အခန်း ၂၃၈
Vol. 24 Ch. 238
အပိုင်း ၂၃၈
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
လရောင်အောက်၌ လက်ရွေးစင် မြင်းသည်တော်တပ်စုတစ်စုက စခန်းအတွင်းသို့ ဝင်ရောက်လာကြ၏။ သူတို့၏ သံချပ်ကာများက တောက်ပနေပြီး မြင်းများမှာလည်း အလွန် သန်စွမ်းသွက်လက်လှသည်။
ထိုတပ်စုအား ဦးဆောင်လာသူမှာ ငွေရောင်သံချပ်ကာအား ဝတ်ဆင်ထားသည့် အေးစက်ပြီး မာနကြီးသည့် အမျိုးသမီးတစ်ဦးပင်။ ခမောက်နှင့် မျက်နှာဖုံးက သူမ၏ ရုပ်သွင်ကို ဖုံးကွယ်ထားလေပြီး ကြယ်တာရာများကဲ့သို့ တောက်ပစူးရှလှသည့် သူမ၏ မျက်ဝန်းများကိုသာ မြင်တွေ့နေရ၏။
အမျိုးသမီးတစ်ယောက်မှန်း သိသာစေသည့် တစ်ခုတည်းသောအရာမှာ ရင်ဘတ်နေရာ၌ သိသိသာသာ မို့မောက်နေသည့် သူမ၏ သံချပ်ကာဝတ်စုံပင်။
ဆိုလွန်တစ်ယောက် အံ့ဩသင့်သွားရ၏။ ပုံမှန်အားဖြင့် သံချပ်ကာများသည် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ် ကောက်ကြောင်းကို ဖုံးကွယ်ထားနိုင်လောက်အောင် ချောင်ချိလှသည်။
သူမ၏ အချိုးအစားကြီး ထိုမျှလောက် သိသာစွာ ထင်းထွက်နေရန်အတွက် သူမ၏ အရွယ်အစားမှာ အလွန်အမင်း ကြီးမားနေရပေလိမ့်မည်။
ပေါ်လာသည့် အခိုက်အတန့်၌ပင် စခန်းထဲရှိ လူအားလုံးနီးပါးက သူမအား စိုက်ကြည့်နေမိကြသည်။ မျက်နှာကို ဖုံးကွယ်ထားသည့်တိုင် သူမ၏ လှပသော မျက်လုံးများနှင့် ဆွဲဆောင်မှုရှိလှသည့် ခန္ဓာကိုယ်အချိုးအစားက လူအုပ်ကြီးအား ဖမ်းစားလိုက်လေပြီ။
ယန်နိုင်အာသာ ဖြစ်ရမည်ဟု ဆိုလွန် တွေးလိုက်မိ၏။
အနီးနားရှိ ညှို့ယူဖမ်းစားခံထားရသော လူငယ် လေးကိုင်စစ်သည်တစ်ဦးက တီးတိုးရေရွတ်လိုက်သည်။ "အဲ့ဒါ သခင်မလေး ယန်ရွှမ်းလေ။ အရမ်း အရမ်း အရမ်း လှတယ်။"
ဆိုလွန် အံ့အားသင့်သွားရ၏။ ပထမအချက်အနေဖြင့် သူမ၏ မျက်နှာကိုပင် မမြင်ရချေ။ အဘယ်ကြောင့် လူတိုင်းက ဤမျှလောက် ရင်သပ်ရှုမော ဖြစ်နေကြသနည်း။
ဒုတိယအချက်အနေဖြင့် ယန်နိုင်အာဟု မခေါ်ဘဲ ယန်ရွှမ်းဟု အဘယ်ကြောင့် ခေါ်ကြသနည်း။ အသည်းကွဲပြီးနောက် နာမည်ပြောင်းလိုက်သည်လော။
ယန်နိုင်အာအကြောင်းကို အစ်မဖြစ်သူ ဆိုနင်ပင်းထံမှ သိခဲ့ရခြင်းပင်။ မူလဆိုလွန်က သူမအား အလွန်အမင်း နာကျင်စေခဲ့သောကြောင့် သူ၏ မှတ်တမ်းစာအုပ်ထဲ၌ပင် အမည်ကို ထည့်ရေးရန် ရှက်ရွံ့နေခဲ့ပြီး အပြစ်ရှိသလို ခံစားနေရသည်မှာ သိသာလှ၏။
မြင်းသည်တော်တပ်စုမှာ လျင်မြန်စွာ ရွေ့လျားသွားပြီး စစ်တန်းလျားအတွင်းသို့ ဝင်ရောက်သွားကြသည်။
လူအများက လေသံတိုးတိုးဖြင့် ရေရွတ်နေကြ၏။ "မျက်နှာဖုံးကို ချွတ်လိုက်ပါလား..."
ဆိုလွန်သည်လည်း စိတ်အားထက်သန်စွာ စောင့်ကြည့်နေမိသည်။ ယန်ရွှမ်းဆိုသူမှာ အမှန်တကယ်ပင် ယန်နိုင်အာ ဟုတ်မဟုတ်ကို သူ မြင်ချင်နေ၏။
သို့သော် သူမထံ၌ လူအုပ်ကြီး၏ ဆန္ဒကို ဖြည့်ဆည်းပေးမည့် ရည်ရွယ်ချက် မရှိနေချေ။ မျက်နှာဖုံးကို မချွတ်လေဘဲ ငွေရောင်ဝံပုလွေ အလံလွှင့်ထူထားသည့် အဆောက်အဦးဖြစ်သော ဗဟိုစစ်တန်းလျားအတွင်းသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွား၏။
အထဲသို့ ဝင်သွားပြီးနောက်၌ပင် လူငယ်စစ်သည်များမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြဆဲပင်။
သူမ ပေါ်လာချိန်၌ ပါရမီရှင် လေးကိုင်စစ်သည် ဖန်မိုက စိုက်ကြည့်ခြင်း သို့မဟုတ် အော်ဟစ်ခြင်းမျိုး မလုပ်ခဲ့ချေ။
သို့သော် သူမ အထဲဝင်သွားပြီးနောက်မူ ဖန်မိုက သူ့အား စူးရဲစွာ စိုက်ကြည့်နေပြီး ခန္ဓာကိုယ်မှ ပြင်းထန်လှသည့် တိုက်ခိုက်လိုစိတ်များ ဖြာထွက်နေသည်ကို ဆိုလွန် သတိထားမိလိုက်၏။
စခန်းခေါင်းဆောင်က ကြေညာလိုက်သည်။ "မြှားပစ်ပြိုင်ပွဲကို ဆက်လုပ်မယ်။"
ဖန်မိုနှင့် ဆိုလွန်တို့၏ ပစ်ခတ်မှု ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိပ်ဆုံး နှစ်ယောက်၏ အံ့မခန်း စွမ်းဆောင်ရည်ကြောင့် အာရုံလွင့်ပါးသွားခဲ့ရသော ကျန်ရှိနေသည့် ခုနစ်ယောက်ကမူ မပစ်ရသေးချေ။
လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီး ထွက်သွားပြီးနောက် ပြိုင်ပွဲကို ပြန်လည်စတင်လိုက်၏။
သို့သော် ကျန်ရှိနေသည့် လေးကိုင်စစ်သည် ခုနစ်ဦးမှာ သိသိသာသာကို အာရုံလွင့်ပါးနေကြသည်။
ထို့အတွက်ကြောင့် သူတို့၏ စွမ်းဆောင်ရည်မှာ အလွန်ဆိုးရွားနေခဲ့၏။ ပထမအချီ မြှားအစင်းနှစ်ဆယ် ပစ်ခတ်ပြီးနောက် ခြောက်ယောက်မှာ ပြုတ်သွားခဲ့သည်။
အဆင့်မြင့် လေးကိုင်စစ်သည်များအနေဖြင့် ဤမျှလောက် အလွယ်တကူ မကျရှုံးသင့်သော်လည်း သူတို့၏ စိတ်များက အခြားတစ်နေရာသို့ ရောက်နေကြ၏။
နောက်ဆုံး ကျန်ရစ်သည့် ပြိုင်ပွဲဝင် နဝမအဆင့် လေးကိုင်စစ်သည်က သူ၏ နောက်ဆုံးမြှားအား မပစ်ခတ်မီ သက်ပြင်းချလိုက်သည်။ "ထားလိုက်ပါတော့။ ငါ အရှုံးပေးတယ်။"
မြှားကို ပစ်မှတ်နှင့် မီတာအနည်းငယ်အကွာသို့ ပေါ့တန်စွာ ပစ်လွှတ်လိုက်ပြီး သူ့ကိုယ်သူ အပြုတ်ခံလိုက်၏။ ဖန်မိုနှင့် ဆိုလွန်တို့က သူ၏ ယုံကြည်ချက်ကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။
ပြိုင်ပွဲ တရားဝင် အဆုံးသတ်သွားလေပြီ။ ဆိုလွန်နှင့် ဖန်မိုတို့ အနိုင်ရရှိခဲ့ပြီး ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့၌ နေရာရရှိရန် သေချာသွား၏။
စခန်းခေါင်းဆောင် ယွမ်ကျဲ့က ရလဒ်များကို ကြေညာတော့မည့် အချိန်၌ပင် ဖန်မိုက မတ်တပ်ရပ်လာကာ ဆိုလွန်အား မေးလိုက်သည်။ "မင်းနာမည် ဘယ်လိုခေါ်လဲ။"
ဆိုလွန်က သူစာရင်းသွင်းထားသည့် အမည်ကို အသုံးပြုကာ ပြန်ဖြေလိုက်၏။ "လန်လင်း။"
ဖန်မိုက ပြတ်သားစွာ ပြောလာသည်။ "ထုံးစံအရဆိုရင် ငါတို့နှစ်ယောက်လုံး နိုင်တယ်။ ဒါပေမဲ့... အထွတ်အထိပ်မှာ လူတစ်ယောက်ပဲ ရပ်တည်နိုင်မယ်။ ငါတို့ထဲက တစ်ယောက်ပဲ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့မှာ နေခွင့်ရမယ်။ ပြီးတော့ အဲ့ဒီလူက ငါပဲ ဖြစ်ရမယ်။"
သူက ခပ်ကြမ်းကြမ်းပင် သူ၏ လေးကို ဆွဲတင်လိုက်ပြီး ပေ ၁၀၀၀ အကွာရှိ ပစ်မှတ်တစ်ခုကို ချိန်ရွယ်လိုက်၏။
လူတိုင်း အံ့အားသင့်သွားကြရသည်။ ပြိုင်ပွဲက ပြီးဆုံးသွားခဲ့ပြီ မဟုတ်လော။
ဖန်မိုက သုံးစက္ကန့်ခန့် ချိန်ရွယ်ပြီးနောက် ရုတ်တရက် ပြောလာ၏။ "ငါ့မျက်လုံးကို စည်းပေး။"
လူအုပ်ကြီးမှာ ထပ်မံပြီး မှင်သက်သွားကြရပြန်သည်။ မျက်စိမှိတ်ပြီး ပစ်တော့မည်လော။
ထိုအခိုက်၌မှာပင် ဗဟိုအဆောက်အဦးထံမှ လှပသည့် မျက်လုံးတစ်စုံက မြှားပစ်ကွင်းဆီသို့ ငုံ့ကြည့်လာ၏။
ဖန်မိုက ထပ်ပြောလိုက်သည်။ "အချိန်ဆွဲမနေနဲ့။ ငါ့မျက်လုံးကို မြန်မြန် စည်းပေး။"
ယွမ်ကျဲ့က ခေါင်းညိတ်ပြလိုက်ရာ စစ်သည်တစ်ဦးက ရှေ့သို့တိုးလာပြီး ဖန်မို၏ မျက်လုံးများကို အဝတ်နက်တစ်စဖြင့် ဖုံးအုပ်ပေးလိုက်၏။
လရောင်နှင့် မီးတုတ်များကိုသာ အားကိုးနေရပြီး ဤမျှ မှောင်မိုက်နေသည့်တိုင် ဖန်မိုက မျက်စိမှိတ်၍ အမှန်တကယ် ပစ်ခတ်တော့လေမည်။
ဖန်မိုက ကြွားဝါစွာ ပြောလိုက်သည်။ "သေချာကြည့်ထား။ ဒါကိုမှ စစ်မှန်တဲ့ လေးပစ်နတ်ဘုရား... စစ်မှန်တဲ့ ပါရမီရှင်လို့ ခေါ်တာကွ။"
ရွှီး... ရွှီး... ရွှီး...
မြှားအစင်းနှစ်ဆယ်ကို ဆက်တိုက် ပစ်လွှတ်လိုက်၏။ မြှားများက လေထဲ၌ ဖြောင့်တန်းလှသည့် မျဉ်းကြောင်းတစ်ကြောင်းအဖြစ် ပျံသန်းသွားကြပြီးနောက် ပစ်မှတ်ဆီသို့ ကျယ်လောင်စွာ စိုက်ဝင်သွားကြသည်။ မြှားနှစ်ဆယ်စလုံး ဗဟိုတည့်တည့်သို့ အတိအကျ ထိမှန်သွား၏။
ပရိသတ်ကြီး တစ်အုပ်လုံးမှာ အပ်ကျသံကြားရလောက်အောင်ပင် တိတ်ဆိတ်သွားကြရသည်။ မျက်စိပိတ်လျက် မြှားအစင်းနှစ်ဆယ်ကို ပစ်ခတ်နိုင်ခြင်းက အခြားလူတိုင်းကို စိတ်ပျက်လက်ပျက်သွားစေသည့် ပါရမီပင်။
ဗဟိုအဆောက်အဦးထဲရှိ ထိုလှပသည့် မျက်လုံးပိုင်ရှင်လေးသည်လည်း ဖန်မို၏ စွမ်းဆောင်ရည်ကြောင့် သိသိသာသာကို အံ့အားသင့်သွားပုံရ၏။
ပစ်ခတ်ပြီးနောက် ဖန်မိုက မျက်လုံးစည်းကို ချွတ်လိုက်သည်။ ယန်နိုင်အာရှိရာဘက်သို့ တစ်ချက် ကြည့်လိုက်ပြီးနောက် ဆိုလွန်ဘက်သို့ လှည့်လာ၏။ "အရှုံးပေးလိုက်တော့။"
'Kmkl ly' ဆိုလွန် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
သို့သော် သူ အမှန်တကယ်ကို အံ့ဩသွားမိ၏။ ဖန်မိုက မည်သို့လုပ်နိုင်ခဲ့သနည်း။ ဆိုလွန် မျက်စိမှိတ်ပြီး ပစ်နိုင်ခြင်းမှာ အသူရာမိစ္ဆာကြယ်၏ အကူအညီကြောင့်သာ ဖြစ်သည်။
ဖန်မိုကမူ သူ့ကိုယ်သူ အားက်ိုးခဲ့၏။
အသူရာမိစ္ဆာကြယ်က ရုတ်တရက် ရှင်းပြလာသည်။ "ဒါက ကြွက်သားမှတ်ဉာဏ်ပါ သခင်။ သူက အရင်ဆုံး ချိန်ရွယ်လိုက်တယ်။ ပြီးတော့ သူရဲ့ ကြွက်သားတွေကို လုံးဝ မလှုပ်ရှားစေဘဲ ငြိမ်သက်ထားလိုက်တာ။ မြှားတစ်ခုချင်းစီအတွက် ထောင့်ချိုးနဲ့ ခွန်အားက အတိအကျ တူညီနေတယ်။ ဒီဖန်မိုဆိုတဲ့ ကောငလေးက အရမ်းကို ရှားပါးလှတဲ့ မြှားပစ် ပါရမီရှင်ပဲ။"
ဆိုလွန်ကလည်း လှောင်ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။ "မျက်စိမှိတ်ပြီး ပစ်ရုံတင်ပဲ မဟုတ်ဘူးလား။ သိပ်အထင်ကြီးစရာ မဟုတ်ပါဘူး။"
ထို့နောက် ရုတ်တရက် ပစ်မှတ်ကို ကျောခိုင်းလိုက်ပြီး သူ၏ လေးအား အနောက်သို့ လှည့်ကာ ဆွဲတင်လိုက်၏။
ရွှီး... ရွှီး... ရွှီး...
နောက်သို့ မျက်နှာမူလျက် မြှားအစင်းနှစ်ဆယ် ဆက်တိုက် ပစ်လွှတ်လိုက်ပြီး ထိုမြှားတစ်စင်းမကျန်ကလည်း ဗဟိုတည့်တည့်သို့ အတိအကျ ထိမှန်သွားကြပြန်သည်။
ထို့နောက် လေးကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး လှည့်ထွက်လာလိုက်၏။ ဖန်မိုက မျက်စိမှိတ်ပြီး ပစ်ခတ်ခဲ့သော်လည်း ဆိုလွန်ကမူ ကျောခိုင်းလျက် ပစ်ခတ်လိုက်ခြင်းပင်။
နှစ်ဦးစလုံးမှာ အတူတူပင် မာနကြီးလှ၏။
အခြားသော လေးကိုင်စစ်သည်တို့ကမူ ပို၍ပင် စိတ်ဓာတ်ကျသွားကြရသည်။ ဤပါရမီရှင် နှစ်ဦးက သူတို့၏ ယုံကြည်ချက်ကို အစအနမကျန် ရိုက်ချိုးပစ်လိုက်ခြင်းပင်။ ဤကဲ့သို့သော ပါရမီရှင်များ ရှိနေမှတော့ လေးပစ်လေ့ကျင့်နေခြင်းက မည်သို့ အဓိပ္ပာယ် ရှိတော့မည်နည်း။
ဆိုလွန်၏ အကွက်ကို မြင်လိုက်ရသောအခါ ဖန်မို၏ မျက်လုံးတို့က တောက်ပသွားသည်။ "မင်းမှာ စွမ်းရည်အချို့တော့ ရှိသားပဲ။ ဒါပေမဲ့ ပစ်မှတ်ကို မှန်အောင် ပစ်နိုင်တာက ဘာမှမဟုတ်ဘူး။ စစ်မှန်တဲ့ သိုင်းပညာရှင်တစ်ယောက်ကို သတ်နိုင်မှ တကယ့် စွမ်းရည်အစစ်ကွ။ စစ်မြေပြင်ရောက်ရင် အမှန်တရားကို တွေ့ရမှာပေါ့။ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့မှာ နေဖို့ မင်း အရည်အချင်း ပြည့်မီသွားပြီ။"
စိတ်ကူးယဉ်ကမ္ဘာကြောင့် မျက်စိမှိတ်ပစ်ခြင်းနှင့် ကျောခိုင်းပစ်ခြင်းမှာ ဆိုလွန်အတွက်တော့ အတူတူပင် ဖြစ်၏။
ဖန်မိုကမူ အစစ်အမှန် ပါရမီရှင် ဖြစ်သည်။
**--**--**--**--**--**--**--**
တစ်ချိန်တည်း၌မှာပင် မိုင်ထောင်ချီ ကွာဝေးသော လင်ဟိုင်မြို့၌မူ ကွေ့ချင်းရှောင်းတစ်ယောက် ကယ်တင်ခံရပြီးနောက် ရက်အနည်းငယ် ကြာမြင့်ခဲ့လေပြီ။
ခမ်းနားလှသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမ၏ အသားအရေမှာ တစ်ဖန်ပြန်၍ ဖြူဖွေးနေ၏။ ဆွဲဆောင်မှုရှိလှသော အလှတရားများကို ပြန်လည်ရရှိနေပြီ ဖြစ်သည်။
သို့သော် သူမ၏ စရိုက်လက္ခဏာမှာ လုံးဝ ပြောင်းလဲသွားလေပြီ။ မာနကြီးပြီး စူးရှတတ်သည့် သဘာဝမှာ အေးစက်ပြီး ဂရုမစိုက်တတ်သည့် အသွင်ဖြင့် အစားထိုးသွားသည်။
စကားသိပ်မပြောတော့ဘဲ တစ်ခါတစ်ရံ၌ တစ်နေကုန် တိတ်ဆိတ်စွာ နေတတ်၏။ အနှစ်သက်ဆုံးဖြစ်သည့် ဓားရေးလေ့ကျင့်ခြင်းကိုပင် စိတ်မဝင်စားတော့ချေ။
အချိန်အများစု၌မူ ပြတင်းပေါက်နား၌တွင်သာ တွေဝေငေးမောစွာ ထိုင်နေတတ်ပြီး ကောင်းကင် သို့မဟုတ် ပင်လယ်ပြင်ကိုသာ စိုက်ကြည့်နေတတ်သည်။
ပြန်ရောက်ပြီး ပဉ္စမမြောက်နေ့၌ ကွေ့ရှင်းဖူက သူမ၏ ခန္ဓာကိုယ်အား အထူးနည်းလမ်းဖြင့် အပျိုစင်ဘဝအား ပြန်လည်ရရှိစေရန်အတွက် အမျိုးသမီး မှော်ဆရာမတစ်ဦးထံသို့ ခေါ်သွားချင်ခဲ့သည်။ သို့သော် ကွေ့ချင်းရှောင်းက ဒေါသတကြီးဖြင့် ငြင်းဆန်ခဲ့၏။
ထို့အတွက်ကြောင့် ထိုကိစ္စကို ကွေ့ရှင်းဖူ နောက်တစ်ကြိမ် ပြန်မပြောရဲတော့ချေ။ သူအပါအဝင် ဇနီးဖြစ်သူ ထူလင်းစီနှင့် သူတို့၏ သားသုံးယောက်စလုံးက သူမ ပျော်ရွှင်စေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ကြသည်။
သို့သော် ကွေ့ချင်းရှောင်းက တိတ်ဆိတ်နေဆဲဖြစ်ကာ တစ်ယောက်တည်း နေရသည်ကိုသာ ပိုနှစ်သက်နေ၏။ တစ်ခါတစ်ရံ၌ သူမ တိတ်တဆိတ် ငိုကြွေးနေတတ်သည်။
သမီးဖြစ်သူ၏ အခြေအနေကို ကြည့်ကာ ကွေ့ရှင်းဖူတစ်ယောက် စိုးရိမ်ပူပန်နေရပြီး ဆိုလွန်အား အရိုးထဲစွဲသည်အထိ မုန်းတီးနေမိတော့၏။
နောက်ဆုံး၌ ကွေ့ရှင်းဖူက ဇနီးဖြစ်သူ ထူလင်းစီအား ပြောလိုက်သည်။ "အဲ့ဒီ မိစ္ဆာကောင် ဆိုလွန်...။ သမီးရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်ဖို့ မြင့်မြတ်နတ်နဂါးကျောင်းတော်ဆီ ငါ ခေါ်သွားမယ်။"
ထူလင်းစီ၏ ခန္ဓာကိုယ်လေးက တုန်ရီသွားရ၏။ "ဒါပေမဲ့ အဲ့ဒါက သမီးလေးရဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ စိတ်ကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်လေ။"
ကွေ့ရှင်းဖူက ပြတ်သွားစွာ ပြန်ပြောသည်။ "ငါတို့ အဆိုးဆုံးထဲက အကောင်းဆုံးကို ရွေးချယ်ရမှာပဲ။ မဟုတ်ရင် ငါတို့ရဲ့ သမီးလေး လုံးဝ ပျက်စီးသွားလိမ့်မယ်။"
"အဲ့ဒီ တိရစ္ဆာန်ကောင် ဆိုလွန်ကတော့ အပိုင်းပိုင်း အတစ်တစ် ခုတ်ထစ်ခံရဖို့ ကောင်းတယ်။" ထူလင်းစီက ကွေ့ရှင်းဖူ၏ ရင်ခွင်ထဲ၌ ရှိုက်ကြီးတငင် ငိုကြွေးရင်း အံကြိတ်ကာ ပြောလိုက်၏။
**--**--**--**--**--**--**--**
နောက်တစ်နေ့၌ ကွေ့ရှင်းဖူ သူ၏ သမီးဖြစ်သူထံသို့ သွားလိုက်သည်။ "ဖေ့သမီးလေး... အပန်းဖြေဖို့အတွက် တော်ဝင်မြို့တော်ဆီ အဖေနဲ့ လိုက်ခဲ့ပါ။ လင်ဟိုင်မြို့ကနေ ထွက်သွားကြရအောင်။"
ကွေ့ချင်းရှောင်း အံ့အားသင့်သွားရ၏။ မြို့စားကြီး တစ်ယောက်အနေဖြင့် အင်ပါယာ၏ အမိန့်စာမပါဘဲ တော်ဝင်မြို့တော်သို့ ဝင်ခွင့်မရှိချေ။ သို့သော် ထွက်သွားရမည်ဆိုသည်က ကြားလို့ကောင်းလှသည်။
ကျောက်စရစ်ကျွန်းမှ ထွက်ခွာလာခဲ့သော်လည်း လင်ဟိုင်မြို့ထဲ၌ ထိုမိစ္ဆာကောင်၏ အငွေ့အသက်များ ရှိနေသည်ဟု သူမ ခံစားနေရဆဲပင်။
ညတိုင်းညတိုင်း ဆိုလွန်က သူမအား နှိပ်စက်နေသည့် အိပ်မက်ဆိုးများ သို့မဟုတ် ညစ်ညမ်းအိပ်မက်များကို သူမ မက်နေမိ၏။ ထိုလူမှာ သူမ မဖယ်ရှားနိုင်သည့် အရိပ်မည်းကြီးတစ်ခု ဖြစ်နေလေပြီ။
**--**--**--**--**--**--**--**
တစ်ချိန်တည်း၌မှာပင် ဆိုလွန်တစ်ယောက် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့သို့ တရားဝင် ဝင်ရောက်နိုင်လိုက်ပြီ ဖြစ်၏။
နောက်ရက်အနည်းငယ်အတွင်း ယန်နိုင်အာက စစ်တပ်ကို ဦးဆောင်ကာ တိုက်ပွဲဝင်ခဲ့သည်။ မျက်နှာဖုံးကို တပ်ဆင်ထားဆဲပင်။ ဆိုလွန်တစ်ယောက် သူမ၏ မျက်နှာကို တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ရချေ။
ထို့အပြင် ဗဟိုစခန်းအား အထူးကြပ်မတ်၍ စောင့်ကြပ်ထား၏။ မည်သူကမှ ယန်နိုင်အာ၏ အဆောက်အဦးထဲသို့ ဝင်ခွင့်မရှိပေ။ ဆိုလွန် အကြိမ်အနည်းငယ် ချဉ်းကပ်ရန် ကြိုးစားခဲ့သော်လည်း နှင်ထုတ်ခြင်း ခံခဲ့ရသည်။
သို့သော် ရှုံးပွဲမရှိ ကြေးစားစစ်သည်အဖွဲ့အကြောင်းကို ဆိုလွန် ပိုမို သိရှိလာသည်။ လက်ရှိအချိန်၌ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့၌ ပုံမှန်ရှိနေကျ လူသုံးထောင်ထက် လျော့နည်းနေပြီး အဖွဲ့ဝင် နှစ်ထောင်အောက်သာ ရှိတော့၏။
သူတို့က ထျန်ယဲ့မြို့၏ ကုန်သွယ်ရေးလမ်းကြောင်းကို ကာကွယ်ပေးပြီး ထိုအတွက် အပြန်အလှန်အနေဖြင့် မြို့၏ နှစ်စဉ်အခွန်ရငွေ တစ်စိတ်တစ်ပိုင်းမှာ သူတို့ထံသို့ တိုက်ရိုက် စီးဝင်လာနေခြင်း ဖြစ်သည်။
အပိုင်း ၂၃၈ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team