အခန်း ၂၃၅
Vol. 24 Ch. 235
အပိုင်း ၂၃၅
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဆိုလွန်တစ်ယောက် အသက်ရှူကျပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အခြေအနေများက ဤမျှလောက်အထိ ဆိုးရွားသွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ ပုံမှန်အားဖြင့် သည်းခံတတ်သည့် မင်းသား ကျိလီက ရုတ်တရက် တိုက်ခိုက်လာ၏။
မြို့စားကြီး ကျိထင်က မေးလာသည်။ “ဒီစတေးမှုတွေက ဘာအတွက်လဲဆိုတာ မင်းသိလား။”
“ကျောက်စရစ်ကျွန်းက ဆားချက်စခန်းတွေကို ကာကွယ်ဖို့ပါ။ တစ်နှစ်ကို ရွှေဒင်္ဂါး နှစ်သိန်းအတွက်... ပြီးတော့ ကျွန်တော့်အတွက်ပါ။” ဆိုလွန်က ပြန်ဖြေလိုက်၏။
မြို့စားကြီး ကျိထင်က ခေါင်းညိတ်လိုက်သည်။ “အင်း...။ ဟုတ်တယ်။ ငါတို့ရဲ့ တူညီတဲ့ ရည်မှန်းချက်အတွက်ပဲ။ ဒါပေမဲ့ ငါက ဒီလောက်အထိပဲ ကူညီပေးနိုင်တော့မယ်။ ကျန်တဲ့အရာတွေကိုတော့ မင်းကိုယ်တိုင်ပဲ အဆုံးသတ်ရလိမ့်မယ်။”
မြို့စားကြီးက ထူထဲလှသည့် ရွှေလက်မှတ်အထပ်လိုက်ကို ဆိုလွန့်ထံ ကမ်းပေးလိုက်၏။ “ဒီမှာ ရွှေဒင်္ဂါး ငါးသောင်းရှိတယ်။ ဒါကိုရဖို့အတွက် ငါ့ရဲ့ ပိုင်ဆိုင်မှုတချို့ကို ရောင်းချခဲ့ရတယ်။ ယူထားလိုက်ပါ။”
ဆိုလွန်၏ မျက်နှာကြွက်သားများ တုန်ယင်သွားရသည်။
လိုအပ်နေသည့် ငွေများအတွက် မြို့စားကြီးက မိသားစုပိုင်ဆိုင်မှုများကိုပါ ရောင်းချပေးလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားမိခဲ့ချေ။
“ဒီလောက်မြန်မြန် လှုပ်ရှားဖို့ ငါ မရည်ရွယ်ထားခဲ့ဘူး။ ဒါပေမဲ့ မင်းရဲ့ အံ့ဩစရာကောင်းတဲ့ စွမ်းဆောင်ရည်တွေက ငါ့ကို အတင်းအကျပ် တွန်းအားပေးခဲ့တယ်။ ငါ ဘယ်သူ့ကို ကိုယ်စားပြုနေလဲဆိုတာ မင်းသိတယ် မဟုတ်လား။” မြို့စားကြီး ကျိထင်က ဆက်ပြောလာသည်။
“ကျွန်တော် သိပါတယ်။” ဆိုလွန်က ရိုသေစွာ ပြန်ဖြေ၏။
ကျိထင်က အမြင့်ဆုံးသော အာဏာတစ်ခုကို ကိုယ်စားပြုထား၏။ ဤနိုင်ငံရေး စစ်တုရင်ကစားပွဲ၌ မင်းသား ကျိလီထံတွင် စစ်တပ်အပြည့်အစုံ ရှိနေသည်။
ဆိုလွန်တို့ဘက်၌ နယ်ရုပ်အဖြစ် ဆိုလွန် ၊ မြင်းအဖြစ် ကျိထင်နှင့် ဝါရင့်ကစားသမားအဖြစ် ဘုရင်ကျိပိုင် စသည့် အရုပ် သုံးရုပ်သာ ရှိ၏။
လက်ရှိအချိန်၌မူ မြင်းဖြစ်သူက နယ်ရုပ်လေး မြစ်ကို ဖြတ်ကျော်နိုင်စေရန်အတွက် ကိုယ့်ကိုယ်ကိုယ် စတေးလိုက်လေပြီ။
ဤသည်မှာ နုလန်ဘုရင့်နိုင်ငံ၏ သမိုင်းတစ်လျှောက် တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသည့် အဆိုးရွားဆုံး မုန်တိုင်းကြီးတစ်ခုပင်။
မြို့စားကြီး ကျိထင်က သက်ပျင်းချလျက် ပြောသည်။ “ငါတို့ရဲ့ ရန်သူတွေက ငါတို့ထက် အများကြီး ပိုပြီး အင်အားကြီးတယ်။ ငါတို့က အထက်တန်းလွှာတွေ ၊ နယ်စားတွေနဲ့ နိုင်ငံရဲ့ လက်ရွေးစင်တွေ အများစုကို ရင်ဆိုင်နေရတာ။ ဘယ်လိုပဲ ကြည့်ကြည့် ဒါက လုံးဝ မဖြစ်နိုင်တဲ့ တိုက်ပွဲတစ်ခုပဲ။”
ဆိုလွန် ခေါင်းညိတ်လိုက်၏။ သူတို့မှာ လောကကြီး တစ်ခုလုံးနှင့် တိုက်ခိုက်နေရခြင်း ဖြစ်သည်။
ဘုရင်မင်းမြတ်၌ သားတော်မရှိသည့်အတွက် ဘုရင့်နိုင်ငံနှင့် အလယ်ပိုင်းဒေသတို့၏ ရိုးရာအစဉ်အလာများကို ချိုးဖောက်ကာ ဧကရီတစ်ပါးကို နန်းတင်ရန် ဆန္ဒရှိနေ၏။
ထိုအရာက သူတို့အား အထက်တန်းလွှာများ၏ ရန်သူများ ဖြစ်လာစေသည်။ ဆိုလွန်မှာ ရှေ့တန်းမှ နယ်ရုပ်လေးတစ်ရုပ်အနေဖြင့် မုန်တိုင်းထဲသို့ ဆွဲသွင်းခံလိုက်ရခြင်းပင်။
ကျိထင်က ရှင်းပြလိုက်၏။ “နောက်သုံးလနေရင် ဖြစ်လာမယ့် ထျန်းရွှေမြို့ တိုက်ပွဲမှာ ဘယ်ဘက်ကမှ ပင်မစစ်တပ်တွေကို အသုံးပြုမှာ မဟုတ်ဘူး။ အားလုံးက မင်းအပေါ်မှာပဲ မူတည်နေလိမ့်မယ်။ မင်းက ဆိုဟန်ရီရဲ့ စစ်တပ် ၊ နူဒန်ရဲ့ သူပုန်တွေနဲ့ ကျိနင်ရဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရလိမ့်မယ်။ စုစုပေါင်း စစ်သည် သုံးသောင်းခွဲ ရှိတယ်။”
ဆိုလွန် ခေါင်းညိတ်လိုက်ပြီး ထိုကိန်းဂဏန်းများကို မှတ်သားထားလိုက်သည်။
မြို့စားကြီးက လေးနက်စွာ ဆက်ပြော၏။ “ဒီတိုက်ပွဲက မင်းတစ်ယောက်တည်းအတွက် မဟုတ်ဘူး။ လောကကြီးကို ဆန့်ကျင်တဲ့ ငါတို့ရဲ့ ပထမဆုံး စစ်ပွဲပဲ။ မင်း မဖြစ်မနေ နိုင်ရမယ်။ တကယ်လို့ ရှုံးသွားရင် ဘာဖြစ်မလဲဆိုတာ မင်းသိလား။”
ဆိုလွန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ “ကျွန်တော် သိပါတယ်။ မြို့စားကြီး အညံ့ခံရလိမ့်မယ်။ မင်းသား ကျိလီက ထီးနန်းကို သိမ်းပိုက်သွားပြီး ကျွန်တော်တို့ အားလုံး သူ့ကို ဒူးထောက်ခယရလိမ့်မယ်။”
လက်ရှိအချိန်၌ မြစ်ကို ဖြတ်ကူးနိုင်လိုက်သည့် တစ်ခုတည်းသော နယ်ရုပ်ဟူ၍ ဆိုလွန်သာ ရှိ၏။ သူ သေဆုံးသွားပါက ကစားပွဲသည်လည်း ပြီးဆုံးသွားပေလိမ့်မည်။
မြို့စားကြီး ကျိထင်က သတိပေးလိုက်၏။ “အသေအချာပဲ။ မင်း သေမယ်။ မင်းရဲ့ အစ်မလည်း သေရလိမ့်မယ်။ ပြီးတော့ ကျောက်စရစ်ကျွန်းပေါ်က ဆိုမိသားစု တစ်ခုလုံးလည်း အမြစ်ပြတ် သုတ်သင်ခံရလိမ့်မယ်။ မင်းတို့ မိသားစုရဲ့ နှစ် ၂၀၀ အမွေအနှစ်တွေ အကုန်လုံး သူတို့လက်ထဲ ရောက်သွားလိမ့်မယ်။”
သူ၏ ပိုင်ဆိုင်မှုများကို ရန်သူများ မည်သို့ ခွဲဝေယူကြမည်ကိုပင် ဆိုလွန် ကြိုတင် ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။ ကွေ့ရှင်းဖူအတွက် ၃၀ ရာခိုင်နှုန်း ၊ မင်းသား ကျိလီအတွက် ၄၀ ရာခိုင်နှုန်းနှင့် အထက်တန်းလွှာများအတွက် ၃၀ ရာခိုင်နှုန်းပင်။
အသက်ရှင်ကျန်ရစ်ရန်အတွက် ဆိုလွန်အနေဖြင့် မဖြစ်မနေ အနိုင်ယူရမည်သာ။
မြို့စားကြီး ကျိထင်က သက်ပြင်းချရင်း ဆက်ပြောသည်။ “အခု ဝန်ထုပ်ဝန်ပိုးတွေ အကုန်လုံးက မင်းရဲ့ ပခုံးပေါ်မှာပဲ ရှိနေပြီ။ ပြစ်ဒဏ်ခံယူဖို့အတွက် ငါ တော်ဝင်မြို့တော်ကို ပြန်ရတော့မယ်။”
မြို့စားကြီးက စာပို့စခန်းထဲမှ ထွက်လာပြီး လက်နှစ်ဖက်ကို မြှောက်ပေးလိုက်၏။ မိန်းမစိုးများက သူ၏ လက်ကောက်ဝတ်များ၌ စက္ကူလက်ထိပ်များကို ခတ်ပေးလိုက်ကြသည်။
တော်ဝင်မျိုးနွယ်တစ်ပါး ဖြစ်သည့်အတွက် သူ့အား သံကြိုးများနှင့် ချည်နှောင်ခွင့်မရှိသော်လည်း စက္ကူလက်ထိပ်များဖြင့် ချည်နှောင်ခံရသည်မှာ ကြီးမားလှသည့် အရှက်ရဖွယ်ရာ အဖြစ်အပျက်ကြီး ဖြစ်နေဆဲပင်။
နဂါးသက်တော်စောင့် လေးဦးက သူ့အား လုံခြုံလှသည့် ရထားလုံးတစ်စီးပေါ်သို့ ပို့ဆောင်ပေးလိုက်ကြသည်။
တပ်မှူး ကျန်းနင်က အမိန့်ပေးလိုက်၏။ “ထွက်ခွာမယ်။”
မြင်းစီးသူရဲ ထောင်ပေါင်းများစွာက အကျဉ်းသားလှည်းတန်းကြီးအား တော်ဝင်မြို့တော်ဆီသို့ အစောင့်အကြပ်များဖြင့် ခေါ်ဆောင်သွားကြသည်။
မြို့စားကြီး ကျိထင်က ရှေ့ဆုံးမှဖြစ်ပြီး ချူးယွင်ကောင်တီ ကာကွယ်ရေးမှူး တောက်ကျင်းက နောက်မှ လိုက်ပါလာ၏။ ထိုနောက်၌မူ လူအုပ်ကြီး၏ ကျိန်ဆဲမှုများကို ခံနေရသည့် လက်ထိပ်ခတ်ခံထားရသော အရာရှိ ရာပေါင်းများစွာက လှည်းများပေါ်၌ လိုက်ပါသွားကြသည်။
သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဆိုလွန်တစ်ယောက် ရင်ထဲ၌ နာကျင်နေမိသည်။ ဤစတေးမှုများ အားလုံးမှာ နယ်ရုပ်လေးတစ်ရုပ်ဖြစ်သည့် သူ့အား မြစ်၏ တစ်ဖက်ကမ်းသို့ ကူးနိုင်ရန် ကူညီပေးရုံသက်သက်သာ ဖြစ်၏။
ထိုည၌ ဆိုလွန်တစ်ယောက် ရုပ်ဖျက်လိုက်သည်။ သူ၏ အသားအရေအား ဖျော့တော့တော့ အဝါရောင် ဖြစ်သွားစေရန် ဆေးဖက်ဝင် အနှစ်များကို လိမ်းကျံလိုက်ပြီး ထူထဲလှသည့် မုတ်ဆိတ်မွေးများကို ကပ်လိုက်ကာ ဆံပင်တစ်ဝက်ခန့်အား မီးခိုးရောင် ဆိုးလိုက်သည်။
လက်ရှိအချိန်၌ သူ့အား မည်သူကမှ မှတ်မိနိုင်မည် မဟုတ်တော့ချေ။
သူ တစ်ယောက်တည်း အနောက်တောင်ဘက်သို့ ခရီးဆက်လိုက်၏။ နယ်ရုပ်လေးသည် မြစ်ကို ဖြတ်ကျော်ပြီးပြီဖြစ်ရာ နောက်ကြောင်းပြန်လှည့်ရန် မဖြစ်နိုင်တော့ချေ။ စစ်တုရင်ကဲ့သို့ပင်။ နယ်ရုပ်သည် အရှေ့သို့သာ ရွှေ့နိုင်၏။ လျှောက်လှမ်းရမည့် ခြေလှမ်းတိုင်း၌ သူ မဖြစ်မနေ အနိုင်ရ ရလေမည်။ တစ်ကြိမ်ရှုံးနိမ့်သည်နှင့် ရလာဒ်မှာ သေခြင်းတရားပင် ဖြစ်၏။
ပထမခြေလှမ်းအနေဖြင့် ယန်နိုင်အာကို တတ်နိုင်သမျှ မြန်မြန် အပိုင်သိမ်းရလေမည်။
ဒုတိယခြေလှမ်းမှာ သူ၏ အဓိက စစ်တပ်အဖြစ် အသုံးပြုနိုင်ရန်အတွက် ယန်နိုင်အာ၏ ဖခင်ဖြစ်သူ ပိုင်ဆိုင်သည့် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ထိန်းချုပ်ရလေမည်။
ယခုတွင်လည်း ဆိုလွန်က တစ်ယောက်တည်း ယန်နိုင်အာနှင့် သူမ ဖခင်၏ နာမည်ကျော် ကြေးစားစစ်သည်များကို ရှာဖွေရန် ထွက်ခွာလာခြင်းပင်။
ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့မှာ နုလန်ဘုရင့်နိုင်ငံ၏ အနောက်တောင်ဘက် နယ်စပ်ရှိ ထျန်ယဲ့မြို့၌ အခြေစိုက်ထားခြင်း ဖြစ်၏။
ထျန်ယဲ့မြို့သည် မည်သည့် နိုင်ငံနှင့်မှ မသက်ဆိုင်ချေ။ တောင်ဘက်၌ တောင်တစ်သောင်း တောင်တန်း ၊ အနောက်ဘက်၌ ကျယ်ပြောလှသည့် သဲကန္တာရနှင့် အရှေ့ဘက်၌ နုလန်ဘုရင့်နိုင်ငံတို့ဖြင့် နယ်နိမိတ်ချင်း ထိစပ်နေလေပြီး ဥပဒေမဲ့ လွတ်လပ်သော နယ်မြေတစ်ခု ဖြစ်သည်။
လောက၏ အဓိက ကြားနေမြို့ကြီး သုံးမြို့ထဲမှ တစ်မြို့ဖြစ်သည့်အတွက် အကြီးမားဆုံးသော ကြေးစားစစ်သည်အဖွဲ့ အများစုမှာ ဤနေရာ၌ အခြေစိုက်တတ်ကြ၏။
မြို့တော်အတွင်း၌ ကြေးစားစစ်သည်အဖွဲ့ ရာပေါင်းများစွာ မှတ်ပုံတင်ထားကြလေပြီး စုစုပေါင်း ကြေးစားစစ်သည် တစ်သိန်းကျော်အထိ ရှိသည်ဟု ဂုဏ်ယူဝင့်ကြွားစွာ ဆိုကြသည်။
အဘယ်ကြောင့် ထိုမျှလောက် များပြားနေရသနည်း။
တိုက်ကြီးတစ်ဝန်း၌ အထက်တန်းလွှာများသည် မကြာခဏဆိုသလိုပင် အာဏာများ ဆုံးရှုံးတတ်ကြ၏။
နယ်စားတစ်ဦး ကျရှုံးသွားသောအခါ စစ်သားများမှာ လေလွင့်သူများ ဖြစ်လာကြသည်။ တိုက်ခိုက်ခြင်းက သူတို့၏ တစ်ခုတည်းသော ကျွမ်းကျင်မှု ဖြစ်နေသည့်အတွက် အသက်ရှင်ရပ်တည်နိုင်ရန် ကြေးစားစစ်သည်များအဖြစ် စုစည်းခဲ့ကြခြင်း ဖြစ်၏။
ငွေရောင်ဝံပုလွေ ယန်ယန်ကဲ့သို့သော ချွင်းချက်များလည်း ရှိသည်။ သူက လွတ်လပ်မှုကို မြတ်နိုးသူဖြစ်လေပြီး အထက်တန်းလွှာနှင့် တော်ဝင်မိသားစုများကို အစေခံရန် ငြင်းဆန်ခဲ့၏။
လွတ်လပ်စွာ ရပ်တည်နိုင်မှုကြောင့် သူက ဂန္ထဝင်တစ်ဦး ဖြစ်လာခဲ့ပြီး ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့မှာလည်း လောက၌ အင်အားအကြီးမားဆုံး အဖွဲ့များထဲမှ တစ်ခု ဖြစ်လာခဲ့သည်။
ဆိုလွန် နေ့ရောညပါ ခရီးနှင်ခဲ့၏။ ပင်ပန်းနွမ်းနယ်လှသည့် ခုနစ်ရက်အား ကျော်ဖြတ်ပြီးနောက် နယ်စပ်ကို ဖြတ်ကျော်ကာ ထျန်ယဲ့မြို့သို့ ရောက်လာသည်။
မြို့ကြီးသည် အလွန် ကြီးမားလှ၏။ လင်ဟိုင်မြို့ထက်ပင် ပို၍ ကြီးမားနေလေပြီး လူဦးရေ နှစ်သိန်းဝန်းကျင်ခန့် ရှိ၏။ ခံစစ်ဟူ၍လည်း လုံးဝနီးပါး မရှိချေ။
ဆိုလွန်အား မည်သူမည်ဝါဖြစ်ကြောင်းကို စစ်ဆေးခြင်း မရှိဘဲ မြို့တံခါးများကို အလွယ်တကူ ဖြတ်သန်းခွင့် ပေးလိုက်သည်။
အတွင်းဘက်၌မူ စည်ကားလှသည့် လမ်းမများပေါ်၌ လူမျိုးစုံဖြင့် ပြည့်နှက်နေကြ၏။ ကြေးစားစစ်သည်များသာမက မြို့ကြီးမှာ နုလန်ဘုရင့်နိုင်ငံ ၊ ရှီးလျန်ဘုရင့်နိုင်ငနှင့် တောင်ပိုင်း လူရိုင်းများအကြား၌ စီးဆင်းနေသည့် ကုန်သွယ်ရေးနှင့် မှောင်ခိုပစ္စည်းများအတွက် အဓိက အချက်အချာ နေရာတစ်ခုလည်း ဖြစ်နေသည်။
ဆိုလွန် တစ်သက်နှင့် တစ်ကိုယ် ဤမျှ သက်ဝင်လှုပ်ရှားနေသည့် မြို့မျိုးကို မမြင်တွေ့ခဲ့ဖူးချေ။
သို့သော်လည်း ပရမ်းပတာအခြေအနေများအောက်၌ ပုန်းကွယ်နေသည့် စည်းမျဉ်းတစ်ခုကို ဆိုလွန် သတိထားမိလိုက်သည်။
စစ်သားများက မြို့ရိုးများကို စောင့်ကြပ်နေကြပြီး ဧရာမ ကုန်သွယ်မှုကြီးများကို နေ့ခင်းကြောင်တောင် ပြုလုပ်နေကြသော်ငြား လုယက်မှုများ လုံးဝ မရှိချေ။ မြို့တော်ကို အလွန်ကောင်းမွန်စွာ စီမံအုပ်ချုပ်ထားခြင်းပင်။
ကြေးစားစစ်သည် ခေါင်းဆောင်များနှင့် ကုန်သည်ခေါင်းဆောင်များ ပါဝင်သည့် ဆယ့်သုံးဦး ကောင်စီက မြို့တော်ကို အုပ်ချုပ်ကြ၏။ ငွေရောင်ဝံပုလွေ ယန်ယန်သည်လည်း ထိုအကြီးအကဲများထဲမှ တစ်ဦးဖြစ်လေပြီး မြို့တော်၏ စံမံသူအဖြစ်ပင် တာဝန်ထမ်းဆောင်နေသည်။
ယန်ယန်မှာ အလွန် နာမည်ကျော်ကြားသူဖြစ်သောကြောင့် ဆိုလွန်တစ်ယောက် အုပ်ချုပ်ရေးမှူးအိမ်တော်ကို အလွယ်တကူပင် ရှာတွေ့သွား၏။
ဧရာမ အိမ်တော်ကြီးက မြို့လယ်ခေါင်၌ မြေဧက ဒါဇင်ပေါင်းများစွာအား နေရာယူထား၏။ ထျန်းရွှေ မြို့စားအိမ်တော်ထက် သေးငယ်သော်ငြား ပို၍ ဩဇာတိက္ကမ ကြီးမားပုံပေါ်နေသည်။
ဆိုလွန် တံခါးကို ချက်ချင်း မခေါက်လိုက်ချေ။ လူအနည်းငယ်က အိမ်တော်ကို လျှို့ဝှက်စွာ စောင့်ကြည့်နေကြသည်ကို သူ သတိထားမိလိုက်၏။
သူတို့က ဒေသခံများလည်း ဖြစ်နိုင်သလို နုလန်တော်ဝင်မြို့တော်မှ သူလျှိုများလည်း ဖြစ်နေနိုင်သည်။
တကယ်၍ ယန်ယန်နှင့် တွေ့ဆုံရန်အတွက် မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်လိုက်မည်ဆိုပါက သူ သေရလိမ့်မည်။ ယန်ယန်က သူ့ကို သတ်မည် သို့မဟုတ် မင်းသား ကျိလီ၏ လုပ်ကြံသူများက သတ်ပေလိမ့်မည်။
ထျန်ယဲ့မြို့ကဲ့သို့ ဥပဒေမဲ့သည့် နေရာမျိုး၌ ကျိလီအနေဖြင့် သူ့အား လွယ်လွယ်ကူကူပင် သတ်ပစ်နိုင်စွမ်းရှိနေ၏။
ဆိုလွန်က ယန်နိုင်အာကို တစ်ချက်လောက် မြင်ရရန်အတွက်သာ အိမ်တော်ဆီသို့ လာခြင်း ဖြစ်သည်။ သူမအား ဆိုလွန် လူကိုယ်တိုင် တစ်ခါမှ မမြင်ဖူးခဲ့ချေ။
နှစ်နာရီကြာအောင် စောင့်ဆိုင်းနေခဲ့သော်လည်း ပင်မတံခါးကြီးများမှာ တင်းကျပ်စွာ ပိတ်ထားဆဲပင်။
ရုတ်တရက် အနီးနားရှိ မသင်္ကာစရာပုံစံနှင့် လူတစ်ယောက်က လာမေး၏။ “ဝေ့... အစ်ကို... ခင်ဗျား နယ်စပ်ရဲ့ နံပါတ်တစ် အလှပန်းလေးကို လာကြည့်တာလား။”
အပိုင်း ၂၃၅ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team