← Chapters

တိုက်ပွဲပြင်းထန်

Vol. 35 Ch. 489

တိုက်ပွဲပြင်းထန်

Vol. 35 Ch. 489

အခန်း (၄၈၉) တိုက်ပွဲပြင်းထန်

ယင်လျိုဟွားမှာ စိုးရိမ်ပူပန်လျှက် ခေါင်းမဖော်ဝံ့ ဖြစ်နေရသည်။

ဖူအန်းစုက ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားကို အကဲခတ်ရင်း တပည့်နှစ်ယောက်ကို တောင်ပေါ်ပြန်ပို့ရန် စဉ်းစားနေသည်။

ထိုအချိန်...

မီးတောက်မိစ္ဆာကမ္ဘာနှင့် ချိတ်ဆက်ထားသည့် ကမ္ဘာဖြတ်လမ်းကြောင်းတည်ရှိရာနေရာတွင် ပြင်းထန်သော စွမ်းအားအတက်အကျများ ရုတ်တရက် ဖြစ်ပေါ်လာသည်။

ပင်လယ်အောက်ခြေမှ ပကတိမီးသွေးကြောများ လှုပ်ခါသွားသကဲ့သို့ မီးတောက်လှိုင်းလုံးများထွက်ပေါ်လာပြီး ပင်လယ်ရေနက်ထဲမှ မီးတောက်မီးလျှံများပေါက်ကွဲထွက်လာကာ မီးတိုင်လုံးကြီးများက ကောင်းကင်ထိတိုင် လွင့်ပျံသွားသည်။

မိုးမြေတစ်ခွင်တွင် တလိမ့်လိမ့်တက်လာသော မီးတောက်လှိုင်းလုံးကြီးများကို တွေ့ရသည့်အခါ ဖူအန်းစု မျက်ဝန်းများ အေးစက်သွားသည်။

သူမက ချက်ချင်းပင် ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွား မထိခိုက်စေရန် ကာကွယ်ပေးလိုက်၏။

အစပိုင်းတွင် ဖူအန်းစု တုန်လှုပ်သွားသော်လည်း ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်ပြီးနောက် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

မီးတောက်မိစ္ဆာများ၏ မီးလျှံစွမ်းအားတုန်ခါမှုများကြောင့် မြေပြင်သွေးကြောများ နှိုးဆွခြင်းခံရသော်လည်း ယခင်တစ်ခါက အရှေ့ပင်လယ်တိုက်ပွဲကဲ့သို့ ပကတိမီးသွေးကြောများ ပြောင်းလဲသွားခြင်း မရှိသေး‌‌ပေ။ သို့သော် မငြိမ်သက်မှုများက အလွန်တရာပြင်းထန်ပြီး အချိန်ကြာရှည်သည့်အတွက် အရှေ့ပင်လယ်တစ်ခုလုံး ထိခိုက်လုနီးပါး ဖြစ်ခဲ့ရသည်။

ထိုခဏတွင် မငြိမ်မသက်ပေါက်ကွဲထွက်နေသော မီးတောက်များက ပိုမိုပြင်းထန်လာသည်။

မြင်ကွင်းကိုကြည့်ရင်း ဖူအန်းစု တုန်လှုပ်သွားပြီး...

“မီးတောက်မိစ္ဆာတွေက ချောင်ပိတ်မိနေတဲ့သားရဲတွေလို တိုက်ခိုက်နေတာပဲ ၊ တကယ့်ကို တိုက်ပွဲကြီးတစ်ခုပဲ”

အတွေးနှင့်အတူ ဖူအန်းစုက ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားကို ခေါ်ဆောင်ရင်း မီးတောက်မီးလျှံများပြည့်နက်နေသော မီးပင်လယ်ကို ဖြတ်ကျော်ကာ အလျှင်အမြန် ထွက်ခွာလာခဲ့၏။

မီးတောက်များပြင်းထန်နေသောနေရာကို ကျော်ဖြတ်လျှက် အနည်းငယ် တည်ငြိမ်သောနေရာသို့ သူတို့ ရောက်ရှိလာခဲ့သည်။ လော‌လောဆယ်မှာတော့ တပည့်နှစ်ယောက်ကို ဝါဒတောင်သို့ ပို့ဆောင်ပေးနိုင်ဦးမည် မဟုတ်သေးပေ။

ပထဝီဝင်အနေအထားပြောင်းလဲသွားမှုကြောင့် မီးတောက်မိစ္ဆာများ အနည်းငယ် အရှိန်အဟုန် ပြန်လည်ရရှိလာသည်။

မီးလျှံများအားကောင်းလာသဖြင့် ဒဏ်ရာရနေသော မီးတောက်မိစ္ဆာများမှာလည်း ဒဏ်ရာများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာကြပြီး တိုက်ခိုက်စွမ်းအားများ မြင့်တက်လာကာ တန်ပြန်တိုက်စစ် ပြုလုပ်လာကြ၏။

ကံကောင်းသည်မှာ တောက်လောင်နေသောမီးပင်လယ်ထဲမှ မီးတောက်မိစ္ဆာများ၏ တန်ပြန်တိုက်ခိုက်မှုကို လူသားသိုင်းကျင့်ကြံသူများက ပြန်လည်ဖိနှိပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲက ကျဉ်းထဲကျပ်ထဲကျရောက်နေသော်လည်း မျှခြေ ဆုံးရှုံးသွားခြင်း မရှိပေ။

ဖူအန်းစုက သူမ၏တပည့်များ ဘေးကင်းရေးကို ဦးစားပေးလျှက် မီးပင်လယ်ကို စိတ်ရှည်စွာဖြတ်ကျော်လာခဲ့သည်။ လမ်းတစ်လျှောက် တွေ့ရှိရသော မီးတောက်မိစ္ဆာများကိုလည်း ရသလောက် တိုက်ခိုက်သတ်ဖြတ်သွားခဲ့၏။

ယခုတိုက်ပွဲတွင် အရှေ့ပင်လယ်တစ်ခုလုံး မီးတောက်များလွှမ်းခြုံသွားခြင်းက  ယခင်တစ်ခေါက် အရှေ့ပင်လယ်သို့ မီးတောက်မိစ္ဆာများကျူးကျော်စဉ်က ပကတိမီးသွေးကြောများ ဖောက်ပြန်ပြောင်းလဲပြီး ပင်လယ်တစ်ခုလုံး ပွက်ပွက်ဆူလာသော အနေအထားမျိုး မဟုတ်ပေ။ သို့သော် မူမမှန်သည့် အခြေအနေကတော့ ဆက်လက်တည်မြဲနေဦးမည်ပင်။

မည်သို့ပင်ဖြစ်စေ အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်လျှင်တော့ ဤ ပရမ်းပတာအခြေအနေများ အလိုလို ငြိမ်သက်သွားမည် ဖြစ်၏။

ဖူအန်းစုသည် မီးတောက်မိစ္ဆာကမ္ဘာနှင့် ချိတ်ဆက်ထားသည့် ကမ္ဘာဖြတ်လမ်းကြောင်းတည်ရှိရာနေရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ထိုနေရာတွင် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ကံကြမ္မာနှင့် အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်သော အဓိကတိုက်ပွဲကြီး ဖြစ်ပွားလျှက်ရှိ၏။ ထို့ကြောင့် တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး သူမ စိုးရိမ်ပူပန်နေမိသည်။

ထိုနေရာတွင်တော့ တိုက်ပွဲပြင်းထန်နေပြီး မြင်ကွင်းက ကြေကွဲစရာပင်။

ကောင်းကင်တစ်ခုလုံး လွှမ်းခြုံထားသော အဖြူရောင်အလင်းတန်းများက တောက်ပလင်းလက်လျှက် ရှိသည်။

အောက်ဘက်မှာတော့ အဖြူရောင်အလင်းတန်းများ ဖိအားပေးမှုခံနေရသဖြင့် အဆက်မပြတ်တုန်လှုပ်နေသော သွေးနီရောင်ကမ္ဘာကြီးတစ်ခု တည်ရှိနေကာ တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များက အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲသွားသည်။

မီးတောက်မီးလျှံများကြောင့် မီးတောက်မိစ္ဆာကမ္ဘာသို့ဦးတည်နေသော လမ်းကြောင်းတစ်လျှောက် ချော်ရည်များစီးဆင်းထွက်လျှက်ရှိသည်။

မဟာမီးတောက်မိစ္ဆာဘုရင်၏ ခန္ဓာကိုယ်အောက်ပိုင်းကမီးပင်လယ်ထဲတွင် လုံးလုံးလျားလျားနစ်မြုပ်နေပြီး သူ၏ခန္ဓာကိုယ်အပေါ်ပိုင်း နွားရိုင်းဦးခေါင်းကြီးနှင့် ကျားလက်သည်းများသည်လည်း မီးများလောင်ကျွမ်းလျှက် ရှိ၏။ အခြားသော မီးတောက်မိစ္ဆာဘုရင်များကလည်း မဟာမီးတောက်မိစ္ဆာဘုရင်ကြီးနံဘေးတွင် စုဝေးကြလျှက် သူတို့ခန္ဓာကိုယ်အောက်ပိုင်းများသည်လည်း မီးတောက်များကြား နစ်မြုပ်လျှက် ရှိသည်။

များပြားလှစွာသော မီးတောက်မိစ္ဆာများက အောဟစ်ကြုံးဝါးသံများ အဆက်မပြတ် ပြုလုပ်လျှက် မီးတောက်များအတွင်းမှထွက်ပေါ်လာသော သွေးနီရောင်ဝိညာဉ်သင်္ကေတများက ပြင်းထန်စွာ စုစည်းနေသည်။

မရေမတွက်နိုင်သော သွေးနီရောင်ဝိညာဉ်သင်္ကေတများသည် ကောင်းကင်ကိုကွယ်ဝှက်ကာ နေမင်းကိုဖုံးကွယ်လျှက် အလင်းဖန်သားပြင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်မှ အဖြူရောင်အလင်းတန်းများကို ပိတ်ဆို့ထားသည်။

အဖြူရောင်အလင်းတန်းများထဲတွင်တော့ ရန်တိဦးဆောင်သော လူသားသိုင်းကျင့်ကြံသူများက ရှိသမျှအင်အားကို အသုံးချပြီး မီးတောက်မိစ္ဆာများကို ဆက်လက်တိုက်ခိုက်နေကြသည်။ ထိုက်ယီချိုးဖျက်အစီအရင် ပျံ့လွင့်လာသည်နှင့်အမျှ အဖြူရောင်အလင်းတန်းများကြားတွင် မရေမတွက်နိုင်သော မီးတောက်မိစ္ဆာများ ပိတ်လှောင်ခံရပြီး ပုံသဏ္ဌန်ကင်းမဲ့သွားကြသည်။

လူသားသိုင်းကျင့်ကြံသူများ၏တိုက်ခိုက်မှုက လှိုင်းထန်သောမုန်တိုင်းပမာ ကျရောက်လာလေရာ သွေးနီရောင်မီးတောက်များက ရေလှိုင်းများပမာ လှုပ်ခတ်သွားသည်။

အဖြူရောင်အလင်းတန်းများနှင့် ထိတွေ့မိသည်နှင့် သွေးနီရောင်အင်းသင်္ကေတများဖြင့် ပြုလုပ်ထားသော အလင်းမျက်နှာပြင် အက်ကွဲသွားသည်။ သို့သော် သွေးနီရောင်အင်းသင်္ကေတများထပ်မံထွက်ပေါ်လာပြီး ချက်ချင်းပင် အလင်းမျက်နှာပြင်ကို ပြုပြင်ပေးလိုက်၏။

တိုက်ပွဲတွင် မည်သူမှ တစ်လက်မပင် အသာစီး မရကြပေ။

မိုးမြေတစ်ခွင်လုံးမှ သိုင်းကျင့်ကြံသူများက သူတို့ရှေ့မှ မီးတောက်မိစ္ဆာများကို တိုက်ခိုက်သတ်ဖြတ်ရင်း ထိုနေရာမှတိုက်ပွဲကို အာရုံစိုက်နေကြသည်။

***

ရွှေရောင်နေဝန်းပေါင်း တစ်ဒါဇင်ကျော်ခန့် ကောင်းကင်ထက်သို့ မြင့်တက်လာပြီး တောက်ပသောနေရောင်ခြည်က မီးလျှံပင်လယ်ကြီးထက်မှာပင် ရွှေရောင်ပုံရိပ်များ ထင်ဟပ်နေသည်။

များပြားလှစွာသော နေသူတော်စင်ဂိုဏ်းမှ သိုင်းသမားများ တညီတညွတ်တည်း တိုက်ခိုက်ခဲ့ကြပြီး ကမ္ဘာဖြတ်လမ်းကြောင်းမှ ဦးတည်ထွက်ခွာလာသော မဟာမီးတောက်မိစ္ဆာကြီးများကို သတ်ဖြတ်ပစ်ခဲ့ကြသည်။

သူတို့အုပ်စုကို ဦးဆောင်သူမှာ နေသူတော်စင်ဂိုဏ်းချုပ် ‘ဟွမ်ရှု ‘ ဖြစ်၏။

အရှေ့ပင်လယ်နှင့် မြေကမ္ဘာနယ်မြေနှစ်ခုလုံးတွင် မီးတောက်မိစ္ဆာများနှင့် ငရဲကိုးထပ်တို့က တစ်ပြိုင်တည်းတစ်ချိန်တည်း တိုက်ခိုက်ခဲ့ကြသဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာအနေဖြင့် တစ်ခါမှ မကြုံစဖူး ဘေးဆိုးကြီးကို ခံစားကြရသည်။ သို့ဖြစ်ရာ ထိပ်သီးသိုင်းဂိုဏ်းကြီးအသီးသီးမှ ထိပ်တန်းသိုင်းသမားများသည်လည်း ငြိမ်မနေနိုင်ဘဲ အရှေ့ပင်လယ်နှင့် မြေကမ္ဘာနယ်မြေသို့ အပြေးအလွှား သွားရောက်ကူညီကြလေသည်။

သူ့ရှေ့မှ မဟာမီးတောက်မိစ္ဆာကြီးတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် ဟွမ်ရှုက ကောင်းကင်တစ်ခွင်လွှမ်းခြုံထားသော အဖြူရောင်အလင်းတန်းများကို လှမ်းကြည့်လိုက်သည်။

သူက အဝေးသို့ စူးစိုက်ကြည့်ရင်း...

“အခု မြေကမ္ဘာနယ်မြေမှာ အခြေအနေဘယ်လိုရှိလဲ”

သူ့နံဘေးတွင်ရှိနေသော နေသူတော်စင်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်က...

“အခုချိန်ထိ အခြေအနေမသိရသေးပါဘူး ၊ မြေကမ္ဘာနယ်မြေ ချောက်နက်ကြီးထဲဝင်ရောက်သွားတဲ့ ကျွန်တော်တို့ နေသူတော်စင်ဂိုဏ်းက အကြီးအကဲတွေ တစ်ယောက်မှ ပြန်ထွက်မလာကြသေးဘူး ၊ ဝါဒတောင်နဲ့ တခြားထိပ်သီးသိုင်းဂိုဏ်းကြီးတွေက လူတွေရဲ့ အခြေအနေလည်း မသိရသေးပါဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ မြေကမ္ဘာနယ်မြေ အစွန်အဖျားကနေ လေ့လာကြည့်တာတော့ ချောက်နက်ကြီးထဲက ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ပြီးဆုံးသွားပြီလို့ ထင်မှတ်ရပါတယ် ၊ အန္တရယ်ချီတွေ ပုံမှန်ပြန်ဖြစ်သွားရုံသာမက တဖြည်းဖြည်း အားနည်းသွားပါပြီ ၊ မြေကမ္ဘာနယ်မြေက ထွက်ပြေးလာကြတဲ့ ဝိညာဉ်သားရဲတွေလည်း အဲဒီကိုပြန်ဖို့ အရိပ်အယောင်ပြနေကြပြီ”

“အခြေအနေမှန်ကို စုံစမ်းဖို့ ကျွန်တော် မြေကမ္ဘာနယ်မြေထဲကို လူတွေစေလွှတ်ထားပါတယ်”

ဟွမ်ရှုက ထိုအကြီးအကဲ၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေပြီးမှ...

“ဒါဆိုရင်တော့ ငါတို့တွေ မြေကမ္ဘာနယ်မြေအတွက် စိတ်ပူစရာ မရှိနိုင်ပါဘူး”

ထို့နောက် သူက မီးတောက်မိစ္ဆာကမ္ဘာ ကမ္ဘာဖြတ်လမ်းကြောင်းတည်ရှိရာသို့ စူးစိုက်ကြည့်ရင်း...

“ပြဿနာက ဒီနေရာမှာ ရှိနေတယ်”

ထို့နောက် သူက နောက်သို့ လှည့်ကြည့်ရင်း...

“နတ်ဘုရားမီးအိမ်တစ်ခု ထပ်လုပ်လိုက်ပါ ၊ မင်း အဘိုးမှာ တစ်ခုရှိနေပြီဆိုပေမယ့် ဒီတိုက်ပွဲက ငါတို့အတွက် ပြတ်သားရမယ့် အချိန်ပဲ”

ဟွမ်ရှုနောက်တွင် လူငယ်တစ်ယောက် ရှိနေလေသည်။

ထိုလူငယ်က ရိုးရှင်းနှိမ့်ချသည့်ဟန်ဖြင့် နေရောင်အောက်ရှိ အမှောင်ရိပ်တစ်ခုပမာ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်။ အခြားသူမဟုတ် ၊ အလင်းမင်းသား ‘ဟွမ်ကျိ’ ပင် ဖြစ်၏။

ဟွမ်ကျိက တည်ငြိမ်စွာ ခေါင်းညိတ်ရင်း...

“အဲဒါ ကျွန်တော့်ရည်ရွယ်ချက် အတိအကျပဲ”

ထို့နောက် သူ၏ ညာဘက်လက်ချောင်းများမှ ဓားသွားပမာထက်ရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး ဘယ်ဘက်လက်ကောက်ဝတ်မှ သွေးပြန်ကြောထက် ညင်သာစွာ ကျရောက်သွားသည်။

ဟွမ်ကျိ၏ ဘယ်ဘက်လက်ကောက်ဝတ်မှ သွေးများထွက်လာပြီး အလင်းတန်းများက ပိုမိုထူထပ်လာကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

အလင်းတန်းများကြားတွင် ဟွမ်ကျိ၏ လတ်ဆတ်သောသွေးများက ရွှေစင်ရောင်အဖြစ် ပြောင်းလဲသွားပြီး ရွှေရောင်မီးအိမ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။

ဟွမ်ကျိမျက်ဝန်းများက အလင်းရောင်များတောက်ပနေသော်လည်း သူ့အသားအရေက ဖြူဖျော့လျှက် တစ်ကိုယ်လုံး စွမ်းအားကင်းမဲ့သွားဟန်ရှိသည်။

သို့သော် သူ့အမူအရာက တည်ငြိမ်နေပြီး လက်တစ်ဖက်ကိုအသာဝှေ့ယမ်းရင်း ရွှေရောင်မီးအိမ်ကို ဖခင်ဖြစ်သူဟွမ်ရှုဆီသို့ ပို့ဆောင်ပေးလိုက်သည်။

ဟွမ်ရှုက လေထဲလွင့်ပျံလာသည့် ရွှေရောင်မီးအိမ်ကို သေသေချာချာ လှမ်းယူလိုက်ပြီး မျက်နှာအမူအရာက လေးနက်နေ၏။

ဟွမ်ကျိက သိမ်မွေ့သောအသံဖြင့်...

“အခုလို ပရမ်းပတာဖြစ်နေတဲ့အခြေအနေမှာ ကျွန်တော်တို့လုပ်နိုင်တာတွေ အများကြီးရှိတယ် ၊ ဒီအခွင့်အရေးကို လက်လွှတ်လို့မဖြစ်ဘူး”

ဟွမ်ရှုက...

“ဒါပေမဲ့ ငါတို့ အရမ်းလောဘကြီးလို့တော့ မရဘူး”

သူက ဆက်ပြောသည်။

“မင်းလုပ်ရမယ့် တခြားကိစ္စတွေအများကြီးရှိတယ် ၊ လိုက်လျောညီထွေဖြစ်အောင် မင်းလုပ်နိုင်မယ်လို့ အဖေ ယုံကြည်တယ်”

ဟွမ်ကျိက ခေါင်းညိတ်လိုက်ပြီး သူ့ဘေးနားတွင်ရှိနေသော နေသူတော်စင်ဂိုဏ်းမှ အကြီးအကဲများကို ဦးညွှတ်ရင်း...

“ဒီတစ်ခါတော့ ကျွန်တော်က အကြီးအကဲတို့ကိုပဲ ဒုက္ခပေးရတော့မယ်”

အကြီးအကဲများအားလုံးက ဟွမ်ကျိကို ခေါင်းညိတ်ပြလိုက်ကြသည်။ ထို့နောက် ဟွမ်ရှုနှင့် အခြားသူများက အ‌ဝေးတစ်နေရာမှ အဖြူရောင်အလင်းကမ္ဘာကို ဆက်လက်အာရုံစိုက်နေလေသည်။

လူသားသိုင်းသမားများက မီးတောက်မိစ္ဆာများနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲထဲတွင် ပိတ်မိနေကြပြီး အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲကလည်း ပိုမိုပြင်းထန်လာသည်။

ထိုအချိန်...

မီးတောက်ပင်လယ်ပြင်ကို ခက်ခဲစွာဖြတ်ကျော်လျှက် ရန်ကျောက်ကဲ ရောက်ရှိလာလေသည်။

“အဖေ... အဲဒီပစ္စည်းကို ယူခဲ့မယ်လို့ ထင်ရတာပဲ”

ကမ္ဘာဖြတ်လမ်းကြောင်း ဝင်ပေါက်ဆီသို့ လှမ်းကြည့်ရင်း ရန်ကျောက်ကဲ ရေရွတ်လိုက်လေ၏။

All Chapters