← Chapters

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆

Vol. 24 Ch. 236

အပိုင်း ၂၃၆

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

နယ်စပ်၏ နံပါတ်တစ် အလှပန်းလေးဆိုသည်မှာ ယန်နိုင်အာသာ ဖြစ်ပေလိမ့်မည်။

ဆိုလွန်က အရာအားလုံးကို သိနားလည်နေသည့် အပြုံးဖြင့် မေးလိုက်သည်။ "ခင်ဗျား ဘယ်လိုလုပ် သိတာလဲ။"

ရုပ်ကြမ်းကြီးနှင့် လူက ရယ်မောလျက် ပြန်ဖြေ၏။ "ထျန်ယဲ့မြို့ကို ရောက်ရင် မဖြစ်မနေ လုပ်ရမယ့် ကိစ္စသုံးခုရှိတယ်ဆိုတာ လူတိုင်းသိတယ်။ နံပါတ်တစ် အလှပန်းလေးကို ကြည့်မယ် ၊ ရှီးလျန်အမျိုးသမီးတွေကို ပိုးပန်းမယ် ၊ ပြီးတော့ လူမည်းကျေးကျွန် တစ်ယောက် ဝယ်မယ်။ အဲဒါတွေပဲ။" သူက အုပ်ချုပ်ရေးမှူးအိမ်တော်၏ အပြင်ဘက်၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေကြသည့် လူများကို လက်ညှိုးထိုးပြလိုက်သည်။ "ဟိုမှာကြည့်။ သူတို့အားလုံးက ယန်မိသားစုရဲ့ အလှပန်းလေးကို မြင်ရဖို့ ရောက်နေကြတာ။"

ဆိုလွန် ဘေးဘီဝဲယာသို့ ဝေ့ကြည့်လိုက်ရာ ဆွဲဆောင်မှုရှိစေရန် ဟန်ရေးပြနေကြသည့် နယ်ဝေးဧည့်သည် အများအပြားကို မြင်တွေ့လိုက်ရသည်။ ယန်နိုင်အာ ဤမျှလောက်အထိ နာမည်ကျော်ကြားနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ သူမအား မြင်တွေ့ရရေးသည်က ဧည့်သည်များအတွက် အမှန်တကယ်ပင် အရေးအကြီးဆုံး ကိစ္စတစ်ခု ဖြစ်နေသည်လော။

ဆိုလွန်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။ "ဒီ ယန်မိသားစုရဲ့ အလှပန်းလေးက တကယ်ပဲ အဲဒီလောက်တောင် လှနေလို့လား။"

ရုပ်ကြမ်းကြီးနှင့် လူ၏ မျက်လုံးများထဲ၌ တပ်မက်မှုများက မီးတောက်တစ်ခုကဲ့သို့ တောက်လောင်သွားသည်။ "လှတယ်ဆိုတဲ့ စကားလုံးနဲ့တင် မလုံလောက်ဘူး။"

"စွဲမက်ဖွယ်ကောင်းတာ။ အေးစက်စက် မျက်နှာလေးက ခင်ဗျားရဲ့ စိတ်ဝိညာဉ်ထဲထိ ဖောက်ထွင်းကြည့်နေသလိုပဲ။ ရင်သားတွေက လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လို့တောင် မရနိုင်လောက်အောင်ကို ကြီးမားတယ်။"

"ပြီးတော့ အဲဒီ ခန္ဓာကိုယ်အချိုးအစားကြီးကလေ...။ တစ်ခါလောက် ထိတွေ့ခွင့်ရမယ်ဆိုရင် ကျုပ်ရဲ့ အသက် ဆယ်နှစ်လောက်ကိုတောင် စွန့်လွှတ်ရဲတယ်။ ရှီးလျန်အမျိုးသမီးတွေကို ပိုးပန်းတာက ဘာလို့ ဒုတိယ ဖြစ်နေလဲဆိုတာ ခင်ဗျား သိလား။ အလှပန်းလေးကို ကြည့်ပြီးသွားရင် ဖြစ်လာမယ့် ခင်ဗျားရဲ့ ရင်ထဲက အပူမီးကို ငြှိမ်းသတ်ပေးမယ့်သူ လိုအပ်လာလို့ပဲ။"

ထိုကဲ့သို့ ရိုင်းစိုင်းလှသည့် စကားများကြောင့် ဆိုလွန် မျက်မှောင်ကြုတ်သွားမိသော်ငြား အပြုံးတစ်ခုကိုသာ အတင်း ဖန်တီးလိုက်သည်။ "သူ ဘယ်တော့လောက် အပြင်ထွက်လာမလဲ။"

ရုပ်ကြမ်းကြီးက ခေါင်းရမ်းကာ ပြောလိုက်၏။ "ကံဆိုးတယ် ညီလေး။ သူရော ယန်မိသားစုရဲ့ အုပ်ချုပ်ရေးမှူးရော အိမ်မှာ မရှိကြဘူး။"

"ဘယ်တော့လောက် ပြန်လာမလဲ။"

"ကျုပ် ဘယ်လိုလုပ် သိမှာလဲ။ မနေ့က ထွက်သွားတယ်ဆိုတာလောက်ပဲ ကျုပ် သိတယ်။"

ဆိုလွန်က ခေါင်းညိတ်ကာ ပြောသည်။ "ကျေးဇူးပဲ။ မနက်ဖြန်မှပဲ လာကြည့်လှည့်ဦးမယ်။"

ရုပ်ကြမ်းကြီးက ဆိုလာ၏။ "သေချာပေါက် လာခဲ့ပါ။ မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ် ဆိုသလိုပဲ ထျန်ယဲ့မြို့ကိုရောက်ရင် အလှပန်းလေးကို မမြင်ပဲ ပြန်သွားလို့ မရဘူး။ တစ်ချက်လောက် မြင်လိုက်ရရင်ကို ခင်ဗျား တစ်သက်လုံး အိပ်မက်လှလှတွေ မက်နေရတော့မှာ။"

ယန်နိုင်အာ အပြင်ထွက်သွားပြီး မည်သည့်နေရာသို့ သွားမှန်း မသိရသောကြောင့် ဆိုလွန် လှုပ်ရှား၍ မရသေးချေ။ သူမ အိမ်၌ ရှိနေမည်ဆိုလျှင်ပင် ဆိုလွန်တစ်ယောက် မဆင်မခြင် ဝင်သွားမည် မဟုတ်ပေ။ ထိုသို့ဝင်သွားပါက ယန်ယန်၏ လက်ဝါးရိုက်ချက်ကြောင့် အသက်ပျောက်သွားနိုင်ချေရှိနေ၏။

ဆိုလွန်က မေးခွန်းပြောင်းလိုက်သည်။ "ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့က ဘယ်မှာလဲ။"

ထိုသူက ပြန်ဖြေ၏။ "မြို့ပြင်မှာလေ။"

"သူတို့ လူသစ် စုဆောင်းနေလား။"

ခဏမျှ ကြောင်အသွားပြီးနောက် ထိုသူက ဆိုလွန်အား ကြည့်ကာ ရယ်မောလိုက်သည်။ "ညီလေးက အလှလေးကို မြင်ရဖို့အတွက် အစွမ်းကုန် ကြိုးစားနေတာပဲ။"

ဆိုလွန်က ပြန်ဖြေ၏။ "ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ထဲ ဝင်လိုက်ရင် အလှပန်းလေးကို နေ့တိုင်း မြင်ရမယ် မဟုတ်လား"

"မင်းကို ကျုပ် လေးစားသွားပြီ။" ရုပ်ကြမ်းကြီးက လက်မထောင်ပြလိုက်သည်။ "အတွေးကောင်းပဲ။ အလှလေး ယန်က အချိန်အများစုကို ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ဦးဆောင်ရင်း ကုန်ဆုံးလေ့ရှိတယ်။ တကယ်လို့ မင်းသာ စွမ်းဆောင်ရည် ကောင်းမယ်ဆိုရင် အလှလေးနဲ့ အနီးကပ် အလုပ်လုပ်ခွင့် ရနိုင်တယ်။ အဲဒါဆိုရင်တော့ နတ်စည်းစိမ်ကို ခံစားရသလို ဖြစ်နေတော့မှာပဲ။"

ဆိုလွန်က ထပ်မေးလိုက်၏။ "ဆိုတော့ကာ သူတို့ လူသစ် စုဆောင်းနေလား။"

ထိုသူက ခေါင်းညိတ်သည်။ "သေချာတာပေါ့။ မင်းမှာ လုံလောက်တဲ့ ခွန်အားနဲ့ စွမ်းရည်ရှိနေသရွေ့ ဝင်လို့ရတယ်။ အနောက်ဘက် မြို့တံခါးကနေ ဆယ်မိုင်လောက် သွားလိုက် ၊ သူတို့ရဲ့ စခန်းကို တွေ့လိမ့်မယ်။"

"ကျေးဇူးပါပဲ။" ဆိုလွန်က ထိုသူ့ထံသို့ ငွေဒင်္ဂါးအနည်းငယ် ပစ်ပေးလိုက်ရာ သကောင့်သား အလွန်အမင်း ဝမ်းသာသွားတော့၏။

ထျန်ယဲ့မြို့၌ ဆိုလွန် ရသည့် အချိန်မှာ အလွန် နည်းပါးနေလေပြီး သူ၏ တာဝန်မှာလည်း အလွန် ခက်ခဲလှသည်။ သူ၏ အဓိက ဦးစားပေးမှာ ယန်နိုင်အာ၏ စိတ်နှလုံးကို သိမ်းပိုက်ပြီး သူမနှင့် အတူတူ နေထိုင်ရန်ပင်။

ထိုသို့လုပ်ပြီးမှသာ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို တောင်းဆိုရန် ယန်ယန်ထံသို့ ချဉ်းကပ်နိုင်ပေလိမ့်မည်။

ထိုအချိန်သို့ ရောက်လာပါက ယန်ယန်တစ်ယောက် ဒေါသတကြီးဖြင့် သောင်းကျန်းလာလျှင်ပင် ယန်နိုင်အာက သူမကိုယ်သူမ သတ်သေမည်ဟု ခြိမ်းခြောက်လိုက်ပါက နောက်ဆုံး၌ ယန်ယန်အနေဖြင့် ဆိုလွန်အား သမက်အဖြစ် မဖြစ်မနေ လက်ခံရပေလိမ့်မည်။

သို့သော်လည်း ဆိုလွန်ဆိုသည့် ခွေးသတောင်းစားလေးက ယန်နိုင်အာကို အလွန် နာကျင်စေခဲ့ဖူး၏။ သူမ၏ ရှေ့သို့ ရုတ်တရက် ပေါ်လာ၍ မရနိုင်ချေ။

သူ့အနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သရုပ်မှန်ကို ဖုံးကွယ်ကာ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ထဲသို့ ဝင်ရောက်ရန် လိုအပ်၏။ သူစိမ်းတစ်ယောက်အနေဖြင့် အနီးကပ် နေထိုင်ခြင်းဖြင့် အခြေအနေကို အကဲခတ်နိုင်ပြီး သူ၏ အောင်မြင်မှုကို သေချာစေနိုင်ပေလိမ့်မည်။

ဆိုလွန် အနောက်ဘက် မြို့တံခါးမှ ထွက်ခွာလာပြီး ဆယ်မိုင်ခန့် ခရီးနှင်လိုက်သည်။ သိပ်မကြာလိုက်ချေ။ မြို့ငယ်လေးတစ်မြို့နှင့်ပင် တူနေသည့် ဧရာမ စစ်တပ်စခန်းကြီးတစ်ခုကို မြင်လိုက်ရ၏။ စခန်းကြီး၏ အထက်၌ ငွေရောင်ဝံပုလွေ အလံကြီး တစ်ခုက လွင့်ပျံနေသည်။

ဆိုလွန် တံခါးစောင့်တစ်ယောက်ကို ပြောလိုက်၏။ "ကျွန်တော် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ထဲ ဝင်ချင်လို့ပါ။"

တံခါးစောင့်က တည်ငြိမ်စွာပင် လက်ညှိုးထိုးပြလိုက်သည်။ "ဟိုဘက်မှာ စာရင်းသွင်းဖို့ တန်းစီ။"

ဆိုလွန် တန်းစီနေသည့် လူတစ်ရာကျော်ကို မြင်လိုက်ရ၏။ သူ တံတွေးမျိုချကာ မေးလိုက်သည်။ "အာ...။ သူတို့အားလုံးက အဖွဲ့ထဲဝင်ဖို့ လာကြတာလား"

တံခါးစောင့်က အသာအယာပင် ခေါင်းညိတ်လိုက်၏။ "အင်း...။ နေ့တိုင်း ဒီလိုချည်းပါပဲ။"

လျှောက်ထားသူ အများစုမှာ လူငယ်များဖြစ်ကြလေပြီး အလွန်အမင်း ရုပ်ရည်ချောမောနေကြကြောင်းကို ဆိုလွန် သတိထားမိလိုက်သည်။ "ဘာလို့ သူတို့အားလုံးက ဒီလောက် သန့်ပြန့်နေကြတာလဲ။"

တံခါးစောင့်က ရှင်းပြလိုက်၏။ "ကျွန်တော်တို့ရဲ့ ဝံပုလွေဘုရင်က အဖွဲ့ထဲကနေ သခင်မလေးအတွက် ခင်ပွန်းလောင်းတစ်ယောက် ရှာဖွေနေတာလေ။ အရွေးခံရတဲ့သူက ဝံပုလွေဘုရင်သစ် ဖြစ်လာလိမ့်မယ်။"

ဆိုလွန်တစ်ယောက် စိတ်ထဲ၌ ကျိန်ဆဲလိုက်မိသည်။ ပြိုင်ဘက်တွေက ဤမျှလောက် များနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

ယန်နိုင်အာကို လက်ထပ်ရသည်က ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့၏ သခင်ဖြစ်လာမည်ဟု ဆိုလိုနေသောကြောင့် အမျိုးသားများ ဤနေရာသို့ အုံလိုက်ကျင်းလိုက် ရောက်လာကြသည်မှာ အံ့ဩစရာ မဟုတ်ချေ။

ထို့အပြင် သူမလေးက နယ်စပ်၏ နံပါတ်တစ် အလှပန်းလေးအဖြစ်လည်း နာမည်ကျော်ကြားနေသေးသည် မဟုတ်ပါလော။

သူ၏ မျက်နှာအစစ်ကို ဖော်ပြ၍ မရနိုင်သောကြောင့် ဆိုလွန်တစ်ယောက် တိတ်ဆိတ်စွာဖြင့်သာ သွား၍ တန်းစီလိုက်၏။

လူငယ်စစ်သည်များက အစပိုင်း၌ သူ့အား စူးစမ်းစွာ ကြည့်လိုက်ကြသော်လည်း သူ၏ ရုပ်ကြမ်းကြီးဖြင့် ရုပ်ဖျက်ထားမှုကို မြင်ပြီးနောက် ရွံရှာစွာဖြင့် မျက်နှာလွှဲသွားကြသည်။

လက်ရှိအချိန်၌ ဆိုလွန်က ရိုင်းစိုင်းခက်ထန်သည့် အသွင်အပြင်ရှိပြီး လူလတ်ပိုင်းအရွယ်ခန့် ရှိနေ၏။ ထိုသောက်ခွက်ကြီးဖြင့် အလှပန်းလေးအား လိုချင်နေသည်လော။ တကယ့် သောက်ရူးပင်။

ဤနေရာရှိ လူများအားလုံးမှာ အလွန်တရာ ရုပ်ရည်ချောမောလှသူများချည်း ဖြစ်ကြရာ ဆိုလွန်တစ်ယောက် ပန်းခင်းထဲမှ နွားချေးပုံကဲ့သို့ ဖြစ်နေတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် ဆိုလွန်၏ အလှည့်သို့ ရောက်လာ၏။

တာဝန်ခံအရာရှိက မေးသည်။ "နာမည်။"

ဆိုလွန်က ပြန်ဖြေလိုက်၏။ "လန်လင်း။"

ကဗျာဆန်လှသည့် နာမည်ကို ကြားလိုက်ရသဖြင့် အရာရှိမှာ မော့ကြည့်လိုက်သော်ငြား ရုပ်ကြမ်းကြီးဖြင့် လူကို မြင်လိုက်ရသောအခါ စိတ်ပျက်သွားရသည်။ မျက်နှာနှင့် နာမည်က လိုက်ဖက်မနေချေ။

"မင်းရဲ့ စွမ်းရည်က ဘာလဲ။"

"လေးပစ်စွမ်းရည်။"

ဆိုလွန် မှတ်ပုံတင်စာအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်၏။ လျှောက်ထားသူ အများစုမှာ ဓားပညာ ၊ မြင်းစီးကျွမ်းကျင်မှုနှင့် ခွန်အားစစ်သည်တော်များကိုသာ ရွေးချယ်ကြသည်။

စစ်သည်တော်အဆင့်သို့ ရောက်သွားသည်နှင့် လေးပစ်ပညာကို လေ့လာသူမှာ အလွန် နည်းပါးသွားလေ့ရှိ၏။ ဤသည်က ပြိုင်ဆိုင်မှု နည်းပါးမည်ဟု ဆိုလိုခြင်းပင်။

အရာရှိက ပြော၏။ "လေးပစ်စွမ်းရည်။ မင်း ကံကောင်းတယ်။ ဒီနေ့ စာရင်းလာသွင်းတဲ့ လူတွေထဲမှာ လေးကိုင်စစ်သည် ကိုးယောက်ပဲ ပါသေးတယ်။"

ဆိုလွန်က မေးလိုက်သည်။ "နေရာ ဘယ်နှနေရာ ကျန်နေသေးလဲ။"

အရာရှိက ပြန်ဖြေ၏။ "ပုံမှန်ဆိုရင်တော့ စစ်သည်တော်အဆင့် ကျွမ်းကျင်သူတိုင်းကို ငါတို့ လက်ခံတယ်။ ဒါပေမဲ့ မင်းတို့အားလုံးက တခြားရည်ရွယ်ချက်တွေ ရှိနေကြတဲ့အတွက် တစ်နေ့ကို လူဆယ်ယောက်ပဲ လက်ခံတော့တယ်။ လေးကိုင်စစ်သည်အတွက်ဆိုရင်တော့ နှစ်ယောက်ပဲ ခေါ်မယ်။"

ကိုးယောက်လျှင် လူ နှစ်ယောက်သာ အောင်မြင်မည်။ အခြားသူများ၏ စွမ်းရည်များကို မသိရလျှင်ပင် ဤသည်က ကောင်းမွန်သည့် အချိုးအစားပင်။ အကောင်းဆုံး ဖြစ်ရန်မလိုပေ။ ဒုတိယ ဆိုလျှင် လုံလောက်လေပြီ။

အရာရှိက ပြောလိုက်၏။ "ပြင်ဆင်ထားလိုက်။ နောက်တစ်နာရီနေရင် စမ်းသပ်မှု စမယ်။"

**--**--**--**--**--**--**--**

တစ်နာရီကြာပြီးနောက် ညအမှောင်ကျလာသည်။ လေးပစ်ပြိုင်ပွဲကို အမှောင်ထဲ၌ ပြုလုပ်ခြင်းဖြစ်၏။

တော်ဝင်အကယ်ဒမီ စာမေးပွဲများနှင့် မတူဘဲ ကြေးစားစစ်သည်များ၏ စမ်းသပ်မှုများမှာ လုံလောက်သည့် အလင်းရောင် မရှိဘဲ တကယ့်တိုက်ပွဲ အခြေအနေများနှင့် တူညီအောင် ဖန်တီးထားခြင်း ဖြစ်သည်။

ဆိုလွန်နှင့် အခြားရှစ်ယောက်တို့မှာ ကွင်းပြင်ထက်၌ မတ်တပ်ရပ်နေကြ၏။ ပစ်မှတ်များမှာ မီတာ ၃၀၀ အကွာ၌ ရှိနေသည်။

ဆိုလွန် စာရင်းကို အစောကတည်းက စစ်ဆေးထားခဲ့ပြီး သူ၏ အဆင့်က အနိမ့်ဆုံးဖြစ်နေကြောင်းကို သတိထားမိလိုက်သည်။

မြင့်မားသည့် အဆင့်မရှိသူ မည်သူမဆို လာရောက်လျှောက်ထားဝံ့မည် မဟုတ်ချေ။ ထိုသို့တိုင်အောင် ဆိုလွန်က ယုံကြည်မှု ရှိနေဆဲပင်။

သူ၌ ရုပ်ပိုင်းဆိုင်ရာ ခွန်အားချို့တဲ့နေသော်လည်း ကြောက်မက်ဖွယ်ကောင်းလှသည့် စိတ်ဝိညာဉ်စွမ်းအား ရှိနေ၏။ အမှောင်ထုကြောင့် အဝေးမှ ပစ်မှတ်များအား လုံးဝနီးပါး မမြင်ရချေ။

အခြားသူများအတွက် ပြဿနာကြီးဖြစ်သော်လည်း ဆိုလွန်အတွက်မူ အသာအယာပင်။

ခွန်အားနည်းပါးနေလျှင်ပင် သူ၌ နဂါးစွမ်းအားကို အသုံးပြုပြီး အသူရာမိစ္ဆာကြယ်လည်း ရှိနေ၏။ ထိပ်ဆုံး နှစ်နေရာ၌ ပါဝင်ရန်မှာ သေချာသလောက်ပင်။

ဆိုလွန် စိတ်ထဲမှ မေးလိုက်သည်။ 'အသူရာမိစ္ဆာကြယ်။ ငါတို့ဆီမှာ သိုလှောင်ထားတဲ့ နဂါးစွမ်းအားနဲ့ အပြင်းအထန် ပစ်ခတ်မှု ဘယ်နှကြိမ်လောက် လုပ်နိုင်မလဲ။'

အသူရာမိစ္ဆာကြယ်က ပြန်ဖြေ၏။ 'အကြိမ်များစွာပါပဲ။'

လွန်ခဲ့သည့်အကြိမ်က အချက်တစ်ရာကျော် ပစ်ခတ်ရန် လုံလောက်သည့် အချိန်၌ပင် အသူရာမိစ္ဆာကြယ်က အကြိမ်များစွာဟူသည့် စကားလုံးကို အသုံးမပြုခဲ့ချေ။

ဆိုလွန်က ထပ်မေးလိုက်၏။ 'ငါတို့ဆီမှာ ဘယ်လိုလုပ် အဲဒီလောက် အများကြီး ရှိနေရတာလဲ။ ဒီကိုလာတဲ့ လမ်းမှာ ငါ ဓားပြတွေနဲ့ သားရဲနည်းနည်းလောက်ပဲ သတ်ခဲ့ရတာလေ။ သူတို့ရဲ့ အဆင့်တွေကလည်း နိမ့်နိမ့်လေးဟာကို။'

အသူရာမိစ္ဆာကြယ်က ပြောသည်။ 'ကောင်းကင်သင်္ချိုင်းကို သခင် မေ့သွားပြီလား။ စိတ်ဝိညာဉ်အမျိုးအစားဆိုပေမဲ့ သူ့ဆီမှာ နဂါးစွမ်းအား ရှိနေတုန်းပဲ။ ကျွန်တော်တို့ အဲဒါတွေကို အများကြီး စုပ်ယူခဲ့တယ်။'

ဆိုလွန်က ဆက်မေးသည်။ 'ငါတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကရော ဘယ်လိုလဲ။ ပစ်ခတ်မှု ဘယ်နှကြိမ်လောက်ကို ထောက်ပံ့ပေးနိုင်မလဲ။'

အသူရာမိစ္ဆာကြယ်က ခပ်ပြတ်ပြတ် ပြန်ဖြေ၏။ 'ပိုပြီးတော့တောင် များသေးတယ်။'

ကောင်းကင်သင်္ချိုင်းမှ ရလာသည့် စိတ်ဝိညာဉ်စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားလှလေပြီး အရိပ်ပင့်ကူဘုရင်မ ဆယ်ကောင်နီးပါးနှင့်ပင် သွား၍ ညီမျှနေ၏။

ဆိုလွန်က ထိုစွမ်းအားအများစုကို သူ၏ စိတ်ဝိညာဉ်ပါရမီအား ပြောင်းလဲရန် အသုံးပြုခဲ့ပြီး ၈.၇ ဆိုသည့် ထူးကဲလှသော အမှတ်တစ်ခုအထိ ရောက်ရှိသွားလာသည်။

ကျန်ရှိနေသည့် စိတ်ဝိညာဉ်စွမ်းအားများမှာ သူ၏ ပါရမီကို ထပ်မံမြှင့်တင်ရန် မလုံလောက်တော့သော်လည်း တိုက်ပွဲအတွက်မူ ဧရာမ အင်အားကြီးတစ်ခု ဖြစ်နေ၏။ ဤစွမ်းအားများက ဆိုလွန်၏ ယုံကြည်မှု အရင်းအမြစ်ပင် ဖြစ်သည်။

ဆိုလွန် သူ၏ ပြိုင်ဘက်များကို အကဲခတ်လိုက်၏။ တစ်ယောက်မှာ ဖန်မိုဟုခေါ်သည့် အလယ်အလတ်အဆင့် လေးကိုင်စစ်သည်ဖြစ်လေပြီး ကျန်ခုနစ်ယောက်မှာမူ အများစုက အဆင့်မြင့် လေးကိုင်စစ်သည်များ ဖြစ်ကြသည်။ ဆိုလွန် တစ်ယောက်တည်းသာ တတိယအဆင့် လေးကိုင်စစ်သည် အဆင့်၌ ရှိနေခြင်း ဖြစ်၏။

အပိုင်း ၂၃၆ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters