အခန်း ၄၅၄
Vol. 46 Ch. 454
အခန်း (၄၅၄)
" ဒီကောင်လေး ပိုင်ယွဲ့မှာ တပ်စွဲဖို့ တကယ်စဉ်းစားနေတာပဲ။ ကမ္ဘာကြီးပေါင်းစည်းပြီးသွားရင် မင်းရဲ့အမေကို ခေါ်လာမယ်။ အဲ့ဒီအချိန်ကျရင် မင်း ဘယ်သူလဲ သိရလိမ့်မယ်။ အနာဂတ်မှာ ချင်နိုင်ငံတစ်ခုလုံးက မင်းအပိုင်ဖြစ်လာမှာပဲ။ ပြီးတော့ ချီအာတို့ ပြောနေတဲ့ သိုင်းပညာဆိုတာ ဘာလဲ။ ဒီကောင်လေးမှာ လျို့ဝှက်ချက်တွေ အရမ်းများတာပဲ။ " ရင်ကျန့်က စိတ်ထဲမှ ပြုံးလိုက်သည်။
" ကွေ့ကူကျိဆီ မင်းသွားခဲ့တယ်မဟုတ်လား။ " ရင်ကျန့်က ရုတ်တရက် မေးလိုက်သည်။
" ဟုတ်ကဲ့ သွားခဲ့ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
" ကွေ့ကူကျိက မင်းဆီက ဘာလိုချင်လို့လဲ။ " ရင်ကျန့်က စိတ်ဝင်တစားမေးလိုက်သည်။
" ကျွန်တော်မျိုးက ထူးချွန်လွန်းလို့ ပညာသင်ပေးချင်တာပါ။ အနာဂတ်မှာ အခွင့်အရေးရှိရင် ကွေ့ကူကိုလာပြီး ပညာသင်ဖို့ ပြောခဲ့ပါတယ်။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။
" ကွေ့ကူကျိက မင်းကို ပညာသင်ပေးချင်တာ တကယ်ကံကောင်းတာပဲ။ မင်း ဘယ်လိုမှငြင်းလို့မရဘူး။ " ရင်ကျန့်က ချက်ချင်း ပြောလိုက်သည်။
ကျောက်ဖုန်းက ရင်ကျန့်နှင့် စကားပြောနေပြီး နေ့လည်စာစားပြီးသောအခါ ကျောက်ဖုန်းက သူ၏ စံအိမ်သို့ ပြန်လာခဲ့သည်။
" ယောကျာ်း " ကျောက်ဖုန်းပြန်ရောက်သည်နှင့် သူ၏ အမျိုးသမီးများက လာရောက်ကြိိုဆိုကြသည်။ သူ၏ အမျိုးသမီးသုံးယောက်က ယခုအခါ လသားအရွယ်ကလေးများကို ပွေ့ချီထားကြသည်။ ကျောက်ဖုန်းက သတင်းများ ကြိုတင်ရရှိထားပြီး သူတို့အတွက်လည်း နာမည်ရွေးပေးထားသည်။ ယောကျာ်းလေးနှစ်ယောက်က ကျောက်ဝမ်နှင့် ကျောက်လန်ဖြစ်ပြီး မိန်းကလေးက ကျောက်ရာဖြစ်သည်။
" အဖေ " ကလေးအချို့ကလည်း ပြေးလာကြသည်။ အသက်လေးနှစ်နီးပါးရှိပြီဖြစ်သော ကျောက်ဝူနှင့် ကျောက်ဖန်တို့က ကျောက်ဖုန်း၏ ခြေထောက်ကို ဖက်တွယ်ထားကြသည်။
" အင်း အဖေပြန်လာပြီ။ " ကျောက်ဖုန်းက ပြုံးပြီး ကလေးနှစ်ယောက်ကို ပွေ့ချီလိုက်သည်။
" အဖေက သမီးတို့ကိုကျတော့ မချီတော့ဘူး။ " ကျောက်လင်းက နှုတ်ခမ်းဆူ၍ ပြောလိုက်သည်။ သူမက အသက်ကိုးနှစ်ကျော်ရှိပြီဖြစ်ပြီး အရပ်အတော်ရှည်လာပြီဖြစ်သည်။
" ဟားဟား အဖေက မင်းတို့ကို အမြဲချီရတယ်လေ။ အခု လင်းအာက ကြီးလာပြီပဲ။ အဖေက မင်းတို့ရဲ့ မောင်လေးညီမလေးတွေကိုလည်း ချီရဦးမှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ကျောက်ဖုန်းက တရားဝင်ဇနီးနှင့် ကိုယ်လုပ်တော်များကို ခွဲခြား၍ ဆက်ဆံခြင်းမရှိပေ။ အနာဂတ်တွင် ကမ္ဘာကြီးကို အုပ်စိုးသောအခါတွင်လည်း သူ၏ ကလေးများကို တန်းတူဆက်ဆံနိုင်သည်။
" ဓလေ့ထုံးတမ်းတွေ လုပ်မနေနဲ့။ " ကျောက်ဖုန်းက သူ၏ အမျိုးသမီးများကို ကြည့်ပြီး ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်။ " အားလုံးက ကျေးဇူးတင်စကား ပြောလိုက်ကြသည်။
ရက်အနည်းငယ်ကြာပြီးလျှင် ကျောက်ဖုန်းက ယွင်ကျုံးနှင့် အခြားနေရာများကို သွားရမည်ဖြစ်သည်။ စစ်ပွဲကြောင့် ဒုက္ခသည်များ များပြားလာပြီး သူတို့ကို စုစည်းရန် ပိုမိုလွယ်ကူသည်။ အစိုးရက သူတို့ကို ကယ်ဆယ်လျှင်တောင် ဆောင်းရာသီတွင် ဆယ်ယောက်မှာ ငါးယောက်ခြောက်ယောက်လောက်က ငတ်မွတ်ခြင်းနှင့် အအေးပတ်ခြင်းတို့ကြောင့် သေဆုံးရမည်ဖြစ်သည်။ ၎င်းမှာ ချင်နိုင်ငံက မစွမ်းဆောင်နိုင်သောကြောင့်မဟုတ်ဘဲ ခေတ်၏ အားနည်းချက်ကြောင့်ဖြစ်သည်။
ကမ္ဘာငယ်အတွင် တစ်နှစ်နီးပါးကြာပြီးနောက် လူဦးရေက တစ်သိန်းကျော်သွားပြီဖြစ်သည်။ သူတို့အားလုံးက အသက်ငါးဆယ်အောက်များ ဖြစ်သည်။ ကမ္ဘာငယ်၏ အလယ်တွင် မြို့ကြီးတစ်မြို့ ရှိလာခဲ့သည်။ ကျောက်ဖုန်းက ဤခေတ်၏ လက်မှုပညာအမျိုးမျိုးကို ကမ္ဘာငယ်ထဲတွင်လည်း ဖြန်ဝေပေးထားသည်။
ကမ္ဘာငယ်ထဲတွင် ရှင်သန်နေထိုင်ရန် အတတ်ပညာရှိရမည်ဖြစ်ပြီး မရှိလျှင် လယ်လုပ်ရမည်ဖြစ်သည်။ ထိုနေရာတွင် သဘာဝဘေးအန္တရာယ်လည်းမရှိသကဲ့သို့ လူလုပ်အန္တရာယ်များလည်း မရှိပေ။ ၎င်းကို သန့်စင်နယ်မြေဟု ခေါ်နိုင်ပေသည်။
ရက်အနည်းငယ်ကြာပြီးနောက် ကမ္ဘာငယ်ထဲသို့ နောက်ထပ်လူတစ်သောင်း ရောက်လာခဲ့သည်။
" လူသစ်တွေရောက်လာပြီ။ သူတို့ကို စီစဉ်ပေးလိုက်ကြ။ မိသားစုတစ်ခုကို အိမ်တစ်လုံးနဲ့ ငွေသုံးရာပေးပြီး မှတ်ပုံတင်ထားလိုက်ပါ။ " ယန်ထင်၏ ဝူချန်များက လူသစ်များရောက်လာသောအခါ သူတို့ကို စနစ်တကျ နေရာချပေးလိုက်ကြသည်။
ကမ္ဘာငယ်ထဲတွင် လူတ်ုင်းကို သိုင်းပညာသင်ပေးထားပြီး ကလေးများကို အသက်ရှစ်နှစ်မှစ၍ ကျင့်ကြံခွင့်ပေးထားသည်။
" ကမ္ဘာငယ်က နိုင်ငံငယ်လေးတစ်ခုနဲ့ တူနေပြီ။ ပြီးတော့ စားစရာတွေကလည်း သူတို့ဘာသာသူတို့ လုံလောက်နေပြီ။ ဒါက အနာဂတ်မှာ ငါ့မိသားစုအတွက် နောက်ဆုတ်ရမယ့် လမ်းကြောင်းပဲ။ " ကျောက်ဖုမ်းက ကမ္ဘာငယ်ကို ကြည့်ပြီး ကျေနပ်စွာ တွေးလိုက်သည်။
တစ်နေ့တွင် ရှန်းကျိုးနယ်မြေက အင်မော်တယ်များကို မခုခံနိုင်ခဲ့လျှင် ကမ္ဘာငယ်က ကျောက်ဖုန်း၏ နောက်ဆုံးအကာအကွယ်ဖြစ်လာပေလိမ့်မည်။ ကျောက်ဖုန်းက ကမ္ဘာငယ်ထဲတွင် လူများထည့်သွင်းခဲ့ပြီး အနာဂတ်တွင် သူ၏ မိသားစုများက အထဲတွင် အထီးကျန်တော့မည်မဟုတ်ပေ။
" အရှင် လက်ရှိမှာ ဒုက္ခသည်တွေ စုစည်းတာ တစ်သိန်းကျော်သွားပါပြီ။ ဆက်ပြီးစုဆောင်းရဦးမလား။ " တုဆွေက ကျောက်ဖုန်းကို မေးလိုက်သည်။
" ဆက်လုပ်ပါ။ အဓိကက အသက်မရှင်နိုင်တဲ့လူတွေပဲ။ သိပ်စဉ်းစားမနေနဲ့။ ငါ့ကမ္ဘာက လူပေါင်းသန်းချီကို လက်ခံနိုင်တယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " တုဆွေက ပြောလိုက်သည်။
" ငါက စစ်ဦးစီးချုပ်ဖြစ်လာပြီဆိုတော့ မကြာခင် ဝူအန်းစခန်းကို မင်းဆီလွှဲပြီး အုပ်ချုပ်ခိုင်းရတော့မယ်။ " ကျောက်ဖုန်းက တုဆွေကိုကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။
" ကျွန်တော်က ဝူအန်းကို ကွပ်ကဲရမှာလား။ " တုဆွေက အံ့အားသင့်သွားသည်။
" ဘာလို့လဲ။ အံ့ဩသွားတာလား။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။
" တကယ်ကို အံ့ဩသွားပါတယ်။ အရှင်က ကျွန်တော်ကို ဝူအန်းစခန်းကို လွှဲပေးလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ " တုဆွေက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီးက ငါ့ကို အကြံပြုခိုင်းတာလေ။ ငါက အကြံပြုလိုက်တော့ သူက ချက်ချင်း သဘောတူလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီးက အရှင်အပေါ် တကယ်ကို ယုံကြည်မှုရှိတာပဲ။ " တုဆွေက ခံစားချက်များဖြင့် ပြောလိုက်သည်။
" တကယ်ပဲ။ ငါ နားမလည်နိုင်တဲ့အထိ ယုံကြည်နေတယ်။ " ကျောက်ဖုန်းကလည်း ပြောလိုက်သည်။
" အရှင်မင်းကြီးက အနာဂတ်မှာ ချင်နိုင်ငံကို ကာကွယ်ဖို့ အရှင်ကို ဝန်ကြီးတစ်ပါး ဖြစ်စေချင်တာထင်တယ်။ " တုဆွေက ခဏစဉ်းစားပြီး ပြောလိုက်သည်။
" ဖြစ်နိုင်ပါတယ်။ အရှင်မင်းကြီးက အမြော်အမြင်ရှိပေမယ့် သူ့သားတွေထဲမှာတော့ အရည်အချင်းရှိတဲ့သူ တစ်ယောက်မှ မရှိဘူး။ တစ်နေ့ သူကွယ်လွန်သွားရင် ချင်နိုင်ငံက သေချာပေါက် ရှုပ်ထွေးသွားလိမ့်မယ်။ " ကျောက်ဖုန်းက သေချာစွာ ပြောလိုက်သည်။
" ဟုတ်ပါတယ်။ " တုဆွေက ခေါင်းညိမ့်လိုက်သည်။
" ကောင်းပြီ။ မင်း တပ်တွေကို ဦးဆောင်ပြီး ယွင်ကျုံးမှာ ကောင်းကောင်းစောင့်ရှောက်ထားပါ။ ငါ အခြားနေရာတွေကို သွားလိုက်ဦးမယ်။ " ကျောက်ဖုန်းက တုဆွေကို ပြောလိုက်ပြီး ကောင်းကင်သို့ ပျံသန်းသွားသည်။
" အရှင်က ဒဏ္ဍာရီထဲက အင်မော်တယ်တွေနဲ့ ပိုတူလာပြီ။ " တုဆွေက လေးစားစွာဖြင့် တွေးလိုက်သည်။
အချိန်များက လျင်မြန်စွာ ကုန်လွန်လာပြီး ဆောင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်သည်။ ရှန်းကျိုးနယ်မြေ၏ အစိတ်အပိုင်းအများစုက နှင်းများဖုံးလွှမ်းနေသည်။
နံနက်ခင်း ညိလာခံခန်းမ။
" အရှင်မင်းကြီး ယန်နယ်မြေမှာ နှင်းတွေ အကြီးအကျယ် ကျဆင်းနေပြီး မြို့အများအပြားက အအေးဒဏ်ကြောင့် ဘေးဒုက္ခတွေ ကြုံတွေ့နေရပါတယ်။ "
" ချီဘုရင်က အရှင်မင်းကြီးနဲ့အတူ ရှန်းကျိုးနယ်မြေကို အုပ်ချုပ်ဖို့ သံတမန်တစ်ယောက်ကို စေလွှတ်လိုက်ပါတယ်။ "
ဝန်ကြီးများက တစ်ယောက်ပြီးတစ်ယောက် အစီရင်ခံလိုက်ကြသည်။ ချီဘုရင်က သူနှင့်အတူ ဘုရင်လုပ်လိုကြောင်း ကြားသိရသောအခါ ရင်ကျန့်က ရယ်မောလိုက်သည်။
" ချီဘုရင်က အိပ်မက်မက်မေတာလား။ ဒီအခြေအနေမှာတောင် ငါက သူ့ရဲ့ ချီနိုင်ငံကို မဖျက်ဆီးဘူးလို့ ထင်နေတာလား။ " ရင်ကျန့်က လှောင်ပြောင်လိုက်သည်။
ယခု ရှန်းကျိုးနယ်မြေတွင် ချီနိုင်ငံတစ်ခုသာ ကျန်သောကြောင့် ချင်နိုင်ငံက သူတို့၏ ရည်ရွယ်ချင်ကို ဖုံးကွယ်ထားခြင်းမရှိပေ။
" အရှင်မင်းကြီး ချီဘုရင်ရဲ့ လုပ်ရပ်က ကျွန်တော်မျိုးတို့ ချင်နိုင်ငံက ချီနိုင်ငံကို ရည်ရွယ်ချက်ရှိမရှိ စမ်းသပ်ချင်နေတာပါ။ " ဟန်ဖေးက ပြုံး၍ ပြောလိုက်သည်။
" သူ့ကို မျှော်လင့်ချက်ပေးမနေနဲ့။ ချီနိုင်ငံမှာ တာဝန်ကျနေတဲ့ သံတမန်ကို ချင်နိုင်ငံဆီ ပြန်လာဖို့ အမိန့်ပေးလိုက်။ အခုနွေဦးမှာ နှင်းတွေအရည်ပျော်ပြီးရင် ချင်နိုင်ငံက ချီနိုင်ငံကို တိုက်ခိုက်ဖို့ စစ်တပ်ကို စုစည်းမယ်လို့ သတင်းဖြန့်လိုက်ပါ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။ ချီနိုင်ငံက မည်မျှအားကောင်းသည်ဖြစ်စေ ချင်နိုင်ငံကို ယှဉ်နိုင်မည်မဟုတ်ပေ။
" ဒီစစ်ပွဲက ဖိအားပေးတာပဲ။ တိုက်ခိုက်သရာမလိုဘဲ ချီနိုင်ငံက လက်နက်ချရမယ်။ ချီနိုင်ငံက အသိပညာကြီးမားတဲ့ ကျောင်းတော်တွေ ရှိတဲ့နေရာပါ။ ကျိရှကျောင်းတော်က ဝန်ကြီးချုပ်ဟန်နဲ့ ကျွန်တော်မျိုးတို့ ပညာသင်ခဲ့တဲ့နေရာဖြစ်ပြီး ကျိရှတင်မကဘဲ ချီနိုင်ငံမှာ ကျောင်းတော်တွေအများကြီး ရှိပါတယ်။ သူတို့သာ ချင်နိုင်ငံကို အညံ့ခံမယ်ဆိုရင် အနာဂတ်မှာ ချင်နိုင်ငံအတွက် အများကြီး အထောက်အကူဖြစ်မှာပါ။ " လီစီက လျှောက်တင်လိုက်သည်။
" လက်ရှိမှာ ချင်နိုင်ငံက ကြောက်လန့်နေတဲ့ ငှက်တစ်ကောင်လိုဖြစ်နေပါပြီ။ ဒါပေမယ့် ချီနိုင်ငံကို လက်နက်ချအညံ့ခံလာအောင်လုပ်ဖို့ဆိုရင် ချီဘုရင်ကို အဆင့်တန်းမြင့်မြင့် နေထိုင်ခွင့်ပေးမယ့်အပြင် ဘိုးဘေးဘုရားကျောင်းတွေကို ထိန်းသိမ်းခွင့်ပေးရုံနဲ့ မလုံလောက်ပါဘူး။ ချီနိုင်ငံကို အညံ့ခံလာအောင် ဖိအားပေးနိုင်မယ့် လူတစ်ယောက်လည်း လိုအပ်ပါတယ်။ ချင်ဘုရင်က ကျွန်တော်မျိုးတို့ ချင်နိုင်ငံကို ခုခံဖို့ မဖြစ်နိုင်ဘူးဆိုတာ သိအောင်လုပ်မှသာ ဖိအားပေးတဲ့ဗျူဟာက အောင်မြင်မှာပါ။ " ယွီလျောင်က ပြောလိုက်သည်။
ယွီလျောင်၏ အကြည့်က ထိုင်ခုံတွင် ငိုက်မျဉ်းနေသေု ကျောက်ဖုန်းထံသို့ ရောက်သွားပြီး အခြားသူများကလည်း ကြည့်လိုက်ကြသည်။ ရုတ်တရက် တိတ်ဆိတ်သွားသောကြောင့် ကျောက်ဖုန်းက တစ်စုံတစ်ခုကို ရိပ်မိလိုက်ပြီး မျက်လုံးများ ဖွင့်လိုက်သည်။
" ဘာလို့ကျုပ်ကို ဝိုင်းကြည့်နေကြတာလဲ။ " ကျောက်ဖုန်းက ရယ်လိုက်ပြီး ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။ " အရှင်မင်းကြီးရဲ့ အမိန့်ပဲလိုပါတယ်။ ကျွန်တော်မျိုးက ချီနိုင်ငံကို ချီတက်ဖို့ အဆင်သင့်ပါပဲ။ "
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့