← Chapters

အခန်း ၇၂၂

Vol. 62 Ch. 722

အခန်း ၇၂၂

Vol. 62 Ch. 722

အခန်း 722

ဘုန်းတော်ကြီးမှ ပြောသည်။

“မဝေးလှပါဘူး မဝေးလှပါဘူး”

ထိုသို့ပြောရင်း ဘုန်းတော်ကြီးသည် သူ၏ရှေ့ရှိ လူတန်းရှည်ကြီးကို ကြည့်လျက် ပြောသည်။

“အဘိုးတို့က ဘာလို့များ ဒီလောက်လေထဲမိုးထဲမှတောင် တန်းစီနေကြသေးတာလဲ”

အဘိုးအိုမှ ပြန်ပြောသည်။

“ဘုန်းဘုန်းက မသိလို့ပါ။ ဒီနေ့က ဘုန်းဘုန်း ကံကောင်းတဲ့နေ့ပဲဗျ။ ဒီနေ့ ငါးဖမ်းကုန်သည်အဖွဲ့က ရိက္ခာပေးဝေနေတာ သေရည်ကောင်းကောင်းနဲ့ ဟင်းပွဲတချို့လည်း ပါတယ်။ ဘုန်းဘုန်းကိုကြည့်ရတာလည်း ဘာမှမစားရသေးပုံပဲ‌ဆိုတော့ ကွက်တိပဲပေါ့။ ပေါက်စီနည်းနည်းလောက် စားပြီးတော့ ဗိုက်ဖြည့်လိုက်ပါဗျ”

ထိုအခါ ဘုန်းတော်ကြီးသည် အံ့ဩသွားကာ ပြောသည်။

“ဒီလိုကောင်းမှုကိစ္စမျိုးရှိသေးတယ်လား။ ဒါဆို ဒီဘုန်းကြီးက‌လည်း ကောင်းမှုကုသိုလ်ကို နည်းနည်းပါးပါး ခံစားသင့်တာပေါ့”

ထိုသို့ပြောလျက် ဘုန်းတော်ကြီးသည် အဘိုးအို၏နောက်တွင် ဝင်တန်းစီလိုက်သည်။ တန်းစီနေရင်း အရပ်သားများ၏ စူးယွင်ကျင်းအပေါ် အကဲဖြတ်မှုများကို နားထောင်ကာ မျက်လုံးများ ပို၍တောက်ပလာခဲ့သည်။

တန်းစီနေသည့် လူတန်းသည် ၅တန်း၊၆တန်းခန့် ရှိသည်။ တစ်ဦးတည်းမှ ပေးဝေခြင်းငှာ အလွန်နှေးသောကြောင့် ၅ယောက်ခွဲပြီး ပေးဝေနေခြင်းဖြစ်သည်။

သို့ဖြင့် ဘုန်းတော်ကြီးသည် ‌‌လူတန်း၏ရှေ့ဆုံးသို့ ရောက်သွားခဲ့သည်။ ထိုအခါ အခြားတစ်ဖက်သို့သွားရန် လမ်းညွှန်ခံလိုက်ရ၏။

အရပ်သားများသည် ကိုယ်စီ ပန်းကန်လေးများဖြင့် မိမိ၏အလှည့်ရောက်ရန် စောင့်‌ဆိုင်းနေကြသည်။ သို့သော် တခဏကြာပြီးနောက်၌ ဝမ်းနည်းပူဆွေးစွာသော ငိုကြွေးသံတစ်ခု ထွက်ပေါ်လာ‌ေလသည်။

“မင်းတို့က ဗုဒ္ဓဘုရားကို မထီလေးစားပြုမူနေကြတာပဲ။ ရဲတင်းလွန်းတယ် အရမ်းရဲတင်းလွန်းတယ်”

ဆူညံသံကိုကြားလျှင် အားလုံးသည် အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။ ထိုအခါ နွမ်းပါးပေစုတ်နေသည့် ဘုန်းတော်ကြီးတစ်ပါးမှ ရိက္ခာပေးဝေနေသည့် ငါးဖမ်းကုန်သည်အဖွဲ့သားများကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ မကျေမနပ်ပြောဆိုနေသည့် မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ အဖွဲ့သားသည် ဒေါသထွက်သွားလျက် တုံ့ပြန်ရန် ဟန်ပြင်သည်။

“မသိနားမလည်တဲ့ဘုန်းကြီး ကျွန်တော်တို့က ခင်ဗျားကို ပေါက်စီပေးခဲ့ပေမဲ့ ခင်ဗျားကတော့ ကျွန်တော်တို့ကို မကျေမနပ်ပြောဆိုနေတယ်။ ငါးဖမ်းကုန်သည်အဖွဲ့ကို အနိုင်ကျင့်လို့လွယ်ကူတယ်များ ထင်နေသလား”

“ဟုတ်တယ်။ ခင်ဗျားက တမင်ပြဿနာလာရှာတာလား။ လာကြစမ်း ဒီဘုန်းကြီးကို ရိုက်နှက်နှင်ထုတ်လိုက်ကြစမ်း”

ထိုအချိန်၌ ခုနက အဘိုးအိုသည်လည်း ပြောလာသည်။

“ဒီဘုန်းကြီး ခင်ဗျားက ကျင့်ဝတ်မရှိတဲ့ဘုန်းကြီးပဲ။ သူတို့က ခင်ဗျားကို စားစရာပေး‌ပေမဲ့ ခင်ဗျားကတော့ ပြဿနာရှာတယ်ပေါ့လေ…”

ထိုအခါ ဘုန်းတော်ကြီးမှ ပြန်လည်ငြင်းခုံသည်။

“ငါဘုန်းကြီးက ပြဿနာရှာတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ သူတို့က ငါလိုသနားစရာဘုန်းကြီးကို အနိုင်ကျင့်နေတာ သိသာနေတာပဲ။ ငါဘုန်းကြီးက တရားမျှတမှုအတွက် ငြင်းခုံလို့တောင် မရဘူးလား”

ထို့နောက် ရှောင်ဟူသည်လည်း အပြင်ဘက်မှ ဆူညံသံများကို ကြားသွားပြီး အခင်းနေရာသို့ မျက်မှောင်ကြုတ်လျက် ‌လျှောက်လာသည်။ ငါးဖမ်းကုန်သည်အဖွဲ့ပိုင်နက်နယ်မြေထဲ၌ ပြဿနာရှာရဲသည့်သူရှိလိမ့်မည်ဟု ရှောင်ဟူ ထင်မထားခဲ့ပေ။

ထိုသို့အတွေးဖြင့် ရှောင်ဟူမှ ပြောသည်။

“ဘယ်က ဘုန်းကြီးက ဒီနေရာမှာ ပြဿနာလာရှာရဲတာလဲ.. ဝက်ဝံသည်းခြေနဲ့ ကျားသစ်နှလုံးကို စားထားလို့ ငါးဖမ်းကုန်သည်အဖွဲ့ပိုင်နက်ထဲမှာ ပြဿနာရှာရဲနေတာလား”

ရှောင်ဟူသည် ပြောရင်းဆိုရင်းဖြင့် ထိုပြဿနာရှာသည့် ဘုန်းကြီးကို သင်ခန်းစာပေးရန် ဟန်ပြင်သည်။

“ရှောင်ဟူ”

သို့သော် စူးယွင်ကျင်းမှ ရုတ်တရက်‌ အော်ခေါ်လျက် အပြေးရောက်လာသည်။ ရှောင်ဟူမှ ပြောသည်။

“မရီး ရူးနေတဲ့ဘုန်းကြီးတစ်ပါးက ပြဿနာရှာနေလို့”

စူးယွင်ကျင်းမှ ပြန်ပြောသည်။

“စကားကိုလျှောက်မပြောစမ်းနဲ့”

ထို့နောက် စူးယွင်ကျင်းမှ အနားလျှောက်လာပြီး ပြောသည်။

“ဆရာတော် ဘာဖြစ်လို့ပါလဲ။ ကျွန်မတို့ဘက်က မသင့်တော်တာတစ်ခုခုများ လုပ်မိလို့ပါလား”

ထိုအခါ ဘုန်းတော်ကြီးသည် စူးယွင်ကျင်းကို ပြောသည်။

“မင်းတို့လူတွေက အရမ်းအနိုင်ကျင့်တာပဲ။ ဒီဘုန်းကြီး အရမ်းကိုမှ စိတ်မကောင်းဖြစ်ရတယ်”

စူးယွင်ကျင်းသည် တွန့်ဆုတ်သွားရပြီးနောက် ဘုန်းတော်ကြီးကို ပြောသည်။

“ဆရာတော်က ဘာကိစ္စကြောင့်များ ဒီလောက်အထိ စိတ်မကောင်းဖြစ်‌နေရတာပါလဲ။ ဘာဖြစ်ဖြစ် ကျွန်မကပဲ အရင်ဆုံးတောင်းပန်ပါရစေ”

ထိုအခါ ဘုန်းတော်ကြီးမှ ပြောသည်။

“မင်းကမှ နားလည်သိတတ်သေးတယ်”

စူးယွင်ကျင်းမှ ပြန်ပြောသည်။

“ဆရာတော် သူတို့အားလုံးကလည်း နားလည်သိတတ်ကြပါတယ်”

“အမ်း အဲဒီတော့ မင်းပြောချင်တာက နားလည်သိတတ်မှုမရှိတဲ့သူက ဒီဘုန်းကြီးပေါ့လေ”

ထိုအခါ စူးယွင်ကျင်းမှ ပြောသည်။

“ဆရာတော် ကျွန်မ အဲဒီလိုမဆိုလိုပါဘူး။ ကျွန်မ တကယ် အဲဒီလိုအဓိပ္ပာယ်နဲ့ပြောတာ မဟုတ်ပါဘူး။ ဆရာတော် ဘာကိစ္စလဲဆိုတာ ကျွန်မကို ပြောပြပေးပါ”

ဘုန်းတော်ကြီးမှ ပြောသည်။

“ဒီဘုန်းကြီးရှေ့မှာ တန်းစီတဲ့သူက ကြက်ကင်တစ်ခြမ်းနဲ့ ပေါက်စီနှစ်လုံးရတယ်။ ဒါပေမဲ့ ဒီဘုန်းကြီးအလှည့်ရောက်တော့ ကြက်ကင်မကျန်တော့ဘူး။ ပေါက်စီ၆လုံးပဲ ပေးလာတယ်။ အဲဒါတရားသလား”

ထိုစကားတွင် စူးယွင်ကျင်း မျက်မှောင်ကြုတ်သွား၏။

“‌ဆရာတော်က ဘုန်းကြီးတစ်ပါးဖြစ်တာကြောင့် အသားမစားသင့်ပါဘူး။ သူတို့က စိတ်ကောင်းနဲ့ ကြက်ကင်အစား ပေါက်စီနဲ့ လဲထည့်ပေးကြတာပါ။ ပုံမှန်ဆို ပေါက်စီက နှစ်လုံးပဲပေးတာပါ။ ဒါပေမဲ့ သူတို့ ဆရာတော့်ကို ပေါက်စီ၆လုံးပေးခဲ့တယ်။ အဲဒါက ကြက်ကင်အစား ပေါက်စီလေးလုံးပိုထည့်ပေးလိုက်တာပါ”

“ဘာလို့လဲ။ ဒီဘုန်းကြီးက အသားစားချင်တယ်။ ပေါက်စီမစားချင်ဘူး”

ဘုန်းတော်ကြီးမှ အော်ဟစ်ပြောသည်။

ထိုအခါ ဘေးပတ်ဝန်းကျင်ရှိလူများသည် ထိုဘုန်းတော်ကြီးကို အံ့အားသင့်စွာ ကြည့်ကြလေသည်။

အသားစားတဲ့ဘုန်းကြီးတဲ့လား။ ကျင့်ဝတ်မစောင့်ထိန်းတဲ့ဘုန်းကြီးပဲ။

အားလုံးသည် ထိုဘုန်းတော်ကြီးအား အထင်မြင်သေးစွာ ကြည့်နေကြလျက် ရိက္ခာပေးဝေနေသည့် အဖွဲ့သားအတွက် မတရားသဖြင့် ခံစားကြရလေသည်။

“သခင်မ ကြည့်ပါဦး။ ဒီဘုန်းကြီး ကျင့်ဝတ်မစောင့်ထိန်းတဲ့ဘုန်းကြီးပဲ။ အသားမရလို့ ပြဿနာရှာတယ်တဲ့။ ဘယ်ဘုန်းကြီးက အဲဒီလိုပြုမူမှာတဲ့လဲ”

ပတ်ဝန်းကျင်ရှိလူများသည် ဝေဖန်ပြောဆိုနေကြ‌သည့်တိုင် ထိုဘုန်းတော်ကြီးသည် ဂရုမစိုက်ပေ။

စူးယွင်ကျင်းလည်း ဘုန်းတော်ကြီးကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။ ဘုန်းတော်ကြီးသည်တော့ တက်ကြွစွာ ပြုံးရယ်နေခဲ့သည်။

ဘုန်းတော်ကြီး၏ ထိုအပြုံးကြောင့် နေရာရှိလူအားလုံး စိတ်ရှုပ်ထွေးကုန်ရသည်။

ထို့နောက် ဘုန်းတော်ကြီးမှ စူးယွင်ကျင်းကို ပြောသည်။

“မိန်းကလေးကရော ဒီဘုန်းကြီး အသားမစားသင့်ဘူးလို့ ထင်တာလား”

စူးယွင်ကျင်းမှ ပြန်ပြောသည်။

“ဗုဒ္ဓဘာသာရဲ့ ပညတ်ချက်ရှစ်ပါးထဲမှာ သူများအသက်ကို မသတ်ရ၊ သူတစ်ပါးပစ္စည်းကို မခိုးယူရ၊ ကာမဂုဏ် မလိုက်စားရ၊ လိမ်ညာမပြောဆိုရ၊ အရက်သေစာ မသောက်စားရ၊ တန်ဖိုးကြီးအဆင်တန်ဆာများ မဝတ်ဆင်ရ၊ ဇိမ်ခံနေရာထိုင်ခင်းများကို အသုံးမပြုရ၊ အချိန်ကာလမဟုတ် စားသောက်ခြင်း မပြုလုပ်ရလို့ ပါဝင်ပါတယ်”

“ဗုဒ္ဓသားတော်တစ်ပါးအနေနဲ့ ဒီပညတ်ချက်ရှစ်ပါးကို လိုက်နာကျင့်သုံးသင့်ပါတယ်”

ထိုအခါ ဘုန်းတော်ကြီးသည် ရယ်မော၏။

“ဟားဟား.. ပညတ်ချက်ရှစ်ပါးကို လိုက်နာကျင့်သုံးတယ်ဆိုတာမျိုးက တုံးအမိုက်မဲတဲ့ဘုန်းကြီးတွေပဲ လုပ်ကြတာ။ ဘုန်းကြီးအစစ်အမှန်တွေက အဲဒီလိုမလုပ်ကြဘူး”

“ဆရာတော်ခံယူထားတဲ့ စစ်မှန်တဲ့ဘုန်းတော်ကြီးတစ်ပါးဆိုတာ ဘယ်လိုမျိုးပါလဲ”

စူးယွင်ကျင်းမှ သိချင်စိတ်ဖြင့် မေးလိုက်ရာ ဘုန်းတော်ကြီးမှ ပြန်ဖြေသည်။

“ဗုဒ္ဓပြောကြားခဲ့တယ်.. ညီမျှမှုတဲ့”

စူးယွင်ကျင်း မျက်မှောင်ကြုတ်လိုက်သည်။ ဘုန်းတော်ကြီးမှ ဆက်ပြောသည်။

“အခု ပေါက်စီနဲ့ကြက်ကင်လိုပဲပေါ့။ တခြားသူတွေအားလုံး ပေါက်စီနဲ့ကြက်ကင်ရရင် ဒီဘုန်းကြီးလည်း ပေါက်စီနဲ့ကြက်ကင်ရသင့်တယ်။ ဒီဘုန်းကြီးက သူတို့ထက် ပိုမမြင့်မြတ်သလို ပိုပြီးလည်း နိမ့်ကျမနေဘူး”

“မင်းလိုပဲပေါ့ မိန်းကလေး။ မင်းက ဒီမှာအလှူပေးနေတဲ့သူပဲ။ မင်းကိုယ်မင်း သူတို့အားလုံးရဲ့ အထက်မှာရှိတယ်လို့ ထင်သလား။ သူတို့ကို အထင်သေးသလား”

စူးယွင်ကျင်း တွန့်ဆုတ်သွားပြီး ခပ်ဖျော့ဖျော့ ခေါင်းခါရမ်းသည်။

“ကျွန်မလည်း အရင်က နွမ်းပါးချို့တဲ့တဲ့သူတစ်ယောက်ပါ။ သူတို့ထက်တောင် အခြေအနေပို‌ဆိုးကောင်း ပိုဆိုးနိုင်သေးတယ်။ ဘယ်လိုလုပ်ပြီး သူတို့ကို အထင်သေးပါ့မလဲ”

ဘုန်းတော်ကြီး ခေါင်းညိတ်သည်။ ထို့နောက် စူးယွင်ကျင်း၏ ရိုးသားသည့်မျက်လုံးများကို ကြည့်၍ ချီးမွမ်းသည်။

“ကောင်းတယ် အရမ်းကောင်းတယ်။ ဟားဟားဟား… မိန်းကလေး၊ မင်းမှာ ဗုဒ္ဓနှလုံးသားရှိတာပဲ။ အမြဲတမ်း စေတနာကောင်းတယ်၊ ကိုယ့်ရဲ့မူလအစကို မမေ့ဘူး။ မင်းရဲ့ရည်မှန်းချက်တွေ နောက်ဆုံးမှာ အောင်မြင်ဖြစ်မြောက်နိုင်မှာပါ”

ထို့နောက် ဘုန်းတော်ကြီးသည် လက်ဝါးနှစ်ဖက်ကို ပူးကပ်လက်အုပ်ချီလိုက်ပြီး ပြောသည်။

“ဗုဒ္ဓဘုရားသခင်ကောင်းချီးပေးပါစေ”

ထိုသို့ပြောလျက် ဘုန်းတော်ကြီးသည် ထွက်ခွာသွားတော့သည်။ ခြေလှမ်းဒါဇင်မျှ ဝေးကွာသွားပြီးမှသာ စူးယွင်ကျင်းသည် အသိပြန်ဝင်လာကာ အော်ခေါ်လိုက်သည်။

“ဆရာတော်”

ဘုန်းတော်ကြီးသည် ခေါင်းလှည့်ကြည့်၏။

စူးယွင်ကျင်းမှ ပြောသည်။

“ဆရာတော် ဆရာတော့်အတွက် ကြက်ကင်ပါ”

စူးယွင်ကျင်းသည် ကြက်ကင်တစ်ခြမ်းအထုပ်ကို ယူဆောင်ကာ ဘုန်းတော်ကြီးအနားသို့ အမီလိုက်သွားသည်။ ဘုန်းတော်ကြီးသည် အံ့အားသင့်သွားပြီးနောက် ရယ်မောသည်။

“ကောင်းတယ် အရမ်းကောင်းတယ်”

All Chapters