← Chapters

အခန်း ၇၂၄

Vol. 62 Ch. 724

အခန်း ၇၂၄

Vol. 62 Ch. 724

အခန်း 724

ယွီမေ့ဇစ်သည် ချန်ကျဲ့ကို ကြည့်နေ၏။ သူမ၏မျက်နှာအမူအရာမှာ သူ့ကို အလိုလိုက်ပေးနေသည့် ယောက္ခမကြီးအလားပင်။

“မင်းမြန်မြန်ကျေးဇူးတင်ပါတယ်လို့ ပြောလေ”

သို့သော် ချန်ကျဲ့သည် မိမိနေရာတွင် ပြန်ထိုင်လိုက်ပြီး အရေးမထားဟန် ပြောသည်။

“ခင်ဗျားပြောလို့ပြီးပြီလား။ ပြီးပြီဆို ကျေးဇူးပြုပြီး ထွက်သွားပါတော့”

ထိုစကားတွင် မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်နှင့် ယွီမေ့ဇစ်သည် အံ့ဩသွားလျက် ချန်ကျဲ့ကိုစိုက်ကြည့်လာသည်။

“မင်းဘာပြောတာလဲ”

“ကျွန်တော်ဘာပြောချင်လဲဆိုတာ မရှင်းလင်းသေးဘူးလား။ ခင်ဗျားတို့ဂိုဏ်းက ကျွန်တော့်အတွက် အရမ်းမြင့်မားလွန်နေတယ်။ ကျုပ်ချန်ကျိုစစ် ခင်ဗျားတို့ရဲ့အမြင့်ကို တက်လို့မမီပါဘူး။ အဲဒါကြောင့် ဂိုဏ်းမဝင်တော့ဘူး”

“မင်း”

ထိုအခါ ယွီမေ့ဇစ်သည် ရုတ်ချည်း ဒေါသထွက်သွားတော့သည်။

ကျေးဇူးကန်းလိုက်တဲ့ခွေးပဲ။

ချန်ကျဲ့မှ ယွီမေ့ဇစ်ကို မေးသည်။

“ဒုခန်းမအရှင်သခင်ယွီ ခင်ဗျားတို့မှာ တခြားကိစ္စရှိသေးလား။ မရှိရင် ကျေးဇူးပြုပြီး ပြန်ပါတော့”

“ချန်ကျိုစစ် မင်းသေချာစဉ်းစား။ ဒါက မင်း မိန်ဂိုဏ်းထဲကိုဝင်နိုင်မယ့် တစ်ခုတည်းသောအခွင့်အရေးပဲ။ အခုအခွင့်အရေးကိုမယူရင် နောက်တစ်ချိန်ကျ မင်း ငါ့ကို ဒူးထောက်တောင်းဆိုရင်တောင် ဂို‌ဏ်းဝင်ခွင့်ရမှာ မဟုတ်တော့ဘူး”

“ကျွန်တော်သေချာစဉ်းစားပြီးပါပြီ။ ကျွန်တော်က မျန့်ရွှေက သာမညောင်ညလေးတစ်ယောက်ပါ။ ကျွန်တော့်မှာ မိန်ဂိုဏ်းကို ဝင်ရောက်နိုင်စွမ်းမရှိပါဘူး။ အထူးသဖြင့် ခင်ဗျားက လောကကြီးအတွက် အရာရာရင်ဆိုင်ဖို့ ကြိုးစားအားထုတ်နေချိန်မှာပေါ့”

“ဟုတ်ပါတယ်လေ”

ယွီမေ့ဇစ်သည် ချန်ကျဲ့၏စကားလုံးများထဲမှ ထေ့ငေါ့နေမှုကို မသိရှိဘဲ အနည်းငယ် ဂုဏ်ယူဝံ့ကြွားဟန်ပြောင်းသွား၏။

သူသည် ဟန်မြောင်ကျန်း၏ အနီးကပ်အစေခံဖြစ်ခဲ့ဖူးသောကြောင့် လောက၏ အကြောင်းအရာများစွာကို တွေ့မြင်ဖူးသည်။ ချန်ကျိုစစ်ကဲ့သို့ အဆင့်သုံးအဆင့် သိုင်းလောကအဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်လေးကို မဆိုထားနှင့် ဒုတိယအဆင့်ခေါင်းဆောင်များပင်လျှင် မိန်ဂိုဏ်းသို့ အသည်းအသန်ဝင်ရောက်လိုကြသည်။

သို့ဖြစ်ရာ သူမ၏အမြင်၌ ချန်ကျိုစစ်ကို မိန်ဂိုဏ်းသို့ဝင်ရောက်နိုင်မည့် အခွင့်အရေးပေးခြင်းသည် ချန်ကျိုစစ်အပေါ် ထောက်ပံ့မြှင့်တင်ပေးသည့် လုပ်ရပ်တစ်မျိုးဖြစ်သည်။

ထို့ကြောင့် သူမသည် ချန်ကျိုစစ်၏စကားထဲမှ ထေ့ငေါ့မှုများကို သတိမထားမိပေ။

ချန်ကျဲ့သည် ယွီမေ့ဇစ်ကို ကြည့်နေပြီးနောက် ဟန်ဟယ့်နှင့် ဟန်လျန်တို့ကို ကြည့်လိုက်၏။

“မင်းတို့ရဲ့ကြင်နာမှုအတွက် ကျွန်တော်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မိန်ဂိုဏ်းထဲဝင်ဖို့ကို ငြင်းပယ်ရပါလိမ့်မယ်။ ကျေးဇူးပြုပြီး သွားပါတော့”

ထိုအခါ ဟန်ဟယ့်သည် ဟန်လျန်ကို ကြည့်လိုက်သည်။ သူတို့နှစ်ဦးစလုံးသည် ယွီမေ့ဇစ်၏ ချန်ကျိုစစ်ကို စည်းရုံးရန်ကြိုးပမ်းမှုမှာ အလွန်ဗြောင်ကျလွန်းသည်ဟု တွေးနေခဲ့ပါ၏။

ချန်ကျဲ့မှ ထွက်သွားရန်တောင်းဆိုသောအခါ ယွီမေ့ဇစ်သည် အလေးအနက်မထားဘဲ ပြောသည်။

“ပြန်ဖို့ကတော့ အလျင်မလိုပါဘူး”

ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။

ယွီမေ့ဇစ်မှ ပြောသည်။

“ဆေးဘုရင်ရတနာတွေက မိန်ဂိုဏ်းရဲ့ပိုင်ဆိုင်မှုပါ။ အဲဒါကြောင့် မင်း ဆေးဘုရင်တောင်ကြားထဲ မဝင်ဖို့ ငါမျှော်လင့်တယ်။ ဒါပေါ့ မင်း ဆေးဘုရင်တောင်ကြားထဲ ကျိန်းသေပေါက် ဝင်ချင်တယ်ဆိုရင်လည်း ဝင်နိုင်ပါတယ်။ ဒါပေမဲ့ မင်း မိန်းဂိုဏ်းကို တန်ကြေးတစ်ခုတော့ ပြန်ပေးရလိမ့်မယ်။ မင်း မိန်ဂိုဏ်းကို ကူညီခဲ့ဖူးတာကိုထောက်ထားပြီးတော့ ငါမင်းကို သင့်တော်တဲ့စျေးနှုန်း သတ်မှတ်ပေးမယ်။ ၈ပုံ၂ပုံ ခွဲမယ်”

“ကျွန်တော် ၈ပုံရမှာလား”

ချန်ကျဲ့မှာ ယွီမေ့ဇစ်ကြောင့် ဒေါသဖြင့် အော်ရယ်မိလုနီးပါးပင်။

သူကိုယ်တိုင်ကျ ဘာမှမလုပ်ဘဲနဲ့ အရေနှစ်လွှာခွာချင်နေသေးတယ်။

သို့သော် မမျှော်လင့်စွာဖြင့် ယွီမေ့ဇစ်မှ မျက်မှောင်ကြုတ်လျက် ပြောလာသည်။

“မိန်ဂိုဏ်းက ၈ပုံယူမယ်။ မင်းက ၂ပုံယူ”

ထိုအခါ ချန်ကျဲ့သည် ထပ်မံ၍ ထိန်းချုပ်မထားနိုင်တော့ဘဲ ယွီမေ့ဇစ်ကို စူးရဲစွာစိုက်ကြည့်လျက် ပြောသည်။

“ဘာမို့လို့လဲ”

“ဟား ဘာမို့လို့လဲတဲ့လား။ ဘာလို့ဆို ငါက မိန်ဂိုဏ်းရဲ့ခန်းမအရှင်သခင်တစ်ယောက်ဖြစ်ပြီး မင်းက မိန်ဂိုဏ်းသားမဟုတ်တဲ့ နိမ့်ကျတဲ့လူတစ်ယောက်မို့လို့ပဲ။ မင်းမှာ အပြစ်တွေရှိတယ်။ မင်းအနေနဲ့ မိန်ဂိုဏ်းအတွက် အကျိုးဆောင်ပြီးတော့ မင်းအပြစ်တွေကို ဆေးကြောသင့်တယ်။ မိန်ဂိုဏ်းက လောကကြီးနဲ့ စာရင်းရှင်းတဲ့အခါ မင်းကို ချန်လှပ်ပေးခဲ့လိမ့်မယ်”

“စျေးနှုန်းသတ်မှတ်ချက်ကို စောဒကတက်မနေစမ်းနဲ့။ ဒီတန်ကြေးကို ပေးလိုက်တာနဲ့ မင်းလည်း ငါတို့နဲ့အတူ စစ်မှန်တဲ့နတ္ထိဘုံကို ရောက်ရှိနိုင်လိမ့်မယ်”

ဤသည်မှာ သူမ၏ ယုံကြည်မှုပြောင်းလဲစေရန် ဆွဲဆောင်သည့်နည်းလမ်းဖြစ်သည်။ ၎င်းနည်းလမ်းဖြင့် သူဌေးသူကြွယ်များစွာတို့ကို နာခံစွာဖြင့် သူမ၏ကမ်းလှမ်းချက်များကို လက်ခံစေသည်။

“ဟား ဟား ဟား…”

ချန်ကျဲ့သည် ဒေါသကြောင့် ကျယ်လောင်စွာ ရယ်မောမိတော့သည်။ ထို့နောက် တံခါးဆီ လက်ညှိုးညွှန်ပြလျက် ပြောသည်။

“ထွက်သွားကြ၊ ခင်ဗျားတို့အားလုံး ထွက်သွားကြ”

“အတင့်ရဲလိုက်တာ။ နိမ့်ကျတဲ့ငတုံးကောင်ကများ ငါ့ကို ဒီလိုစကားပြောရဲတယ်။ သေချင်နေတာပဲ”

ယွီမေ့ဇစ်သည် ချန်ကျဲ့၏အပြုအမူကြောင့် ဒေါသထွက်သွား၏။ သူမ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်သော ချီစွမ်းအင်များစုဝေးလာသည်။ သူမသည် သိဒ္ဓိစွမ်းအင်လုံးအဆင့်သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း သိသာလှပေသည်။

ချန်ကျဲ့သည်တော့ မတုန်မလှုပ်ဘဲ သူမကို ထိုင်ကြည့်နေခဲ့သည်။

သူ၏အင်အားသည် သိဒ္ဓိစွမ်းအင်လုံးအဆင့်ကျင့်ကြံသူကို အနိုင်မတိုက်နိုင်သော်ငြား ထွက်ပြေးလိုပါက လွတ်မြောက်အောင် ထွက်ပြေးနိုင်လိမ့်မည်ဟု ချန်ကျဲ့ ယုံကြည်သည်။

“ဟား ဒါဆိုလည်း တိုက်ခိုက်တာပေါ့။ ဟန်ဟယ့် မင်းက ဒီနေ့ အဆုံးထိတွန်းအားပေးဖို့ ပြင်ဆင်လာပုံပဲ။ ငါသဘောမတူရင် မင်းတို့သုံးယောက်ပူးပေါင်းပြီး ငါ့ကိုသတ်မလို့လား”

“ဟမ့် သူတို့ကိုမလိုအပ်ဘူး။ ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်”

ထိုအခါ ချန်ကျဲ့ ယွီမေ့ဇစ်ကို ကြည့်လိုက်သည်။

“ဟား သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် အရမ်းအင်အားကြီးမားပါရောလား။ ခင်ဗျားက ဒီနေ့ ကျွန်တော့်ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပုံပဲ။ ဒါပေမဲ့ ကျွန်တော်က အနိုင်ကျင့်ရလွယ်ကူတဲ့သူ မဟုတ်ဘူးရယ်”

ထိုသို့ပြောလျက် ချန်ကျဲ့သည် နဂါးနိုင်လက်ဝါးသိုင်းကွက်အစ ကိုယ်နေဟန်ထားသို့ ပြောင်းလဲလိုက်ပြီး ပြောသည်။

“ခငင်ဗျားလိုချင်တာက တိုက်ခိုက်ဖို့ဆိုရင် ကျွန်တော်တို့ကြား မျက်နှာပျက်စရာဖြစ်သွားခဲ့ပြီ။ ခင်ဗျား ဒီနေ့ ကျုပ်ကို မသတ်နိုင်ခဲ့ရင် ကျုပ်ကလည်း ဒီစာရင်းကို ဘယ်တော့မှ အလွတ်ပေးတော့မှာ မဟုတ်ဘူး။ ခင်ဗျားကို မျန့်ရွှေစီရင်စုကနေ ထွက်သွားဖို့ အကြံပေးလိုက်မယ်။ မဟုတ်ရင် တော်ဝင်နန်းတော်ရဲ့စစ်တပ်ကြီး လှုပ်ရှားလာပြီး ခင်ဗျားကို တိုက်ခိုက်လိမ့်မယ်”

“သတ္တိကောင်းလိုက်တဲ့လူငယ်ပဲ။ ရုံးတော်ကို တိုင်ကြားရဲတယ်ပေါ့လေ။ မင်း တော်ဝင်နန်းတော်နဲ့ ဆက်ဆံနေတာကို ငါမြင်တွေ့နေတာကြာပြီ။ ဒီနေ့တော့ မိန်ဂိုဏ်းအတွက် ငါမင်းကို သုတ်သင်ပစ်မယ်”

ချန်ကျဲ့မှ ပြောသည်။

“ကောင်းပြီလေ။ ကြိုးစားကြည့်ပေါ့”

ချန်ကျဲ့သည် ခန္ဓာကိုယ်ထက်မှ အချက်ပြမြားတစ်စင်းကို ဆွဲထုတ်လိုက်ပြီး ပြတင်းပေါက်သို့ ကပ်သွားလိုက်သည်။ ထို့နောက် အပြင်ဘက်သို့ အော်ပြော၏။

“ကျုပ် အချက်ပြမြားကို ပစ်လိုက်တာနဲ့ နာရီဝက်အတွင်းမှာ ကျုပ်လူတွေက စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်နဲ့ ခရိုင်မင်းသမီးကို သွားဆင့်ခေါ်နိုင်တယ်။ အဲဒီတော့ တိုက်ခိုက်ချင်တယ်ဆိုရင် ခင်ဗျားမှာ မိနစ်သုံးဆယ်ပဲ အချိန်ရမယ်။ မိနစ်သုံးဆယ်ကျော်သွားရင်တော့ ခင်ဗျားတို့ တစ်ယောက်မှ မလွတ်မြောက်နိုင်တော့ဘူး”

“တကယ့်ကို မုလန်လူမျိုးတွေရဲ့ခွေးပဲ။ အချက်ပြမြားတောင် ရှိနေတယ်။ မင်းကို ဒီနေ့ မသတ်လိုက်ရရင် မိန်ဂိုဏ်းအတွက် သိက္ခာကျစရာပဲ”

ယွီမေ့ဇစ်သည် အသိစိတ်ကင်းလွတ်သွားသည့်အလား ပြုမူနေလျက် ချန်ကျဲ့ကို အသေအကြေတိုက်ခိုက်ရန် ရည်ရွယ်နေဆဲပင်။

ထိုအခါ ဟန်ဟယ့်မှ အမြန်ပြေးလာပြီး ယွီမေ့ဇစ်ကို တားဆီးသည်။

“ဆရာဒေါ်လေး စိတ်လိုက်မာန်ပါမလုပ်ပါနဲ့။ ချန်ကျိုစစ်က ကျွန်မတို့မိန်ဂိုဏ်းနဲ့ မိတ်ဆွေတွေပါ။ ကျွန်မတို့ အချင်းချင်း မတိုက်ခိုက်သင့်ဘူးလေ”

“မိန်ဂိုဏ်းနဲ့ မိတ်ဆွေတွေ.. မိန်ဂိုဏ်းနဲ့ မိတ်ဆွေတွေတဲ့လား။ ငါသူ့ကို အခွင့်အရေးအများကြီးပေးခဲ့တာကိုတောင် သူက ကျေးဇူးမတင်ဘဲ ငြင်းခဲ့သေးတာလေ။ ဒီလိုကောင်မျိုးကို သတ်ပစ်သင့်တယ်”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ဟား ဘာမိန်ဂိုဏ်းလဲ။ ကျုပ်က အစတုန်းကတော့ မိန်ဂိုဏ်းက ဟန့်လူမျိုးတွေအတွက် တိုက်ခိုက်နေတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ သူတော်ကောင်းဂိုဏ်းလို့ ထင်နေခဲ့တာ။ ဂိုဏ်းထဲမှာ ခင်ဗျားလို ကောက်ကျစ်ယုတ်မာတဲ့သူရှိနေမယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။ ကိုယ်တိုင်က အရည်အချင်းသိပ်မရှိပေမဲ့ နေရာတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သူများထက်သာသလို ပြုမူနေတယ်။ မိန်ဂိုဏ်းက ခင်ဗျားလိုလူမျိုးတွေနဲ့ ပြည့်နေတာဆိုရင်တော့ ဘယ်လိုလုပ်ပြီးများ ကိစ္စကြီးတွေကို အောင်မြင်နိုင်ပါတော့မလဲ။ ခင်ဗျားက ကြမ်းသုတ်ဝတ်လိုလူမျိုးပဲ”

All Chapters