← Chapters

အခန်း ၄၈၀

Vol. 24 Ch. 480

အခန်း ၄၈၀

Vol. 24 Ch. 480

အခန်း ၄၈၀ - ဝိညာဉ်ဓားပျံ

​လင်းကျင်းက ယခုအခါ ဆင်းရဲမွဲတေနေသူတစ်ဦး မဟုတ်တော့ပါချေ။ ငွေအမြောက်အမြားကို ထုတ်မပေးနိုင်လျှင်ပင် ငွေပြားအနည်းငယ်စီ ရှိနေသော ငွေတုံးငွေခဲ အနည်းငယ်လောက်ကတော့ သူ့အတွက် ပြဿနာမရှိပါချေ။

​သားရဲအကဲဖြတ်မှူး အသင်းချုပ်ကနေ ထွက်ခွာလာပြီးနောက် လင်းကျင်း၏ စိတ်လှုပ်ရှားမှုများက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ရ၏။ သူ စိတ်ခံစားချက် ကောင်းမွန်နေသော်လည်း ထိန်းမနိုင်သိမ်းမရ ဖြစ်လောက်သည်အထိတော့ မဟုတ်ပါချေ။ အကယ်၍သာ ကျောက်စိမ်းနဂါးမြို့တော်တွင် ဖြစ်ပါက သူ အဆင့် ၄ စစ်ဆေးမှုကို အောင်မြင်ပြီးသည်နှင့် တစ်မြို့လုံး ချက်ချင်းဆိုသလို သိရှိသွားကြပေလိမ့်မည်။ အမှန်စင်စစ် ၎င်းတို့သည် သူ့အတွက် ဂုဏ်ပြုပွဲတစ်ခု ကျင်းပပေးကြလိမ့်မည်ဟု သူ သေချာပေါက် ယုံကြည်နေမိ၏။

​‘ဟုတ်သားပဲ… ငါ အကဲဖြတ်မှူးတန်ရွှင်းဆီကို ဒီသတင်းကောင်း အသိပေးဖို့ စာတစ်စောင် ရေးရမယ်’

လင်းကျင်း တွေးတောလိုက်သည်။ မည်သို့ပင်ဖြစ်စေ တန်ရွှင်းက သူ့ကို ထောက်ခံပေးခဲ့သော လူ ဖြစ်ပေသည်။ ယခုအခါ ရလဒ်များ ထွက်ပေါ်လာပြီဖြစ်သဖြင့် သူသည် အကဲဖြတ်မှူးတန်ထံသို့ ထိုသတင်းကောင်းကို အသိပေးရပေလိမ့်မည်။

​အခြားလူများအတွက်မူ... ထားလိုက်ပါတော့။

​လင်းကျင်းအနေဖြင့် ယခုကဲ့သို့ စာအမြောက်အမြား ရေးသားရန် မလိုအပ်ဟု ခံစားရ၏၊ အဘယ်ကြောင့်ဆိုသော် ဤစာတစ်စောင်ကြောင့် ကျန်ရှိသော လူများအားလုံးလည်း သူ့အဆင့်အတန်းအသစ်ကို စောစောနှင့် နောက်နောက် သိရှိသွားကြမည် ဖြစ်ခြင်းကြောင့် ဖြစ်ပေသည်။

​ဤအရာကို စိတ်ထဲ၌ မှတ်သားလျက် လင်းကျင်း တည်းခိုခန်းထံသို့ ပြန်လည်ရောက်ရှိလာခဲ့၏။

​လင်းကျင်းကို စိတ်ရှုပ်ထွေးစေသည့် အချက်မှာ ဂူမုန်းကျုံးသည် ပထမထပ်ရှိ စားပွဲတစ်ခုတည်းတွင် ဆက်လက်ထိုင်နေဆဲဖြစ်ပြီး သူ့လက်ထဲရှိ ‘သိုင်းသူတော်စင် မန္တန်’ ထဲ၌ အလွန်အမင်း စိတ်ဝင်တစား နစ်မြောနေခြင်းပင် ဖြစ်သည်။ လင်းကျင်း ယနေ့နံနက်က တည်းခိုခန်းကနေ ထွက်ခွာသွားခဲ့ပြီးကတည်းက ဆိုလျှင် စုစုပေါင်း လေးနာရီခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။

​ဂူမုန်းကျုံးက ဤနေရာတွင် လေးနာရီပတ်လုံး တကယ်ပဲ ထိုင်နေခဲ့ခြင်းလား။

​ဆိုင်ရှင်က လင်းကျင်း၏ ညွှန်ကြားချက်ကို လိုက်နာခဲ့ကြောင်း ထင်ရှားလှသည်။ အဘယ်ကြောင့်ဆိုသော် ဂူမုန်းကျုံးသည် မည်သူ့နှောင့်ယှက်မှုမှ မခံရဘဲ ထိုနေရာတွင် ထိုင်နေဆဲ ဖြစ်ခြင်းကြောင့် ဖြစ်၏။ ယင်းသို့ ဖြစ်သော်လည်း ဆိုင်ရှင် မည်မျှအထိ စိတ်အနှောင့်အယှက် ဖြစ်နေရကြောင်းကိုမူ လင်းကျင်း အကဲခတ်မိပေသည်။

​လင်းကျင်း အနားသို့ သွားကာ ချောင်းဟန့်လိုက်၏။ ယင်းသို့ ပြုလုပ်လိုက်လျှင်ပင် ဂူမုန်းကျုံး၏ အာရုံစိုက်မှုက ခက်ခဲသော မေးခွန်းအချို့ကို တွေးတောနေသကဲ့သို့ စာအုပ်ပေါ်၌သာ အပြည့်အဝ ရှိနေဆဲ ဖြစ်သည်။

​အခြားရွေးချယ်စရာမရှိသဖြင့် လင်းကျင်း သူ့ပုခုံးကိုသာ အသာအယာ ပုတ်လိုက်ရတော့၏။ သို့သော် ၎င်းက သာမန်ပုတ်လိုက်ခြင်းမျိုး မဟုတ်ပါချေ။ သူသည် ဂူမုန်းကျုံး၏ အာရုံစိုက်မှုကို ရရှိရန်အတွက် ကျင့်စဉ်စွမ်းအား အနည်းငယ်ကို လှည့်ပတ်လိုက်ရင်း လှမ်းခေါ်လိုက်သည်။

“ဆရာကြီးဂူ”

​“အင်း...”

​အိပ်မက်ထဲကနေ လန့်နိုးလာခဲ့သကဲ့သို့ ဂူမုန်းကျုံး၏ ခန္ဓာကိုယ် တုန်ရင်သွားခဲ့ရ၏။ သူ မော့ကြည့်လိုက်ရာ နှောင့်ယှက်ခံလိုက်ရသဖြင့် သိသိသာသာ စိတ်အနှောင့်အယှက် ဖြစ်သွားဟန် ပေါ်သော်လည်း ၎င်းက လင်းကျင်း ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည့်အခါ ဂူမုန်းကျုံး၏ မျက်နှာတွင် ပြုံးပန်းဆင်သွားခဲ့ရတော့သည်။

​“ညီအစ်ကိုလင်း… မင်းရဲ့ ‘သိုင်းသူတော်စင် မန္တန်’ က တကယ်ကို ပြောင်မြောက်တာပဲ.... ဒါက တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပဲ... မင်း ဒါကို ဘယ်ကနေ ရခဲ့တာလဲ… ငါ့ကို ဒီစာအုပ်ကို နောက်ထပ် ရက်အနည်းငယ်လောက် ထပ်ပြီး ငှားပေးလို့ ရမလား”

​သူ့အမူအရာက လင်းကျင်းကို ရတနာသိုက်ကြီး တွေ့ရှိသွားသော ကလေးငယ်တစ်ဦးပမာ သတိရသွားစေခဲ့၏။ ဂူမုန်းကျုံးသည် ထိုစာအုပ်ထဲ၌ အလွန်အမင်း စိတ်ဝင်တစား နစ်မြောနေသဖြင့် ယခုအခါ လက်လွှတ်ရန် ဝန်လေးနေခဲ့ပြီ ဖြစ်သည်။

​လင်းကျင်း၏ သိုင်းပညာ အခြေခံက အားနည်းလှပြီး သူသည် သူ့နည်းစနစ်များကို လေ့ကျင့်ရန်နှင့် အရောင်တင်ရန်အတွက် ဆယ်စုနှစ်အနည်းငယ်လောက် အချိန်ကုန်ခံမည် မဟုတ်ကြောင်း သေချာပေသည်။

​ထို့ကြောင့် ဤ ‘သိုင်းသူတော်စင် မန္တန်’ က သူ့အတွက်မူ များစွာ အဓိပ္ပာယ် ရှိမနေပါချေ။

​သို့သော်လည်း ဂူမုန်းကျုံးအတွက်မူ တခြားစီ ဖြစ်၏။

​ဂူမုန်းကျုံးသည် သူ့ထံ၌ ဓားသိုင်းပညာ အတွေ့အကြုံ ဆယ်စုနှစ်တစ်ခုမက ရှိထားပြီး ဖြစ်သော်လည်း ဤ ‘သိုင်းသူတော်စင် မန္တန်’ က သူ့စွမ်းအားကို ထပ်လောင်း မြှင့်တင်ပေးနိုင်ဆဲ ဖြစ်ပေသည်။ သူက ဤစာအုပ်ကို ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားနေခြင်းက သဘာဝကျလှ၏။

​လင်းကျင်း ခေါင်းညိတ်ပြလိုက်သည်။

“ဆရာကြီးဂူကို ဒီစာအုပ် ငှားပေးဖို့က ပြဿနာမရှိပါဘူး... မင်း ဒါကို နောက်ထပ် ရက်အနည်းငယ်လောက် သိမ်းထားလို့ ရပါတယ်… ဒါပေမဲ့ အရာရာမှာ အတိုင်းအတာ ရှိတယ်ဆိုတာကို သိထားရမှာမို့လို့ အခုတော့ အနားယူလိုက်ဦး... ကျုပ်တို့ နေ့လယ်စာစားပြီးမှ ဆက်လုပ်ကြတာပေါ့… ဟုတ်ပြီလား”

​“နေ့လယ်စာ”

​ဂူမုန်းကျုံး ဆွံ့အသွားခဲ့ရ၏။ သူ့စိတ်ထဲ၌မူ သူ နံနက်စာပင် မစားရသေးပါချေ၊ သို့ဆိုလျှင် နေ့လယ်စာ ဆိုသည်က ဘာလဲ။

​သူ အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ အံ့အားသင့်သွားခဲ့ရတော့သည်။

​သူက ‘သိုင်းသူတော်စင် မန္တန်’ ထဲ၌ အလွန်အမင်း စိတ်ဝင်တစား ရှိနေခဲ့သဖြင့် အချိန်ကုန်လွန်သွားသည်ကို လုံးဝ သတိမထားမိခဲ့ပါချေ။

​ယခုအခါ နေ့လယ် တည့်တည့် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

​သူ စာစတင်ဖတ်ကတည်းက ဆိုလျှင် အနည်းဆုံး လေးနာရီခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်ရပေမည်။

​သူ့အံ့အားသင့်မှုများအကြား ဂူမုန်းကျုံးသည် လင်းကျင်း သားရဲအကဲဖြတ်မှူး အသင်းချုပ်တွင် အဆင့် ၄ စစ်ဆေးမှု ခံယူရန် သွားရောက်ခဲ့ရသည်ကို ရုတ်တရက် သတိရသွားခဲ့၏။ သူ ယင်းနှင့် ပတ်သက်၍ မေးမြန်းတော့မည့်အချိန်တွင် လင်းကျင်း၏ လက်မောင်းစွပ်ပေါ်ရှိ လက်စွပ်လေးကွင်းပါဝင်သော သားရဲပုံစံကို သတိပြုမိသွားခဲ့ရသည်။

​ဂူမုန်းကျုံး၏ မျက်လုံးများက ပြူးကျယ်သွားခဲ့ရ၏။

​“ညီအစ်ကိုလင်း… မင်း… မင်း အောင်မြင်သွားပြီလား”

​လင်းကျင်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

“အခက်အခဲတွေ ရှိခဲ့ပေမယ့်… ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်ခဲ့ပါတယ်”

​“ဟားဟား… ဒါက တကယ်ကို အံ့ဩစရာကောင်းတာပဲ”

ဂူမုန်းကျုံး အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရ၏။

“ငါတို့ ဒါကို မဆင်နွှဲဘဲ ဘယ်လိုနေလို့ ရပါ့မလဲ… ဆိုင်ရှင်… သေရည် ကောင်းကောင်းနဲ့ အစားအစာတချို့ ယူလာပေးပါ… ငါတို့ ဒီအခွင့်အရေးကို သေချာပေါက် အထိမ်းအမှတ် လုပ်ရမယ်”

​လင်းကျင်း သူ့ကို မတားဆီးခဲ့ပါချေ၊ အဘယ်ကြောင့်ဆိုသော် ဤအရာက တကယ်ကို သောက်စားဂုဏ်ပြုရန် ထိုက်တန်ခြင်းကြောင့် ဖြစ်၏။

​သူ နေ့လယ်ပိုင်းတွင် ထျန်းရွှမ်အကယ်ဒမီသို့ သွားရောက်ရန် ရှိသည်ဟူသော အချက်နှင့် ပတ်သက်၍မူ လင်းကျင်း အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိပါချေ။ သူ့ကျင့်စဉ်အဆင့်နှင့်ဆိုလျှင် သူသည် ပြင်းထန်သော အရက်တစ်အိုးလုံးကို သောက်သုံးပြီးလျှင်ပင် သူ့ခန္ဓာကိုယ်ထဲက အယ်လ်ကိုဟောများကို အလွယ်တကူ ဖယ်ရှားပစ်နိုင်ပေသည်။

​ယခုအချိန်အထိ စကားတစ်ခွန်းမျှ ထုတ်ဖော်မပြောခဲ့သော စီနီယာမော့သည် နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ သေချာသည်မှာ သူ ပထမဆုံး လုပ်ဆောင်ခဲ့သည့်အရာက လင်းကျင်း စစ်ဆေးမှု အောင်မြင်ခဲ့ခြင်းအတွက် ဂုဏ်ပြုစကား ဆိုခြင်း ဖြစ်ပေသည်။

​အသင်းချုပ်သို့ သွားရောက်ခဲ့ရသော ဤခရီးစဉ်က သူ့ကို အတော်လေး ထိတ်လန့်သွားစေခဲ့ခြင်း ဖြစ်၏။

​အစပိုင်းတွင်မူ သူသည် အဆင့် ၄ သားရဲအကဲဖြတ်မှူးများကို အထင်ကြီးခြင်း မရှိခဲ့ပါချေ။ ၎င်းတို့က ကျောက်စိမ်းနဂါးနိုင်ငံရှိ အဆင့် ၃ သားရဲအကဲဖြတ်မှူးများနှင့် ဆင်တူလိမ့်မည်ဟု သူ ထင်မြင်ခဲ့ခြင်း ဖြစ်သည်။ ထျန်းရွှမ်မြို့တော်သို့ ရောက်ရှိလာခဲ့သော ခရီးစဉ်က အဆင့် ၄ အကဲဖြတ်မှူးများသည် အဆင့် ၃ အကဲဖြတ်မှူးများနှင့် နှိုင်းယှဉ်လျှင် မည်မျှအထိ ပိုမိုအစွမ်းထက်ကြောင်း သူ့ကို နားလည်သဘောပေါက်သွားစေခဲ့၏။

​၎င်းတို့၏ အသင်းချုပ်တွင်မူ သူသည် မကြုံစဖူးသော ဖိအားများကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

​စီနီယာမော့ကို အကြွင်းမဲ့ ယုံကြည်သွားစေခဲ့သည့်အချက်မှာ အကဲဖြတ်မှူးရန်မင် သူ့အပေါ် တိုက်ခိုက်လိုက်စဉ်က သူ ပြန်လည်တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိခဲ့ခြင်း ဖြစ်ပေသည်။

​အမှန်အတိုင်း ထုတ်ဖော်ပြောရလျှင် အကယ်၍ သူသာ ထိုတံတိုင်းများအပြင်ဘက်တွင် အကဲဖြတ်မှူးရန်မင်နှင့် ဆုံတွေ့ခဲ့မည်ဆိုပါက သူကိုယ်တိုင် အဆင့် ၄ ကျောက်စိမ်းနဂါးတစ်ကောင် ဖြစ်နေလျှင်ပင် သေချာပေါက် အသက်ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်နိုင်ပေသည်။

​အဆင့် ၄ သားရဲအကဲဖြတ်မှူးများသည် တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှ၏။

​ထိုဆိုးရွားလှသော အခြေအနေကို ဖြတ်သန်းပြီးနောက် စီနီယာမော့ အရာတစ်ခုကို နားလည်သွားခဲ့ရသည်။ ယခုအခါ သူက အကဲဖြတ်မှူးလင်းနှင့် ပတ်သက်ဆက်နွှယ်နေခဲ့ပြီ ဖြစ်သဖြင့် သူ့ကို ဘယ်တော့မှ လက်လွှတ်ခံတော့မည် မဟုတ်ပါချေ။

​နောင်တစ်ချိန်တွင် အကဲဖြတ်မှူးလင်းနောက်သို့ အနီးကပ် လိုက်ပါခြင်းအားဖြင့်သာ သူ ပိုမိုကောင်းမွန်သော ဘဝကို ဖြတ်သန်းနိုင်ပေလိမ့်မည်။

​စားပွဲပေါ်တွင် အကောင်းဆုံး အစားအစာများဖြင့် ပြည့်နှက်မနေခဲ့လျှင်ပင် လင်းကျင်းနှင့် ဂူမုန်းကျုံးတို့သည် ပျော်ရွှင်ဖွယ်ကောင်းသော အစားအစာတစ်ခုကို အတူတကွ သုံးဆောင်ခဲ့ကြ၏။ လင်းကျင်း နေ့လယ်စာစားပြီးနောက် အနားယူရန်အတွက် သူ့အခန်းသို့ ပြန်လာခဲ့ပြီး စီနီယာမော့ကမူ တံခါးအပြင်ဘက်တွင် စောင့်ကြပ်နေခဲ့သည်။

​အခန်းတွင်း၌မူ လင်းကျင်းသည် သူ့သွေးကြောထဲရှိ အယ်လ်ကိုဟောများကို သန့်စင်ဖယ်ရှားလိုက်ရာ ချက်ချင်းဆိုသလို စိတ်ကြည်လင်သွားခဲ့ရ၏။

​သူသည် သိုင်းသူတော်စင်မန္တန်ကို ဂူမုန်းကျုံးအား ဆက်လက်လေ့လာရန်အတွက် ငှားရမ်းထားခဲ့ပြီ ဖြစ်သည်။ ထိုစာအုပ်ကြောင့် သူ့သူငယ်ချင်း၏ ဓားသိုင်းပညာသည် စောစောနှင့် နောက်နောက် တိုးတက်လာလိမ့်မည်ဟု သူ ယုံကြည်ချက် ရှိနေ၏။ ထို့နောက်တွင် လင်းကျင်းသည် ယမန်နေ့ညက ချမ်းသာသော သခင်လေး၏ အိမ်ကနေ သူ ရရှိခဲ့သော အခြားအရာတစ်ခုကို သတိရသွားခဲ့သည်။

​ထိုထူးဆန်းသော သစ်သားသေတ္တာနက်ကြီး ဖြစ်ပေသည်။

​လင်းကျင်းသည် မန္တန်စာရွက် အများအပြား ကပ်ထားသော ထိုသေတ္တာကို ထုတ်ယူလိုက်၏။ သူ ထိုသေတ္တာကို ထိတွေ့ရန်အတွက် ဂရုတစိုက် လှမ်းကိုင်လိုက်သည်။

​ထိုအခိုက်အတန့်တွင် သားရဲပြတိုက်က ချက်ချင်း တုံ့ပြန်လာခဲ့၏။

​‘ဝိညာဉ်နှိမ်နင်းရေး မန္တန်စာရွက်’

​လင်းကျင်း ပြတိုက်၏ ကျောက်စာတိုင်ပေါ်တွင် ပေါ်လာခဲ့သော စကားလုံးများကို ကြည့်လိုက်သည်။

​အမည်အပြင် တိုတောင်းသော ဖော်ပြချက်တစ်ခုလည်း ရှိနေ၏။

​“ကျင့်ကြံသူတွေက သားရဲသွေးတွေကို အသုံးပြုပြီး ရေးသားထားတာ ဖြစ်တယ်... ဝိညာဉ်တွေနဲ့ မိစ္ဆာသတ္တဝါတွေကို နှိမ်နင်းရာမှာ ထိရောက်မှု ရှိတယ်”

​၎င်းက တကယ့်ကို တိုတောင်းပြီး နားလည်ရ လွယ်ကူပေသည်။

​သို့သော်လည်း ဤအရာက ယခုနေရာတွင် ပေါ်လာခြင်းက လူကို တွေးတောစရာ ဖြစ်စေ၏။ ဤသစ်သားသေတ္တာနက်ထဲတွင် ဘာရှိနေသဖြင့် ဝိညာဉ်နှိမ်နင်းရေး မန္တန်စာရွက်ကို အသုံးပြုရန် လိုအပ်နေရသနည်း။

​၎င်းအပြင် သေတ္တာပေါ်ရှိ မန္တန်စာရွက်များသည် ခွာလိုက်၊ ပြန်ကပ်လိုက် ပြုလုပ်ထားသည့် အရိပ်အယောင်များ ရှိနေ၏။ အချို့က စုတ်ပြဲစပြုနေသဖြင့် အသစ်များကို ယင်းတို့အပေါ်တွင် ထပ်မံကပ်ထားခြင်း ဖြစ်သည်။ ၎င်းက အလွှာအချို့ ထပ်နေပုံအရ တစ်စုံတစ်ဦးက ထိုသေတ္တာကို ပုံမှန် ဖွင့်လိုက်၊ ပိတ်လိုက် ပြုလုပ်ခဲ့ရမည် ဖြစ်ပေသည်။

​ဘာကြောင့်လဲ။

​ထို့ကြောင့် ၎င်းတို့သည် အတွင်းရှိ ပစ္စည်းကို ထုတ်ယူပြီးနောက် ပြန်လည်ထည့်သွင်းနိုင်ခြင်း ဖြစ်ရပေမည်။

​လင်းကျင်း ခဏမျှ စဉ်းစားပြီးနောက် ဝိညာဉ်နှိမ်နင်းရေး မန္တန်စာရွက်ကို ခွာယူလိုက်ရာ သေတ္တာက ပွင့်ဟသွား၏။

​သူ့လက်ရှိ ကျင့်စဉ်အဆင့်နှင့်ဆိုလျှင် သူ့ကျင့်စဉ်စွမ်းအားက ဝိညာဉ်များ သို့မဟုတ် သရဲတစ္ဆေများကို နှိမ်နင်းရန်အတွက် လုံလောက်ပေသည်။

​သေတ္တာပွင့်သွားသည်နှင့် လင်းကျင်းသည် အတွင်း၌ လဲလျောင်းနေသော ဓားမြှောင်တိုတစ်စင်းကို တွေ့ရှိလိုက်ရ၏။

​ထိုဓားတွင် ဓားအိမ်မရှိဘဲ တစ်ကိုယ်လုံး သွေးကဲ့သို့ ရဲရဲနီနေခဲ့သည်။ ဓားသွားပေါ်ရှိ သွေးကွက်များကနေတစ်ဆင့် ယင်းကြောင့် အသတ်ခံခဲ့ရသော လူများ၏ နာကျင်စူးရှလှသော အော်ဟစ်ငိုကြွေးသံများကို ဝေဝေဝါးဝါး ကြားနေရသကဲ့သို့ ရှိပေသည်။

​ဓားရိုးက လူသားတစ်ဦးအနေဖြင့် တိုက်ပွဲတွင် ယင်းကို သေချာစွာ ကိုင်တွယ်အသုံးပြုရန်အတွက် အလွန်အမင်း တိုတောင်းလှ၏။

​လင်းကျင်း ချက်ချင်းဆိုသလို ထူးဆန်းသော ဓားပုံစံကွဲတစ်ခုကို သတိရသွားခဲ့သည်။

​ဓားပျံ ဖြစ်ပေသည်။

​ဤအရာက အမှန်စင်စစ် ဓားပျံတစ်စင်း ဖြစ်၏။

​ရှေးခေတ် ကျင့်ကြံသူ အများစုသည် ဤမှော်ရတနာကို ကိုင်တွယ်အသုံးပြုခဲ့ကြသော်လည်း သွေးကတိသစ္စာ ကျင့်ကြံသူများ ပေါ်ပေါက်လာခဲ့ကတည်းက ဓားပျံများသည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ရခြင်း ဖြစ်သည်။

​သွေးကတိသစ္စာ ကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအား အနည်းငယ်မျှသာ ရှိသဖြင့် ဓားပျံတစ်စင်းကို ထိန်းချုပ်ရန်က ၎င်းတို့အတွက် ခက်ခဲလှပေသည်၊ ၎င်းအပြင် စာချုပ်သားရဲများ ရှိနေခြင်းကြောင့်လည်း ဓားပျံများအပေါ် မှီခိုနေရန် အကြောင်းပြချက် အမှန်တကယ် မရှိတော့ပါချေ။

​ယင်းသို့ ဖြစ်သော်လည်း ဓားပျံတစ်စင်းက မည်မျှအထိ အစွမ်းထက်ကြောင်းကိုမူ မည်သူကမှ မငြင်းဆိုနိုင်ပါချေ။ ဥပမာအားဖြင့် ဆိုရလျှင် ၎င်းက ဝေးလံလှသော အကွာအဝေးကနေ ပစ်မှတ်တစ်ခုကို တိတ်တဆိတ် သတ်ဖြတ်လိုသော လူတစ်ဦးအတွက် အသုံးဝင်ပေလိမ့်မည်။

​လင်းကျင်း တစ်ကြိမ်တုန်းက ပုံပြောသူတစ်ဦးထံမှ ရှေးခေတ် နတ်ဘုရားကျင့်ကြံသူတစ်ဦးသည် အိမ်၌ထိုင်ရင်း သေရည်သောက်သုံးနေသော်လည်း သူ့ဓားပျံကမူ ဝေးလံလှသော နေရာတွင် ပစ်မှတ်များကို သတ်ဖြတ်နေခဲ့သည်ဟူသော အချက်ကို ကြားဖူးခဲ့ဖူး၏။

​ယခုအချိန်အထိပင် ယခုကဲ့သို့သော စွမ်းဆောင်ရည်မျိုးက စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ထဲကနေ ထွက်ပေါ်လာခဲ့သကဲ့သို့ ရှိပေသည်။

​လင်းကျင်းသည် ဤဓားပျံက ဝိညာဉ်များ ရစ်ပတ်နေသဖြင့် မည်မျှအထိ ထူးဆန်းကြောင်း သတိပြုမိလိုက်၏။ ၎င်းက အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော လက်နက်တစ်ခု ဖြစ်ပေသည်။ စူးစမ်းလိုစိတ်ကြောင့် လင်းကျင်းသည် သေတ္တာအတွင်း၌ ဓားကို ထိန်းချုပ်ရန်အတွက် သက်ဆိုင်ရာ မန္တန်ဖော်မြူလာ ရှိမလားဟု လိုက်လံရှာဖွေမိသည်။

​သူ့ကို စိတ်ပျက်စေသည်မှာ လင်းကျင်း သူရှာဖွေနေသောအရာကို မတွေ့ရှိခဲ့ရပါချေ။

​မန္တန်ဖော်မြူလာ မရှိဘဲနှင့် ဤဓားသွားက များစွာ အသုံးဝင်မည် မဟုတ်ပါချေ။

​ဖြစ်နိုင်သည်မှာ ချမ်းသာသော သခင်လေးသည် ယင်းကို ရရှိပြီးနောက် သာမန်ဓားမြှောင်တိုတစ်စင်းအဖြစ်သာ အသုံးပြုခဲ့ခြင်း ဖြစ်နိုင်၏။ ထိုဓားကို လိုအပ်သည့် အချိန်တိုင်းတွင်သာ သေတ္တာထဲကနေ ထုတ်ယူခဲ့ခြင်း ဖြစ်ရပေမည်။ သို့မဟုတ်ပါက ယင်းကို အပြင်ဘက်တွင် အချိန်အတော်ကြာ ချန်ထားခဲ့မည်ဆိုပါက ဆိုးရွားသောအရာများ ဖြစ်ပေါ်လာစေနိုင်ပေသည်။

​လင်းကျင်း ယင်းကို မသုံးနိုင်လျှင်ပင် အခြားတစ်စုံတစ်ဦးကမူ သုံးနိုင်ပေသည်။

​ရှန်းအာ ဖြစ်၏။

​သူမ၏ အရာဝတ္ထုထိန်းချုပ်ခြင်း အတတ်က အမြင့်ဆုံး ကျွမ်းကျင်မှုသို့ ရောက်ရှိနေပြီဖြစ်ပြီး သူမသည် မျက်လုံးမှိတ်ထားလျှင်ပင် လက်နက်များကို ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် သူမအနေဖြင့် ဤဓားပျံကို အသုံးပြုရာတွင် မည်သည့်အခက်အခဲမျှ ကြုံတွေ့ရလိမ့်မည် မဟုတ်ပါချေ။

​ထို့ကြောင့် လင်းကျင်း ထိုဓားကို ပြန်လည်သိမ်းဆည်းလိုက်ပြီး မေပယ်မြို့သို့ ပြန်ရောက်သည့်အခါ ရှန်းအာကို လက်ဆောင်အဖြစ် ပေးအပ်ရန် တွေးတောလိုက်၏။ သူမ ယခုကဲ့သို့ ထူးခြားသော လက်ဆောင်ကို ရရှိပါက သေချာပေါက် ဝမ်းမြောက်မိလိမ့်မည်ဟု သူ ယုံကြည်နေမိသည်။

​ရုတ်တရက်ဆိုသလို ဓားသွားပေါ်ရှိ သွေးရောင်အရှိန်အဝါများက လျှံထွက်လာခဲ့၏။ ထိုစွမ်းအားများ လှိုင်းထလျက် ရှိနေစဉ် လက်သည်းကဲ့သို့သော လက်တစ်ဖက်က ထွက်ပေါ်လာခဲ့ပြီး သွေးမြူခိုးများထဲကနေ မျက်နှာတစ်ခုက အတင်းအကျပ် တိုးထွက်လာဟန် ပေါ်နေပေသည်။ ထိုမြင်ကွင်းက တကယ့်ကို ထိတ်လန့်စရာ ကောင်းလှ၏။

​လင်းကျင်း ပြုံးလိုက်သည်။ သူ့ကျင့်စဉ်စွမ်းအားကို လှည့်ပတ်လိုက်ရာ သူ့လက်ဖဝါးထဲတွင် မီးလျှံအလင်းတစ်ခု တောက်ပလာခဲ့ပြီးနောက် သူ ယင်းကို ဓားသွားပေါ်သို့ ဖိနှိပ်လိုက်ရာ သွေးရောင်အရှိန်အဝါများကို ဓားထဲသို့ အတင်းအကျပ် ပြန်လည်ရိုက်သွင်းလိုက်တော့၏။

​ချက်ချင်းဆိုသလိုပင် ထိုဓား ပြန်လည်ငြိမ်သက်သွားခဲ့ရသည်။

​သေတ္တာအဖုံးကို ပိတ်ပြီး ဝိညာဉ်နှိမ်နင်းရေး မန္တန်စာရွက်ကို ပြန်လည်ကပ်လိုက်ပြီးနောက် လင်းကျင်း ထိုသေတ္တာကို သူ့ကုတင်အောက်သို့ ထိုးထည့်လိုက်တော့၏။

All Chapters