← Chapters

အခန်း ၇၂၅

Vol. 62 Ch. 725

အခန်း ၇၂၅

Vol. 62 Ch. 725

အခန်း ၇၂၅

ထိုအခါ ယွီမေ့ဇစ်မှ ပြောသည်။

“သေလမ်းရှာနေတာပဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“သေလမ်းရှာနေတယ်တဲ့လား။ ကျုပ်အထင်တော့ ခင်ဗျားကသာ သေလမ်းရှာနေတယ်ထင်တာပဲ။ ခင်ဗျားမှာ သတ္တိရှိရင် လှုပ်ရှားလိုက်လေ။ ခင်ဗျား ကျုပ်ကို မိနစ်သုံးဆယ်အတွင်း မသတ်နိုင်ရင် ခင်ဗျား သေချာပေါက် သေရလိမ့်မယ်”

“အဲဒီအခါကျ စီရင်စုအုပ်ချုပ်ရေးမှူး၊ ခရိုင်မင်းသမီး၊ အားသာ့၊ အားအာ့နဲ့ အားစန်းတို့အထိ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်တွေ ရောက်လာကြမှာ။ ခင်ဗျားတစ်ယောက်တည်းနဲ့ သူတို့၅ယောက်ကို ခုခံတိုက်ခိုက်နိုင်မယ်ထင်သလား”

ချန်ကျဲ့ ယွီမေ့ဇစ်ကို ကြည့်နေခဲ့သည်။

‌ယွီမေ့ဇစ်မှ လှောင်ရယ်၏။

“ဟမ့် မင်းက မုလန်လူမျိုးတွေကိုပါ ဆွဲထည့်ရဲတယ်ပေါ့လေ။ မင်း မုလန်လူမျိုးတွေကို ခေါ်ရဲရင်ခေါ်ကြည့်လိုက်၊ မင်းယုံချင်ယုံ မယုံချင်နေ၊ ငါ သူတို့ကို မင်း မိန်ဂိုဏ်းကိုကူညီပြီး စစ်လက်နက်ပစ္စည်းတွေ ခိုးထုတ်ပေးခဲ့တဲ့အကြောင်း အကုန်ဖော်ထုတ်ပစ်ပြီး မင်းကို သူတို့ရဲ့ခွေးတောင် မလုပ်နိုင်အောင် လုပ်ပစ်မယ်”

“အာ ဆရာဒေါ်လေးယွီ”

ယွီမေ့ဇစ်၏ထိုစကားအဆုံးတွင် ဟန်ဟယ့်မှ ကြားဝင်ဖျန်ဖြေရန် ကြိုးပမ်းသည်။

ဒီဆရာဒေါ်လေးယွီကတော့ လုံးဝ စိတ်လွတ်သွားပြီပဲ။

ဒီကိစ္စက ဒီလိုထုတ်ပြောသင့်တဲ့ကိစ္စမလို့လား။

ဒီကိစ္စသာ ပေါက်ကြားသွားရင် မိန်ဂိုဏ်းဘယ်လိုဖြစ်သွားမလဲ။

အခွင့်အရေးရှာပြီး မိန်ဂိုဏ်းအတွက် အလိုအပ်ဆုံးဖြစ်နေတဲ့ စစ်လက်နက်တွေကို သယ်ထုတ်ပေးပြီး မြောက်ပိုင်းဒေသပုန်ကန်မှုကို ကူညီပေးတာက မိန်ဂိုဏ်းအတွက် အကျိုးဆောင်ပေးတယ်လို့ သတ်မှတ်နိုင်နေပြီမဟုတ်ဘူးလား။ အနည်းဆုံးတော့ ပူးပေါင်းဆောင်ရွက်သူဆက်ဆံရေးရှိတယ်လေ။

ဒါပေမဲ့ အခုတော့ မုလန်လူမျိုးတွေဆီ ဖော်ထုတ်ပစ်မယ်တဲ့။ ဒါက ဘယ်လိုအပြုအမူမျိုးလဲ။

သစ္စာရှိပြီး ဖြောင့်မတ်မှန်ကန်တဲ့သူကို အန္တရာယ်ပြုချင်နေတာ.. ဒါက ရိုးသားမှုနဲ့ သစ္စာတရား ပျက်ပြားနေတာပဲ။

အဖွဲ့အစည်းတစ်ခုအတွက်ဖြစ်စေ၊ အင်အားစုတစ်ခုအတွက်ဖြစ်စေ အရေးအကြီးဆုံးမှာ အသိအမှတ်ပြုမှုဖြစ်သည်။ အသိအမှတ်ပြုမှုမရှိလျှင် မည်သူကများ ပူးပေါင်းလုပ်ဆောင်တော့မည်နည်း။

ခုနက ယွီမေ့ဇစ်ပြောခဲ့သည့် ချန်ကျိုစစ်ကို မုလန်လူမျိုးများထံ ‌ထုတ်ဖော်တိုင်ကြားမည်ဟူသည့် စကားကဲ့သို့ဖြစ်သည်။

ဒီလိုသာဆို မိန်ဂိုဏ်းကို လူတွေက ဟန့်လူမျိုးတွေအတွက် ပုန်ကန်ပေးနေတဲ့ တော်လှန်ရေးစစ်တပ်လို့ မြင်ကြပါဦးမလား။

သိုင်းလောကသားတွေက မိန်ဂိုဏ်းကို ဘယ်လိုမြင်မလဲ။ ပြည်သူတွေကရော မိန်ဂိုဏ်းကို ဘယ်လိုမြင်မလဲ။

သူတို့ဘယ်လိုတွေးကုန်ကြမလဲ။

အို ငါတို့က မင်းတို့မိန်ဂိုဏ်းကို ကူညီပေးခဲ့တာကို မိန်ဂိုဏ်းက ကူညီပေးတဲ့သူကို မုလန်လူမျိုးတွေဆီ ရောင်းစားလိုက်တယ်။ ဒါဆို မိန်ဂိုဏ်းကို ကူညီတာက တစ်နေ့မှာ မိန်ဂိုဏ်းက သစ္စာဖောက်မှာကို ထိုင်စောင့်နေသလိုပဲ မဟုတ်ဘူးလား။ ငါတို့က ရူးနေလို့ မိန်ဂိုဏ်းကို ကူညီပြီး တစ်နေ့‌တစ်နေ့ တော်ဝင်နန်းတော်က ဖမ်းဆီးမယ့်အရေးကို ကြောက်နေရပြီး မိန်ဂိုဏ်းက ငါတို့ကို တိုင်ကြားလိုက်မှာကို စိုးရိမ်နေရမယ့်လုပ်ရပ်ကို လုပ်ရမှာလား။

ဘဝကြီးက အရမ်းကောင်းမွန်နေလို့ ကိုယ့်ဒုက္ခကိုယ်ရှာရမှာလား။

ဒီလိုတွေးကုန်ကြမယ်မဟုတ်လား။

မဖြစ်ဘူး။ ဒါက မိန်ဂိုဏ်းရဲ့အခြေခံအုတ်မြစ်ကို လှုပ်ယိမ်းစေမဲ့အရာပဲ။

ဂုဏ်သတင်းသည် မိန်ဂိုဏ်း တစ်နေ့တစ်ခြား ကြီးထွားဖွံ့ဖြိုးလာရသည့် အခြေခံအုတ်မြစ်ဖြစ်သည်။ ယခုတွင်မူ ယွီမေ့ဇစ်ကြောင့်နှင့် မိန်ဂိုဏ်း၏ဂုဏ်သတင်း ပျက်စီးရပေတော့မည်။

ပြန်နောင်တရသည့်အချိန်ကျ ခန္ဓာကိုယ်ကို ဓားချက်ထောင်ချီဖြင့် လှီးဖြတ်ခံလျှင်သော်မှ အဘယ်အသုံး‌ဝင်တော့မည်နည်း။

သူမ၏ဆရာသခင်သည် ယွီမေ့ဇစ်ကဲ့သို့ ပြဿနာရှာတတ်သည့် အကျင့်စရိုက်မျိုးရှိသူကို အဘယ်ကြောင့် ဒုခန်းမအရှင်သခင်ရာထူးပေးထားပြီး သူတို့အားလုံးကို တာဝန်ယူစေသည်အား ဟန်ဟယ့် နားမလည်နိုင်ပေ။

ဟန်ဟယ့်၏စိတ်နှလုံးတွင် မကျေနပ်ချက်များ အဆုံးမရှိအောင် စီးဆင်းနေပြီး ယွီမေ့ဇစ်ကို ဆရာ၏‌ေရှ့‌ေမှာက် ချက်ချင်းဆွဲခေါ်သွားကာ အပြစ်ဒဏ်ခံစေလိုစိတ်များ တဖွားဖွား ပေါ်ပေါက်နေခဲ့သည်။

သို့သော်ငြား သူမ၏ဆရာသခင်သည် ယွီမေ့ဇစ်ကို အယုံကြည်ဆုံးဖြစ်၏။ သူမ၏ဆရာသည် ယွီမေ့ဇစ်သည် သူ့အပေါ် သစ္စာအရှိဆုံးဟူ၍ပင် ပြောလေ့ရှိသည်။

သို့ဖြစ်ရာ ဟန်ဟယ့်မှာ ယွီမေ့ဇစ်နှင့်ပတ်သက်ပြီး စောဒကတက်နိုင်စွမ်း မရှိတော့ချေ။ ယခုတွင်လည်း ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိ‌ေရးဆွေးနွေးခြင်းအား ရှက်ရွံ့ဖွယ်ကောင်းလောက်အောင်သော တင်းမာမှုမျိုး ဖြစ်သွားစေခဲ့သည်။

ဓားဆွဲ၊မြားဆွဲတော့မည့် အခြေအနေမျိုးအထိ ရောက်သွားခဲ့သည်။

မဟုတ်မှ ဒီဆရာဒေါ်လေးရဲ့ခေါင်းထဲမှာ မစင်တွေပြည့်နေတာများလား။

ဟန်ဟယ့်၏စိတ်ထဲတွင် အဖြေမရနိုင်သည့်မေးခွန်းများစွာ တန်းစီနေခဲ့သည်။

သို့သော် ထိုအဖြေသည် သူမ၏ရာထူးအဆင့်အတန်း လုံလောက်စွာ မမြင့်မားခြင်းနှင့် သေချာပေါက် ပတ်သက်နေလိမ့်မည်။

သူမ မိန်ဂိုဏ်း၏ လက်ရှိအခြေအနေကို နားမလည်ပေ။ ရိုးရိုးရှင်းရှင်းဆိုရပါက မိန်ဂိုဏ်း၏ ပင်မဗဟိုချက်သည် ကောင်းမွန်သည်။ သို့သော် ယခုတွင် ပြဿနာကြီးတစ်ခုကို ရင်ဆိုင်နေရ၏။

အလွန်လျင်မြန်စွာ ကျယ်ကျယ်ပြန့်ပြန့် ကြီးထွားဖွံ့ဖြိုးလာသည့်ပြဿနာ ဖြစ်သည်။ မိန်ဂိုဏ်း၏ မြောက်ပိုင်းတော်လှန်ရေးတပ်သည် ညတွင်းချင်းပင် ပြည်နယ်‌၈ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ထောင်သောင်းချီသော ဂိုဏ်းသားများကို စုဆောင်းမိခဲ့သည်။

မိန်ဂိုဏ်းသားအရေအတွက်သည် နှစ်ဆခန့် တိုးပွားသွားခဲ့၏။ ဝင်လာသူများတွင် လူကောင်း၊လူဆိုး ရောနှောနေသည်။ သို့ဖြစ်ရာ အာဏာတည်မြဲစေရေးအတွက် မိန်ဂိုဏ်းသည် နယ်ပယ်ဒေသအသီးသီးသို့ ယုံကြည်ရသည့် ဂိုဏ်းသားဟောင်းများကို တပ်ဖြန့်ချထားရလေသည်။

ဤသို့အချိန်အခါမျိုးဖြစ်ရာ ဟန်မြောင်ကျန်း၏ နှစ်ရှည်လများ အစေခံဖြစ်ခဲ့သူ ယွီမေ့ဇစ်၏ သစ္စာစောင့်သိမှုမှာ မေးခွန်းထုတ်ဖွယ်မရှိတော့ပေ။

မိန်ဂိုဏ်း၏ တစ်ဦး‌တည်းသော ရာထူးမြင့်အမျိုးသမီးဖြစ်သူ၊ ဓမ္မရာဇာကြီးလေးပါးထဲမှ တစ်ပါးဖြစ်သူထံ ခစားခဲ့သည့် အနီးကပ်‌အစေခံယွီမေ့ဇစ်ကို ဒေသအချို့ရှိ ဂိုဏ်းခွဲများကို စီမံရသည့် အကြီးအကဲအချို့ပင်လျှင် ရိုသေလေးစားစွာ ဆက်ဆံကြသည်။

သို့ဖြင့် အချိန်ကြာလာသည်နှင့်အမျှ မောက်မာထောင်လွှားသည့် စိတ်နေစိတ်ထားဖြစ်တည်လာခဲ့သည်။

ဓမ္မရာဇာတစ်ပါး၏ အနီးကပ်အစေခံသည် ဓမ္မရာဇာ၏ကိုယ်စား စကားပါးခြင်းကဲ့သို့ ကိစ္စရပ်များကို မကြာခဏ တာဝန်ယူလုပ်ဆောင်ရသည်။ သို့ဖြင့် အချိန်ကြာလာသည်နှင့်အမျှ သူမ၏စကားပြောဆိုမှုပုံစံသည် ခက်ထန်ကာ အထက်စီးဆန်လာခဲ့သည်။

ယွီမေ့ဇစ်သည် ဉာဏ်ရည်ပိုင်းတွင်တော့ ချို့ယွင်းချက်မရှိပေ။ သို့သော် သူမသည် အစေခံတစ်ဦးသာဖြစ်ပြီး သူမ၏သခင်ကို အကောင်းဆုံးခစားရန်သာ အာရုံစိုက်ဖို့လိုသည်။ သူမကို နည်းဗျူဟာနှင့် အစီအစဉ်များ ချမှတ်ခိုင်းခြင်းငှာ မည်သို့မျှ မဖြစ်နိုင်ပေ။

ထို့ပြင် ယွီမေ့ဇစ်သည် သူမကို တစ်ပါးသူမှ သူမ,မကြိုက်သည့် အသံအနေအထားဖြင့် ပြောဆိုခြင်းကို သည်းမခံနိုင်ချေ။ သို့ဖြင့် သူမ ရောက်ရှိပြီး တစ်လအတွင်း၌ပင် ဟွမ်ကျိုးပြည်နယ်ရှိ လူအားလုံးကို အပြစ်ပြုပြီးသွားခဲ့လေသည်။

ဤတစ်ကြိမ်တွင် သူမ မျန့်ရွှေသို့ရောက်လာခြင်းသည်လည်း အကျိုးဆောင်မှုအတွက် အသိအမှတ်ပြုမှုကို လုယူကာ သူမ၏အောင်မြင်မှုအဖြစ် ဓမ္မရာဇာ အမတငှက်ထံ ပြန်လည်တင်ပြရန် အကြံအစည်ဖြင့် လာရောက်ခြင်းဖြစ်သည်။

သူမ၏ ပျက်ရယ်ပြုဖွယ်သော ထိုအကြံအစည်မှာ ချန်ကျိုစစ်ကို ခရိုင်မင်းသမီးအား သတ်ခိုင်းပြီး ချန်ကျိုစစ်ကို မိန်ဂိုဏ်း၏အစောင့်အရှောက်ရာထူး ပေးအပ်မည်ဟူ၍ ဖြစ်သည်။

ဘွင်းဘွင်းရှင်းရှင်းပြောရပါလျှင် ယွီမေ့ဇစ်သည် ခေါင်းဆောင်ပိုင်းဆိုင်ရာ အတွေ့အကြုံမရှိဘဲ လေထီးခုန်ကာ ရာထူးရထားသူဖြစ်ပြီး အရေးမပါသည့်အမိန့်များနှင့် မကိုက်ညီပါဘဲ ပြောဆိုလုပ်ဆောင်ခြင်းများတွင်သာ အရည်အချင်းရှိလေသည်။

ဤသည်မှာ ရှောင်လွှဲမရသည့် ပြဿနာဖြစ်သည်။ မိန်ဂိုဏ်း၏ လျင်မြန်စွာ ကျယ်ပြန့်ကြီးထွားလာမှုသည် စီမံခန့်ခွဲမှုပိုင်းအတွက် လူအင်အားမလုံလောက်မှုများဖြစ်‌စေသဖြင့် မူလက အစေခံမိန်းကလေးများ၊ အစေခံများနှင့် အခြားအမျိုးမျိုးသော လက်အောက်ငယ်သားများကို ခေါင်းဆောင်ပိုင်းရာထူးများသို့ ပြောင်းရွှေ့ခန့်အပ်ပေးရလေသည်။

ထို့နောက်တွင်မူ သူများလက်အောက်အလုပ်လုပ်ရခြင်းတွင်သာ ကျင့်သားရနေသည့် ဤခေါင်းဆောင်များသည် ဤသို့ပြဿနာများ ဖြစ်ပွားစေတော့သည်။ လိုအပ်သည့်အလုပ်တာဝန်များကို မပြီးမြောက်ခြင်းမှအပ အထောက်အကူမဖြစ်ချေ။

ဟန်ဆောင်ပန်ဆောင်နိုင်ကာ လက်ဖွာပြီး စာရိတ္တပျက်ပြားကြသည်။ ၎င်းအချက်များကို သိရှိထားကြသော်ငြား စွမ်းဆောင်ရည်မြင့်မားသော မိန်ဂိုဏ်းသားအသစ်များနှင့် မိန်ဂိုဏ်းသားဟောင်းများမှာ ဤအရည်အချင်းမရှိသူများ၏အမိန့်ကို သည်းခံနာခံနေကြရလေသည်။

ဤသို့ပုံစံမျိုးကို တိုးတက်ပြောင်းလဲမှုအဆင့်များတွင် မကြာခဏ မြင့်တွေ့ရတတ်သည်ဖြစ်၏။

ချန်ကျဲ့ချမှတ်သည့် စည်းမျဉ်းဥပဒေများထဲမှ တစ်ခုသည် ဤပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ ကျောင်းတော်ဖွင့်လှစ်၍ ကိုယ်ပိုင်အရည်အချင်းရှိသူများကို ပျိုးထောင်ခြင်း။ တစ်နေ့နေ့တွင် ချန်ကျဲ့မှ အခေါ်ရှိပါက သူတို့၏ပိုင်နက်နယ်မြေသည် ဧရာမလေပူဖောင်းကြီးအလား ကြီးမားကျယ်ပြန့်နေမည်ဖြစ်ကာ ထိုအရည်အချင်းရှိသူများသည် သူ့အတွက် အကျိုးဖြစ်စေလိမ့်မည်ပင်။

ယွီမေ့ဇစ်ကဲ့သို့ ပြောချင်ရာလျှောက်ပြောပြီး သူမ၏အပြုအမူများဖြင့် အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်ကို လှုပ်ယိမ်းစေခြင်းကဲ့သို့ ပြဿနာမျိုး ဖြစ်ပွားတော့မည် မဟုတ်ပေ။

ယခုတွင် ချန်ကျဲ့သည် မိန်ဂိုဏ်း၏အခြေအနေကို နားလည်သွားခဲ့လေပြီ။

မိန်ဂိုဏ်းသည် အင်အားကြီးမားသော်ငြား ဤသို့အဖွဲ့အစည်းမျိုးသည် ပျက်စီးခြင်းသို့ ဦးတည်သွားမည်မှာ မလွဲမသွေပင်။ သမိုင်းကြောင်းထဲမှ ဦးဆောင်းနီစစ်တပ်သည် တော်လှန်ပုန်ကန်မှုကို အဘယ်ကြောင့် ကျရှုံးခဲ့သည်အား ချန်ကျဲ့ နားလည်သွားခဲ့လေပြီ။

ယခုအခြေအနေနှင့် ဆင်တူပင် ဖြစ်လောက်၏။ ဂိုဏ်းသည် အလွန်လျင်မြန်စွာ အင်အားကျယ်ပြန့်ဖွံ့ဖြိုးလာပြီး ဖွံ့ဖြိုးမှုအရှိန်ကို အမီမလိုက်နိုင်သည့် စီမံခန့်ခွဲမှုသည် ယိုင်နဲ့ချည့်နဲ့သော အုပ်ချုပ်မှုစနစ်သို့ ဦးတည်သွားခဲ့ပြီး နောက်ဆုံးတွင် ပျက်စီးခြင်းဖြင့် အဆုံးသတ်သွားခြင်း ဖြစ်ပေလိမ့်မည်။

All Chapters