရပေမည်။
အစောပိုင်းက စစ်ဆေးမှု နှစ်ခုစလုံးက ပြောပလောက်အောင် မရှိသော မြည်းစမ်းမှုများသာ ဖြစ်ကြ၏။
“ဓလေ့အရ ငါတို့ထဲက တစ်ယောက်ချင်းစီက မင်းကို ဖြေဆိုဖို့ မေးခွန်းတစ်ခုစီ ပေးလိမ့်မယ်... မေးခွန်းအားလုံးကို ဖြေဆိုပြီးတဲ့အခါ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့အတွက် ငါတို့ လက်မြှောက်ပြီး ဆန္ဒမဲပေးကြမှာ ဖြစ်တယ်... အကယ်၍ ငါတို့ထဲက ထက်ဝက်ကျော်က မင်းကို အသိအမှတ်ပြုရင် မင်း တတိယမြောက် စစ်ဆေးမှုကို အောင်မြင်ပြီ”
ကျန့်စီဖုန်း စကားပြောပြီးသည်နှင့် လင်းကျင်း သူ့သံသယများကို ရှင်းလင်းရန်အတွက် အလွန်အမင်း အလိုရှိနေခဲ့ပြီ ဖြစ်သည်။
ဤစည်းမျဉ်းများတွင် ကြီးမားသော ပြဿနာတစ်ခု ရှိနေ၏။ သူ ပေးခဲ့သော မှန်ကန်သော အဖြေအရေအတွက်ပေါ် မူတည်၍ အောင်မြင်နိုင်သည်ဟု ပြောမည့်အစား မေးခွန်းများကို မည်သို့ပင် ဖြေဆိုစေကာမူ စစ်ဆေးရေးမှူးများ၏ ထက်ဝက်ကျော်ထံမှ အသိအမှတ်ပြုမှုကို ရရှိရန်ကသာ ဤနေရာတွင် အဓိက စိုးရိမ်စရာ ဖြစ်နေသည်။
၎င်းက သူ မှားယွင်းသော အဖြေကို ပေးခဲ့လျှင်ပင် စစ်ဆေးရေးမှူးက သူ့ကို သဘောကျနေသရွေ့ သူ တတိယအဆင့်ကို အောင်မြင်လိမ့်မည်ဟူသော အဓိပ္ပာယ်လား။
လင်းကျင်း အခက်အခဲကို အောင့်အည်းရင်ဆိုင်လိုက်၏။ သူ့မေးခွန်းကို ကြားသိရသည့်အခါ ကျန့်စီဖုန်းက ခပ်တိုးတိုး ရယ်မောလိုက်သည်။
“ဟုတ်တယ်… အတိတ်တုန်းက မေးခွန်းတွေရဲ့ ထက်ဝက်ကျော်ကို မှန်ကန်အောင် ဖြေဆိုနိုင်တဲ့လူ အများကြီး မရှိခဲ့တာမို့ စည်းမျဉ်းတွေကို ပြင်ဆင်လိုက်တာပဲ”
လင်းကျင်း နောက်ဆုံးတွင်မှ အကြောင်းရင်းကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
“အခု စည်းမျဉ်းတွေက ရှင်းလင်းသွားပြီဆိုတော့ စတင်ကြရအောင်... ဆရာကြီးကျန့်… ပထမဆုံး မေးခွန်းကို ကျုပ်ကို မေးခွင့်ပြုပါ”
အဆင့် ၄ အကဲဖြတ်မှူးများထဲက တစ်ဦးက စကားပြောလာခဲ့၏။
သူက အနည်းငယ် ဝဝဖိုင့်ဖိုင့် ရှိပြီး သူ့လေသံက ပျော်ရွှင်စရာ ကောင်းသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
ကျန့်စီဖုန်းက မိတ်ဆက်ပေးလိုက်၏။
“အကဲဖြတ်မှူးလင်း… ဒါက အကဲဖြတ်မှူးအုန်းယန်ပါ”
လင်းကျင်း အရိုအသေပေးလိုက်သည်။
အကဲဖြတ်မှူးအုန်းယန်က လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောဆိုလိုက်၏။
“မင်းရဲ့ သားရဲအကဲဖြတ်ခြင်း အခြေခံတွေကို ငါ စမ်းသပ်ပါရစေ... သားရဲအကဲဖြတ်ခြင်း နည်းလမ်း ဆယ်ခုကို အစကနေ အဆုံးထိ ရွတ်ပြပါဦး”
သူ စကားပြောပြီးသည်နှင့် အခြားအကဲဖြတ်မှူးတစ်ဦးက သူ့ဘေးနားကလူကို တိုးတိုးလေး ပြောလိုက်၏။
“အကဲဖြတ်မှူးအုန်းယန်ကတော့ အမြဲတမ်း အံ့သြစရာတွေနဲ့ ပြည့်နေတာပဲ... သားရဲအကဲဖြတ်ခြင်း နည်းလမ်း ဆယ်ခုက အခြေခံ ဗဟုသုတတွေ ဖြစ်နိုင်ပေမယ့် လူအနည်းငယ်ပဲ အဲဒါကို အပြည့်အစုံ ရွတ်ဆိုနိုင်ကြတာ... ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမှာ စာလုံးပေါင်း အနည်းငယ် ထောင်ချီ ရှိနေပြီး အဲဒါက အခြေခံကျလွန်းတဲ့ အရာမျိုးဖြစ်လို့ လူအများစုက အသေးစိတ်အချက်အလက်တွေကို မေ့လျော့နေကြပြီ”
အခြားအကဲဖြတ်မှူးကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အမှန်စင်စစ် အကဲဖြတ်မှူးအုန်းယန်၏ မေးခွန်းက အတော်လေး ထူးခြားဆန်းပြားသဖြင့် ခိုင်မာသော အခြေခံအုတ်မြစ် မရှိသူများသည် မိမိကိုယ်မိမိ ဆိုးရွားသော အစပျိုးမှုတစ်ခုဖြင့် ကြုံတွေ့ရပေလိမ့်မည်။
“ဒီလူက အဲဒါကို ရွတ်ဆိုနိုင်မှာ မဟုတ်ဘူး... အခု အရာအားလုံးက အကဲဖြတ်မှူးအုန်းယန်ရဲ့ စိတ်ခံစားချက်ပေါ်မှာပဲ မူတည်နေပြီလို့ ထင်ရတယ်... အကယ်၍ သူ စိတ်ခံစားချက် ကောင်းနေရင် စာမေးပွဲဖြေဆိုသူက တစ်ခုလုံးကို မရွတ်ဆိုနိုင်ရင်တောင် အကဲဖြတ်မှူးအုန်းယန်က သူ့ကို အသိအမှတ်ပြုလိမ့်မယ်... မဟုတ်ရင်တော့ ဒီစာမေးပွဲဖြေဆိုသူက ကံဆိုးတာပဲ”
လင်းကျင်းသည် ပထမဆုံးတွင် ထိုမေးခွန်းကြောင့် မှင်တက်သွားခဲ့ရ၏။ သို့သော်လည်း တွေဝေစိုးရိမ်မှုများစွာ မပြသဘဲ သူ နည်းလမ်းများကို စတင်ရွတ်ဆိုလိုက်တော့သည်။
“ပထမဆုံး သားရဲအကဲဖြတ်ခြင်း နည်းလမ်း… ကောင်းကင်ထက်က ငှက်များ၊ မြေပြင်ပေါ်က သားရဲများ၊ ယင်နှင့် ယန် ဆန့်ကျင်ဘက်များ၊ ဓာတ်ကြီးငါးပါး ခွဲခြားခြင်း… ကျားတစ်ကောင်ကို သူ့ရဲ့ အရိုးနဲ့ ဆုံးဖြတ်ပါ၊ ကြိုးကြာတစ်ကောင်ကို သူ့ရဲ့ အမွေးအတောင်နဲ့ ဆုံးဖြတ်ပါ၊ သမင်တစ်ကောင်ကို သူ့ရဲ့ ဦးချိုနဲ့ ဆုံးဖြတ်ပါ၊ လိပ်တစ်ကောင်ကို သူ့ရဲ့ အခွံနဲ့ ဆုံးဖြတ်ပါ…”
လင်းကျင်းသည် အခြေခံ သားရဲအကဲဖြတ်ခြင်း နည်းလမ်း ဆယ်ခုကို စတင်ရွတ်ဆိုလိုက်၏။ သူ ၎င်းတို့ကို တိကျစွာ မှတ်မိနေသဖြင့် စာလုံးတစ်လုံးမျှ မလွတ်စေဘဲ မန္တန်တစ်ခုလုံးကို ရွတ်ဆိုရန်က သူ့အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု မဟုတ်ပါချေ။
ထို့အပြင် သူ အားလုံးကို မရွတ်ဆိုနိုင်လျှင်ပင် ပြတိုက်အတွင်း၌ ယင်း၏ မိတ္တူတစ်ခု ရှိနေပေသည်။ သို့သော်လည်း လင်းကျင်း ထိုနည်းလမ်းကို အသုံးပြုရန် မလိုအပ်ဟု ခံစားလိုက်ရ၏။
မရပ်မနားဘဲ လင်းကျင်းသည် မန္တန်ကို အစကနေ အဆုံးထိ အောင်မြင်စွာ ရွတ်ဆိုနိုင်ခဲ့သည်။
သူ ရွတ်ဆိုပြီးသွားသည့်အခါ ဝဝဖိုင်ဖိုင် အကဲဖြတ်မှူးအုန်းယန်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
“မဆိုးဘူး… မဆိုးဘူး... ငါ မြင်တာကတော့ သားရဲအကဲဖြတ်မှူးတွေက နောင်နောင်မှာ ပိုမိုကြီးမားတဲ့ ဗဟုသုတတွေနဲ့ ထိတွေ့ရမှာ ဖြစ်ပေမယ့် ရနိုင်တဲ့ အချက်အလက်တိုင်းကို လေ့လာဖို့က လူတစ်ယောက်အတွက် ခက်ခဲတယ်... လူတစ်ယောက်က ဘယ်လောက်ပဲ နက်နဲလာပါစေ အခြေခံတွေကိုတော့ ဘယ်တော့မှ မေ့လျော့လို့မရဘူး... အကဲဖြတ်မှူးလင်းက အရာအားလုံးကို အခုလို ချောချောမွေ့မွေ့ ရွတ်ဆိုနိုင်တာက တကယ်ကို အံ့သြစရာကောင်းတယ်”
အမှန်စင်စစ် ၎င်းက အထင်ကြီးစရာ ကောင်းလှပေသည်။
အဆင့် ၄ သားရဲအကဲဖြတ်မှူးများအတွက်ပင် ၎င်းတို့အားလုံးက သားရဲအကဲဖြတ်ခြင်း နည်းလမ်း တစ်ဆယ်ခုကဲ့သို့သော အခြေခံကျလှသော မန္တန်တစ်ခုကို စာလုံးတစ်လုံးမျှ မလွတ်စေဘဲ ရွတ်ဆိုနိုင်ကြခြင်း မရှိပါချေ။
ဤပထမဆုံး မေးခွန်းကို ပြီးမြောက်ပြီဟု သတ်မှတ်လိုက်၏။
အကဲဖြတ်မှူးအုန်းယန်၏ အမူအရာကို ကြည့်ခြင်းအားဖြင့် မကျေနပ်မှုများ မရှိပါချေ။
၎င်းက ကောင်းမွန်သော အစပျိုးမှုတစ်ခု ဖြစ်သည်။
“ငါ ဒုတိယမြောက် မေးခွန်းကို မေးပါရစေ”
အကဲဖြတ်မှူးယန်က စကားပြောလာခဲ့၏။
အကဲဖြတ်မှူးယန်က ပထမအဆင့်က စစ်ဆေးရေးမှူးနှစ်ဦးထဲက တစ်ဦး ဖြစ်သဖြင့် သူ့မေးခွန်းက ယခင်စစ်ဆေးမှုများနှင့် သက်ဆိုင်နေပေလိမ့်မည်။
“တောရိုင်းသားရဲတစ်ကောင်ကို ခြောက်လှန့်ဖို့အတွက် သာမန်နည်းလမ်း နှစ်ခု ရှိတယ်... တစ်ခုကတော့ သူ့ကို တည့်တည့်မတ်မတ် မှင်တက်သွားအောင် လုပ်တာဖြစ်ပြီး ဒါက သားရဲနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကနေတစ်ဆင့် အောင်မြင်တာ ဖြစ်တယ်... နောက်ထပ် နည်းလမ်းတစ်ခုကတော့ သွေးကတိသစ္စာစာချုပ်ကနေတစ်ဆင့် ခြောက်လှန့်တာဖြစ်ပြီး အခြားသားရဲတွေကို ခြောက်လှန့်ဖို့အတွက် မင်းရဲ့ သားရဲရဲ့ ခြိမ်းခြောက်မှုကို ငှားရမ်းတာ ဖြစ်တယ်... ငါ မေးချင်တာကတော့ အကဲဖြတ်မှူးလင်းက အစောပိုင်းတုန်းက အဝေးကနေ အဲဒီ ရူးသွပ်နေတဲ့ နွားသိုးကြီးကို ဘယ်လိုမျိုး ခြောက်လှန့်နိုင်ခဲ့တာလဲဆိုတာပဲ”
ဤမေးခွန်းက… စာမေးပွဲမေးခွန်းတစ်ခုဟု ခေါ်ဆိုရမည့်အစား ဆွေးနွေးတိုင်ပင်မှုတစ်ခုနှင့် ပိုမိုဆင်တူပေ၏။
အခြားသော အဆင့် ၄ သားရဲအကဲဖြတ်မှူးများသည်လည်း အလားတူပင် စုစမ်းလိုစိတ် ပြင်းပြသော မျက်ဝန်းများနှင့်အတူ လှမ်းကြည့်လိုက်ကြသည်။ ၎င်းတို့ထဲက အချို့အတွက်မူ ယခုကဲ့သို့သော အခြေအနေမျိုးကို ကြားသိရခြင်းက ပထမဆုံးအကြိမ်ပင် ဖြစ်၏။
လင်းကျင်း မှင်တက်သွားခဲ့ရသည်။
ယခုအခါ ၎င်းက ခက်ခဲသော မေးခွန်းတစ်ခု ဖြစ်လာခဲ့ပြီ။ သူ အစောပိုင်းက အသုံးပြုခဲ့သော သားရဲခြောက်လှန်နိုင်စွမ်း ကျွမ်းကျင်မှုက ပြတိုက်၏ အရည်အချင်းတစ်ခု ဖြစ်သဖြင့် သူ ယင်းကို လွယ်ကူစွာ ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း သူ ယင်းကို မည်သို့မျိုး ရှင်းပြနိုင်မည်နည်း။
လျင်မြန်စွာ စဉ်းစားကြည့်ပြီးနောက် လင်းကျင်း နောက်ဆုံး၌ အကြံဉာဏ်တစ်ခု ရရှိသွားခဲ့သည်။
“အကဲဖြတ်မှူးယန်… အဝေးကနေ ခြောက်လှန့်ဖို့အတွက် ကြားခံတစ်ခု လိုအပ်ပါတယ်”
လင်းကျင်း ပြန်လည်ဖြေကြားလိုက်၏။
အကဲဖြတ်မှူးယန်က ခေါင်းခါပြလိုက်သည်။
“ငါ အဲဒါကို သိပါတယ်… ဒါပေမဲ့ အကဲဖြတ်မှူးလင်းက အစောပိုင်းတုန်းက ဘယ်လို အဆောင်လက်ဖွဲ့ကိုမှ မသုံးခဲ့သလို ကြားခံတစ်ခုအဖြစ် သုံးမယ့် တခြားအရာတွေကိုလည်း မသုံးခဲ့ဘူး”
“ကျုပ် သုံးခဲ့ပါတယ်”
လင်းကျင်း သူ့လက်ချောင်းများကို တွန်းထုတ်လိုက်ရာ ချက်ချင်းဆိုသလို ငွေအပ်တစ်ချောင်းက အနီးနားရှိ တိုင်တစ်တိုင်ဆီသို့ သာယာသော ဝုန်းခနဲအသံနှင့်အတူ စူးဝင်သွားခဲ့တော့၏။