← Chapters

သန္ဓေပြောင်း အံ့ဖွယ်ရစ်ပတ်နွယ်ပင်၏ တိုက်ခိုက်မှု

Vol. 6-10 Ch. 138

သန္ဓေပြောင်း အံ့ဖွယ်ရစ်ပတ်နွယ်ပင်၏ တိုက်ခိုက်မှု

Vol. 6-10 Ch. 138

အခန်း (၁၃၈)  : သန္ဓေပြောင်း အံ့ဖွယ်ရစ်ပတ်နွယ်ပင်၏ တိုက်ခိုက်မှု

မြူခိုးမြို့တော်အတွင်း လရောင်သက်တန့် တည်းခိုဆောင်၌

ရှန်ထျန်းက ကုတင်ပေါ်၌ ထိုင်ကာ ကျင့်ကြံနေလေသည်။ သူက အခြေတည်အဆင့် ရောက်ခါစ ဖြစ်၍ သူ့ကျင့်ကြံဆင့်မှာ အခြေမကျသေးချေ။

ယနေ့ သူ နတ်မိုးကြိုးငါးပါး ကျင့်စဉ် တစ်ခုလုံးကို ကျင့်ကြံလိုက်သည့်အချိန်တိုင်း ကျင့်ကြံရေး ဖြစ်စဉ်မှ ပိုမို ဉာဏ်အလင်းပွင့်လာသလို ခံစားမိလာသည်။

သူ့အနေနှင့် နတ်မိုးကြိုးငါးပါး ကျင့်စဉ်၌ ပါဝင်သော သတ္တု၊ သစ်သား၊ မီးနှင့် မြေဓာတ်တို့ကို ကျွမ်းကျင်ထားသည်က ပိုကောင်းပေမည်။

ရေဓာတ် ပိုင်ဆိုင်ထားသည့် လိပ်နက် နတ်မိုးကြိုးအတွက်မူ ပို၍ အရေးပါသေးသည်။ ဤမိုးကြိုးပညာရပ်ကို အသုံးပြုခြင်းက ကိုယ့်လက်ကိုယ့်ခြေကဲ့သို့ ခံစားရစေသည်။ နမူနာအားဖြင့် ရှန်ထျန်းက သူ့ညာဘက်လက် မြှောက်လိုက်သောကြောင့် သူ့လက်ချောင်းထိပ်မှ အနက်ရောင် ရေစက်များ စုစည်းကာ ထွက်ပေါ်လာသည်။ ထိုရေစက်များက မိုးကြိုးသွားနှင့်အတူ လင်းလက်နေလေ၏။

ဤသည်မှာ သူ့လေးလံအဆီအနှစ် ရေစင်နှင့် လိပ်နက် နတ်မိုးကြိုးတို့ ပေါင်းစပ်သွားသည့်အခါ မည်သို့ ဖြစ်သွားကြောင်း သာဓက ဖြစ်၏။

ရှန်ထျန်းက ခရမ်းရွှေတူကို ထုတ်ကာ နဝမ မိုးကြိုးကို ဆင်းသက်စေလိုက်သည်။

တူကား မည်းနက်လာပြီး ဖိနှိပ်လိုသည့် အရှိန်အဝါများ ထွက်ပေါ်လာလေသည်။

ရှန်ထျန်းက သူ့တူကိုသာ အနီးကပ်တိုက်ပွဲ၌ အသုံးပြုလိုက်လျှင် ရိုက်ချက်တစ်ခုချင်းစီက အခြေတည်အဆင့် ကျင့်ကြံသူတိုင်းကို အနိုင်ပိုင်းပစ်နိုင်ကြောင်း ယုံကြည်ချက် ရှိလာမိသည်။

ရှန်ထျန်းသာ လျှပ်တစ်ပြက် တိုက်ခိုက်လိုက်ပါက ဤလက်နက်ကား ရွှေအမြုတေ ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်လိမ့်မည်။

ငါ့လက်ရှိ ကျင့်ကြံဆင့်နဲ့ ကံကြမ္မာအရတော့ မြူခိုးဟင်းလင်းပြင်ထဲ အန္တရာယ်ရှိရင်တောင် တောင့်ခံထားနိုင်လောက်ပြီ …

ကောင်းပြီ … ငါက ကိုယ့်ဘာသာ အထင်ကြီးနေမိတာလည်း ဖြစ်နိုင်သေးတယ်ဆိုတော့ ငါ တတ်နိုင်သလောက် အကောင်းဆုံး လက်နက်ဆင်ထားရမယ် …

ထိုအတွေးဖြင့် ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ မိုးကြိုးဖောက်ခွဲရေး အဆောင်အပုံလိုက်ကို ထုတ်ယူပြီး သူ့ရင်ဘတ်ထဲ ထည့်ထားလိုက်သည်။ ထို့နောက် သူက ကြာပစ်ခွင်း သေနတ်ကို ထုတ်ကာ သူ့နောက်ကျောဘက်၌ ချည်ထားလိုက်သည်။ အန္တရာယ် ချည်းကပ်လာပါက ပစ်ခွင်းဖို့ အဆင့်သင့် ဖြစ်နေလေပြီ။

တကယ်တော့ ရှန်ထျန်းက လိပ်နက် ချပ်ဝတ် ဝတ်ဆင်ထားရမည်လားဟု ချီတုံချတုံ စဉ်းစားနေမိသေးသည်။

သို့သော် သူက ထိုအတွေးကို လျစ်လျူရှုထားလိုက်တော့သည်။ အန္တရာယ်ကြီးကြီးမားမား မရှိသေးလေရာ တစ်ခါတည်း ထိတ်လန့်တုန်လှုပ်နေဖို့ မလိုပေ။

ထို့အပြင် ချပ်ဝတ်က လိပ်နက် အခွံ့ဖြင့် ပြုလုပ်ထားသည် မဟုတ်ပါလော။ ချပ်ဝတ်ကို သန့်စင်ပြီးနောက် သိပ်မဆိုးလှသော်လည်း ရှန်ထျန်းက သူ့သွင်ပြင်နှင့်  လိပ်နက် ဝတ်ရမည့်အကြောင်း စဉ်းစားမိလျှင် ယုံကြည်ချက် မရှိတော့ပေ။

ရှန်ထျန်းက သရေစာ စားဖို့ တွေးလိုက်ချိန် ပြတင်းပေါက် အပြင်ဘက်မှ အသံကျယ်ကြီးကို ကြားလိုက်ရသည်။

“ အား … မလုပ် … ပါနဲ့  .. အား … ”

ရှန်ထျန်းက အခွင့်အရေးကို အမိအရယူကာ ပြတင်းပေါက်ကို ဖွင့်၍ အဖြစ်အပျက်ကို စစ်ဆေးကြည့်လိုက်သည်။

ဝိညာဉ်မြူခိုးများက မြူခိုးမြို့တော် အရှေ့ဘက် မြို့ဝင်ပေါက်ကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေပြီး ထိုမြူခိုးထဲမှ လေရေတိုက်စားခံထားရသော ကျောက်တုံးကြီးများ လွှင့်ထွက်လာကာ မြေပြင်နှင့် တိုက်မိပြီး အသံကျယ်ကြီးနှင့်အတူ နေရာအနှံ့ ပြန့်ကျဲကုန်လေသည်။

ထိုကျောက်တုံးများတွင် ထူးဆန်းဖွယ် စွမ်းအားများ ပါဝင်နေလေ၏။ သူတို့က မြေပြင်ပေါ် ရောက်ပြီး ကြေမွသွားသည့်အခါ မြေပြင်က တုန်ခါသွားရပြီး အက်ကွဲလာသည်။ ထိုအက်ကြောင်းများမှ ဧရာမ နွယ်ပင်ကြီးများ ရုတ်ချည်း ထွက်ပေါ်လာလေ၏။ ထိုနွယ်ပင် တစ်ခုချင်းစီက အရှည်အားဖြင့် မီတာရာချီ ရှည်လျားကြပြီး အရှည်ဆုံး နွယ်ပင်ကား မီတာထောင်ချီ ရှိပေမည်။

အရှင်းဆုံးပြောရလျှင် အပင်များထက် မြွေကြီးနှင့် ပိုတူလေ၏။

ဤနွယ်ပင်များကို မှန်းမိသည့်သူများလည်း ရှိပေမည်။ မှန်ပေ၏ … ဤအရာများကား မြူခိုးဟင်းလင်းပြင်၏ အဖိုးတန်ဆုံး ထွက်ကုန်ဖြစ်သည့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ ဖြစ်ကြသည်။

ပို၍ အံ့အားသင့်စရာကောင်းသည်က ထိုနွယ်ပင်များသည် သူတို့ မြင်ဖူးခဲ့သည့် သာမန်နွယ်ပင်များနှင့် လုံးဝ မတူပေ။ သူတို့က မြေကြီးထဲ အမြစ်တွယ်ဆက်နေခြင်း မရှိချေ။ ထို့အစား သူတို့၏ အမြစ်များက ရေဘဝဲလက်တံများကဲ့သို့ ဖြစ်နေကာ သူတို့ခန္ဓာကိုယ် အလေးချိန်ကို ထိန်းထားပေးပြီး သူတို့စိတ်ကြိုက် သွားလာနိုင်ဖို့ ခွင့်ပြုပေးထားသည်။ သူတို့လှုပ်ရှားနှုန်းက အတော်လေး မြန်ဆန်လှ၏။ တကယ်တော့ ယခု သူတို့က ကျင့်ကြံသူများနှင့် တိုက်ပွဲ ဖြစ်နေလေပြီ။

ရှန်ထျန်း ကြားလိုက်ရသည့် အော်သံမှာ အံ့ဖွယ်ရစ်ပတ်နွယ်ပင်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

မူလက ထိုသူသည် ဤသို့ထိပ်တန်းအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီး မြို့တော်ထဲ ရောက်လာသည့်အတွက် ကံကောင်းသည်ဟုပင် တွေးခဲ့မိသေးသည်။ သို့သော် သူက ဆိုးဆိုးရွားရွား ရလဒ်ကို ကြိုမမြင်ခဲ့ချေ။ သူက သန္ဓေပြောင်း နွယ်ပင်ကို မနှိမ်နင်းနိုင်ရုံသာမက နွယ်ပင်၏ အမြစ်များက သူ့ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်သွားလေပြီ။

ရှန်ထျန်းက နွယ်ပင်ကြီးသည် ရွှေအမြုတေ ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲ ထိုးဖောက်သွားပုံကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်တွေ့လိုက်ရသည်။ ထိုလူ၏ ခန္ဓာကိုယ်မှာ အလျှင်အမြန် ကျုံ့သွားလေ၏။ အသက်ရှိုက်စာအနည်းငယ်အတွင်း ထိုလူ၏ အဆီအနှစ်အားလုံး စုပ်ယူခံလိုက်ရပြီး ခန္ဓာကိုယ်မှာ ခြောက်သွေ့လာကာ အမှုန့်ဖြစ်သွားလေသည်။

ကြောက်ခမန်းလိလိ အံ့ဖွယ်ရစ်ပတ်နွယ်ပင်များက  ကျင့်ကြံသူများ မြူခိုးဟင်းလင်းပြင်ထဲ သွားရှာသည့် နွယ်ပင်များထက် တိုက်ခိုက်စွမ်း ပိုမို အားပြင်းပေသည်။

ဒါမှမဟုတ် အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ၏ တကယ့်စွမ်းအားအစစ်ဟု ပြောရမည်လား …

ဤတစ်လျှောက်လုံး ကျင့်ကြံသူများ မြင်တွေ့ခဲ့သည်များက အံ့ဖွယ်ရစ်ပတ်နွယ်ပင် မျိုးစိတ်ကြားရှိ အပြစ်အနာအဆာရှိသော အပင်များသာ ဖြစ်လိမ့်မည်။

ဒီမှာ တကယ်ကို အန္တရာယ်ရှိနေပြီ … မြူခိုးမြို့တော်က မလုံခြုံတော့ဘူး …

ရှန်ထျန်းက နှလုံးခုန်မြန်လာကာ ကြာပစ်ခွင်း သေနတ်ကို ညာဘက်လက်မှ ကိုင်ဆွဲထားလိုက်တော့သည်။ ဘယ်ဘက်လက်၌ သူ့ရင်ဘတ်ထဲမှ မိုးကြိုးဖောက်ခွဲရေး အဆောင်များစွာကို ဆုပ်ကိုင်ထားလိုက်သည်။

တစ်ချိန်တည်းတွင် သူက ကွေ့ကုန်းကုန်းနှင့် ကျန်လူများ ရှိရာဆီ ဒုန်းသုတ်သွားလိုက်သည်။

“ အန္တရာယ်ရှိနေပြီ… ထွက်သွားကြမယ် ”

တကယ်တော့ ကွေ့ကုန်းကုန်းနှင့် ကျန်လူများလည်း အန္တရာယ်ကို ခံစားမိကာ ရှန်ထျန်း၏ အခန်းဆီ အပြေးအလွှား လာနေကြခြင်း ဖြစ်သည်။

ကျန်းယွင်ရှီးက မျက်နှာထား တင်းမာစွာဖြင့် ပြောလိုက်သည်

“ ဒီမြူခိုးတွေက တစ်ခုခုတော့ မှားနေပြီ။ အနောက်ဘက် မြို့ဝင်ပေါက်ကလွဲရင် ကျန်တဲ့ မြို့ဝင်ပေါက်အားလုံး မြူခိုးတွေ ဖုံးလွှမ်းသွားပြီ … ပြီးတော့ ဒီအခြေအနေနဲ့ မြို့တော်ထဲ နတ်ဘုရားအသိစိတ်လည်း ထုတ်သုံးလို့ မရဘူးဆိုတော့ မြို့ကနေ ဓားပျံစီးနင်းပြီး ထွက်သွားဖို့လည်း မလုံခြုံဘူး  ”

ဓားပျံစီးနင်းခြင်းက တည်ငြိမ်သော နတ်ဘုရားအသိစိတ်နှင့် အားကောင်းသော ဓမ္မစွမ်းအားတို့နှင့်သာ အသက်သွင်းနိုင်ပေမည်။ ထိုအခါမှ သူတို့ဓားများပေါ်တွင် ဘေးကင်းကင်း စီးနင်းလိုက်ပါနိုင်မည် ဖြစ်၏။

အကယ်၍ ဓမ္မစွမ်းအားသာ ရှိနေပြီး နတ်ဘုရားအသိစိတ် အားမကောင်းခဲ့လျှင် ယာဉ်ကို ပဲ့ကိုင်သည့် မောင်းတံ မပါဘဲ မောင်းနှင်သလို ဖြစ်ကာ အချိန်မရွေး ဝင်တိုက်သွားနိုင်သည်။

ရှန်ထျန်းပင် မျက်မှောင်ကြုတ်ကာ

“ ဒီမြူခိုးတွေက အဓိကမြို့တော်ကို ဝန်းရံထားပြီး အထဲက လူတွေကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ သိနေတာပဲ … နောက်ကွယ်က ကြိုးကိုင်သူ ရှိနေနိင်တယ်။ အစ်မကြီး ကျွန်တော်တို့ အံ့ဖွယ်ရစ်ပတ်နွယ်ပင်တွေကို ရှောင်ပြီးတော့ အနောက်ဘက် မြို့ဝင်ပေါက်ဆီ မြန်မြန် သွားရမယ်  ”

ရှန်ထျန်းက ထိုနွယ်ပင်များနှင့် ဝင်တိုက်ခိုက်ဖို့ အစီအစဉ် မရှိပေ။ သူက အစောပိုင်း အခြေတည်အဆင့်မျှသာ ရှိသေးသည် မဟုတ်ပါလော။ သူ့ ပါရမီ ထူးကဲနေခဲ့လျှင်ပင် သူ့စွမ်းရည်များနှင့် ရွှေအမြုတေ ကျင့်ကြံသူများနှင့်သာ လက်ရည်တူမျှ ဖြစ်လိမ့်မည်။

သို့သော် ယခု၌ …

ရှန်ထျန်းက ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ကနဦး ဝိညာဉ်အဆင့် ပညာရှင်များပင် အလန့်တကြား ဖြစ်နေကြရကြောင်း မြင်လိုက်ရသည်။

ထို့အပြင် ခုနှစ်ယောက် ဖြစ်၏။ သူတို့က အားကောင်းသော်လည်း နွယ်ပင်များ၏ ရစ်ပတ်ဖမ်းဆီးမှုကြား ကျရောက်သွားဆဲ ဖြစ်၏။

ရှန်ထျန်းသာ ဝင်ရောက်တိုက်ခိုက်ခဲ့လျှင်ပင် သူ့အနေနှင့် နွယ်ပင်များဆီ သူ့အဆီအနှစ်စွမ်းအားများကို အလကား အလှူပေးသလို ဖြစ်သွားပေမည်။ သူ့ထက် အားများစွာကောင်းသည့် ကနဦး ဝိညာဉ်အဆင့် ပညာရှင်များပင် အကျဉ်းအကြပ်ထဲ ကျရောက်နေသည် မဟုတ်ပါလော။

ထို့ကြောင့် အချုပ်အားဖြင့် အရင်ဆုံ သူ့အသက်လေး ကယ်တင်ရပေမည်။

ကျန်းယွင်ရှီးက ရှန်ထျန်း စကားကို သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမက မာနကြီးသူတစ်ဦး ဖြစ်သော်လည်း ဘယ်အချိန် နောက်ဆုတ်ရမှန်း မသိသည့် ငတုံးငအ မဟုတ်ချေ။

လျို့ဝှက်မြူခိုး တိုင်းပြည် တည်ရှိသည်မှာ နှစ်များစွာ ကြာမြင့်နေပြီ ဖြစ်ရာ အဓိကမြို့တော်ကို စောင့်ရှောက်ဖို့ ပညာရှင်များ သေချာပေါက် ရှိလိမ့်မည်။

ဤသို့ အန္တရာယ်များသည့်အချိန်မျိုး၌ မိမိဘာသာနှင့် မိတ်ဆွေများကို ဂရုစိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။

ကျန်းယွင်ရှီးက သူမ နောက်ကျောမှ ကျားဖြူဓားကို ဆွဲထုတ်ကာ ကျန်လူများနှင့်အတူ အနောက်ဘက် မြို့ဝင်ပေါက်ဆီ ဦးတည်လိုက်သည်။

၈ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ပြီးမြောက်ထားသော ကျင့်ကြံသူတစ်ဦးအနေနှင့် ကျန်းယွင်ရှီးက ပြိုင်ဖက်ကင်းလှသည်။ သူမက လမ်းတစ်လျှောက်ရှိ အံ့ဖွယ်ရစ်ပတ်နွယ်ပင်များကို ရှင်းထုတ်ပစ်ခဲ့သည်။ ကျားဖြူဓားကား အလွန်မြန်ဆန်လွန်းသည့်အတွက် အစိမ်းပုတ်ရောင် အရည်များ ပြန့်ကျဲသွားသည်ကိုသာ တွေ့လိုက်ကြရသည်။

ကျန်းယွင်ရှီး ဖြတ်သန်းသွားလာပြီးနောက် လမ်းအားလုံးက ရှုပ်ပွကုန်သည်။ ထိုစဉ် ရှန်ထျန်းလည်း မြန်မြန်ဆန်ဆန် တုံ့ပြန်နေရသည်။ သူက ကျန်းယွင်ရှီး ချန်ထားခဲ့သည့် နွယ်ပင်အပိုင်းများအား ကောက်ယူဖို့ တာဝန်ယူထားလေ၏။

ဤသည်မှာ အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ မဟုတ်ပါလော။ သူတို့ဘာသာ လမ်းလျှောက်နိုင်သည့် အမျိုးအစားလည်း ဖြစ်နေသေးသည်။ သူတို့က သန္ဓေပြောင်း မျိုးစိတ်ထဲမှ ထိပ်တန်းအဆင့် ဖြစ်လိမ့်မည်။

နောက်ကျ ငါ သူတို့ကို အံ့ဖွယ်ရစ်ပတ်နွယ်ကြိုးအဖြစ် ပြောင်းနိုင်လိုက်ရင် ပိုမကောင်းဘူးလား …

ရှန်ထျန်းက ကျန်းယွင်ရှီး တစ်ယောက် မည်မျှ စွမ်းအားကြီးကြောင်း ကြည့်ကာ စိတ်သက်သာရာ ရမိသွားသည်။

အစ်မကြီး ယွင်ရှီးကို ဒီတစ်ခေါက် စွန့်စားခရီးမှာ ခေါ်လာခဲ့တာ တကယ်ကို ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ပဲ …

သို့သော်လည်း ကျန်းယွင်ရှီး၏ စွမ်းအားကို အားအကောင်းဆုံး နွယ်ပင်များက အာရုံစိုက်မိသွားလေသည်။

အချိန်တိုလေးအတွင်း မီတာထောင်ချီ ရှည်လျားသော နွယ်ပင် သုံးပင်က သူမဆီ ချည်းကပ်လာကြသည်။

ထိုနွယ်ပင်များက ယခင် ကျန်းယွင်ရှီး  ဖြတ်ပစ်ခဲ့သည့် နွယ်ပင်များထက် များစွာ ကြီးလေသည်။ သူတို့၏ အမြန်နှုန်းနှင့် တိုက်ခိုက်စွမ်းအရ ယခင်အပင်များထက် များစွာသာလွန်နေပေသည်။

ထို့အပြင် သူတို့သုံးပင်က ပူးပေါင်းတိုက်ခိုက်လိုက်သောကြောင့် ကျန်းယွင်ရှီးအား အောင်အောင်မြင်မြင် ပိတ်လှောင်ထားနိုင်လိုက်သည်။

တစ်ချိန်တည်းတွင် မီတာရာချီ ရှည်လျားသော အံ့ဖွယ်ရစ်ပတ်နွယ်ပင်များက ရှန်ထျန်းနှင့် ကျန်လူများကို စတင်တိုက်ခိုက်ကြတော့သည်။

အခြေအနေကား အဆိုးဆုံးသို့ ကူးပြောင်းသွားလေပြီ။

All Chapters