အခန်း ၂၃၄
Vol. 24 Ch. 234
အပိုင်း ၂၃၄
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
တဖြည်းဖြည်း ဝေးကွာသွားကာ သေးငယ်သွားနေသည့် ကျောက်စရစ်ကျွန်းအား စိုက်ကြည့်ရင်း ကွေ့ချင်းကျုံးက တီးတိုး ရေရွတ်လိုက်၏။ "ဆိုလွန်... ငါ မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်လို့ သစ္စာဆိုတယ်။ ဆိုနင်ပင်းကိုတော့ မသတ်ခင်မှာ အရင်ဆုံး ဖျက်ဆီးပစ်မယ်။"
ကွေ့ချင်းရှောင်းကမူ မငိုတော့ဘဲ ဖခင်ဖြစ်သူ ကွေ့ရှင်းဖူကို မှီကာ ဝေးကွာသွားသော ကျွန်းကြီးသို့ ငေးကြည့်နေမိ၏။ ချောက်ကမ်းပါးထက်၌ မတ်တပ်ရပ်ရင်း သူမ ထွက်ခွာသွားသည်ကို လိုက်ကြည့်နေမည့် ဆိုလွန်အား သူမ စိတ်ကူးထဲ၌ မြင်ယောင်နေမိသည်။
ထိုလူက သူမ၏ သန့်စင်မှုနှင့် ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ခဲ့လေပြီး သည်းမခံနိုင်လောက်အောင် အရှက်ရဖွယ်ကောင်းလှသည့် မှတ်ဉာဏ်များကို ချန်ရစ်ခဲ့၏။
သူမအား ရက်ရက်စက်စက် ဖျက်ဆီးခဲ့သော်ငြား လုံးဝ ပြိုလဲပျက်စီးရတော့မည့် အချိန်၌မူ သူက ပြန်လည် ဆွဲတင်ပေးခဲ့သည်။ ဆန့်ကျင်ဘက်ဖြစ်နေသည့် ရှုပ်ထွေးလှသော ခံစားချက်များ လွှမ်းမိုးလာမှုကြောင့် သူမ၏ မျက်နှာလေးအား ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ အပ်ကာ တရှိုက်ရှိုက်ဖြင့် ထပ်မံ ငိုကြွေးလိုက်မိပြန်၏။
သမီးဖြစ်သူမှာ ထိုမျှ ရှုပ်ထွေးလှသည့် မျက်နှာအမူအရာဖြင့် ကျွန်းဆီသို့ ငေးကြည့်နေသည်ကို မြင်လိုက်ရသောအခါ ကွေ့ရှင်းဖူတစ်ယောက် ရင်ထဲ၌ တင်းကျပ်သွားရသည်။
ဆိုလွန်၏ လှည့်စားခြယ်လှယ်မှုများကို ထိတ်လန့်သွားရသဖြင့် ကွေ့ရှင်းဖူတစ်ယောက် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။
လင်ဟိုင်မြို့သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သမီးဖြစ်သူ၏ အပျိုစင်ဘဝကို ပြန်လည်ရရှိစေရန်အတွက် အမျိုးသမီး မှော်ဆရာမတစ်ဦးအား ငှားရမ်းကာ စိတ်လှည့်စားမှုတစ်ခုကို ဖန်တီးစေမည်။
ထို့နောက် ပြဿနာများ မကြီးထွားလာခင်မှာပင် လင်းအောင်းနှင့် သူမ၏ မင်္ဂလာပွဲကို အမြန်ဆုံး ကျင်းပပေးရလေမည်။
သူ စိုးရိမ်နေသည်မှာလည်း အမှန်ပင်။ ဆိုလွန်ဆိုသည်မှာ အမျိုးသမီးများအား ဖျက်ဆီးပစ်တတ်သည့် မိစ္ဆာတစ်ကောင် ဖြစ်၏။
ကွေ့ချင်းရှောင်း၏ စိတ်အစဉ်ထဲ၌ ပုံရိပ်နှစ်ခုမှာ အဆုံးမရှိ ထပ်တလဲလဲ ပေါ်လာနေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်အား ရက်ရက်စက်စက် သိမ်းပိုက်ကာ ပူလောင်လှသည့် နာကျင်မှုများကို ချန်ရစ်ခဲ့သည့် ဆိုလွန်နှင့် သူမ နင်နေစဉ်၌ ကျောပြင်လေးအား ညင်သာစွာ ပွတ်သပ်ပေးရင်း သက်ပြင်းသဲ့သဲ့ ချခဲ့သည့် ဆိုလွန်တို့ပင်။
ထိုမှတ်ဉာဏ်များကို ဖယ်ရှားပစ်ရန် သူမ ခေါင်းကို ခါယမ်းလိုက်သော်ငြား ပို၍သာ ရှင်းလင်းလာရ၏။ ရက်စက်သည် ၊ ကြင်နာတတ်သည် ၊ ဆိုးယုတ်သည် ၊ ထို့အပြင် ပါရမီလည်း ပါလှသည်... ထိုလူသည် လုံးဝကို သေစေတတ်သည့် အဆိပ်တစ်ခွက်ပင်။
**--**--**--**--**--**--**--**
ကွေ့ရှင်းဖူထံမှ ခြိမ်းခြောက်တောင်းယူခဲ့သည့် ရွှေဒင်္ဂါး သုံးသောင်းနှင့် မြို့စားကြီး ကျိထင်ထံမှ ကြိုတင်ရယူထားသည့် ရွှေဒင်္ဂါး နှစ်သောင်းတို့ ပေါင်းလိုက်သော် လက်ရှိအချိန်၌ ဆိုလွန်၏ လက်ထဲတွင် ရွှေဒင်္ဂါး ငါးသောင်း ရှိနေလေပြီ။ ဤသည်က ကြေးစားစစ်သည် နှစ်သောင်းခန့်အား ငှားရမ်းရန် လုံလောက်၏။
ယခု သူတို့အနေဖြင့် တော်ဝင်မြို့တော်၌ ကျရောက်လာမည့် နိုင်ငံရေး မုန်တိုင်းကြီးကို စောင့်ဆိုင်းရန်သာ ရှိတော့သည်။
မြို့စားကြီး ကျိထင်မှာ ပေါ့ပေါ့ပါးပါး ရှိနေပုံရသော်ငြား အကြပ်ရိုက်နေပြီမှန်းကိုတော့ သူကိုယ်တိုင် သိနေသည်။
သူ၏ စစ်တပ်က ကွေ့ရှင်းဖူ၏ ရေတပ်ကြီးကို အပြတ်ရှင်းပစ်ခဲ့လေရာ အကြောင်းပြချက်ကောင်း တစ်ခုခု ဖန်တီးရန် လိုအပ်နေ၏။
ဆိုလွန်အား ကာကွယ်ပေးရန်အတွက် ကျောက်စရစ်ကျွန်းပေါ် တိုက်ခိုက်ခံရမှုမှာ လုံးဝ မဖြစ်ပွားခဲ့သကဲ့သို့ ဟန်ဆောင်ရန် သူတို့ သဘောတူညီခဲ့ကြသည်။
ထိုအစား ကွေ့မိသားစု၏ ရေတပ်ကို သူကသာ တစ်ဖက်သတ် ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်ကြောင်း မြို့စားကြီး ကျိထင်က ထွက်ဆိုပေလိမ့်မည်။
ဂယက်ရိုက်ခတ်မှုများ သူတို့ထံ မရောက်လာမီ အချိန်အတွင်း မြို့စားကြီး ကျိထင်နှင့် ဆိုလွန်တို့က ကျောက်စရစ်ကျွန်း၏ ခံစစ်ကို အပြင်းအထန် အားဖြည့်ပြင်ဆင်လိုက်ကြ၏။
ကျောက်စရစ်ကျွန်းနှင့် ချူးယွင်ကောင်တီအကြား၌ သင်္ဘောများမှာ အဆက်မပြတ် သွားလာနေကြလေပြီး စုဆောင်းထားသည့် ဆားများကို ကျေးကျွန်များ ၊ ရိက္ခာများနှင့် လက်နက်များဖြင့် လဲလှယ်နေကြ၏။
ဆိုမိသားစု၏ စစ်သည်တစ်ရာမှာ မလုံလောက်သည့်အတွက် မြို့စားကြီး ကျိထင်က သူ၏ အခြားသော ဆားချက်စခန်းများမှ အစောင့်တစ်ထောင်အား ပြောင်းရွှေ့ပေးခဲ့သည်။
ထို့အပြင် သူ၏ ကိုယ်ပိုင် ရေတပ်သား တစ်ထောင်အား သေဆုံးသွားပြီဖြစ်ကြောင်း ဖန်တီးကာ စစ်တပ်မှတ်တမ်းများထဲမှ ပယ်ဖျက်လိုက်လေပြီး ကျွန်းပေါ်၌ လျှို့ဝှက်အစောင့်များအဖြစ် ချန်ရစ်ထားခဲ့၏။
လက်ရှိအချိန်၌ ကျောက်စရစ်ကျွန်းပေါ်၌ ဆားချက်ကျေးကျွန် တစ်သောင်းနှင့် စစ်သည်အင်အား နှစ်ထောင်အထိ ရှိနေပြီဖြစ်ရာ ယခင်ကထက် ဆယ်ဆမျှ ပိုမို အင်အားတောင့်တင်းလာလေပြီ။
လက်ရှိအချိန်၌ ဆိပ်ကမ်းတံတားများနှင့် ရဲတိုက်တစ်ခု တည်ဆောက်ရန်က အဓိက ဦးစားပေးအလုပ် ဖြစ်လာ၏။
ယခုဆိုလျှင် ကျွန်း၏ ခံစစ်ကို ထိုးဖောက်နိုင်ရန်အတွက် အနည်းဆုံး ရန်သူရေတပ်သား ငါးထောင်ခန့်ကို လိုအပ်ပေလိမ့်မည်။
ကွေ့မိသားစု၏ ရေတပ်ကြီး ပျက်စီးသွားခဲ့ပြီဖြစ်ရာ နုလန်ဘုရင့်နိုင်ငံရှိ ကမ်းရိုးတန်းအုပ်ချုပ်သူ မြို့စားကြီးများထဲတွင် မည်သူကမှ ထိုမျှလောက် များပြားသည့် အင်အားမျိုးကို မပိုင်ဆိုင်ထားကြတော့ချေ။
လတ်တလော အခြေအနေအရဆိုရလျှင် ကျွန်းလေးမှာ အပြည့်အဝ လုံခြုံသွားလေပြီ။
ထို့အပြင် နစ်မြုပ်သွားပြီဟု သတင်းပို့ထားသော မြို့စားကြီး ကျိထင်၏ သင်္ဘော ဆယ်စင်းကိုလည်း အနက်ရောင် ဆေးသုတ်လိုက်ကာ ကျောက်စရစ်ကျွန်း၏ လျှို့ဝှက်ရေတပ်အဖြစ် အသုံးပြုရန် စီစဉ်လိုက်သည်။
မြို့စားကြီး ကျိထင်က သူတို့၏ ဧရာမ ငွေရှာလုပ်ငန်းကြီးကို ကာကွယ်ရန်အတွက် သူသိထားသမျှ ညစ်ပတ်လှသည့် လှည့်ကွက်တိုင်းကို အသုံးချလိုက်ခြင်းပင်။
ဆယ့်တစ်ရက် ကြာမြင့်ပြီးနောက်တွင်တော့ နိုင်ငံရေးမုန်တိုင်းကြီးက တကယ်ပင် ကျရောက်လာတော့၏။
တော်ဝင်နန်းတော်မှ ကျန်းနင်သည် မြင်းစီးသူရဲ နှစ်ထောင်ခန့်နှင့်အတူ ဘုရင်မင်းမြတ်၏ အမိန့်တော်ကို သယ်ဆောင်ကာ ချူးယွင်ကောင်တီသို့ ရောက်ရှိလာသည်။
မြို့စားကြီး ကျိထင်က အမိန့်တော်ခံယူရန် ထွက်ခွာလာပြီး ရုပ်ဖျက်ထားသည့် ဆိုလွန်ကလည်း သူနှင့်အတူ လိုက်ပါသွား၏။
အုပ်ချုပ်ရေးမှူး အိမ်တော်၌ ဒူးထောက်နေရင်း မြို့စားကြီး ကျိထင်က အမိန့်တော်ကို နားထောင်လိုက်သည်။
အခြားအုပ်ချုပ်သူ မြို့စားတစ်ဦး၏ ရေတပ်အပေါ်သို့ ဆင်ခြင်တုံတရားမဲ့စွာ တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အတွက် ဘုရင်မင်းမြတ်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထား၏။
သို့သော်လည်း မြို့စားကြီး ကျိထင်က ဘုရင်မင်းမြတ်နှင့် မြို့စားကြီး ကွေ့ရှင်းဖူတို့ထံသို့ ကြိုတင်၍ တောင်းပန်စာ ပို့ထားခဲ့ပြီးဖြစ်သောကြောင့် သေဒဏ်မှ ကင်းလွတ်ခွင့် ရသွားခဲ့သည်။ ထိုသို့တိုင်အောင် ကျခံရသည့် ပြစ်ဒဏ်က အလွန်အမင်း ပြင်းထန်နေဆဲပင်။
မြို့စားကြီး ကျိထင်မှာ ရာထူးအဆင့် လျှော့ချခံလိုက်ရပြီး တော်ဝင်မြို့တော်၌ အချိန်အကန့်အသတ်မရှိ နေအိမ်အကျယ်ချုပ် ကျခံလိုက်ရသည်။
သင်္ဘောများ ထောက်ပံ့ပေးခဲ့သည့် ချူးယွင်ကောင်တီ ကာကွယ်ရေးမှူး တောက်ကျင်းမှာလည်း ရာထူးမှ ဖယ်ရှားခံလိုက်ရပြီး ပြစ်ဒဏ်ချမှတ်ရန်အတွက် ပြန်လည်ခေါ်ယူခြင်း ခံလိုက်ရ၏။
အဆင့်မြင့် အရာရှိကြီးများမှာ ရာထူး ရုပ်သိမ်းခံရကာ အရပ်သားများအဖြစ် လျှော့ချခံလိုက်ရပြီး သာမန်စစ်သားများမှာမူ တပ်မှ ထုတ်ပယ်ခံရကာ အလုပ်ကြမ်းများ လုပ်ကိုင်ရန် ပြစ်ဒဏ်ချမှတ် ခံလိုက်ကြရသည်။
ထိုအရာများကို ကြားလိုက်ရချိန်၌ မြို့စားကြီး ကျိထင်တစ်ယောက် တဆတ်ဆတ် တုန်ယင်သွားရ၏။
နယ်စပ်ရှိ အသေးအဖွဲ တိုက်ပွဲလေးတစ်ခုအတွက် ဘုရင်မင်းမြတ်အား ဤမျှ ပြင်းထန်လှသည့် အမိန့်တော်တစ်ရပ် ထုတ်ပြန်လာစေရန် ဖိအားပေးနိုင်သည်အထိ အထက်တန်းလွှာများထံ၌ အာဏာရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိချေ။
သို့သော်လည်း သူ၏ ရင်ထဲ၌ သက်သာရာရသွားသည့် ခံစားချက်တစ်ခုက လွှမ်းမိုးသွားသည်။ အမိန့်တော်ထဲ၌ ဆိုလွန်နှင့် ကျောက်စရစ်ကျွန်းအကြောင်းကို နည်းနည်းလေးမှ ဖော်ပြထားခြင်း မရှိချေ။ အလွန်အမင်း အမြတ်အစွန်းများလှသည့် ဆားချက်စခန်းကြီးမှာ လုံခြုံသွားလေပြီ။
တော်ဝင်မြို့တော်သို့ အစောင့်အကြပ်များဖြင့် မခေါ်ဆောင်သွားခံရမီ အချိန်လေးအတွင်း မြို့စားကြီး ကျိထင်က မြို့ပြင်ရှိ စာပို့စခန်းလေးတစ်ခု၌ ဆိုလွန်အား နှုတ်ဆက်လိုက်၏။
မြို့စားကြီး ကျိထင်က ပြောသည်။ "သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို မင်း မြင်တယ် မဟုတ်လား။" သူ၏ အသံများက တုန်ယင်နေ၏။ "ဘုရင်မင်းမြတ်တောင်မှ နောက်ဆုတ်ပေးလိုက်ရတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကဆို ဘယ်သူကမှ ဘုရင်မင်းမြတ်ကို မလေးမစား မလုပ်ရဲခဲ့ကြဘူး။"
"အခုတော့ သူတို့က ဘုရင်ကိုတောင် အနိုင်ကျင့်နေကြပြီ။ အဲ့ဒါက အကြောင်းပြချက် တစ်ခုတည်းကြောင့်ပဲ။ ဘုရင်မင်းမြတ်မှာ သားတော်တစ်ပါး မရှိလို့ပဲ။ မင်းသား ကျိလီက အာဏာရလာတော့ အထက်တန်းလွှာတွေ စုစည်းဖို့အတွက် အားကိုးစရာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီ။"
ယခင်အတိတ်တုန်းက အထက်တန်းလွှာများမှာ အခြားသော အမွေဆက်ခံသူ တစ်ဦးကို ထောက်ခံအားပေးခဲ့ကြ၏။
ဘုရင်ကျိပိုင်က ထီးနန်းကို အတင်းအဓမ္မ သိမ်းပိုက်လိုက်ချိန်၌ သူ၏ ရန်သူများအားလုံးကို ရှင်းလင်းပစ်လိုက်ပြီး အထက်တန်းလွှာများကို ချေမှုန်းရန်အတွက် အရပ်သားများကို ရာထူးတိုးမြှင့်ပေးခဲ့သည်။
နှစ်ပေါင်းများစွာ ကြာသည်အထိ အထက်တန်းလွှာများမှာ ပုန်ကန်ရမည်ကို အလွန်အမင်း ကြောက်ရွံ့နေခဲ့ကြ၏။ သို့သော် လက်ရှိအချိန်၌မူ ဘုရင်ကျိပိုင်က အသက် ငါးဆယ်နီးပါး ရှိနေပြီဖြစ်ပြီး မျိုးဆက်ဟူ၍ သမီးတော် တစ်ပါးသာ ရှိသည်။
ထို့အပြင် နောက်ထပ် သားသမီးမရနိုင်တော့သည့် ရောဂါတစ်မျိုး ခံစားနေရကြောင်း ကောလာဟလများကလည်း အတည်ပြုပေးနေ၏။
ချက်ချင်းဆိုသလိုပင် အာဏာချိန်ခွင်လျှာမှာ ပြောင်းလဲသွားရလေပြီ။ မြင့်မြတ်နတ်နဂါးကျောင်းတော်၏ ကျောထောက်နောက်ခံပြုမှုဖြင့် မင်းသား ကျိလီက ရှေ့ထွက်လာသောအခါ အထက်တန်းလွှာများအားလုံးက သူ့ အနားသို့ စုရုံးရောက်ရှိလာကြသည်။
လက်ရှိအချိန်၌ လူတိုင်းက ဘုရင်မင်းမြတ် သေဆုံးမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြခြင်းပင်။ အမွေဆက်ခံသူ မရှိသည့် ဘုရင်တစ်ပါးအနေဖြင့် အရာအားလုံးကို ဆုံးရှုံးထားပြီးဖြစ်ရာ ခံစစ်အခြေအနေသို့ ရောက်ရှိသွားတော့၏။
"ရာထူးလျှော့ချ ခံရတာက ငါ့အတွက် ဘာမှ မဟုတ်ပါဘူးကွာ...။" မြို့စားကြီး ကျိထင်က ခါးသီးစွာဖြင့် ပြောလာ၏။ "ဒါပေမဲ့ ငါ့ရဲ့ အရာရှိတွေနဲ့ စစ်သားတွေအတွက်တော့... ဟူး...။ ထောင်နဲ့ချီတဲ့ ငါ့ရဲ့ လူတွေက ကျေးကျွန်တွေလို အလုပ်ကြမ်းတွေ လုပ်ဖို့ အတင်းအကျပ် ခိုင်းစေခံရတော့မယ်။ ပြစ်ဒဏ်က ဒီလောက်အထိ ပြင်းထန်မယ်မှန်းသာ ကြိုသိခဲ့ရင် သူတို့ရဲ့ နာမည်တွေကို မှတ်တမ်းထဲကနေ အကုန်ဖျက်ပစ်ပြီး ကျောက်စရစ်ကျွန်းပေါ်မှာပဲ ထားခဲ့မိမှာ။"
အပိုင်း ၂၃၄ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team