အချိန်ကျပြီ
Vol. 35 Ch. 490
အခန်း (၄၉၀) အချိန်ကျပြီ
ရန်ကျောက်ကဲက မီးတောက်မိစ္ဆာကမ္ဘာ ကမ္ဘာဖြတ်လမ်းကြောင်းအနားသို့ ချဉ်းကပ်လာရင်း အဝေးသို့လှမ်းကြည့်ကာ စိတ်ထဲမှလည်း တွက်ချက်မှုများ ပြုလုပ်နေသည်။
သိုင်းသူတော်စင်အဆင့် ကျင့်ကြံသူများက သူတို့၏တန်ခိုးစွမ်းအားအမြင့်ဆုံးအထိ ထုတ်လွှတ်ပြီး တိုက်ခိုက်နေကြသဖြင့် တိုက်ပွဲမှထွက်ပေါ်လာသော စွမ်းအားလှိုင်းလုံးများကို သိုင်းဆရာသခင်များသည်ပင် ခံနိုင်ရည်ရှိရန် အလွန်ခက်ခဲနေကြသည်။ ဤတိုက်ပွဲက ကမ္ဘာကို တုန်လှုပ်စေသော တိုက်ပွဲတစ်ခုပင်။
ရန်ကျောက်ကဲ ရုတ်တရက် တိုက်ပွဲထဲရောက်လာသည့်အခါ ပတ်ဝန်းကျင်မှ သိုင်းကျင့်ကြံသူများက သူ့ကိုလှမ်းကြည့်ရုံမှလွဲပြီး ဘာမှကူညီမပေးနိုင်ကြပေ။
ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှ မီးတောက်မီးလျှံများကို ခုခံကာကွယ်ရန် ခက်ခဲလျှက်ရှိသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းပင် လောင်ကျွမ်းပျက်ဆီးသွားတော့မည့်အလား ထင်မှတ်ရ၏။
သို့သော် သူ့မျက်နှာအမူအရာက တည်ငြိမ်နေပြီး လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ကာ လေထဲတွင် ထူးဆန်းသောအင်းသင်္ကေတများစွာကို ရေးသားလိုက်သည်။
အင်းသင်္ကေတများက အဖြူရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အလင်းချည်မျှင်များအဖြစ် မိုးကုတ်စက်ဝိုင်းကိုဖြတ်ကျော်လျှက် ထိုက်ယီချိုးဖျက်အစီအရင်မှထွက်ပေါ်နေသော အဖြူရောင်အလင်းတန်းများဆီသို့ ကျရောက်သွားသည်။
ထိုက်ယီချိုးဖျက်အစီအရင်အတွင်းမှ အဖြူရောင်အလင်းတိုင်တစ်တိုင် ချက်ချင်းထွက်ပေါ်လာပြီး ရန်ကျောက်ကဲကို လွှမ်းခြုံလျှက် အစီအရင်အတွင်းသို့ ဆွဲခေါ်သွားသည်။
“ထိုက်ယီချိုးဖျက်အစီအရင်” သည် ရန်ကျောက်ကဲ ရှာဖွေတွေ့ရှိခဲ့သော ပညာရပ်ဖြစ်ကြောင်း ရန်တိပြောခဲ့ကြောင်း အရှေ့ပင်လယ်မှ သိုင်းသမားများအားလုံး အမှတ်ရလိုက်ကြ၏။
တိုက်ပွဲအစီအရင်အတွင်း ဝင်ရောက်လိုက်သည့်နောက် ရန်တိ ၊ အဘိုးအို’မော့’ ၊ ဟွမ်ကွမ်လီနှင့် စုန့်ဝူလျန်တို့က သူတို့၏စွမ်းအားများကို ထုတ်လွှတ်လျှက် တိုက်ပွဲအစီအရင် ဗဟိုချက်ကို တည်ငြိမ်အောင်ထိန်းထားကြောင်း တွေ့ရသည်။ ကြီးမားသောအစီအရင်ထဲတွင် လှိုင်းနက်ဂေဟာ၏ သခင်မ’အန်းချင်လင်’ နှင့် ထူးကဲယင်သရဖူကိုဆောင်းထားသော ‘မန်ဝမ်’ တို့လည်း ရှိနေကြသည်။
ချူးယန်ကတော့ တိုက်ပွဲတွင် သေလုမျောပါးဒဏ်ရာရသွားခဲ့သဖြင့် တောင်တန်းနယ်မြေသို့ ပြန်လည်ပို့ဆောင်ခဲ့ရသည်။ သူကိုင်ဆောင်သည့် အထွတ်ထိပ်မှော်ဝင်လက်နက်ဖြစ်သော ‘မိုးဖြိုပုဆိန်’ သည်လည်း ပြင်းထန်စွာပျက်ဆီးသွားခဲ့ပြီ ဖြစ်၏။
သို့သော် မိုးဖြိုပုဆိန်က အစီအရင်ပြင်ပတွင်တိုက်ပွဲဝင်နေသော အဆုံးမဲ့တောင်တန်းမှ အကြီးအကဲတစ်ယောက်၏လက်ထဲတွင် ရှိနေဆဲဖြစ်ပြီး မီးတောက်မိစ္ဆာများကို ဆက်လက်တိုက်ခိုက်နေဆဲပင်။ ပျက်ဆီးသွားသည့်တိုင် အရှေ့ပင်လယ်သို့ကျူးကျော်လာသည့် မီးတောက်မိစ္ဆာများကို သုတ်သင်ရာတွင် ကူညီပေးနေဆဲ ဖြစ်၏။
ထူးကဲယင်သရဖူကို တွေ့မြင်လိုက်သည့်အခါ ရန်ကျောက်ကဲ၏မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း သူ့စိတ်ထဲ အနည်းငယ်တုန်လှုပ်သွား၏။
သူ့လက်ထဲရောက်ပြီးကတည်းက သာမန်စည်းတံဆိပ်တစ်ခုပမာ ငြိမ်သက်နေသော ထူးကဲယန်စည်းတံဆိပ် ရုတ်တရက် တုန်လှုပ်သွားကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။ အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော “ထူးကဲယန်စည်းတံဆိပ်” သည် မိတ်ဆွေဟောင်းတစ်ယောက်နှင့် တွေ့ဆုံရသော စိတ်ခံစားချက် ထင်ရှားထွက်ပေါ်လာသည်။
ထူးကဲယင်သရဖူကိုဆောင်းထားသော မန်ဝမ်၏မျက်ဝန်းများသည်လည်း ရုတ်တရက်တုန်ခါသွားသည်။ ကြည့်ရသည်မှာ “ထူးကဲယင်သရဖူ” သည်လည်း ထူးခြားမှုတစ်ခုဖြစ်ပေါ်သွားဟန်ပင်။
သို့သော် ဤသည်က ခဏတာမျှသာဖြစ်ပြီး ထူးကဲယန်စည်းတံဆိပ်သည် ချက်ချင်းပင် ပြန်လည် ငြိမ်သက်သွားသည်။ စောစောက တုန်လှုပ်သွားသည်မှာ ထင်ယောင်ထင်မှားခံစားချက်တစ်ခုပမာ လုံးဝ တိတ်ဆိတ်သွားလေ၏။
ရန်ကျောက်ကဲက အတွေးများကိုရပ်တန့်လိုက်ပြီး လက်ရှိအခြေအနေကို အာရုံစိုက်လိုက်သည်။
ရန်ကျောက်ကဲကိုမြင်တော့ ရန်တိမှာ သားဖြစ်သူကို တွေ့ရသည့်တိုင် မပျော်ရွှင်နိုင်ဘဲ...
“ကျောက်ကဲ... မြေကမ္ဘာနယ်မြေ အခြေအနေ ဘယ်လိုရှိလဲ”
ဟု အလျှင်အမြန် မေးသည်။
ရန်ကျောက်ကဲက ချက်ချင်းပင် အခြေအနေများကို ရှင်းပြသည်။
“မြေကမ္ဘာနယ်မြေမှာ မူမမှန်မှုတွေ မရှိတော့ပါဘူး ၊ ငရဲကိုးထပ်ကျူးကျော်မှုကို နှိမ်နင်းပြီး မဟာငရဲကိုးထပ်တံခါးကို ချိတ်ပိတ်လိုက်ပြီ ၊ ရေတိုအတွက်တော့ ပြဿနာမရှိနိုင်တော့ဘူး”
သူက ဆက်ပြောသည်။
“ထိပ်သီးသိုင်းဂိုဏ်းကြီးတွေက အကြီးအကဲတွေအကုန်လုံး အသက်ဆုံးခဲ့ရတဲ့အတွက် ကျွန်တော်တို့ အစွန်းရောက်ရှစ်ပါးကမ္ဘာအတွက် အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်”
ရန်ကျောက်ကဲမျက်ဝန်းများက အေးစက်တင်းမာသွားပြီး...
“တကယ်အရေးကြုံတဲ့အချိန်မှ ကောင်းကင်မိုးကြိုးခန်းမက ‘ချန်လီ’ က ထွက်ပြေးသွားတယ်လေ”
အစောပိုင်း စိတ်သက်သာရာရသွားကြသော ရန်တိနှင့် အခြားသူများ ထိုစကားကိုကြားတော့ စိတ်ထဲ တင်းကျပ်သွားကြသည်။
ရန်ကျောက်ကဲက ယွမ်ကျန်းဖုန်း အခြေအနေ မည်သို့ရှိသည်ကို ထုတ်ဖော်မပြောသဖြင့် ရန်တိနှင့် အခြားသူများက ရန်ကျောက်ကဲမျက်နှာအမူအရာကို အကဲခတ်ရင်း ယွမ်ကျန်းဖုန်းအဆင်ပြေသည်ဟု အကြမ်းဖျင်း ခန့်မှန်းလိုက်ကြသည်။
သို့သော် ယွမ်ကျန်းဖုန်း မြေကမ္ဘာနယ်မြေမှ ပြဿနာကို ဖြေရှင်းပြီးသည့်နောက် အရှေ့ပင်လယ်ကို စစ်ကူပေးရန် ရောက်မလာသည်ကို ကြည့်ခြင်းအားဖြင့် အခြေအနေသိပ်မကောင်းကြောင်း နားလည်ကြ၏။
ချန်လီမှာလည်း စိတ်ပျက်လက်ပျက်ဖြစ်နေသဖြင့် အရှေ့ပင်လယ်သို့ လာရောက်မကူညီနိုင်ခဲ့ပေ။
မီးတောက်မိစ္ဆာများနှင့် လူသားများ၏တိုက်ပွဲက အရေးကြီးဆုံးအဆင့်သို့ ရောက်ရှိနေပေပြီ။ ယွမ်ကျန်းဖုန်းနှင့် ချန်လီသာ တိုက်ပွဲတွင်ပါဝင်လာပါက လူသားကျင့်ကြံသူများအနေဖြင့် တည်ငြိမ်စွာ အောက်ပွဲရရှိနိုင်မည် ဖြစ်၏။
ရန်ကျောက်ကဲက ရန်တိကိုကြည့်ရင်း...
“အဖေ... သိုင်းသူတော်စင်အဆင့်တက်ရောက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”
မဟာကပ်ဘေးကြီးအပြီးတွင် အသက်အငယ်ဆုံး သိုင်းပညာရှင် ဖြစ်ခဲ့သော ၊ သိုင်းဆရာသခင်များကြားတွင် ပြိုင်ဘက်ကင်းဖြစ်ခဲ့သော “ရန်တိ” သည် ယခုတော့ သိုင်းသူတော်စင်အဆင့် တက်ရောက်နိုင်ခဲ့ပေပြီ။
“အခုမှ စာမျက်နှာအသစ်တစ်ခု စ တာပေါ့ကွာ”
ရန်တိက ညာဘက်လက်တွင်ကိုင်ထားသောဓားကို ကြက်ခြေခတ်သဏ္ဌန်ခုတ်ပိုင်းလိုက်ပြီး အောက်ဘက်မှတက်လာသော မီးတောက်မိစ္ဆာများကို တိုက်ခိုက်ရင်း ဆိုသည်။
သူက ဘယ်ဘက်လက်ကို ညင်သာစွာမြှောက်လိုက်ရာ အပြာရောင်နဂါးသင်္ကေတဖြင့် ရစ်ပတ်ထားသော သွေးနီရောင်စေတီငယ်က သူ့အရှေ့တွင်ပေါ်လာသည်။
ထို့နောက် သူက ရန်ကျောက်ကဲကို အသံပို့လွှတ်စနစ်ဖြင့် စကားပြောလိုက်၏။
“တံခါးပိတ်ကျင့်ကြံခြင်းက မြန်မြန်ဆန်ဆန်ထွက်လာနိုင်တာ ဒီရတနာပစ္စည်းကြောင့်လဲပါတယ် ၊ ဒီ စေတီငယ်က အနာဂတ်မှာ နောက်ထပ် အံ့သြဖွယ်ရာတွေဖြစ်လာနိုင်မယ်လို့ မျှော်လင့်မိတယ်”
သွေးနီရောင်စေတီကိုတွေ့တော့ ရန်ကျောက်ကဲက မနေနိုင်ဘဲ ရယ်မောရင်း...
“အဖေ ဒီပစ္စည်းကိုယူလာမယ်ဆိုတာ ကျွန်တော် သိသားပဲ”
ထို့နောက် သူက အသံပို့လွှတ်စနစ်ဖြင့် ဆက်ပြောသည်။
“ဆရာဘိုးဘိုး အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ် ၊ သူက အာကာသစီးကြောင်းထဲကျသွားပြီး တခြားကမ္ဘာကို ရောက်သွားနိုင်လောက်တယ် ၊ ဒုတိယဆရာဦးလေးကတော့ ဒဏ်ရာအပြင်းအထန်ရထားပေမယ့် ကြယ်တာရာသန့်စင်ချီဝတ်ရုံရှိနေတဲ့အတွက် အသက်အန္တရယ် မရှိနိုင်တော့ပါဘူး”
ရန်ကျောက်ကဲက သွေးနီရောင်စေတီငယ် အရှေ့သို့ လမ်းလျှောက်လာရင်း အသံပို့လွှတ်စနစ်ဖြင့် ရန်တိကို အခြေအနေအကျဉ်းချုံးရှင်းပြသည်။
စေတီငယ်အနားသို့ရောက်သည့်အခါ ရန်ကျောက်ကဲက စေတီနံဘေးကို လက်နှစ်ဖက်ဖြင့် အသာပုတ်လိုက်ရာ သွေးနီရောင်အလင်းကြိုးမျှင်များ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းပင် ရန်တိနှင့် အခြားသူများက ထိုက်ယီချိုးဖျက်အစီအရင်ကြီးကို လှည့်ပတ်လိုက်ရာ အစီအရင်မှ ကျယ်ပြန့်သော အဖြူရောင်အလင်းတန်းများထွက်ပေါ်လာပြီး စေတီငယ်မှ အနီရောင်ကြိုးများများ ရောယှက်သွားသည်။
ရန်ကျောက်ကဲသည် မျက်လုံးများကို ကျဉ်းမြောင်းရင်း အနီရောင် လက်စွပ်တစ်ကွင်း ထုတ်ယူလိုက်၏။
ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ ထိုလက်စွပ်က သွေးနီရောင်စေတီထိပ်ဖျားတွင် စွပ်ဝင်သွားပြီး ချက်ချင်းပင် တောက်ပသောမီးတောက်များ ထွက်ပေါ်လာသည်။ ရန်တိနှင့်အခြားသူများ၏ မျက်ဝန်းများ တုန်လှုပ်သွားသော်လည်း သူတို့လုပ်နေသည့်အလုပ်ကို မရပ်တန့်ခဲ့ကြပေ။
ထိုခဏတွင် မီးတောက်မိစ္ဆာများအားလုံး ရုတ်ချည်းတိတ်ဆိတ်သွားပြီး ကြုံးဝါးသံများအားလုံး ခဏမျှ ရပ်တန့်သွားကြသည်။
ထို့နောက်မှာတော့ မဟာမီးတောက်မိစ္ဆာအပါအဝင် မီးတောက်မိစ္ဆာများအားလုံးသည် ရူးသွပ်သွားကြသည့်အလား ကောင်းကင်ထက်တွင်တည်ရှိနေသည့် ထိုက်ယီချိုးဖျက်အစီအရင်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပြေးလွှားလာကြသည်။
ကမ္ဘာဖြတ်လမ်းကြောင်းအဝင်ဝ တစ်ဖက်ခြမ်းတွင်တည်ရှိနေသော မီးတောက်မိစ္ဆာကမ္ဘာသည်လည်း အသက်ဝင်လာသည့်ပမာ ပိုမိုဂနာမငြိမ် ဖြစ်လာသည်။
ရန်ကျောက်ကဲက တည်ငြိမ်သည့်အမူအရာဖြင့် စေတီငယ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ သွေးနီရောင်စေတီငယ်သည် အနီရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး အောက်ဘက်သို့ ကျဆင်းသွား၏။
စေတီငယ်နှင့်အတူ များပြားလှစွာသော သွေးနီရောင်အလင်းကြိုးမျှင်များနှင့် အဖြေူရောင်အလင်းတန်းများက ထိုက်ယီချိုးဖျက်အစီအရင်ဖြင့် ဖန်ဆင်းထားသော အဖြူရောင်အလင်းကမ္ဘာကြီးကို အောက်သို့ ဆွဲခေါ်သွားသည်။ အလင်းကမ္ဘာကြီးသည် အောက်သို့ တဖြည်းဖြည်း သက်ဆင်းသွားလေသည်။
ကောင်းကင်ကြီးတစ်ခုလုံး လှုပ်ရှားသွားပြီး လေထုသည်လည်း ပရမ်းပတာ ဖြစ်သွားသည်။
သွေးနီရောင်စေတီထိပ်တွင် စွပ်ထားသောလက်စွပ်ကို တွေ့သဖြင့် မီးတောက်မိစ္ဆာများ မပျော်နိုင်သေးခင်မှာပင် စေတီနှင့်လက်စွပ်ကို ဗဟိုပြုလျှက် အရှေ့ပင်လယ်အပြင်ပိုင်းဒေသတစ်ခုလုံးရှိ မြေပြင်သွေးကြောများအားလုံး ပြောင်းပြန်လှည့်ပတ်သွားသည်။
မီးတောက်မိစ္ဆာကမ္ဘာမှ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ အဆက်မပြတ် စီးဆင်းဝင်ရောက်နေသော မီးတောက်မီးလျှံများအားလုံးသည်လည်း ချက်ချင်း ဖြတ်တောက်ခံလိုက်ရသည်။
ကောင်းကင်ကြီးပြိုကျလာပြီး ပင်လယ်ပြင်က တဟုန်းဟုန်း မုန်တိုင်းထန်လာသည်။
ထိုအခိုက်အတန့်တွင် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး ရွေ့လျားနေသည့်အလားဖြစ်ပြီး မီးတောက်မိစ္ဆာကမ္ဘာနှင့် မီးတောက်မိစ္ဆာများအားလုံးကို ပြင်းပြင်းထန်ထန် တွန်းလှန်သည့် ပုံပျက်နေသော စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။
ထိုက်ယီချိုးဖျက်အစီအရင်၏စွမ်းအားက အထွတ်ထိပ်သို့ရောက်ရှိသွားပြီး များပြားလှစွာသော အလင်းရောင်စီးကြောင်းများက လေထဲတွင်လှိုင်းထပျံ့နှံ့လျှက် ပုံပျက်နေသည့် ဗလာနယ်ထဲတွင် မီးတောက်မိစ္ဆာများစွာ အုံနှင့်ကျင်းနှင့်အသက်ပျောက်သွားကာ မီးလျှံမီးစများ နေရာအနှံပျံကျဲကျသွားသည်။
ယခု အောင်ပွဲချိန်ခွင်လျှာက လူသားများဘက်သို့ အလေးသာသွားပေပြီ။
ထိုက်ယီချိုးဖျက်အစီအရင်၏ စွမ်းအားများစုစည်းသွားပြီး ကြီးမားသောအဖျက်စွမ်းအားကြီးတစ်ခု သန့်စင်စွာ ထွက်ပေါ်လာသည်။
အန်းချင်လင်နှင့် ထူးကဲယင်သရဖူကိုဆောင်းထားသော မန်ဝမ်တို့မှာ အစီအရင်အတွင်းမှ လွင့်ထွက်သွားသည်။
ရန်ကျောက်ကဲနှင့် အစီအရင်ကို ထိန်းချုပ်ထားသော သိုင်းသူတော်စင် (၄)ယောက်သာလျှင် အစီအရင်ထဲတွင် ကျန်ရစ်ခဲ့ပြီး မီးတောက်မိစ္ဆာများကို နှိမ်နင်းရန် မိုးမြေစွမ်းအားများကို ငှားယမ်းအသုံးပြုလျှက်ရှိကြ၏။
အစီအရင်ထဲမှ လွင့်ထွက်သွားသော မန်ဝမ်နှင့် အခြားသူများက အံ့သြစိတ်ပူသွားခြင်း မရှိကြပေ။ ရန်ကျောက်ကဲက ကြိုတင်သတိပေးထားပြီးဖြစ်သည့်အတွက် အဖြူရောင်အလင်းကမ္ဘာကြီးကို ငေးကြည့်ရင်း နောက်ဆုံးအောင်ပွဲကိုသာ စောင့်မျှော်နေကြသည်။
လူသားသိုင်းသမားများအားလုံး မြင်ကွင်းကိုကြည့်ရင်း စိတ်ဓာတ်များ တက်ကြွလာကြသည်။
ထိုအချိန်...
အခြားသူများကဲ့သို့ပင် အဖြူရောင်အလင်းကမ္ဘာကြီးကို အာရုံစူးစိုက်ကြည့်နေသည့် ဟွမ်ရှုက...
“အချိန်ကျပြီ”
ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင်...
ထိုက်ယီချိုးဖျက်အစီအရင်ထဲတွင်ရှိနေသော ဟွမ်ကွမ်လီ၏မျက်နှာက တည်ငြိမ်နေပြီး လှုပ်ရှားမှုများရပ်တန့်သွားကာ သူ၏လက်ဖဝါးထက်တွင် ရွှေရောင်မီးအိမ်တစ်ခု ပေါ်လာလေ၏။