← Chapters

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း ၂၃၇

Vol. 24 Ch. 237

အပိုင်း ၂၃၇

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ပြိုင်ပွဲကို ကြီးကြပ်သူမှာ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့၏ လေးကိုင်စစ်သည်စခန်းခေါင်းဆောင် ယွမ်ကျဲ့ ဖြစ်၏။

သူက မာန်ပါပါ အော်ဟစ်လိုက်သည်။ "အသင့်ပြင်ထားကြ။"

ပြိုင်ပွဲဝင် ကိုးယောက်လုံးက ဆွဲအား ၄၅၀ ကျင်းရှိသည့် လေးကြိုးများကို ဆွဲတင်လိုက်ကြ၏။ ပုံမှန်အားဖြင့် ဤဆွဲအားမှာ ဆိုလွန်၏ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်ကို ကျော်လွန်နေလေပြီ။

သူ၏ ခွန်အားသက်သက်ဖြင့်ဆိုလျှင် ၃၀၀ ကျင်းကိုသာ ကိုင်တွယ်နိုင်ပေလိမ့်မည်။ အလေးချိန် ၄၅၀ ကျင်းအား ဆွဲနိုင်ခြင်းမှာ ဆဋ္ဌမအဆင့် လေးကိုင်စစ်သည်တစ်ယောက်အတွက် စံသတ်မှတ်ချက်တစ်ခုဖြစ်ပြီး ဤပြိုင်ပွဲသို့ ဝင်ရောက်ရန်အတွက် အနိမ့်ဆုံး လိုအပ်ချက်လည်း ဖြစ်၏။

သို့သော် နဂါးစွမ်းအား၏ အကူအညီဖြင့် ဆိုလွန်တစ်ယောက် သူ၏လေးအား အလွယ်တကူပင် ဆွဲတင်လိုက်နိုင်သည်။

"ရွှီးးးး"

လေခွင်းသံနှင့်အတူ မြှားတစ်စင်းက ပြိုင်ပွဲကို စတင်လိုက်၏။

အခြားသော လေးကိုင်စစ်သည် ရှစ်ဦးမှာလည်း ချက်ချင်းပင် ပစ်ခတ်လိုက်ကြသည်။ ပစ်မှတ်များမှာ ငြိမ်သက်နေသောကြောင့် အလွယ်တကူ ချိန်ရွယ်ထားနိုင်ပြီး စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုရန် မလိုအပ်ချေ။ ရှစ်ယောက်စလုံး၏ မြှားများမှာ ပစ်မှတ်၏ ဗဟိုတည့်တည့်သို့ ထိမှန်သွားကြ၏။

ဆိုလွန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားဖြင့် ချိန်ရွယ်ကာ ပစ်ခတ်လိုက်သည်။ သူသည်လည်း ပစ်မှတ်၏ ဗဟိုသို့ ထိမှန်ခဲ့၏။

သို့သော် ပစ်ခတ်ရန်အတွက် နှစ်စက္ကန့်နီးပါးမျှ အချိန်ယူလိုက်ရသောကြောင့် အနှေးဆုံးဖြစ်သွားရသည်။ တိကျမှု စွမ်းရည်က တူညီနေလျှင်ပင် အမြန်နှုန်းအရာ၌ အသာစီးမရပါက အရွှေးခံရမည် မဟုတ်ပေ။

သူ့အား ကြည့်နေသည့် ယွမ်ကျဲ့ကမူ ဆိုလွန်အား ဖြုတ်မည်ဟု သတ်မှတ်လိုက်၏။ သူ အနည်းငယ်တော့ နှမြောသွားမိသည်။ လက်ရှိအချိန်၌ ဆိုလွန်မှာ ရုပ်ကြမ်းကြီးနှင့် အသက်လေးဆယ်အရွယ် လန်လင်းအမည်ရှိ လူကြီးတစ်ယောက်အဖြစ် ရုပ်ဖျက်ထားခြင်းပင်။

သခင်မလေး ယန်နိုင်အာကို ပိုးပန်းရန်အတွက်သာ ဝင်ရောက်လာကြသည့် လူငယ်အထက်တန်းလွှာများနှင့် မတူဘဲ လန်လင်းမှာ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို အမှန်တကယ် အလုပ်အကျွေးပြုချင်နေသည်ဟု ယွမ်ကျဲ့ ယုံကြည်ထားမိ၏။

သို့သော် နေရာနှစ်နေရာသာ ကျန်ရှိတော့သည်ဖြစ်ရာ ယွမ်ကျဲ့အနေဖြင့်လည်း တင်းကျပ်လှသည့် စည်းမျဉ်းများကို ချိုးဖောက်၍ သူ့အား ရွေးချယ်ပေးနိုင်မည် မဟုတ်ချေ။

ဆရာများက ပစ်ခတ်မှု တစ်ခုချင်းစီကို အချိန်ကိုက်သတ်မှတ်ပေးသည့် တော်ဝင်အကယ်ဒမီနှင့် မတူဘဲ ဤပြိုင်ပွဲ၌မူ ဆက်တိုက်ပစ်ခတ်ရန် လိုအပ်လှ၏။

ပစ်မှတ်လွဲချော်သွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ပြုတ်မည်ဖြစ်သည်။ အချီအပြည့်မှာ မြှားအစင်းနှစ်ဆယ်ဖြစ်လေပြီး လေးကိုင်စစ်သည် ခုနစ်ယောက် ပြုတ်သွားသည်အထိ ဆက်လက် ယှဉ်ပြိုင်ကြရမည် ဖြစ်၏။

ဆိုလွန် သူ၏ ဒုတိယမြောက် မြှားအား တပ်ဆင်လိုက်စဉ်မှာပင် လူအုပ်ကြီးထံမှ ထွက်ပေါ်လာသည့် အံ့ဩတကြီး ရေရွတ်သံများကြောင့် ရပ်တန့်သွားရသည်။

ဖန်မိုဟု အမည်ရသည့် ပြိုင်ပွဲဝင်တစ်ယောက်က အလွန်တရာ အံ့မခန်းကောင်းမွန်လှသည့် အဆက်မပြတ် ပစ်ခတ်ခြင်း စွမ်းရည်ကို ပြသနေ၏။

ရပ်တန့်သွားခြင်းမရှိဘဲ ကျန်ရှိနေသည့် မြှားဆယ့်ကိုးစင်းအား လေးစက္ကန့်ပင် မပြည့်သည့် အချိန်အတွင်း ပစ်ခတ်လိုက်၏။ မြှားတိုင်းမှာ ပစ်မှတ်၏ ဗဟိုတည့်တည့်သို့ အတိအကျ ထိမှန်သွားသည်။

စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်သောအခါ ဖန်မို၏ မြှားများသည် ဖြောင့်တန်းလှသည့် မျဉ်းကြောင်းတစ်ကြောင်းအဖြစ် ဆက်တိုက်ဆိုသလို ပျံသန်းသွားကြောင်းကို ဆိုလွန် မြင်တွေ့လိုက်ရ၏။ စိတ်ဝိညာဉ်စွမ်းအားဖြင့် ချိန်ရွယ်ရန်အတွက်မူ ဤသည်က အလွန်အမင်းကို မြန်ဆန်လွန်းနေလေပြီ။

ဤသည်အား ရှင်းပြနိုင်သည့် အကြောင်းပြချက် တစ်ခုတည်းသာ ရှိတော့သည်။ ဖန်မိုထံ၌ ရှားပါးလှသည့် နတ်ဘုရားလေးပစ်ပါရမီ ရှိနေခြင်းပင်။ မွေးရာပါ အလိုအလျောက် အသိစိတ်ကိုသာ အားကိုးနေခြင်း ဖြစ်၏။

သန်းတစ်ထောင်၌ တစ်ယောက်သာရှိနိုင်သည့် ထိုပါရမီက ဖန်မိုအား ကြောက်မက်ဖွယ်ကောင်းလှသည့် ပြိုင်ဘက်တစ်ယောက် ဖြစ်လာစေပြီး များပြားသည့် စိတ်ဝိညာဉ်စွမ်းအား မရှိလျှင်ပင် မည်သည့် စစ်တပ်အတွက်မဆို အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါး ဖြစ်နေပေလိမ့်မည်။

ကြည့်ရှုနေကြသူများအားလုံး မှင်သက်သွားကြရ၏။

ယွမ်ကျဲ့၏ မျက်လုံးများက တောက်ပသွားသည်။ ဤကဲ့သို့ ပါရမီရှိသည့် လူငယ်မျိုးမှာ အလွန်အမင်း ရှားပါးလှ၏။

ထိုကောင်လေးက မကြာခင်အချိန်အတွင်း၌မှာပင် သူ၏ စွမ်းရည်များကို ကျော်လွန်သွားမည်ဖြစ်ပြီး ငါးနှစ်အတွင်း နဂါးလေးကိုင်စစ်သည် အဆင့်သို့ ရောက်ရှိသွားမည်ဟု ယွမ်ကျဲ့ ခန့်မှန်းမိ၏။

သာမန် လေးကိုင်စစ်သည်များနှင့် မတူဘဲ နဂါးလေးကိုင်စစ်သည် တစ်ယောက်၏ စစ်မြေပြင်အား ချယ်လှယ်နိုင်စွမ်းမှာ ခန့်မှန်း၍ပင် မရနိုင်ချေ။

ချက်ချင်းပင် ဖန်မိုအား သူ၏ အရိုက်အရာ ဆက်ခံသူအဖြစ် ပျိုးထောင်ပေးရန် ယွမ်ကျဲ့တစ်ယောက် ချက်ချင်းပင် ဆုံးဖြတ်လိုက်တော့၏။ ထိုကောင်လေးက ယန်နိုင်အာကိုပင် လက်ထပ်နိုင်ပြီး နောက်ထပ် ဝံပုလွေဘုရင်သစ် ဖြစ်လာနိုင်ချေလည်း ရှိနေသေးသ​ည်။

အခြားပြိုင်ပွဲဝင်များအားလုံး စိတ်ဓာတ်အကြီးအကျယ် ကျဆင်းသွားကြသည်ကို ဆိုလွန် သတိထားမိလိုက်၏။

သာမန် လေးကိုင်စစ်သည်များကို လေ့ကျင့်ပေး၍ ရနိုင်သော်လည်း နတ်ဘုရားလေးပစ်ပါရမီကမူ သိုင်းပညာ၏ အထွတ်အထိပ်ဖြစ်သည့် နဂါးလေးကိုင်စစ်သည် အဆင့်သို့ ရောက်ရှိရန် လမ်းကြောင်းတစ်ခုကို သေချာပေါက် အာမခံထားလေပြီ။

ဖန်မို၏ စွမ်းဆောင်ရည်က ဆိုလွန်၏ ပြိုင်ဆိုင်လိုစိတ်များကို မီးမွှေးပေးလိုက်သည်။

ဆိုလွန် စိတ်ထဲမှ မေးလိုက်၏။ "အသူရာမိစ္ဆာကြယ်။ မြှားဆယ့်ကိုးစင်းကို ဆက်တိုက်ပစ်မယ်ဆိုရင် စွမ်းအင် ဘယ်လောက်လောက် ကုန်သွားမလဲ။"

အသူရာမိစ္ဆာကြယ်က တည်ငြိမ်စွာ ပြန်ဖြေသည်။ "သခင်... အဲဒီလို လုပ်ဖို့ မလိုပါဘူး။ သခင် နိုင်ဖို့ပဲ လိုတာပါ။ သခင့်ဆီမှာ နတ်ဘုရားလေးပစ်ပါရမီ မရှိတဲ့အတွက် စိတ်ဝိညာဉ်စွမ်းအားကိုပဲ အားကိုးရပါလိမ့်မယ်။ ဆက်တိုက်ပစ်ခတ်ဖို့အတွက်ဆိုရင် သခင့်ရဲ့ စိတ်ထဲမှာ စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို ဖန်တီးပြီး အဲဒီ စိတ်ဝိညာဉ်နယ်ပယ်ထဲမှာ ချိန်ရွယ်ရပါမယ်။ ပြီးတော့ အချိန်ကို နှေးကွေးသွားအောင်လုပ်ဖို့ စိတ်ဝိညာဉ်စွမ်းအား အများကြီးကို အသုံးပြုရလိမ့်မယ်။"

ဆိုလွန်က ခေါင်းမာစွာ ထပ်မေးလိုက်၏။ "အင်း အင်း။ အဲတော့ စွမ်းအင် ဘယ်လောက်တောင် ပိုကုန်သွားမှာလဲလို့။"

အသူရာမိစ္ဆာကြယ်က သက်ပျင်းချလျက် ပြောလာသည်။

"...."

"ပုံမှန်ထက် ငါးဆလောက် ပိုများပါလိမ့်မယ်။"

ဆိုလွန် ဆုံးဖြတ်လိုက်၏။ "ကောင်းပြီ။ လုပ်လိုက်"

လုံးဝ အရှုံးမပေးလိုသည့်အတွက် ဆိုလွန်တစ်ယောက် တော်ဝင်အကယ်ဒမီမှ လေ့လာခဲ့ဖူးသည့် သိုင်းပညာရပ်တစ်ခုကို အသုံးပြုလိုက်တော့၏။

သူ၏ လေးအားဆွဲတင်လိုက်ပြီး မမြင်နိုင်သည့် နဂါးချီလှိုင်းတစ်ခုကို ပစ်မှတ်ထံသို့ စေလွှတ်လိုက်သည်။

ထိုစွမ်းအားများ ပြန်လည် ရိုက်ခတ်လာသောအခါ အသူရာမိစ္ဆာကြယ်က အတိအကျဖြစ်သည့် အကွာအဝေးနှင့် အမြင့်ပေတို့ကို တွက်ချက်ဖမ်းယူပေးလိုက်၏။

ဤအချက်အလက်များကို အသုံးပြုကာ သူ့ကိုယ်သူနှင့် ပစ်မှတ်သာ ပါဝင်သည့် စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို စိတ်ထဲ၌ ဖန်တီးလိုက်သည်။

သူ၏ ရုပ်ပိုင်းဆိုင်ရာ မျက်လုံးများကို အသုံးပြုရန် မလိုအပ်တော့ချေ။ ပုံမှန် စိတ်ဝိညာဉ်စွမ်းအားထက် ငါးဆခန့် ပိုမို အသုံးပြုလိုက်ခြင်းဖြင့် စိတ်ထဲရှိ အချိန်စီးဆင်းမှုကို နှေးကွေးသွားစေလိုက်၏။

စိတ်ထဲ၌ ချိန်ရွယ်ရန် နှစ်စက္ကန့်မျှ အချိန်ယူလိုက်ရသော်လည်း အပြင်လောက၌မူ စက္ကန့်ဝက်ခန့်သာ အချိန်ကြာမြင့်လိုက်ခြင်းပင်။

ကြည့်ရှုနေကြသူများအတွက်မူ ဤမြင်ကွင်းက အလွန်ပင် ထူးဆန်းနေ၏။ ဖန်မိုမှာ မျက်လုံးများ မှိတ်ကာ အနားယူနေပြီး အခြားသော လေးကိုင်စစ်သည် ခုနစ်ဦးတို့ကမူ စီးချက် မှန်မှန် ပစ်ခတ်နေကြသည်။

ဆိုလွန် တစ်ယောက်တည်းသာ လေးကို ဆွဲတင်ထားလျက် ရုပ်တုတစ်ခုကဲ့သို့ ရပ်တန့်နေခြင်းပင်။

လန်လင်း၏ ယုံကြည်ချက်များ အကြီးအကျယ် ရိုက်ချိုးခံလိုက်ရပြီဟု ယူဆကာ ယွမ်ကျဲ့တစ်ယောက် ခေါင်းရမ်းလိုက်မိ၏။ ချိန်ရွယ်ရန် ဤမျှလောက် အချိန်ယူနေရခြင်းက အလွန်အမင်း ထိတ်လန့်နေကြောင်းကို ဖော်ပြနေခြင်းပင်။ ဆိုလွန် ပစ်မှတ်လွဲချော်ပြီး ကျိန်းသေပေါက် ပြုတ်တော့မည်ဟု ယွမ်ကျဲ့ ခန့်မှန်းလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် ဆိုလွန် ပစ်ခတ်လိုက်သည်။ မြှားက ပစ်မှတ်၏ ဗဟိုတည့်တည့်သို့ အတိအကျ ထိမှန်သွား၏။

လန်လင်းတစ်ယောက် သူ၏ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ကျော်လွှားနိုင်ခဲ့ပြီဟု တွေးကာ ယွမ်ကျဲ့ ပြုံးလိုက်မိသည်။

ထိုအခိုက်၌ပင် အားလုံးအား မျက်လုံးပြူးသွားစေသည့် အရာတစ်ခု ဖြစ်ပျက်လာတော့၏။

ဆိုလွန်က ဆက်တိုက်ဆိုသလိုပင် ပစ်ခတ်လိုက်သည်။ လေးစက္ကန့်ပင် မပြည့်သည့် အချိန်အတွင်း ကျန်ရှိနေသည့် မြှားဆယ့်ကိုးစင်းကို ပစ်လွှတ်လိုက်၏။

ဖန်မို၏ မြှားများကဲ့သို့ပင် လေထဲ၌ ဖြောင့်တန်းလှသည့် မျဉ်းကြောင်းတစ်ကြောင်းအဖြစ် ပျံသန်းသွားကြသည်။

မြှားများက ပစ်မှတ်၏ ဗဟိုဆီသို့ လျင်မြန်စွာ စိုက်ဝင်သွားကြကာ ခေါင်မိုးပေါ်သို့ သည်းထန်စွာ ရွာသွန်းနေသည့် မိုးပေါက်များကဲ့သို့ အသံများ ဆက်တိုက် ထွက်ပေါ်လာတော့၏။

လေ့ကျင့်ရေးကွင်းပြင်ကြီးတစ်ခုလုံး အပ်ကျသံကြားရလောက်အောင်ပင် တိတ်ဆိတ်သွားရသည်။

အခြားသော လေးကိုင်စစ်သည်များမှာ ပစ်ခတ်မှုကို ရပ်တန့်လိုက်ကြပြီး မျှော်လင့်ချက် ကင်းမဲ့မှုများဖြင့် ဆိုလွန်အား စိုက်ကြည့်နေမိကြ၏။ ဖန်မိုသည်လည်း အလွန်အမင်း အံ့အားသင့်သွားမှုကြောင့် လန်လင်းအား စိုက်ကြည့်နေမိသည်။

အံ့ဩဆုံးလူမှာ ယွမ်ကျဲ့ပင်။

ရုပ်ကြမ်းကြီးနှင့် လူက ဖန်မိုအား ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ လေးပစ်နတ်ဘုရားနှစ်ပါး တစ်နေ့တည်း အတူတူ ပေါ်ထွက်လာခြင်းမှာ တစ်ခါမှ မကြားဖူးခဲ့သည့် ကိစ္စပင်။

ကျန်နေသည့် နေရာမှာ နှစ်နေရာသာ ရှိသောကြောင့် ပြိုင်ပွဲသည်လည်း အဆုံးသတ်သွားပြီ ဖြစ်၏။ သာမန်လူများနှင့် ပါရမီရှင်များအကြားရှိ ကွာဟချက်ကို ကြိုးစားအားထုတ်မှုသက်သက်ဖြင့် မဖြည့်ဆည်းနိုင်သောကြောင့် ကျန်ရှိနေသည့် လေးကိုင်စစ်သည် ခုနစ်ယောက်အတွက် ဆက်လက်ယှဉ်ပြိုင်ရန် အကြောင်းပြချက် မရှိတော့ချေ။

ထိုစဉ်၌မှာပင် အပြင်ဘက်ဆီမှ လျင်မြန်လှသည့် မြင်းခွာသံများ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။

"သခင်မလေး ယန်နိုင်အာ ပြန်ရောက်လာပြီဟေ့..."

စစ်တပ်ဝင်းကြီး တစ်ခုလုံး အားပေးအော်ဟစ်သံများဖြင့် ပြည့်နှက်သွားတော့သည်။

ဆိုလွန်၏ ရင်မှာလည်း တစ်ချက်ခုန်သွားရ၏။ နယ်စပ်၏ နံပါတ်တစ် အလှပန်းလေး၏ ပုံတူပန်းချီကားများကိုသာ သူ မြင်တွေ့ခဲ့ဖူးခြင်းပင်။ ယခုအခါ၌မူ စွမ်းအားကြီးမားလှသည့် အမျိုးသမီးစစ်သည်တော်လေးသည် ကောလာဟလများအတိုင်း အမှန်တကယ်ပင် လှပမှုရှိမရှိကို သူ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရတော့လေမည်။

အပိုင်း ၂၃၇ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters