အခန်း ၇၂၆
Vol. 62 Ch. 726
အခန်း ၇၂၆
ဤသည်မှာ သမိုင်းထဲတွင် မကြာခဏ ဖော်ပြလေ့ရှိသည့် ဖွံ့ဖြိုးတိုးတက်သည့်ကာလတွင် ရေရှည်အတွက် အမြော်အမြင်နည်းပါးမှုဖြစ်လိမ့်မည်။
ထိုအချိန်၌ ဟန်ဟယ့်သည် ယွီမေ့ဇစ်ကို အလျင်အမြန် တားဆီးနေသည်။
“ဆရာဒေါ်လေး ကျေးဇူးပြုပြီး ပြန်စဉ်းစားပါဦး. ချန်ကျိုစစ်က ကျွန်မတို့မိန်ဂိုဏ်းကို ကူညီခဲ့ဖူးတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ မဟာမိတ်တစ်ယောက်ပါ။ ကျွန်မတို့ သူ့ကို အကြမ်းဖက်ဆက်ဆံတာ လုပ်သင့်ရဲ့လား။ သူ့ကူညီပေးခဲ့တာတွေကို ရုံးတော်ကို တိုင်ကြားတယ်ဆိုတာရော ဖြစ်သင့်ရဲ့လား။ အဲဒီလိုဆို ကျွန်မတို့မိန်ဂိုဏ်းက သစ္စာတရားမရှိတာ ဖြစ်မသွားဘူးလား”
“ပါးစပ်ပိတ်ထားစမ်း၊ ဟန်ဟယ့် မင်းဘယ်လိုတောင် အတင့်ရဲတာလဲ။ မင်းလို အငယ်တစ်ယောက်က ငါ့ကို အော်ဟစ်ပြောရဲတယ်ပေါ့လေ။ အကြီးကို ဝေဖန်ပြစ်တင်လိုက်သေးတယ်။ မင်းမှာ အကြီးကို လေးစားရမယ်ဆိုတဲ့အသိ မရှိတော့ဘူးလား”
ထိုအခါ ဟန်ဟယ့်သည် မျက်မှောင်ကြုတ်လျက် ပြန်ပြောစရာစကား ပျောက်သွားတော့သည်။
မှန်ပါ၏။ ယွီမေ့ဇစ်သည် ဟန်မြောင်ရှန်း၏ အစေခံတစ်ဦးသာ ဖြစ်သော်ငြား ဟန်မြောင်ကျန်းတွင် အစေခံများစွာ မရှိပေ။ တပည့်များမှာတော့ များပြား၏။ တပည့်နှစ်ရာကျော်ခန့်ရှိပြီး အချို့ကိုဆိုလျှင် ရှင်းရှင်းလင်းလင်းပင် မမှတ်မိနိုင်တော့ချေ။
သို့သော် ယွီမေ့ဇစ်သည် ဟန်မြောင်ကျန်းဘေးတွင် အမြဲရှိနေခဲ့သူဖြစ်သည်။
သို့ဖြစ်ရာ ဟန်ဟယ့်အနေဖြင့် ယွီမေ့ဇစ်ကို လေးစားသမှုဖြင့် ‘ဆရာဒေါ်လေး’ဟု ခေါ်ဝေါ်ရလေသည်။
“ဆရာဒေါ်လေး ကျွန်မ…”
“မင်းက ဘာလဲ။ ငါ့အထင်တော့ မင်းလည်း မိန်ဂိုဏ်းရဲ့ကြီးမြတ်မှုကို နားမလည်နေဘူးပဲ။ ဒီလိုနိမ့်ကျတဲ့ကောင်က ငါတို့မိန်ဂိုဏ်းရဲ့ အကျိုးဆောင်သူလို့ မခေါ်ထိုက်ဘူး”
ထိုသို့ပြောပြီးနောက် ယွီမေ့ဇစ်သည် ချန်ကျဲ့ကို လှည့်ကြည့်လာပြီး ပြောသည်။
“ချန်ကျိုစစ် ငါမင်းကို နောက်ဆုံးအကြိမ် အခွင့်အရေးပေးမယ်။ မင်း ငါ့အစီအစဉ်ကို သဘောမတူရင် မသက်ညှာပေးလို့ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့တော့”
“ဟား ဟား ဟား…”
ယွီမေ့ဇစ်၏စကားတွင် ချန်ကျဲ့ မထိန်းချုပ်နိုင်စွာ ရယ်မောလိုက်သည်။
ချန်ကျဲ့ ရယ်မောနေသည်ကိုမြင်သောအခါ ယွီမေ့ဇစ်မှ မေးသည်။
“မင်းဘာလို့ရယ်နေတာလဲ”
ချန်ကျဲ့မှ ရယ်လျက် ပြောသည်။
“မိန်ဂိုဏ်းမှာ အရည်အချင်းရှိတဲ့သူတွေ မရှိတော့လို့လားလို့ တွေးမိပြီး ရယ်နေတာလေ။ ခင်ဗျားလို အရည်အချင်းမရှိတဲ့သူကို ဒီလိုတာဝန်ပေးစေလွှတ်ထားတာ ကျုပ်တော့ မိန်ဂိုဏ်းရဲ့အဆုံးသတ်ကို ကြိုမြင်နေမိပြီ”
“ဟန်ဟယ့် မင်းသူ့ကို အလုပ်ရှုပ်ခံဖျောင်းဖျမနေနဲ့တော့။ ဒီလိုအသုံးမကျတဲ့သူရဲ့စကားကို ယုံတဲ့သူရှိမလားလို့ ငါကြည့်ချင်ပါသေးတယ်”
“မင်းဘာပြောတာလဲ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကြားတဲ့အတိုင်းပါပဲ”
“အခုအချိန်မှာ ကျုပ်က ခရိုင်မင်းသမီး တန်ဖိုးထားတဲ့သူပဲ။ ခရိုင်မင်းသမီးက ကျုပ်ကို ရူယန်မင်းသားရှေ့မှာ ထောက်ခံပေးဖို့အထိ စီစဉ်နေတာ။ ဒါပေမဲ့ ခင်ဗျားကတော့ မိန်ဂိုဏ်းသူပုန်တစ်ယောက်လေ။ ခင်ဗျားလိုသူပုန်တစ်ယောက်က ကျုပ်ကို စစ်လက်နက်ပစ္စည်းတွေခိုးထုတ်ပါတယ်လို့ စွပ်စွဲမယ်တဲ့လား။ ကျုပ်က အဲဒီကိစ္စကို လုပ်ခဲ့ဖူးလို့လား။ ရှင်းရှင်းပြောရရင် မိန်ဂိုဏ်းက ကျုပ်အရည်အချင်းကို သတိထားမိပြီးတော့ ကျုပ်အရည်အချင်းတွေနဲ့ တော်ဝင်နန်းတော်ကိုကူညီပြီး ခင်ဗျားတို့ကိုတိုက်ခိုက်မှာ စိုးရိမ်လို့ ကျုပ်ကို ချောက်ချစွပ်စွဲနေတာပဲ”
“အဓိပ္ပာယ်မရှိတာ။ မင်းလုပ်ခဲ့တာ အမှန်ပဲလေ။ ဘယ်လိုလုပ်ပြီး ငါက ချောက်ချစွပ်စွဲတယ်ဖြစ်ရမှာလဲ”
ချန်ကျဲ့သည် မြားကို လက်ထဲတွင် အသင့်ကိုင်ထားသဖြင့် ယွီမေ့ဇစ်မှာ မထိန်းချုပ်နိုင်ဖြစ်လာခဲ့သည်။ သူမအနေဖြင့် ချန်ကျိုစစ်ကို နာရီဝက်အတွင်း အပြတ်ရှင်းနိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်မရှိပေ။ ထို့ကြောင့် သူမသည် ချန်ကျဲ့ကို ရန်စခြိမ်းခြောက်ရန်သာ တတ်နိုင်လေသည်။
သို့သော် ချန်ကျဲ့သည် သူတစ်ပါးခြိမ်းခြောက်ခြင်းခံရမည့်သူ ဖြစ်နိုင်ပါ၏လော။
ချန်ကျဲ့မှ ယွီမေ့ဇစ်ကို ပြောသည်။
“ကျုပ်က ခင်ဗျားတို့မိန်ဂိုဏ်းကို ကူညီပြီးစစ်လက်နက်ထုတ်ပေးခဲ့တယ်လို့ ခင်ဗျားပြောတယ်နော်။ ဒါပေမဲ့ ခင်ဗျားမှာ သက်သေရှိလို့လား”
“သက်သေတဲ့လား”
ယွီမေ့ဇစ် ဟန်ဟယ့်ကို လှည့်ကြည့်လိုက်သည်။ ဟန်ဟယ့်မှ ပြောသည်။
“သက်သေဆိုတာမျိုး ဘယ်လိုလုပ်ရှိမှာလဲ။ ရှိခဲ့ရင်လည်း ဖျက်ဆီးပြီးတာ ကြာရောပေါ့”
“မင်း အသုံးမကျလိုက်တာ”
ယွီမေ့ဇစ်သည် ဟန်ဟယ့်ကို ကြမ်းတမ်းစွာ ပြစ်တင်ပြောဆို၏။ ဟန်ဟယ့်သည်ကို နှုတ်ခမ်းကို ဖိကိုက်ထားလျက် ဘာမှပြန်မပြောပေ။
ထို့နောက် ချန်ကျဲ့မှ ပြောသည်။
“သက်သေမရှိဘူးမလား။ သက်သေမရှိဘဲနဲ့များ ခင်ဗျားက ကျုပ်ကို စွပ်စွဲချင်သေးတယ်တဲ့။ ဟား ခင်ဗျားက တကယ်ယုံကြည်ချက်ရှိတာပဲ။ ကျုပ်ပြောတဲ့စကားနဲ့ ခင်ဗျားပြောတဲ့စကားမှာ ခရိုင်မင်းသမီးက ဘယ်သူ့စကားကိုယုံကြည်မလဲ ကျုပ်ကြည့်ချင်ပါသေးတယ်”
ယွီမေ့ဇစ်သည် အံတင်းတင်းကြိတ်ထား၏။
“မင်း စောင့်နေလိုက်”
ထိုစကားတွင် ယွီမေ့ဇစ်သည် တိုက်ခိုက်ရန် လက်လျှော့လိုက်ပြီဖြစ်ကြောင်း ချန်ကျဲ့နားလည်လိုက်သည်။ သို့ဖြင့် ချန်ကျဲ့ ဟန်ဟယ့်ကို လှည့်ကြည့်လိုက်၏။ ဟန်ဟယ့်သည်တော့ အလွန်ရှက်ရွံ့နေဟန်ရှိလေသည်။
အခြားရွေးချယ်စရာမရှိတော့သောကြောင့် အလွန်ဒေါသထွက်နေသည့် ယွီမေ့ဇစ်သည် ဟန်ဟယ့်ဘက်သို့လှည့်ကာ ပြောသည်။
“အဲဒီတော့ ဒီလူက မင်းပြောသလို စိတ်နှလုံးက မိန်ဂိုဏ်းအတွက်ဆိုတာ မှန်သလား။ အရမ်းကောင်းတယ်။ မင်းပြန်ရောက်တော့မှ သေချာဖြေရှင်းချက်ပေးဖို့ပြင်ထား”
ထိုသို့ပြောခဲ့ပြီး ယွီမေ့ဇစ်သည် လှည့်ထွက်သွားတော့သည်။
ဟန်ဟယ့်နှင့် ဟန်လျန်သာလျှင် ကျန်ရစ်ခဲ့၏။
ဟန်ဟယ့်မှ ချန်ကျဲ့ကို ပြောသည်။
“ကျိုစစ် ဒါက…”
ချန်ကျဲ့ လက်ဟန်ပြလိုက်ပြီး ပြောသည်။
“မိန်းကလေးဟုန်ယန် ကျွန်တော်သာ မင်းပြောတာကိုနားထောင်ပြီး မျက်ကန်းလို မိန်ဂိုဏ်းထဲဝင်ခဲ့မိရင် ကျွန်တော် အခုအချိန် အရမ်းနောင်တရနေမှာ သေချာတယ်။ ဒီလိုအရည်အချင်းမရှိတဲ့သူမျိုးက ခေါင်းဆောင်နေရာမှာ တက်ထိုင်နေတယ်တဲ့လား ဟား ခရီးဝေးဝေး မရောက်နိုင်လောက်ဘူးပဲ”
ဟန်ဟယ့်လည်း သက်ပြင်းချလိုက်ပြီး ပြန်ပြောသည်။
“ကျိုစစ် ကျွန်မ ရှင်းပြဖို့မကြိုးစားတော့ပါဘူး။ ကျွန်မ ဒီတစ်ခုပဲပြောချင်တယ်။ မိန်ဂိုဏ်းမှာ သူလိုလူမျိုးချည်းပဲ ရှိတာမဟုတ်ပါဘူး”
ချန်ကျဲ့မှ ပြောသည်။
“အင်း ကျွန်တော်နားလည်ပါတယ်။ ကျေးဇူးပြုပြီး ကြွပါ”
ဟန်ဟယ့် သက်ပြင်းချလိုက်ပြီး ဟန်လျန်ကို ပြောသည်။
“အားလျန် သွားကြမယ်”
ထိုအခါ ဟန်လျန်သည် စားပွဲပေါ်ရှိ ပန်းကိတ်မုန့်အချို့ကို လက်ညှိုးထိုးလျက် မေးသည်။
“ကျွန်မ အဲဒါတစ်ခုလောက် စားလို့ရလား”
ထိုစကားတွင် ချန်ကျဲ့မှာ မထိန်းချုပ်နိုင်စွာ ရယ်မိသွားရသည်။
ဒီလိုတင်းမာနေတဲ့အခြေအနေမှာတောင် ဒီလူရိုးမလေးရဲ့အာရုံက ပန်းကိတ်မုန့်မှာပဲ ရှိနေတယ်။
ချန်ကျဲ့ ဟန်ဟယ့်ကို ပြောသည်။
“မင်း ကျွန်တော့်နောက်လိုက်ဖို့ စိတ်ဝင်စားလား။ မင်းတို့မိန်ဂိုဏ်းက ငါ့အထင်တော့ အားကိုးလို့မရလောက်ဘူး”
ဟန်ဟယ့်မှ ရယ်မောလျက် ပြန်တုံ့ပြန်သည်။
“ကုန်သည်အဖွဲ့ခေါင်းဆောင်ချန် ရှင့်မှာ အရည်အချင်းရှိတဲ့သူတွေ ဒီလောက်များတာ ကျွန်မက ရှင့်ဆီမှာ ဘာလုပ်ရမှာလဲ”
ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော့်ဆီမှာ ကျွန်တော်နဲ့ အတွေးအခေါ်စည်းဝါးကိုက်ညီမယ့် အတွင်းရေးမှူးနှစ်ယောက် လိုအပ်နေလို့ပါ”
ပန်းကိတ်ကို ပျော်ရွှင်စွာ စားနေသည့် ဟန်လျန်ကို ကြည့်နေရင်း ဟန်ဟယ့် ခဏမျှ ရှုပ်ထွေးသွားရသည်။
“အတွင်းရေးမှူးဆိုတာ ဘာလဲ”
“အတွင်းရေးမှူးဆိုတာ အမြဲ ကျွန်တော့်အနားမှာရှိနေပြီး ကျွန်တော့်ရဲ့အလုပ်နဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေကိုပါ ဂရုစိုက်ပေးရမယ့် အနီးကပ်အဖော်ကို ပြောတာပါ”
ထိုအခါ ဟန်ဟယ့်မှ ပြောသည်။
“လူယုတ်မာကောင် တဏှာရူးကောင် ဇနီးနှစ်ယောက်ရှိတာတောင် မတင်းတိမ်နိုင်သေးဘူး။ လောဘတက်လွန်းနေတာပဲ”
ချန်ကျဲ့မှ ရယ်မောလျက် ပြောသည်။
“ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေက လူကြီးလူကောင်းတွေကို ဆွဲဆောင်နိုင်စမြဲပဲလေ။ ကျွန်တော့်ရဲ့ ရိုးရိုးရှင်းရှင်း အလှတရားကိုမြတ်နိုးမှုလေးက မိန်းကလေးဟန်ပြောလိုက်တော့မှ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အထင်သေးစရာဖြစ်သွားရတာလဲ”
ဟန်ဟယ့်မှ ပြန်ပြောသည်။
“လူရမ်းကားကောင် တော်ပြီ။ ရှင်နဲ့စကားဆက်မပြောတော့ဘူး။ အားလျန် သွားမယ်”
ဟန်လျန်သည် လက်ထဲမှ ပန်းကိတ်မုန့်ကို ပါးစပ်ထဲ ထိုးထည့်လိုက်ပြီးနောက် ကျန်မုန့်များကို ထုပ်ယူလိုက်ပြီး ပြောသည်။
“မမ မမလည်းတစ်ခုလောက် စားကြည့်သင့်တယ်။ အရမ်းချိုတယ်”
ဟန်ဟယ့် ဟန်လျန်ကို စိုက်ကြည့်လိုက်သည်။ ဟန်လျန်သည် သူမ၏မျက်နှာရှေ့တွင် ပန်းကိတ်နှစ်တုံးကို လွှဲရမ်းပြနေ၏။ ဟန်ဟယ့် ဟန်လျန်ကို ဆွဲခေါ်သွားပြီး တံခါးနားသို့ရောက်သောအခါ ဟန်ဟယ့်မှ ပြောသည်။
“ဆေးဘုရင်ရတနာက…”
ချန်ကျဲ့ ဟန်ဟယ့်ကို ကြည့်လိုက်သည်။ ဟန်ဟယ့် ပြန်လှည့်ကြည့်လာပြီး ပြောသည်။
“ဂရုစိုက်ပါ”
ထို့နောက် ဟန်လျန်နှင့်အတူ ထွက်သွားတော့သည်။
သူတို့နှစ်ဦးထွက်သွားသည်ကို ကြည့်ရင်း ချန်ကျဲ့ တိတ်ဆိတ်နေ၏။ သူ၏မျက်နှာအမူအရာမှာမူ အဓိပ္ပာယ်ဖော်ဆောင်၍ မရနိုင်ချေ.။