← Chapters

အခန်း ၇၁၉

Vol. 62 Ch. 719

အခန်း ၇၁၉

Vol. 62 Ch. 719

အခန်း ၇၁၉

အလွန်သည်းထန်သည့် မိုးဖွဲဖွဲသည် ဆယ်နေ့ဆယ်ညတိုင်တိုင် အဆက်မပြတ် ရွာသွန်းခဲ့သည်။ ဆယ်နေ့ဆယ်ညကုန်ဆုံးပြီးနောက်၌ မျန့်ရွှေမြစ်ရေသည် ထိန်းချုပ်မရလောက်အောင် မြင့်တက်လာခဲ့ပြီး မြစ်ကြောင်းအောက်ဘက်ရှိ ရွာများကို ဖျက်ဆီးလေသည်။

တစ်ခဏအတွင်း၌ ရွာလုံးကျွတ်ရေမြုပ်သွားခဲ့ပြီး လူအားလုံးသည်လည်း မြင့်တက်လာသည့် မြစ်ရေနှင့်အတူ မျောပါကုန်ကြသည်။

သူ မျန့်ရွှေကို စရောက်စဉ်က ဖြစ်ပွားဖူးခဲ့သည့် အဆိုးရွားအပြင်းထန်ဆုံးသော ရေတက်မှုတွင်ပင် ထိုသို့ပျက်စီးမှုမျိုး မဖြစ်ခဲ့ဖူးပေ။ သို့သော် ယခုတွင်တော့ ရေနစ်သေဆုံးနေသည့် အလောင်းများစွာကို နေ့စဉ်တွေ့မြင်နေရလေရာ အတော်လေး စိတ်ထိခိုက်ရပေသည်။

ဤသို့ကပ်ဘေးကြီးသည် နှစ်၃၀တစ်ကြိမ် ကျရောက်လာလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။

လွန်ခဲ့သည့်နှစ်သုံးဆယ်က ဘဝမျိုးကို တစ်ဖန်ပြန်၍ မလွဲမသွေ ကြုံတွေ့ခံစားရပါမည်လော။

ထိုသို့အတွေးဖြင့် လျိုယီးရှိုမှ ပြောသည်။

“ခေါင်းဆောင် ကျွန်တော်တို့ ကယ်ဆယ်ရေးလုပ်ဖို့လိုတယ်”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဟုတ်တယ်။ ကျွန်တော်တို့ ကယ်ဆယ်ရေးလုပ်ဖို့လိုတာကို ကျွန်တော်လည်းတွေးမိပါတယ်”

လျိုယီးရှိုမှ ထပ်ပြောသည်။“ဒီကယ်ဆယ်ရေးက သဘာဝဘေးအန္တရာယ်ကို ဆန့်ကျင်တိုက်ခိုက်ရုံတင်မကဘဲ လူတွေကိုလည်း ဆန့်ကျင်တိုက်ခိုက်ရမယ့်အလုပ်ဖြစ်လိမ့်မယ်”

ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။

“ဟုတ်တယ် ကျွန်တော်နားလည်ပါတယ်။ သမားတော်လျို ကျေးဇူးပြုပြီး ထိုင်ပါဦး”

ချန်ကျဲ့ လျိုယီးရှိုကို စိတ်တည်ငြိမ်အောင် ပြောဆိုလိုက်ပြီးနောက် ဆက်ပြောသည်။

“ချန်ဟန် မြေပုံ”

ချန်ဟန်သည် မျန့်ရွှေစီရင်စုနှင့် ပတ်ဝန်းကျင်ရွာများအထိ အသေးစိတ်ထည့်သွင်းရေးဆွဲထားသည့် ငါးဖမ်းကုန်သည်အဖွဲ့၏ မြေပုံကို ယူလာပေးသည်။ ထိုမြေပုံဖြင့် မျန့်ရွှေစီရင်စုပတ်ဝန်းကျင်ရှိ နေရာဒေသအားလုံးကို နားလည်သိရှိနိုင်သည်။

ထို့နောက် ချန်ကျဲ့မှ ပြောသည်။

“သမားတော်လျို ဒါကိုတစ်ချက်ကြည့်ပေးပါဦး။ အရင်က ရေမမြုပ်ခဲ့တဲ့နေရာတစ်ခုခုကိုများ မှတ်မိနိုင်မလားလို့ စစ်ဆေးကြည့်ပေးပါ”

ထိုအခါ လျိုယီးရှိုသည် မတ်တပ်ပြန်ရပ်ကာ မြေပုံကို စစ်ဆေးကြည့်ရှုသည်။ သူသည် မျက်မှောင်ကြုတ်လျက် သေချာ စဉ်းစားနေခဲ့သည်။

ခဏကြာပြီးနောက် လျိုယီးရှိုမှ ပြောသည်။

“ဒီနေရာ ဒီနေရာ ဒီနေရာတွေမှာ ရေမမြုပ်ခဲ့ဘူး။ ပြီးတော့ ဒီနေရာ ဒီနေရာ ဒီနေရာတွေရောပဲ…”

လျိုယီးရှိုသည် မြေပုံထက်တွင် နေရာအချို့ကို မင်ဖြင့် ဝိုင်းပြသည်။ ထို့နောက်ပြောသည်။

“ခေါင်းဆောင် ကျွန်တော်မှတ်မိသလောက်တော့ ဒီနေရာအကုန်ပဲ”

ချန်ကျဲ့ မြေပုံကိုကြည့်လိုက်သည်။

တကယ့်ကို လူသားတွေရဲ့မှတ်ဉာဏ်က အံ့ချီးဖွယ်ပါပဲ။ ရွာဟောင်းတွေကိုတောင် ထောက်ပြနိုင်တယ်။

ထိုနေရာများရှိ အဆောက်အဦအများစုမှာ အိုဟောင်းနေပြီ ဖြစ်သည်။ အချို့သော အဆောက်အဦများသည် ယခင်က ရေတက်မှုကြီးများကို ပျက်စီးမှုမရှိဘဲ ကျော်လွှားနိုင်ခဲ့သည်။

သို့ဖြစ်ရာ ထိုအချို့သော အဆောက်အဦဟောင်းကြီးများအနေဖြင့် သဘာဝဘေးဒဏ်ကို ခံနိုင်ရည်ရှိရသည့် အကြောင်းအရင်းရှိလိမ့်မည်။

ချန်ကျဲ့တစ်ချက်ကြည့်လိုက်ပြီးနောက် ရှန်းထောင်ရွာ၏ကံဆိုးသည့်တည်နေရာကို နားလည်သွားရသည်။ ရှန်းထောင်ရွာသည် မြစ်ကြောင်းအောက်ဘက်တွင် တည်ရှိနေသည်။ မြစ်ရေများ ကမ်းကျော်တက်ပါက ရှန်းထောင်ရွာတစ်ခုလုံး ဝါးမြိုခံလိုက်ရမည်မှာ မလွဲမသွေပင်။

ထိုအကြောင်းကိုတွေးတောမိရင်း ချန်ကျဲ့ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

ရှန်းထောင်ရွာသည် သူ၏‌ မွေးရပ်မြေဟု သတ်မှတ်နိုင်သည် မဟုတ်ပါလော။

ထိုစဉ် ဝူကျုံးသည်လည်း မြေပုံကို လာကြည့်ကာ စိတ်သောကရောက်နေသည့်အမူအရာဖြင့် ပြောသည်။

“ဒါ ဒါက…”

ရှန်းထောင်ရွာသည် ရေကြီးမှုကြောင့် ပျက်စီးရမည့်လမ်းကြောင်းတွင် ရှိနေလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။ ဝူကျုံးသည် မြေပုံကိုညွှန်ပြလျက် ပြောသည်။

“ရှန်းထောင်၊ ရှထောင်၊ ပြီးတော့ ဒီအောက်ပိုင်းနေရာတွေက ရေကြီးမှုစတင်တာနဲ့ ပထမဆုံးထိခိုက်မယ့်သူတွေပဲ။ အဲဒီနေရာတွေက လုံးဝ ပင်လယ်ပြင်ကြီးလိုဖြစ်သွားလိမ့်မှာ”

ထိုစကားတွင် ချန်ဟန်နှင့်ချန်ဝမ်တို့လည်း အနား‌လာကြည့်ကြသည်။ သူတို့နှစ်ဦးသည်လည်း ရှန်းထောင်ရွာမှဖြစ်ပြီး သူတို့၏မိသားစုများသည် ရွာတွင် ကျန်ခဲ့ပေသည်။

ကျိုးချူလည်း အနားရောက်လာ၏။ ရှထောင်ရွာ၏ ပထဝီမြေပြင်အနေအထားကို သေချာစစ်ဆေးကြည့်ရှုပြီးနောက် ပြောသည်။

“ဦးလေးကျုံး မစိုးရိမ်ပါနဲ့။ ဒီမှာကြည့်၊ ကျွန်တော်တို့ ဒီမြစ်လက်တက်ကိုပိတ်လိုက်ရင် ရှန်းထောင်ရွာကို ရေဝင်တော့မှာမဟုတ်ဘူး”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ကျိုးချူ ငါတို့အဲဒီမြစ်လက်တက်ကိုပိတ်လိုက်ရင် မြစ်ရေတက်တဲ့အခါကျ ပတ်ဝန်းကျင်ကရွာတွေ အကုန်ပျက်စီးကုန်လိမ့်မယ်။ တစ်ရွာတည်းမဟုတ်ဘဲ ဒီနေရာတစ်ခုလုံး.. ရွာသုံးရွာနဲ့ လူပေါင်းထောင်ချီက ‌ရေကြီးမှုနဲ့အတူ မျောပါသွားကြရမှာ။ လူပေါင်းထောင်ချီ.. မိသားစုတစ်ထောင်ကျော်...”

ထိုအခါ ကျိုးချူမှ ချန်ကျဲ့ကို ပြောသည်။

“ခေါင်းဆောင် ကျွန်တော်ဘွင်းဘွင်းရှင်းရှင်းပြောမိတာကို ခွင့်လွှတ်ပါ။ ဒါပေမဲ့ အဲဒီရွာသုံးရွာက ကျွန်တော်တို့ငါးဖမ်းကုန်သည်အဖွဲ့ရဲ့နယ်မြေ မဟုတ်ဘူးလေ။ ခေါင်းဆောင်လျိုတောင် စိုးရိမ်ပူပန်မှုမရှိတာ ကျွန်တော်တို့က ဘာလို့ဂရုစိုက်နေမှာလဲ”

“ပြီးတော့ ဒီနေရာ.. ရှန်းထောင်ရွာက ခေါင်းဆောင်ရဲ့အိမ်၊ ဦးလေးကျုံးရဲ့အိမ်၊ အားဟန်နဲ့အားဝမ်တို့ရဲ့အိမ်၊ ဟူဇစ်ရဲ့အိမ်ပဲ။ ငါ့အိမ်လို့‌လည်း တစ်ဝက်သတ်မှတ်လို့ရတယ်။ ဒီနေရာမှာ ငါတို့ရဲ့အမှတ်တရတွေ အများကြီးရှိခဲ့တာကို ငါမပျက်စီးသွားစေချင်ဘူး”

ကျိုးချူ၏စကားအဆုံး၌ ချန်ကျဲ့တိတ်ဆိတ်နေ၏။

အမှန်ပင်။ အခြားရွာများသည် ရှန်းထောင်ရွာနှင့် နှိုင်းစာလျှင် ရှန်းထောင်ရွာတွင်သာ သူ့အတွက် အမှတ်တရများစွာ ရှိခဲ့သည့်နေရာဖြစ်ပေသည်။

သူ၏ ပထမဆုံးသော စူးယွင်ကျင်းနှင့်အတူ နေထိုင်ခဲ့သည့် အိမ်လေးသည် ရှန်းထောင်ရွာတွင် ဖြစ်သည်။ ဦးလေးကျုံး၏နေအိမ်လည်း ရှိသည်။ ထို့ပြင် ကျားဖြူတပ်သားရာချီ၏ အိမ်များသည်လည်း ရှန်းထောင်ရွာတွင် ဖြစ်သည်။

ရေကြီးမှုကြောင့် ရှန်းထောင်ရွာသာ ပျက်စီးသွားမည်ဆိုပါက…

ချန်ကျဲ့ တိတ်ဆိတ်နေ၏။

အခြားသူများလည်း တိတ်ဆိတ်နေကြသည်။

နောက်ဆုံးတွင်တော့ ချန်ကျဲ့ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“လောလောဆယ် ဒီကိစ္စကို ဘေးဖယ်ထားလိုက်ကြတာပေါ့။ ငါထပ်စဉ်းစားကြည့်လိုက်ပါဦးမယ်။ အခု ငါ ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ အမိန့်ထုတ်ပြန်မယ်”

ထိုအခါ အားလုံးသည် ချန်ကျဲ့ကို ကြည့်လိုက်ကြသည်။

ချန်ကျဲ့မှ ပြောသည်။

“စစ်ရှီး”

“ရှိပါတယ်”

တုံ့ပြန်သံ ချက်ချင်းထွက်ပေါ်လာ၏။

“ရိက္ခာစုဆောင်းသိုလှောင်ဖို့ပြင်ထား။ ရေသန့်တွေနဲ့ ရိက္ခာတွေ သေချာပြင်။ ငါတို့ ဒီ၁၀ရက်အတွင်းမှာ အသင့်ပြင်ထားရမယ်။ ငါ ခေါင်းဆောင်လျိုကို ရိက္ခာ‌သိုလှောင်ဖို့အတွက် အကူအညီတောင်းထားပြီးပြီ။ ငါတို့ဘက်က ရိက္ခာလက်ခံယူဖို့ သေချာပြင်ဆင်ထားဖို့ပဲလိုတယ်”

“ဟုတ်ကဲ့ ခေါင်းဆောင်”

စစ်ရှီးသည် ချက်ချင်း အရိုအသေပြုတုံ့ပြန်ပြီးနောက် စာရင်းအင်းကိစ္စများဆောင်ရွက်ရန် ထွက်သွားတော့သည်။

ချန်ကျဲ့ ခဏတိတ်နေပြီးနောက် ဆက်ပြောသည်။

“ကျိုးချူ”

“ရှိပါတယ်”

လျင်မြန်သည့် တုံ့ပြန်သံ ထွက်ပေါ်လာ၏။

ချန်ကျဲ့မှ ကျိုးချူကို ပြောသည်။

“မျန့်ရွှေမြစ်တစ်လျှောက် တာရိုးကို စောင့်ကြည့်ဖို့ အခုချက်ချင်း လူစေလွှတ်ပါ။ ငါတို့ရဲ့မြစ်ကင်းလှည့်အဖွဲ့သားတွေကို တာဝန်ပေးလိုက်။ အကယ်၍ မြစ်ရေက အန္တရာယ်ဖြစ်နိုင်တဲ့အထိ တက်လာတာနဲ့ ချက်ချင်း လာအကြောင်းကြားရမယ်”

“သိပါပြီ”

ကျိုးချုမှ ပြောသည်။

ထို့နောက် ချန်ကျဲ့သည် လျိုယီးရှိုကို ပြောသည်။

“သမားတော်လျို သဘာဝကပ်ဘေးပြီးရင် ကူးစက်ရောဂါတစ်ခုခုဖြစ်လေ့ရှိတယ်။ ကျွန်တော်တို့ ကူးစက်ရောဂါကုသရေးဆေးဝါးတွေ ပမာဏများများလိုအပ်နေလိမ့်မယ်။ သမားတော်လျိုက ဒီအပိုင်းအတွက် တာဝန်ယူလိုက်ပါ။ ချန်ဝမ်က ကူညီလုပ်ကိုင်‌ပေးပါလိမ့်မယ်”

“ဟုတ်ကဲ့” ချန်ဝမ်မှ ပြောသည်။

“ကောင်းတယ်။ နားလည်ပါပြီ” လျိုယီးရှိုမှ ပြောသည်။

နောက်ဆုံးတွင် ချန်ကျဲ့သည် ဝူကျုံးကို ပြောသည်။

“ကျွန်တော် ဦးလေးကျုံးကို နောက်တစ်ခေါက်လောက် ဒုက္ခပေးရဦးမယ်။ ဦးလေးကျုံးက ရွာကိုပြန်သွားပြီး ရွာက ငါးဖမ်းကုန်သည်အဖွဲ့သားတွေကို မြစ်ရေအခြေအနေကို သေချာစောင့်ကြည့်ခိုင်းထားပါ။ ပြီး‌ရင် ရွာကိုစွန့်ခွာဖို့အတွက် ပြင်ဆင်ဖို့ အားလုံးကို လှုပ်ရှားပေးပါ”

ဝူကျုံးသည် ခဏတာ တွန့်ဆုတ်နေပြီးမှ တိတ်ဆိတ်စွာ ခေါင်းညိတ်လက်ခံသည်။

“နားလည်ပါပြီ”

ကျိုးချူသည် တစ်ခုခုပြောချင်သော်ငြား စစ်ရှီးမှ တားသည်။

ချန်ကျဲ့မှ အနှစ်ချုပ်ပြောဆို၏။

“ကောင်းပြီ အားလုံးပဲ အလုပ်သွားလုပ်ကြပါတော့။ ကုန်ကျစရိတ်အတွက် ငွေကြေးကို လိုသလိုသုံးနိုင်ပါတယ်။ စစ်ရှီး သေချာလေး တွက်ချက်ထားလိုက်ပါ”

All Chapters