အခန်း ၄၇၉
Vol. 24 Ch. 479
အခန်း ၄၇၉ - တရားဝင် အရည်အချင်းစစ်
စစ်ဆေးရေးမှူးတစ်ဆယ်ဦးထဲတွင် ဆရာကြီးကျန့်သည် အတွေ့အကြုံ အရှိဆုံးဖြစ်ပြီး အမြင့်ဆုံး အဆင့်အတန်းကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ သူ့မေးခွန်းကို နောက်ဆုံးအဆင့်အထိ ချန်ထားခဲ့ခြင်းက သဘာဝကျလှပေသည်။
သို့သော်လည်း ဆရာကြီးကျန့်က ပြုံးလျက်သာ ပြောဆိုလိုက်၏။
“အားလုံးက အကဲဖြတ်မှူးလင်းကို ကဏ္ဍစုံကနေ စမ်းသပ်ပြီးကြပြီပဲ... ငါ့အတွက် မေးစရာ သိပ်ကျန်တော့ပုံမရဘူး… ကျန်တာကတော့ အဆင့်တိုးမြှင့်ခြင်း စစ်ဆေးမှုပဲပေါ့”
သားရဲအကဲဖြတ်မှူးတစ်ဦးအနေဖြင့် သားရဲတစ်ကောင်ကို အဆင့်မြှင့်တင်ပေးခြင်းက အလေးအနက်ဆုံးသော ကျွမ်းကျင်မှု ဖြစ်သည်မှာ ထင်ရှားလှပြီး ၎င်းက အခက်ခဲဆုံး လုပ်ငန်းစဉ်လည်း ဖြစ်ပေသည်။
အဆင့် ၄ စံနှုန်းရှိသော အကဲဖြတ်မှူးများအတွက်မူ ၎င်းတို့သည် အဆင့် ၃ သားရဲတစ်ကောင်ကို အဆင့် ၄ သို့ မြှင့်တင်ပေးရာတွင် ရာခိုင်နှုန်းပြည့် အောင်မြင်မှုနှုန်း ရှိရန် မျှော်လင့်ထားကြ၏။ သို့သော်လည်း အဆင့် ၄ သတ္တဝါကို အဆင့် ၅ သို့ မြှင့်တင်ပေးရာတွင်မူ ထိုသို့ ပြော၍မရနိုင်ပါချေ။
စစ်ဆေးရေးမှူး အားလုံးသည် အဆင့် ၄ သားရဲတစ်ကောင်ကို အဆင့် ၅ သို့ မြှင့်တင်ပေးခဲ့ဖူးသည့် အတွေ့အကြုံများ ရှိကြပြီး ၎င်းတို့ထဲက အများစုကမူ အကြိမ်တိုင်း အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်း ရှိကြပေသည်။
သေချာသည်မှာ ယင်းအတွက် အချိန်အတော်အတန် လိုအပ်ပေလိမ့်မည်။
လင်းကျင်း သူ့ကိုယ်သူ မတ်မတ်ပြင်လိုက်၏၊ အဘယ်ကြောင့်ဆိုသော် ဆရာကြီးကျန့်က သူ့ကို အခက်ခဲဆုံး အဆင့်ဖြစ်သည့် အဆင့်တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ စမ်းသပ်တော့မည်ဟု ထင်ရခြင်းကြောင့် ဖြစ်သည်။
သို့သော်လည်း လူတိုင်းကို အံ့အားသင့်စေလျက် ဆရာကြီးကျန့်က ပြောလိုက်၏။
“ငါ မင်းကို အဆင့်တိုးမြှင့်ခြင်း ပညာရပ်နဲ့ ပတ်သက်ပြီး စမ်းသပ်မှာ မဟုတ်ဘူး”
အခြားလူများအားလုံး မှင်တက်သွားခဲ့ရသလို လင်းကျင်းလည်း အံ့အားသင့်သွားခဲ့ရ၏။
သူက လင်းကျင်းကို အဆင့်တိုးမြှင့်ခြင်း ပညာရပ်နှင့် ပတ်သက်၍ စမ်းသပ်မည် မဟုတ်ဘူးလား။
သို့ဆိုလျှင် သူက ဘာကို စစ်ဆေးမည်နည်း။
ထို့နောက်တွင် ဆရာကြီးကျန့်က ဆက်လက်ပြောဆိုလိုက်သည်။
“ငါ လတ်တလောမှာ တွေးနေမိတာက… အဆင့် ၄ သားရဲအကဲဖြတ်မှူးတွေက ကျွမ်းကျင်တဲ့ စွမ်းရည်တွေ ရှိရုံတင်မကဘဲ သူတစ်ပါးကို သင်ကြားပြသပေးနိုင်လောက်တဲ့အထိလည်း ဗဟုသုတ ပြည့်စုံရမယ်... ငါ အကဲဖြတ်မှူးလင်းကို ထျန်းရွှမ်အကယ်ဒမီမှာ သုံးလကြာ အစားထိုးကထိကအဖြစ် လုပ်ဆောင်စေချင်တယ်... အကယ်လို့ မင်းက အဆင့် ၃ အကဲဖြတ်မှူးတစ်ဦးကို မွေးထုတ်ပေးနိုင်မယ်ဆိုရင် ငါ မင်းကို အဆင့် ၄ သားရဲအကဲဖြတ်မှူးတစ်ဦးအနေနဲ့ အသိအမှတ်ပြုပေးမယ်”
လင်းကျင်း ဆွံ့အသွားခဲ့ရ၏။
ဆရာကြီးကျန့်က လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ရသည်ကို မုန်းတီးသည်ဟူသော ကောလာဟလများ ရှိခဲ့ပြီး ယနေ့တွင် လင်းကျင်း ယင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။
၎င်းနှင့် ပတ်သက်၍ ပြောရလျှင် လူသားတစ်ဦးကို ပညာသင်ကြားပေးခြင်းက ဘယ်တော့မှ ပေါ့ပေါ့ဆဆ မယူဆသင့်သော အလုပ်တစ်ခု ဖြစ်၏။ အထူးသဖြင့် သူက အဆင့် ၃ ကျောင်းသားတစ်ဦးကို မွေးထုတ်ပေးရန် လိုအပ်နေခြင်း ဖြစ်သည်။ ၎င်းက အတော်လေး ရိုးရှင်းပုံရသော်လည်း လူတိုင်းက ဆရာဖြစ်သူ ဆန္ဒရှိသကဲ့သို့ တိုးတက်လာနိုင်ခြင်းမျိုး မဟုတ်ပါချေ။
သို့သော်လည်း ဆရာကြီးကျန့်က ထုတ်ဖော်ပြောဆိုလိုက်ပြီ ဖြစ်သဖြင့် မည်သူကမှ သူ့ကို ဆန့်ကျင်ရန် မဝံ့ရဲကြသလို ဆန့်ကျင်နိုင်စွမ်းလည်း ရှိမနေကြပါချေ။
“သေချာတာပေါ့… ငါတို့ နောက်မှ လုပ်မယ့် ဆန္ဒမဲပေးပွဲမှာ အကဲဖြတ်မှူးလင်းက စစ်ဆေးမှုကို အောင်မြင်မယ်ဆိုရင် မင်းက တရားဝင် အဆင့် ၄ သားရဲအကဲဖြတ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံရဦးမှာပဲ... မင်း ငါ့ရဲ့ စိန်ခေါ်မှုကို လက်မခံဘူးဆိုရင်တောင် အဆင်ပြေပါတယ်... ငါ ငါ့ရဲ့ မဲပေးပွဲကိုပဲ ဖျက်သိမ်းလိုက်မယ်… သဘောတူတာလည်း မဟုတ်ဘူး၊ ငြင်းပယ်တာလည်း မဟုတ်ဘူးပေါ့”
ဆရာကြီးကျန့်က ပြောဆိုလိုက်၏။
‘ဒီလိုလည်း လုပ်လို့ရတာပဲလား’
လင်းကျင်း အံ့သြသွားခဲ့ရသည်။
အမှန်စင်စစ် ဆန္ဒမဲပေးမည့် လူတစ်ဆယ်ထဲကနေ လူတစ်ဦး လျော့နည်းသွားခြင်းက လင်းကျင်း၏ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်လောက်သည်အထိ သက်ရောက်မှု မရှိနိုင်ပါချေ။
လင်းကျင်း ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
“မဲခွဲဆုံးဖြတ်မှုရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ်… ကျုပ် လာမယ့် သုံးလအတွင်းမှာ ထျန်းရွှမ်အကယ်ဒမီရဲ့ ယာယီကထိကအဖြစ် လုပ်ဆောင်ဖို့ လိုလိုလားလား ရှိပါတယ်”
သူ မည်သို့ပင်ဖြစ်စေ ထျန်းရွှမ်မြို့တော်တွင် အချိန်ကာလတစ်ခုအထိ နေထိုင်ရန် အစောကတည်းက စီစဉ်ထားခဲ့ပြီး ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူက တာအိုအရှင်၏ စာလွှာကို ငှားရမ်းနိုင်ရန်အတွက် ထိုနိုင်ငံ၏ ဧကရာဇ်ကို ဖျောင်းဖျရမည် ဖြစ်ပြီး ၎င်းက ရက်ပိုင်းအတွင်းနှင့် အောင်မြင်နိုင်မည့်အရာ မဟုတ်ပါချေ။
ထိုသို့သော အခြေအနေမျိုးတွင် ဤနေရာ၌ သုံးလကြာ နေထိုင်ခြင်းက ဖြစ်နိုင်ခြေ ရှိပေသည်။
ပိုမိုအရေးကြီးသည်မှာ သူက ဆရာကြီးကျန့်၏ စိန်ခေါ်မှုကို လက်ခံခြင်းအားဖြင့် ထိုလူအပေါ် ကောင်းမွန်သော အထင်အမြင်တစ်ခု ချန်ထားခဲ့နိုင်မည် ဖြစ်၏။ သားရဲအကဲဖြတ်မှူးလောက၏ အကြီးအကဲနှင့် မိတ်ဆွေဖြစ်ရခြင်းက သေချာပေါက် အကျိုးကျေးဇူးများ ရှိနိုင်ပေလိမ့်မည်၊ လင်းကျင်း လက်ရှိတွင် ယင်းတို့က ဘာလဲဆိုသည်ကို မသိရှိသေးလျှင်ပင် ဖြစ်၏။
သို့သော်လည်း ၎င်းမတိုင်မီ စစ်ဆေးရေးမှူး ဆယ်ဦးစလုံးက ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြသရန်အတွက် လက်မြှောက်ကြရမည် ဖြစ်သည်။ ရလဒ်ပေါ်တွင် မူတည်၍ အကယ်၍ နောက်ဆုံးအရေအတွက်က ငါးဦးထက် နည်းပါးနေမည်ဆိုပါက လင်းကျင်း သူ့တဲကို လိပ်ပြီး အိမ်ပြန်ရပေလိမ့်မည်။
သူ နောက်ပိုင်းတွင် ဆရာကြီးကျန့်၏ စစ်ဆေးမှုကို အောင်မြင်ခဲ့လျှင်ပင် ယင်းက အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူ စစ်ဆေးရေးမှူး အများစု၏ သဘောတူညီချက်ကို ရရှိမည်ဆိုပါက သူသည် သူ့အဆင့် ၄ အရည်အချင်းစစ်ကို ရရှိပေလိမ့်မည်။
တစ်နည်းအားဖြင့် ဆရာကြီးကျန့်၏ ထင်မြင်ချက်က အရေးကြီးသော်လည်း ၎င်းက အောင်မြင်မှုအတွက် အဆုံးအဖြတ် သော့ချက်ကြီးတော့ မဟုတ်ပါချေ။
မဲခွဲဆုံးဖြတ်မှု စတင်သည်နှင့် အကဲဖြတ်မှူးယန်က ပထမဆုံး လက်မြှောက်လိုက်၏။ သူက လင်းကျင်းကို အလွန်အမင်း သဘောကျနေကြောင်း ထင်ရှားပေသည်။ ထို့နောက်တွင် အခြားသော အကဲဖြတ်မှူး အနည်းငယ်ကလည်း ၎င်းတို့၏ သဘောတူညီမှုကို ပြသရန်အတွက် လက်မြှောက်လိုက်ကြသည်။
ခြုံငုံကြည့်ရလျှင် ဆရာကြီးကျန့်ကို မရေတွက်ဘဲ အကဲဖြတ်မှူးငါးဦးက လက်မြှောက်ထားခဲ့ကြပြီ ဖြစ်၏။ အဆင့် ၄ အကဲဖြတ်မှူး အများစုက လင်းကျင်းကို ထောက်ခံကြောင်း ပြသခဲ့ကြပြီ ဖြစ်သည်။
လက်မမြှောက်ခဲ့ကြသော လူများထဲတွင် ရန်မင်က တစ်ဦးအပါအဝင် ဖြစ်နေသည်ကတော့ အံ့သြစရာ မဟုတ်ပါချေ။
ရုတ်တရက် အခြားသော စစ်ဆေးရေးမှူးတစ်ဦးက လက်မြှောက်လိုက်ပြန်၏။ ဤအရာနှင့်အတူ လင်းကျင်းကို သဘောတူထောက်ခံသော အဆင့် ၄ သားရဲအကဲဖြတ်မှူး ခြောက်ဦး ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤအရာကြောင့် ဆရာကြီးကျန့်၏ နောက်ဆုံးဆုံးဖြတ်ချက်က ဘယ်လိုပဲဖြစ်ဖြစ် လင်းကျင်းက အဆင့် ၄ စစ်ဆေးမှုကို အောင်မြင်သွားခဲ့ပြီ ဖြစ်သဖြင့် တရားဝင် အရည်အချင်းစစ်ကို အောင်မြင်စွာ ရရှိသွားခဲ့ပြီ ဖြစ်၏။
ထျန်းရွှမ်နိုင်ငံ၏ သားရဲအကဲဖြတ်မှူး အသင်းချုပ် ပိုင်ဆိုင်ထားသော အခွင့်အရေးတစ်ခုမှာ ၎င်းတို့သည် ၎င်းတို့ဧကရာဇ်၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိမနေခြင်းပင် ဖြစ်သည်။ ပြင်းထန်သော လွတ်လပ်မှုနှင့် ကြီးမားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းကို ပိုင်ဆိုင်ထားသဖြင့် ၎င်းတို့တွင် အခြားသော နိုင်ငံများက သားရဲအကဲဖြတ်မှူးများကို အရည်အချင်းစစ် အောင်မြင်ကြောင်း သတ်မှတ်ပေးနိုင်သည့် လုပ်ပိုင်ခွင့် အာဏာ ရှိပေသည်။
၎င်းက ၎င်းတို့၏ အသင်းချုပ်သည် တိုက်ကြီးပေါ်တွင် အခြေစိုက်နေသော သားရဲအကဲဖြတ်မှူးများအတွက် သန့်ရှင်းမွန်မြတ်သော နယ်မြေတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ရခြင်း၏ အကြောင်းရင်းလည်း ဖြစ်၏။
“ဂုဏ်ယူပါတယ်… အကဲဖြတ်မှူးလင်း”
အကဲဖြတ်မှူးယန်က ပြောဆိုလိုက်သည်။ လင်းကျင်းကို ထောက်ခံခဲ့ကြသော အခြားသော စစ်ဆေးရေးမှူးများကလည်း သူ့ထံသို့ လာရောက်၍ ဂုဏ်ပြုစကား ဆိုကြ၏။
အဆင့် ၄ စံနှုန်းတွင် ၎င်းတို့ကို အထင်ကြီးစေနိုင်သော တစ်ခုတည်းသော စံသတ်မှတ်ချက်က စွမ်းအား ဖြစ်ပေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် လင်းကျင်းသည် အခက်အခဲအားလုံးကို ကျော်လွှားနိုင်ခဲ့ပြီး သူ ပြသခဲ့သော အရည်အချင်းက ၎င်းတို့အားလုံးကို အံ့အားသင့်စေခဲ့၏။ အချို့လူများက မနာလိုဝန်တိုမှုကြောင့် ရလဒ်ကို လက်ခံရန် ဝန်လေးနေကြသော်လည်း ၎င်းတို့ထဲက အများစုကမူ ပိုမိုနုပျိုသော လူတစ်ဦးက မကြာမီအချိန်အတွင်း ၎င်းတို့ကို ကျော်လွန်သွားနိုင်သည်ဟူသော အချက်ကို အသိအမှတ်ပြုနိုင်လောက်သည်အထိ သဘောထားကြီးကြပေသည်။
သေချာသည်မှာ မည်သည့်စကားတစ်ခွန်းမျှ မဆိုဘဲ ထွက်ခွာသွားခဲ့ကြသော အကဲဖြတ်မှူးများလည်း ရှိနေ၏၊ အကဲဖြတ်မှူးရန်မင်ကဲ့သို့သော လူမျိုး ဖြစ်သည်။
၎င်းက ၎င်းတို့၏ ထူးဆန်းသော ပင်ကိုယ်စရိုက်ကြောင့် ဖြစ်နိုင်သလို ၎င်းတို့က လင်းကျင်းကို ရိုးရိုးသားသား မနှစ်သက်ကြခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ ၎င်းတို့ လက်မြှောက်ရန် ငြင်းဆန်ခဲ့ကြစဉ်ကပင် ယင်းက ထင်ရှားလှပေသည်။
သို့သော်လည်း ၎င်းက ဤစစ်ဆေးမှု၏ ရလဒ်ကို ပြောင်းလဲပစ်နိုင်မည် မဟုတ်ပါချေ။
လင်းကျင်း အောင်မြင်သွားခဲ့ပြီ ဖြစ်၏။
သူ စစ်ဆေးမှုကို အောင်မြင်နိုင်ကြောင်း အစောကတည်းက သိရှိထားခဲ့သော်လည်း လင်းကျင်းသည် သူ အောင်မြင်မှုနှင့်အတူ ထွက်ခွာနိုင်ခဲ့သည့် အချက်ကြောင့် ဝမ်းမြောက်မိဆဲ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ၎င်းက သူ့စွမ်းရည်များကို သားရဲအကဲဖြတ်လောက၏ အထက်တန်းလွှာများက အသိအမှတ်ပြုလိုက်ကြပြီ ဖြစ်ကြောင်း ဖော်ပြနေခြင်းကြောင့် ဖြစ်၏။
ထျန်းရွှမ်နိုင်ငံ၏ သားရဲအကဲဖြတ်မှူး အသင်းချုပ်က အလျင်အမြန် တုံ့ပြန်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် မိနစ်အနည်းငယ်ခန့်အကြာတွင် လက်စွပ်လေးကွင်းပါဝင်သော လက်မောင်းစွပ်တစ်ခုကို သူ့ထံသို့ လာရောက်ပေးအပ်ခြင်းကြောင့် ဖြစ်၏။
ယခုကဲ့သို့သော ပစ္စည်းများက သီးသန့်လက်ရာများ ဖြစ်သည်ဟု ဆိုကြသဖြင့် အတုအပ ပြုလုပ်ရန် ခက်ခဲလှပေသည်။ မှောင်ခိုဈေးကွက်တွင် ယင်းသို့သော အရာတစ်ခုကို ပုံတူကူးရန်က မဖြစ်နိုင်သလောက်ပင် ဖြစ်၏။
လင်းကျင်း သူ့အသစ်ကို ဝတ်ဆင်ရန်အတွက် သူ့လက်စွပ်သုံးကွင်းပါ လက်မောင်းစွပ်ကို ချွတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့အရှိန်အဝါ၌ အနည်းငယ် ပြောင်းလဲသွားမှုကို သူ ခံစားလိုက်ရ၏။
သေချာသည်မှာ ၎င်းက စိတ်ပိုင်းဆိုင်ရာ ထင်ယောင်ထင်မှား ဖြစ်ခြင်းမျိုးသာ ဖြစ်နိုင်ပေသည်။
သို့သော်လည်း သံသယဖြစ်ဖွယ်မရှိဘဲ သူ ဤလက်စွပ်လေးကွင်းပါ လက်မောင်းစွပ်နှင့်အတူ အပြင်ဘက်သို့ ထွက်ခွာသွားမည်ဆိုပါက သေချာပေါက် ရုန်းရင်းဆန်ခတ် ဖြစ်သွားစေပေလိမ့်မည်။ ထျန်ရွှမ်မြို့တော်တွင်ပင်လျှင် အဆင့် ၄ သားရဲအကဲတ်ဖြတ်မှူး အရေအတွက်က နှစ်ဆယ်ကျော်မျှသာ ရှိခြင်းကြောင့် ဖြစ်၏။
“ဆရာကြီးကျန့်က ပြန်သွားပြီ… သူက မင်း ထျန်းရွှမ်အကယ်ဒမီကို မင်းဆန္ဒရှိတဲ့ ဘယ်အချိန်မဆို သွားလို့ရတယ်လို့ ပြောသွားတယ်”
အကဲဖြတ်မှူးယန်က ပြုံးလျက် ပြောဆိုလိုက်၏။ လင်းကျင်းက ကျေးဇူးတင်စကားနှင့်အတူ ဂါရဝပြုလျက် ပြန်လည်တုံ့ပြန်လိုက်သည်။
သူသည် စစ်ဆေးမှုတစ်လျှောက်လုံးတွင် အကူအညီများ ပေးအပ်ခဲ့သော အကဲဖြတ်မှူးယန်ကို အရှိဆုံး ကျေးဇူးတင်မိပေသည်။ အကယ်၍ သူသာ မရှိပါက လင်းကျင်း လက်ရှိထက် များစွာ ပိုမို၍ အားထုတ်ကြိုးပမ်းရကိန်း ရှိနေပေလိမ့်မည်။
ထို့နောက်တွင် အကဲဖြတ်မှူးယန်က လင်းကျင်းနှင့်အတူ ထျန်းရွှမ်အကယ်ဒမီသို့ လိုက်ပါရန် ကမ်းလှမ်းခဲ့သော်လည်း လင်းကျင်း သူ့ကို ထပ်မံ၍ အလုပ်မရှုပ်စေချင်တော့ပါချေ။ ဤအရာနှင့်အတူ အကဲဖြတ်မှူးယန် နှုတ်ဆက်ထွက်ခွာရန် ဆုံးဖြတ်လိုက်တော့သည်။
သူ မထွက်ခွာမီ ထပ်လောင်းပြောကြားလိုက်၏။
“အကဲဖြတ်မှူးလင်း ထျန်းရွှမ်မြို့တော်ကို ရောက်တာ ပထမဆုံးအကြိမ် ဖြစ်လို့… မင်း အကူအညီ တစ်စုံတစ်ရာ လိုအပ်မယ်ဆိုရင် ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်”
ယင်းသို့ ပြောပြီးနောက် သူ ထွက်ခွာသွားခဲ့တော့၏။
“တကယ်ကို စိတ်သဘောထားကောင်းတဲ့ လူပဲ”
လင်းကျင်း မိမိကိုယ်မိမိ တိုးတက်စွာ ရေရွတ်လိုက်သည်။ ထို့နောက်တွင် သူ ကျန်းထျန်ဟယ်ကို သူ့စစ်ဆေးမှု ရလဒ်အား အသိပေးရန်အတွက် လိုက်လံရှာဖွေလိုက်တော့၏။
မည်သို့ပင်ဖြစ်စေ ထိုလူက လင်းကျင်းအတွက် စစ်ဆေးမှုကို စီစဉ်ပေးရန် ကူညီပေးခဲ့ခြင်း ဖြစ်ပေသည်။
၎င်းတို့ ဆုံတွေ့ကြသည့်အချိန်တွင် ကျန်းထျန်ဟယ်သည် လင်းကျင်း၏ အဆင့်အတန်းအသစ်ကို သိရှိထားပြီး ဖြစ်သဖြင့် ယခုအကြိမ်တွင် များစွာ ပိုမို၍ ယဉ်ကျေးပျူငှာစွာ ပြောဆိုလာခဲ့၏။
မည်သို့ပင်ဖြစ်စေ လင်းကျင်းက လက်ရှိတွင် အဆင့်ပြည့် အဆင့် ၄ သားရဲအကဲဖြတ်မှူးတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်၊ သူက ဂျန်ထျန်ဟယ်ထက် အဆင့်တစ်ဆင့် ပိုမိုမြင့်မားပေသည်။
လင်းကျင်း ထျန်းရွှမ်မြို့တော်တွင် နောက်ထပ် သုံးလကြာ နေထိုင်ရမည်ဟူသော အချက်ကို ကြားသိရသည့်အခါ ကျန်းထျန်ဟယ် နောက်ထပ် ဘာလုပ်ရမည်ကို သဘောပေါက်သွားခဲ့ရ၏၊ အဘယ်ကြောင့်ဆိုသော် လင်းကျင်း ယခုကဲ့သို့ ရှည်လျားလှသော အချိန်ကာလပတ်လုံး တည်းခိုခန်းတစ်ခုတွင် ဆက်လက်နေထိုင်နေရန်က မသင့်လျော်ခြင်းကြောင့် ဖြစ်သည်။
“အကဲဖြတ်မှူးလင်း… မင်းရဲ့ တည်းခိုနေထိုင်ရေးကို ငါ့ကို စီစဉ်ခွင့်ပြုပါ… ဒါက အဆင့် ၄ သားရဲအကဲဖြတ်မှူးတစ်ဦး စိုးရိမ်ပူပန်နေရမယ့် အရာမျိုး မဟုတ်ဘူး”
ကျန်းထျန်ဟယ်က လင်းကျင်းအတွက် နေထိုင်စရာအသစ်တစ်ခု ရှာဖွေပေးရန် အလုပ်ကို တာဝန်ယူရန် ဆုံးဖြတ်လိုက်တော့သည်။
လင်းကျင်း သူ့ကို ကျေးဇူးတင်စကား ဆိုလိုက်ပြီး ငွေကြေးကိစ္စက ပြဿနာမရှိကြောင်း သေချာစွာ ထည့်သွင်းပြောဆိုလိုက်၏။